Saturday, January 8, 2011

ပဆစ်အိမ် အပိုင်း (၃၀)

"အပိုင်း သုံး ညိုမာသန့် ဆယ်စုနှစ်များ"

"ဘိုင်စကုတ်ထဲကလို ချစ်ကြတာ တကယ်မိ
ခုတွေ့လေ ခုကြိုက်လေ၏။
ဒီခေတ်ကြီးထဲမှာ ဖွဲ့နွဲ့တာမရှိ
ချစ်မယ် သိပ်ချစ်မယ် ဟေ့
နင့်ကို ငါ ချစ်တယ်
ငါ့ကို နင် ချစ်မလား
သိပ် ... သိပ် ... သိပ် ... ချစ် ... "

ဘိုဘိုဟန်
(စတီရီယို တေးတစ်ပုဒ်)

အဘိုးအဘွားတို့ ပြောစကားကို ကြားဖူးလိုက်သည်။
သူတို့ခေတ်တုန်းက ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ချစ်ခွင့်ရဖို့ သုံးနှစ်သုံးမိုး စောင့်ရသည်တဲ့။ ချစ်ကြပြီ ဆိုလျှင်လည်း ဆံဖြူသွားကြွေ၊ ပါးရေ နားရေ တွန့်သည့်တိုင်အောင် ပေါင်းကြ ရသတဲ့။

သူ့ခေတ် သူ့အခါနှင့်တော့ ဟုတ်ပေမပေါ့။ သူတို့ခေတ်က လှေခေတ်၊ လှည်းခေတ်၊ မူးခေတ်၊ ပဲခေတ်။
သည်တုန်းက ဂျက်လေယာသ် ဆိုတာလည်း မပျံသေး။ ဒုံးပျံဆိုတာလည်း မရှိသေး။ ရေဒီယို ကက်ဆက်၊ ရေခဲသေတ္တာ နှင့် တိုယိုတာ ကိုရိုလာ ဆိုတာလည်း မပေါ်သေး။
မြစ်တစ်မြစ်တွင် စီးဆင်းသွားသည့် ရေအလျဉ်မှာ မနေ့က ရေအလျဉ်မဟုတ်။ မနက်ဖန်တွင် စီးဆင်းမည့် ရေအလျဉ် လည်း မဟုတ်။ နေ၀န်းသည် မနေ့က အကြောင်းကို ပြန်တွေးပြီး အနောက် မှသည် အရှေ့သို့ ပြန်လှည့် ထွက်လာရိုး ထုံးစံမရှိ။

အတိတ်ကို မလွမ်းတတ်သော၊ အနာဂတ်ကို မစိုးရိမ်တတ်သော ညိုမာသန့်တို့လို တွေးမနေချင်။ နောက်ထပ် ဖြတ်ကျော်ရမည့် အနာဂတ်အတွက်လည်း ပူပန်မနေချင်။
ပစ္စုပ္ပန်သည် သာမွေ့လျော်ရာ ပစ္စုပ္ပန်သည်သာ အားထားရာ၊ ပစ္စုပ္ပန်သည်သာ ကိုးကွယ်ရာ ...။

တယ်လီဖုန်းလာသော အချိန်မှာ  ကိုးနာရီခွဲခန့် ရှိပြီ။ ညိုမာသန့်သည် သည်ည ရူဘီနှင့်အတူ အိပ်တော့မည် အကြောင်း အိမ်ကို ဖုန်းဆက်ကာနီး ဆဲဆဲတွင် ဖြစ်သည်။
စောစောပိုင်းတုန်းကတော့ အိမ်ပြန်ဖို့ပါပဲ။ ဒါပေမယ့် ရူဘီတို့နှင့် "လက်စီကွန်" ကစားကြသည်။ ညိုမာသည် စာလုံး ခုနှစ်လုံးကို တစ်ဆက်တည်း ဆက်နိုင်ခါ အနိုင်ရလိုက်သည်။
ပြီးလျှင်တော့ ဆိုဖာများတွင် ထိုင်ကာ စကား ကောင်းနေကြသည်။

သည်ည ရောဘတ်က ဟင်းချက်နည်း စာအုပ်ထဲက နည်းအတိုင်း ညလယ်စာ ချက်စားကြရန် အကြံပြု ထားသည်။ ဟင်းချက်နည်းကို ငြင်းခုန်နေကြဆဲဝယ် တယ်လီဖုန်းလာသည်။ ရူဘီက ညိုမာ့ အတွက် ဖြစ်ကြောင်း ပြောသည်။

"မင့် ဒယ်ဒီ့ဆီက ထင်တာပဲ"
ညိုမာ နားထောင်လိုက်သည်။
ဒယ်ဒီ့ အသံကို ကြားရသည်။
"ဟုတ်ကဲ့ ဒယ်ဒီ"
"ညိုမာ ... သမီးကို ဖေဖေ သတင်းတစ်ခု ပြောစရာ ရှိတယ်။ သတင်းကတော့ မကောင်းလှဘူး"

"အို ... ဟုတ်လား၊ ဘာများပါလိမ့် ဖေဖေ"
"သမီးရဲ့မာမီ အထူးကုဆေးခန်းကို ရောက်နေတယ်"
"မာမီ၊ မာမီ ဘာဖြစ်လို့လဲ"
"ဆေးမှားတယ် ထင်ရတာပဲ၊ ဆရာတွေက သူ့အသက်ကို လုနေကြတယ်"
"ဆေးမှား ရအောင် ဆိုတာက"

"ကလေးရယ် ... တယ်လီဖုန်းက တစ်ဆင့် မပြောချင်ဘူး၊ အမြန်ဆုံးလာခဲ့ရင် ကောင်းမယ်"
"ဒယ်ဒီ ဘယ်က ပြောနေတာလဲ ဟင်"
"ရတနာ အထူးကုဆေးခန်းကပဲ၊ သမီး သိတယ် မဟုတ်လား"
"သိပါတယ်၊ ညိုမာ အမြန်ဆုံး လာခဲ့ပါ့မယ် ဒယ်ဒီ"
"ဘာဖြစ်တာတဲ့လဲ ဟင်၊ ဘာတဲ့လဲ"

ရူဘီက သိချင်စိတ်စောသလို မေးသည်။
"ကိုယ့် မာမီပါကွာ၊ ဆေးခန်း ရောက်နေတယ်တဲ့"
"အို ... ဟုတ်လား"
"မာမီ ဆေးခန်း ရောက်တာ သိပ်မဆန်းပါဘူးကွာ။ မကြာခဏ ရောက်နေကျပါ။ သူက နာတာရှည် ရောဂါသည် မဟုတ်လား"
သည်အချိန်ထိတော့၊ ညိုမာသည် စိုးရိမ် ကြောင့်ကြခြင်း မရှိလှသေးချေ။

"ဆောရီးပဲ ရောဘတ် ရေ၊ ယူ့ ညလယ်စာကို နောက်များမှပဲ စားရပါစေတော့။ ဒီညတော့ ညိုမာ ပြန်မှ ဖြစ်မယ်"
"တို့ လိုက်ပို့မယ်လေ"
"ကျေးဇူးပါပဲ ရောဘတ်ရယ်"
လမ်းတွင် ညိုမာသည် မာမီ၏ သနားစရာကောင်းသော အဖြစ်များကို တွေးနေလေသည်။
ငယ်စဉ် က ညိုမာသည် မာမီ့နို့ကို မစိုခဲ့ရ။

မာမီ၏ ထိန်းကျောင်းမှုကို မခံစားခဲ့ရ။
နို့မှုန့်နှင့် ကြီးခဲ့ရသော ကလေးထိန်းလက်တွင် ပျော်ခဲ့ရသည်။ ညိုမာ့ကို မွေးပြီး မာမီက မကျန်းမာလှ၍ ဖြစ်သည်။
လူမှန်း သိတတ်စ အရွယ်တွင် အခြားကလေးများလို မောင် ညီမ ကလေးများကို အလိုရှိခဲ့သည်။ မာမီက မွေးဖွား မပေးနိုင်သည့် အကြောင်းကို သိရပြီး စိတ်ပျက်ခဲ့သည်။
နောက် ညိုမာ သည် ဒယ်ဒီ၏ အစီအစဉ်ဖြင့် မူကြိုကျောင်းမှာ နေခဲ့ရသည်။ ပြီးလျှင်တော့ မူလတန်း မှသည် တက္ကသိုလ် အထိ ကျောင်းအလုပ်တွေနှင့် ရှုပ်နေခဲ့သည်။
ထို့ကြောင့် ယေဘုယျ ပြောရလျှင်တော့ ညိုမာနှင့် မာမီသည် သိပ် ရင်းရင်းနှီးနှီး မရှိလှ။

မာမီက အိမ့်ပြင်ထွက်ခဲ့သဖြင့် ရုပ်ရှင်ကြည့်မည်၊ ပျော်ပွဲ ရွှင်ပွဲသွားမည်ဆိုလျှင် ဒယ်ဒီနှင့်သာ များသည်။
ဒယ်ဒီက ညိုမာ့ကို သမီးမိန်းကလေးတစ်ယောက်အနေအထက်ထက် သားယောက်ျားကလေး တစ်ယောက် ပေါင်းသည်။ ချုပ်ချယ်မှု မပြုလှ။
မာမီကတော့ ဘယ် ဟုတ်လိမ့်မလဲ။ ခြေနင်း ကြမ်းတာက အစ၊ ရယ်တာ မောတာ အစ လိုက်ပြီး အပြစ်မြင် နေသည်။

ကားရှိလျှင် ခြေရှုပ်သည်ဆိုကာ ညိုမာ့ မွေးနေ့လက်ဆောင်အဖြစ် ၀ယ်ပေးခဲ့သည့် ကိုရိုလာကားကို ရောင်းပစ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မာမီ့အပေါ် မကျေနပ်။
ညိုမာ သည် မာမီ့ကို အထင်သေးသလောက် ဒယ်ဒီ့ကို အထင်ကြီးသည်။
ချစ်သည်၊ လေးစားသည်။
မြတ်နိုး ကိုးကွယ်သည်။

ညိုမာ ဆယ့်လေးငါးနှစ် အရွယ်ရောက်တော့ မာမီချုပ်ပေးသည့် အ၀တ်အစားတွေအပေါ် ဘ၀င်မကျ ဖြစ်ရသည်။
ညိုမာသည် သည်အချိန်တုန်းက ယောက်ျားကလေးတွေလို ၀တ်ချင်သည်။

မာမီက ဆံပင်ရှည်ကို မြတ်နိုးသူ၊ ညိုမာတို့အဖွဲ့တွေက စန္ဒာပုံလို အတိုတွေ ညှပ်ကြသည်။ လည်ကုပ်ဝဲပုံစံ ကို နှစ်ခြိုက်ကြသည်။ တိတ်တခိုး ဆံပင်ကို ဖြတ်တောက်လိုက်သည်။
ယောက်ျားကလေး တွေ ၀တ်သည့် ရှင်အင်္ကျီ ကြောင်ကြောင်ကျားကျားများ တီရှပ်များ ၀တ်သည်။ မာမီနှင့် တကျက်ကျက် ရန်ဖြစ်ရသည်။

နောက်ပိုင်း ညိုမာတို့က ဘရာတို့ ဘလောက်စ်တို့ ၀တ်ပြန်တော့လည်း လည်ပင်းအ၀ိုက်က ကျယ်လွန်းသည်။ ပိတ်သားက ပါးလွန်းသည်နှင့်။ ခေါင်းလောင်းလက်တို့၊ ဂျူးလိယက် အင်္ကျီတို့ကို မျက်စိနှင့်မတွေ့ ဆိုသည်။

ရန်ကုန်တက္ကသိုလ် ရွှေရတုတုန်းက ရှေးခေတ် ကောလိပ်ကျောင်းသူတွေ အင်္ကျီလက်ပွ ၀တ်ထား သည့် ဓာတ်ပုံ မြင်ပြီး ရယ်ခဲ့ကြသည်။ ယခုတော့ ညိုမာကိုယ်တိုင် အင်္ကျီလက်ပွတွေ ၀တ်သည်။
ဘာဖြစ်ရဦးမှာလဲ။ ဖက်ရှင်ဆိုသည်မှာ အသစ်တွေ ဟောင်းလာလျှင် အဟောင်းတွေ ပြန်သစ် လာလိမ့် မပေါ့။ တက္ကသိုလ်ဆိုလို့ ညိုမာ ပထမဆုံးအကြိမ် အရိုက်ခံရသည့် နေ့ကိုမမေ့။
သည်ကိစ္စမှာတော့ ညိုမာ့အဆိုးဖြစ်ချင်လည်း ဖြစ်မည်။

ညိုမာသည် မာမီတို့မိဘများ ချမ်းသာခဲ့ကြသည်ကို သိသည်။ မြို့ငယ်ကလေးတစ်မြို့မှာ ဆန်စက် တွေရှိသည်။ လယ်ယာချောင်းမြောင်းတွေ ရှိသည်ကို သိသည်။
ခေတ်နောက်ကျဟန်တူသော မာမီ့ မိဖများက မာမီခုနှစ်တန်း အောင်သောအခါ မိန်းကလေးဆိုတာ ပညာသိပ်တတ်နေစရာ မလိုပါဘူးဆိုပြီး ကျောင်း နှုတ်ခဲ့သည်ကို သိသည်။

ညိုမာ တက္ကသိုလ် ဒုတိယရောက်နှစ်ရောက်တော့ လူလည် ကျနေပြီ။ အပေါင်းအသင်း စုံနေပြီ။ ကျောင်းခေါ် ချိန်မပြည့်။ စာမေးပွဲ ဖြေခွင့်မရ။ မာမီက ကျောင်းပြန်တက်ခိုင်းပေမယ့် ညိုမာ ငြင်း သည်။  သည်တုန်းက ညိုမာ့မှာ ခံစားချက်တွေ ရှိနေသည်လေ။ ပထမဦးဆုံး ချစ်သူ၏ လှည့်စားခြင်း ခံရပြီးစ ဖြစ်သည်လေ။ သည်မှာ ကျောင်းပြန်တက်ဖို့ မတက်ဖို့ စကားလုပြောရင်း အခြေအနေ တင်းမာလာသည်။

"မာမီက ကိုယ့်ဘာသာတောင် ဆယ်တန်း မအောင်ပဲနဲ့ ညိုမာ့ကို ဘာအပြစ်မှ ပြောနေစရာ မလိုပါ ဘူး၊ ညိုမာက မာမီ့ထက်တော့ ပညာတစ်ဆလောက် ပိုတတ်ပါသေးတယ်နော်"
သည် မှာ မာမီသည် ညိုမာ့ပါးကို လှမ်းရိုက်လိုက်လေသည်။

"ကိုယ့်ခေတ် ကိုယ့်ဘ၀နဲ့ ကိုယ် ဆယ်တန်း မအောင်တာနဲ့ ညည်းဘာသာ ပညာဆက်မသင်တာ ဘာဆိုင်သလဲ ညိုမာ။ ညည်း ငါ့ကို နောက် ဒါမျိုး ဘယ်တော့မှ မစော်ကားနဲ့"
ပြောလျှင်တော့ ညိုမာနှင့် မာမီက ပြဒါးတစ်လမ်း သံတစ်လမ်းချည်းပင်။
ကြည့် ... မာမီ ဘယ်လောက် တုံးသလဲ ဆိုတာ။

ညိုမာက အနုပညာ ၀ါသနာပါသည်။ အတီးတစ်ခုခု တတ်ချင်သည်ဆိုတော့ မာမီက ၀မ်းသာ အားရ စောင်းကြီး တစ်လက် ၀ယ်လာပေးသည်။
"ဒါကြီးကို ဘာလုပ်ဖို့လဲ"

"သမီးပဲ အတီးတစ်ခုခု တတ်ချင်တယ်ဆို။ မာမီတို့ အသိထဲမှ စောင်းဆရာ တစ်ယောက် ရှိတယ်။ သူ့ကို အချိန်ပိုင်းနဲ့ ခေါ်သင်တာပေါ့"
"သြော် ... စိတ်နဲ့ ငါနဲ့ ညစ်ရပါလားနော်။ ညိုမာ တတ်ချင်တာက ခေတ်ပေါ် စတီရီယိုတေး၊ တီးချင်တာက ဂစ်တာ"
"စောင်းဟာ မြန်မာ့အနုပညာ စင်စစ်ပါကွယ်"

"ခေါက်ထားစမ်းပါ၊ ညိုမာတို့ခေတ်က လှေခေတ် လှည်းခေတ် မဟုတ်ပါဘူးနော်။ အဏုမြူခေတ်ပါ၊ လျှပ်စစ်ခေတ်ပါ။ ဓူဝံကြယ် မြေမှာ ခကြွေတဲ့ ခေတ် မဟုတ်ဘူး။ ပွမ်ပွမ်မြည်တဲ့ကားထဲ အတွဲလေး အသစ်နဲ့ဟေ ဆိုတဲ့ ခေတ်ပါ"
အမှန်ပင် ညိုမာသည် "ပလေးဘွိုင်"၊ "အေ့စက်"နှင့် "အီးမက်ရှင်း" တို့ကို ကြိုက်သည်။ စိုင်းထီးဆိုင် နှင့် ဘိုဘိုဟန် ဆိုဟန်က ကောင်းသည်။
သည်လိုနှင့် ညိုမာလည်း ဂစ်တာ မသင်ဖြစ်။

စောင်းကြီးမှာလည်း အိမ်ဧည့်ခန်းတွင် အလှအပ ပစ္စည်းတစ်ခုအဖြစ်သာ ဖုန်တက် နေလေတော့ သည်။
မာမီက မိန်းမပီပီ ဗိုင်းကောင်းကျောက်ဖိနေကာ အိမ်မှုကိစ္စတွေကို ၀င်ရောက်ကူညီ လုပ်ကိုင်စေ ချင်သည်။ ညိုမာ ကတော့ အိမ်အလုပ်ဆိုတာကို  ၀ါသနာ မပါရေးချ မပါ။
ငွေ ရှိသည်။
ချမ်းသာသည်။

ညိုမာတို့က ဘာဝင်လုပ်စရာ လိုသလဲ။
အစေခံတွေ၊ အိမ်ဖော်တွေ မွေးထားမှတော့ သူတို့လုပ်လိမ့်မပေါ့။
ညိုမာတို့ တစ်သက်လုံး မဆင်းရဲတော့ပါဘူး။ ဖေဖေက အပြောသား။ ညိုမာတို့ တစ်သက်မဟုတ် ဆယ်သက် ထိုင်စားနိုင်သတဲ့။ ဒါကြောင့် ပညာတွေ သိပ်တတ်ထားဖို့လည်း မလိုလှ ထင်သည်။ ဘွဲ့ရပြီ အလုပ်လက်မဲ့ ဖြစ်နေကြတာ တစ်ပုံကြီး။

သည်တော့ မာမီက "အေး ... မင်းတို့ စစ်ဘေးစစ်ဒဏ်ဆိုတာ မခံစားရဖူးတော့လဲ ပြောတော့မပေါ့" ဆိုခဲ့သည်။
ညိုမာတို့က စစ်ဘေး စစ်ဒဏ် မခံစားရဘူးပေမယ့် စစ်ကိုတော့ မုန်းကြတာပါပဲ။ "ပိစ်" ဆိုတာ ငြိမ်းချမ်းခြင်း အမှတ်အသား ပေါ့ မေမေရဲ့။ "မိတ်ခ်လဖ်၊ နော့တ်ဝါး" ဆိုတာ ညိုမာတို့ ကြွေးကြော် နေကျ။
ဒုတိယ အကြိမ် ပါးရိုက်ခံရတာ ဒီဇင်ဘာမှာပေါ့။။

ခရစ္စမတ်အိဗ် (Chirstmas Eve) မှာပေါ့။ ဒီဇင်ဘာ ၂၄ရက်နေ့ည။
ရူဘီတို့နှင့်အတူ ခရစ္စမတ်အိဗ်မှာ ညိုမာ ပျော်သည်။
 သည်မှာ ပက်ထရစ်ဆိုသော ကောင်လေးသည် တစ်ညလုံးလိုလို ညိုမာ့အပါးမှာ ကပ်နေသည်။

ညိုမာ့ထက်တော့ အသက်ငယ်မည်။ သို့သော် ကောင်လေးက လူချောလေး ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် တစ်ဦး ၏ သားဟု သိရသည်။
ဂစ်တာအဖွဲ့ မှာ ဒရမ်တီးသည်။
ညသန်းကောင်ကျော် တော့ ပွဲသိမ်းသည်။

ပက်ထရစ် က ညိုမာ့ကို အိမ်သို့ ပြန်ပို့ပေးမည်ဆိုကာ သူ့ကားနှင့် တင်ခေါ်လာခဲ့သည်။
လမ်းမှာ မော်တော်ကား မကြာခဏ မှောက်မည် ဖြစ်သည်ကိုတော့ သိသည်။ တစ်ခြား ဘာတွေ ဖြစ်ခဲ့သည်ကိုတော့ မပြောတတ်တော့ပါဘူး။
အိမ်ပေါက်ဝ မှာ ကားထိုးရပ်မိတော့ ညနှစ်နာရီထိုးနေပြီ။

ပက်ထရစ်သည် ညိုမာ့ကို ကားပေါ်မှ တွဲချပေးသည်။ သို့သော် ရုတ်တရက် ကိုယ်ကို လွှတ်မပေးခဲ့။ နမ်းဖို့ ကြိုးစားသည်။
သည်မှာ အိမ်ရှေ့ မီးဖြတ်ခနဲ လင်းလာသည်။ အိမ်ပေါက်ဝမှာ မာမီ ပေါ်လာသည်။
"ဘုရား ... ဘုရား ... ဘယ်လိုဖြစ်လာတာလဲ ညိုမာရယ်"

"ညိုမာ ဘာဖြစ်သလဲ၊ ဘာမှ မဖြစ်ပါဘူး မာမီရဲ့၊ ညိုမာ ပျော်နေတာပါ။ သြော် ... မာမီနဲ့ မိတ်ဆက် ပေးရဦးမယ်။ ဒီက "ပက်ထရစ်"
ပက်ထရစ်က "တွေ့ရတာ ၀မ်းသာပါတယ် အန်တီ" နှုတ်ဆက်တော့ မာမီက ရွံရှာစွာဖြင့် ...
"ထွက်သွားစမ်းကွယ်၊ မင်း ငါ့ခြံထဲက ထွက်သွားစမ်း"

မာမီ့အသံကို မိုးခြိမ်းသံကို ကျယ်လောင်နေသည်။
ပက်ထရစ်သည် အံ့အားသင့်နေသည်။
"ခင်ဗျာ၊ ကျွန် ... ကျွန်တော်"
"ထွက်သွားစမ်းပါ၊ ကျေးဇူးပြုပြီး ငါ့ခြံထဲက ထွက်သွားစမ်းပါ"

"အို ... မာမီ၊ သူ့ကို ဒီလိုနှင့်ဖို့ မကောင်းပါဘူး။ သူက လူကြီး လူကောင်းရဲ့ သားသမီးပါ"
"ဘာပဲ ဖြစ်ဖြစ် ထွက်ဆို ခုထွက်"
မာမီသည် ညိုမာ့ကို အကြမ်းပတမ်းဆွဲယူကာ အိမ်ထဲသို့ သွင်းလိုက်သည်။ တံခါးကို ပိတ်ပစ်လိုက် သည်။
မကြာမီ ပက်ထရ၏ ကားထွက်သွားသံ ကြားရသည်။

"မာမီ ဆက်ဆံတာ သိပ်ရိုင်းတာပဲ"
ညိုမာက မကျေနိုင်မချမ်းနိုင် ဆိုသည်။
သည်နောက်မှာတော့ ညိုမာ အန်ချင်လာသည်။ မီးဖိုခန်းသို့ ၀င်သည်။

လက်ဆေးကြွေဇလုံမှာ အန်ချလိုက်သည်။ အကုန်ပါပဲ။ စားထား သောက်ထားသမျှ အကုန်ပါပဲ။
ညိုမာ့ အန်ဖတ်မှာ ချဉ်နေသည်။ အရက်နံ့ ဟောင်နေသည်။
ကျောဘက်တွင် မာမီလာရပ်သည်။
"ညိုမာ"
ညိုမာက မထူးဘဲ ပလုတ်ကျင်းရာမှ မော့ကြည့်လိုက်သည်။

"ဒါ မိန်းကလေးတစ်ယောက် အိမ်ပြန်တဲ့ အချိန်လား ဟင်"
"ဒီကနေ့ ခရစ္စမတ်အိဗ်လေ မေမေရဲ့၊ လူတွေ ပျော်ကြတဲ့နေ့ပဲ"
"ညည်း အရက်သောက်လာတယ် မဟုတ်လား"

"မဟုတ်ဘူး မာမီ၊ သမီးတို့က လိမ္မော်ရည်ပဲသောက်တာ။ ဒါပေမယ့် ဘယ်သူက နောက်ပြီး အလစ်မှာ  လိမ္မော်ရည်ထဲ ဂျင်အရက်တွေ လာရောသွားသလဲ မသိဘူး"
"အဲဒီလိုနေရာမျိုးကို သွားရင် ဒါမျိုးတွေ ဖြစ်မှာပဲ။ အို ... ညည်း မကောင်းတော့ပါလား ညိုမာ"
"ညိုမာ ဘာဖြစ်လို့ မကောင်းရတာလဲ။ ညိုမာ ဘာမှ မဖြစ်ဘူး။ မှဲ့တစ်ပေါက် မစွန်းပဲ အိမ်ပြန် ရောက်လာတာ မဟုတ်လား"
"ညည်း သောက်လာတာကကော"

"ပြောပါပြီကော ဘယ်သူက လိမ္မော်ရည်ထဲ ဂျင်ရောလိုက်သလဲ မသိဘူးလို့။ ကဲပါ မာမီရယ် ... ဒါလောက်ကလေးများ ပြဿနာလုပ် မနေစမ်းပါနဲ့"
"ဒါပေမယ့် ဒါ မြန်မာပြည်။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား၊ ကိုယ့်နိုင်ငံရေးလမ်းစဉ်နဲ့ နေနေတဲ့ တိုင်းပြည်မှာ စုန်းပြူးတွေရဲ့ စကားကို နားယောင်ပြီး ဖြစ်ချင်တိုင်း ဖြစ်မနေချင်ဘူး"
"မာမီက တော်တော်ခက်တယ်"
"ဘာ"

"မာမီဟာ ခေတ်မမှီတော့ဘူး၊ မာမီ့အတွေးအခေါ်တွေဟာ နိုင်တီးဝမ်တီးက အတွေးအခေါ်တွေ ဖြစ်နေပြီ"
"ညိုမာ"
ညိုမာ ကိုယ်ကို မတ်လိုက်သည်။

"ညည်း စော်ကားပေါင်းများပြီ။ ငါဟာ ညည်းရဲ့အမေ။ ညည်းကို မွေးထုတ်ခဲ့တဲ့ အမေ။ အမေ တစ်ယောက်အနေနဲ့တောင် လေးစားမှု မရှိတော့ပါလားဟင်။ ညည်းကိုယ်ညည်း သိပ်ဟုတ်လှပြီလို့ ထင်နေတဲ့ မိန်းမပေါ့ ဟုတ်လား။ ဒါဆိုရင် ညည်းနဲ့ထိုက်တန်သလို ဆုံးမရတော့မှာပဲ"
သည်ကစပြီး မာမီ့ လက်ဖ၀ါးများသည် ညိုမာ့ပါးပြင်ပေါ်သို့ ကျလာသည်။

တစ်ချက်မက။ နှစ်ချက်မက။
အချက်ပေါင်းများစွာ။
ညိုမာသည် မူးရီနေသဖြင့် ရှောင်တိမ်းနိုင်စွမ်း မရှိ။
ကာကွယ်နိုင်စွမ်း မရှိ။
ရုန်းကန်နိုင်စွမ်း မရှိ။

ညိုမာ၏ မျက်နှာမှာ ရဲနေသည်။
မျက်ဝန်းတို့သည် မီးထွက်မတတ် ပြောင်လက်နေသည်။
မျက်ရည်များ စီးကျနေသည်။

ဆက်ရန်
.

1 comment:

ကိုဇော် said...

နည်းပါသေးတယ်။