Saturday, January 8, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၆)

၁၃
ဒင်နီ၏ အပေါင်းအသင်းများသည် ဒုက္ခရောက်နေသည့် အမျိုးသမီးတစ်ဦးကို ကူညီစောင့်ရှောက်ရန် အကြောင်းဖန်လာခြင်း

ဆိုနိုရာ တီရီဆီနာ ကော်တက်ဇ်သည် သားသမီးရှစ်ယောက်၊ သူ့မိခင်ကြီးနှင့် အတူ တော်လီလာဖလက် ရပ်ကွက် တောင်ဘက်ဖျား ချောက်ကမ်းပါး တစ်ခု၏ ထိပ်ရှိ သပ်ရပ်သန့်ရှင်းသော ကော့တိတ်ခ်ျခေါ် တစ်ထပ်တိုက် ကလေးတွင် နေသည်။ တီရီဆီနာမှာ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့် လှလှနျင့် တည်ငြိမ် ရင့်ကျက်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ အသက်မှာ သုံးဆယ်နီးပါး။ သူ့အမေမှာ အလွန် ရှေးဆန်၍ ပိန်ခြောက်ခြောက်နှင့် သွားတစ်ချောင်းမှ မရှိတော့သည့် အသက်ငါးဆယ်နီးပါးအရွယ် မိန်းမ ကြီးတစ်ယောက်ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ ရှေးဟောင်းခေတ် မျိုးဆက်တစ်ခု၏ အမွေအနှစ်ကို မြင်ရသကဲ့ သို့ ရှီသည်။ အင်ဂျီလီကာဟုခေါ်သော သူ့နာမည်ကို မှတ်မိသူပင် ရပ်ကွက်ထဲ၌ တစ်ယောက်မျှ မရှိ တော့ ဟု ယူဆရ၏။

အဘွားကြီးသည် ရက်သတ္တ တစ်ပတ်လုံးလုံး အလုပ်နှင့် လက်နှင့်ပြတ်သည်ဟု မရှိပေ။ သူ့တာဝန်မှာ သူ့မြေး ရှစ်ယောက်ထဲ မှ ခုနစ်ယောက်ကို ကျွေးမွေး သုတ်သင်ရန်၊ ထိန်းကျောင်းရန်၊ ရေမိုးချိုး အ၀တ်အစား လဲပေးရန် နှင့် သိပ်ရန် ဖြစ်သည်။ သမီးဖြစ်သူ တီရီဆီနာကတော့ ရှစ်ယောက်မြောက်ကလေး၏ ဝေယျာဝစ္စများ နှင့် ကိုးယောက်မြောက် မွေးလာမည့် ကလေးအတွက် ကြိုတင်ပြင်ဆင်မှုများဖြင့် မအားမလပ် ဖြစ်နေသည်က များလေသည်။

မည်သို့ပင်ဖြစ်စေ၊ တနင်္ဂနွေ တစ်ရက်မှာတော့ဖြင့် အဘွားကြီးသည် အလွန်ရှေးကျပြီး ခေတ်မမီတော့သည့် အနက်ရောင် အ၀တ်အစားများကို ၀တ်၍ ကောက်ရိုးဦးထုပ်အနက်ကို ဆောင်း၍ ဘုရားရှိခိုးကျောင်းသို့ မှန်မှန် သွားကာ ၀တ်ပြုသည်။ တစ်လလျှင် တစ်ရက် မွန်းလွဲပိုင်းအချိန်တွင် ဘုန်းတော်ကြီးထံ သွား၍ သူပြုမိ ခဲ့သော အမှားများကို ၀န်ခံခြင်းပြုသည်။ ဘာသာတရား၏ ထုံးစံအရ သူပြုခဲ့မိသော အမှားများကို ၀န်ခံခြင်း ဖြစ်သည်။ သူ့အနေဖြင့် မည်သည့် အမှားများကို ကျူးလွန်ခဲ့မိလေသနည်း။ ဘေးလူများအဖို့တော့ သူ့တွင် မကောင်းမှု ဒုစရိုက်ပြုစရာ အချိန်လည်းမရှိ။ မကောင်းမှုပြုစရာ ပတ်ဝန်းကျင်ကလည်းမရှိ။ သူ နေထိုင်လျက် ရှိသည့် သမိး တီရီဆီနာ၏ အိမ်တွင် ကလေးများမှတစ်ပါး အခြားဘယ်သူမှ ရှိသည်မဟုတ်။ ဤကလေးများ အတွက် မနားမနေ အလုပ်လုပ်နေရသော သူ့တွင် မကောင်းမှုပြုစရာ အချိန်လည်း မရှိနိုင်။

ပထမဆုံးကလေး ကိုယ်ဝန်ရှိချိန်တွင် တီရီဆီနာ ၏ အသက်မျာ ဆယ့်လေးနှစ်မျှသာ ရှိသေးသည်ဖြစ်ရာ သူ့ အဖို့ အကြီးအကျယ် ထိတ်လန့်ချောက်ချားစရာကြီးတစ်ခု ဖြစ်ခဲ့၏။ ထို့ကြောင့်လည်း သူသည် ထိုကလေးကို ညပိုင်း လူခြေတိတ်ချိန်တွင် ကပွဲ များ ပြုလုပ်ရာ ပန်းခြံအတွင်း၌ တိတ်တိတ်ကျိတ်၍ မွေးဖွားခဲ့ပြီး မွေးကင်းစ ကလေး ကို သတင်းစာ စက္ကူဟောင်းနှင့် ထုပ်ကာ ညစောင့်တွေ့နိုင်မည့် နေရာတစ်နေရာ၌ အသာ စွန့်ပစ် ထားခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စမှာ လျှို့ဝှက်ချက်တစ်ခုဖြစ်၏။ အကယ်၍ သက်ဆိုင်ရာများကသာ သိသွားခဲ့ ပါမူ တီရီဆီနာ သည် ဒုက္ခနှင့် ကြုံရဖို့ရှိလေသည်။

တီရီဆီနာ အသက် ဆယ့်ခြောက်နှစ်တွင် မစ္စတာ အဲလ်ဖရက် ကော်တက်ဇ်က တရားဝင် လက်ထပ်ယူပြီး သူ့ နာမည်ကို ဆက်ခံခွင့်ပေးရုံမက မိသားစု၏ အခြေခံ အုတ်မြစ်များအဖြစ် အယ်လ်ဖရက်ဒိုးနှင့် အီနီ ဟူသော ကလေးနှစ်ယောက် ကို ဖွားမြင်စေခဲ့သည်။ မစ္စတာ ကော်တက်ဇ်သည် သူ့အမည်ကို ဆက်ခံခွင့် ပေးရာ၌ များစွာ မှပင် ကြည်ကြည်ဖြူဖြူ ရှိခဲ့၏။ အမှန်တော့ သူသည် မစ္စတာ ကော်တက်ဇ်ဟူသော နာမည် ကို ယာယီသဘောဖြင့် ပြောင်းလဲမှည့်ခေါ်ထားခြင်းဖြစ်သည်။ သူသည် မွန်ထရေးမြို့သို့ ပြောင်းရွှေ့ မလာမီ အချိန် နှင့် မွန်ထရေးမြို့မှ ထွက်ခွာသွားချိန်တွင် သူ့နာမည်မှာ ဂတ်လီဖိုး ဖြစ်လေသည်။ သူသည် ဒုတိယ ကလေး အီနီ ကို မွေးဖွားပြီးနောက် မွန်ထရေးမြို့မှ တစ်ခါတည်း အပြီးအပိုင် ထွက်ခွာသွားခဲ့သည်။ တီရီဆီနာ ကို လက်ထပ်ပြီး အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဘ၀တစ်လျှောက်လုံး တည်ငြိမ်မှု ရရှိ လိမ့်မည် မဟုတ်ဟူသော အခက်ျကိုကြိုတင်ခန့်မှန်း သိမြင်၍ ယင်းကဲ့သို့ ပြုလုပ်သွားခြင်းဖြစ်ပေလိမ့်မည်။

တီရီဆီနာ သည် မိခင်လောင်းဘ၀သို့ မှန်မှန်ရောက်ရှိနေခြင်းအတွက် သူ့ကိုယ်သူ အံ့သြခြင်းတော့ ဖြစ်မိ၏။ တစ်ခါတစ်ရံ တွင် သူသည် မိခင်လောင်းဘ၀သို့ ဆိုက်ရောက်နေပြီး ဖြစ်သော်လည်း မကြာမီ မွေးဖွား လာတော့ မည့်သူ့ဗိုက်ထဲမှ ကလေးအဖေ မည်သူမည်ဝါမှန်း အတိအကျ မသိချေ။ ဤအဖြစ်မှာလည်း သူ့ အတွက် အံ့သြ စရာတစ်ခုပင်ဖြစ်၏။

သို့သော်လည်း ဤအဖြစ်မျိုးနှင့် ကြုံရဖန်များလာသည့်အခါ သူ့အဖြစ်သည် ထူးလျက်နှင့် မဆန်းသလို ဖြစ်လာ ခဲ့သည်။ ဤသို့ဖြင့် သူဘ၀တွင် ချစ်သူဆိုသည်မှာ ရှိဖို့မလိုအပ်ဟူသော အမြင်မျိုး ၀င်လာ ခဲ့သည်။ သူ့အမြင် မှန်မမှန် ဟူသော ကိစ္စမှာ ဆုံးဖြတ်ရ ခက်လာသည့်အခါတိုင်း သူသည် ဤပြဿနာကို သခင်ယေရှု ၏ မိခင်လက်ထဲသို့ ပုံ၍ အပ်လေ့ရှိသည်။ ယင်းကဲ့သို့ ပုံအပ်ရခြင်းမှာလည်း တခြားကြောင့် မဟုတ်။ ဤအဖြစ်မျိုး နှင့် ကြံရသည့် ဘ၀အကြောင်းကို ယခင်ယေရှု၏ မိခင်က သူ့ထက်ပို၍ နားလည်သည် ဟု ထင်သောကြောင့် ပေတည်း။

သူ့အပြစ်သူ ၀န်ခံချက်ပေးပြီး အာပတ်ဖြေသော အလုပ်ကို တီရီဆီနာသည် မကြာခဏ လုပ်လေ့ရှိ၏။ ဘုန်းတော်ကြီး ရာမွန် အဖို့ က တီရီဆီနာသည် မျှော်လင့်ချက် မရှိတော့သည့် အာပတ်ဖြေသူ တစ်ဦး ဖြစ်သည်။ သူ့ရှေ့တွင် ဒူးနှစ်ဖက်ထောက်၍၊ လက်နှစ်ဖက်ယှဉ်၍၊ နှုတ်ခမ်းများလှုပ်၍ သူကျူးလွန်ပြီးခဲ့သမျှ အပြစ် များကို ၀န်ခံပြီး အာပတ်ဖြေနေသော တီရီဆီနာ၏ မျက်လွှာများအောက်မှ မျက်လုံးများသည် နောက်ထပ် ဒုစရိုက် အသစ်တစ်ခုပြုရန် အားယူနေသည့်နှယ် တဖျတ်ဖျတ်တောက်လျက် ရှိကြသည်။

ယခု လောလောဆယ်တွင်လည်း တီရီဆီနာသည် ကိုးယောက်မြောက် ကလေးမွေးဖွားပြီးစဖြစ်၍ ဘာအလုပ် မှ မလုပ်နိုင်သည့် အချိန်ဖြစ်ရာ သူ့မိခင်တွင် တာဝန်အသစ်တစ်ခု တိုးလာပြီဖြစ်သည်။ အကြီးဆုံး အယ်ဖ်ဖရက်ဒိုး ကျောင်းနေသည်မှာ သုံးနှစ်တွင်း ရောက်ပြီဖြစ်၍ အီနီမှာ ဒုတိယနှစ်တွင်း ရောက်နေပြီ ဖြစ်သည်။ ပန့်ချိတိုမှာမူ ကျောင်းစနေရပြီဖြစ်၏။

ဤအချိန်ကာလတွင် ကယ်လီဖိုးနီးယားပြည်နယ်အတွင်း၌ ကျောင်းသူနာပြု ဆရာမများက ကျောင်းတွင်းရှိ အတန်းတိုင်း သို့ ၀င်၊ ကလေးသူငယ်များကို စစ်ဆေးခြင်းနှင့် ကလေးသူငယ်များ၏ နေအိမ်ပတ်ဝန်းကျင် အခြေအနေ ကို အသေးစိတ် လေ့လာသုံးသပ်ခြင်း စသော လုပ်ငန်းများ ခေတ်စားနေချိန် ဖြစ်သည်။ ဤသို့ဖြင့် အသက်အရွယ်နှင့် မလိုက်အောင် ပိန်လှီ သေးကွေးနေသည်ဟူသော အထင်ဖြင့် အယ်လ်ဖရက်ဒိုး အား ကျောင်းအုပ်ကြီးရုံးခန်းသို့ ဆင့်ခေါ်ခြင်းခံရလေသည်။

ကျောင်းသူနာပြု ဆရာမသည် ကလေးစိတ်ပညာဘာသာရပ်ကို ကျကျနန သင်ကြားလာခဲ့ရသူ ဖြစ်သည့် အားလျော်စွာ အလွန်ကြင်နာပြီး ပျော့ပျောင်းချိုသာသော လေသံဖြင့် " ဖရက်ဒီ၊ မင်း အစား၀၀လင်လင် စားရရဲ့လား" ဟု မေးသည်။
" စားရပါတယ်" ဟု အယ်လ်ဖရက်ဒိုက ဖြေသည်။
" ဟုတ်ပြီ၊ ဒါဆိုရင် မနက်စာ ဘာတွေ စားရသလဲ၊ ဆရာမကို ပြောပြစမ်း"
" ပဲနဲ့ တော်တီလာမုန့် စားရပါတယ်"

သူနာပြုဆရာမက စိတ်ပျက်သော အမူအရာဖြင့် ကျောင်းအုပ်ကြီးဘက်သို့ လှည့်၍ ခေါင်းတစ်ချက်ဆက်ပြ သည်။ " မင်း အိမ်ပြန်ပြီး နေ့လယ်စာ စားတော့ကော ဘာတွေ စားရသလဲ"
" ကျွန်တော် အိမ်မှ မပြန်ဘဲ "
" နေ့လယ်စာ မစားဘူးလားကွယ့် "
" စားတာပေါ့၊ ကျွန်တော် အိမ် က ပဲနဲ့ တော်တီလာမုန့် ထုပ် ယူလာတယ်"
သူနာပြုဆရာမ ၏ မျက်လုံးများသည် ထိတ်လန့်အံ့သြခြင်းကို ဖော်ပြနေသည်။" ညကျတော့ကော မင်း ဘာစားသလဲ"
" တော်တီလာမုန့်နဲ့ ပဲပေါ့ "

သူနာပြုဆရာမ ထံမှ ကလေးစိတ်ပညာသည် ထွက်ပြေးသွားသည်။ " နင် အဲဒီနေရာမှာ ရပ်နေတာဟာ တော်တီ လာမုန့် နဲ့  ပဲကလွဲပြီး တခြားဘာမှမစားဘူးလို့ ပြောဖို့ ရပ်နေတာလား "
အယ်လ်ဖရက်ဒိုး အံ့အားသင့်သွားသည်။ " ဘုရားသခင် ကယ်တော်မူပါ " ဟု ရေရွတ်သည်။ " ဆရာမက ကျွန်တော့် ကို တခြားဘာများ ပြောစေချင်လို့လဲ "

ဤသို့ဖြင့် ဤဖြစ်ရပ်ကို သူနာပြုဆရာမက ကျောင်းဆရာဝန်ထံ နှုတ်ဖြင့် အစီရင်ခံသည်။ ဆရာဝန်က ဆရာမ ပြောသမျှကို နားထောင်၍ ထိတ်လန့်အံ့သြခြင်းဖြစ်သည်။ တစ်နေ့တွင် ဆရာဝန်သည် သူ့ကားဖြင့် တီရီဆိနာ ၏ အိမ်သို့ ရောက်လာပြီး လေ့လာစုံစမ်းသည်။ သူ ခြံဝင်းထဲ ၀င်သွားခိုက်တွင် ကလေးတစ်အုပ်၏ ဆူဆူညံညံ အသံများကို ကြားရသည်။ ဆရာဝန်သည် မီးဖိုခန်းအ၀မှရပ်၍ အထဲကို လှမ်းကြည့်သည်။ အဘွားကြီး သည် သစ်သား ယောင်းမကြီးတစ်ချောင်းဖြင့် မီးဖိုပေါ်မှ အိုးကို မွှေလျက်ရှိ၏။ အိုးထဲမှ ပဲပြုတ် များသည် ကြမ်းပေါ်သို့ လွင့်စဉ်ကျလာလျက် ရှိသည်။ ဆူညံနေသော ကလေးများ၏ အသံသည် မီးကို ရေနှင့် သတ်လိုက်သည့် နှယ် တိတ်သွားသည်။

ကလေးများသည် ကြမ်းပြင်ပေါ်၌ ကျနေသည့် ပဲပြုတ်များကို တစ်စေ့ချင်းစီ လိုက်ကောက်ကာ စားကြသည်။ အဘွားကြီး ကုလားထိုင်တစ်လုံးပေါ်တွင် တစ်ခဏမျှထိုင်၍ နားနေခိုက်တွင် ကလေးများသည် အိပ်ရာ ခုတင်အောက်၊ ကုလားထိုင်အောက်၊ မီးဖိုခုံအောက်သို့ လေးဖက်ထောက်ဝင်ကာ ပိုးကောင်များ လိုက်ဖမ်း နေကြသည်။ ဆရာဝန်သည် အိမ်ထဲတွင် နှစ်နာရီကြာမျှ လေ့လာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ သိပ္ပံ နည်းကျသော စိတ်ဝင်စားမှုသည် ကပြောင်းကပြန် ဖြစ်ကုန်သောကြောင့်ပေတည်း။
ဆရာဝန် သည် ခေါင်းတခါခါလုပ်၍ ပြန်သွားသည်။

သူ လေ့လာခဲ့သမျှကို ပြန်၍ ဖောက်သည်ချသောအခါတွင်လည်း သူသည် ခေါင်းတခါခါပင်ဖြစ်သည်။ " ကျွန်တော် သိထားသမျှ နည်းတွေနဲ့ သူတို့ကို စမ်းသပ်ကြည့်ခဲ့တာပဲဗျာ" ဟု သူက ပြောသည်။ " သူတို့ရဲ့ သွား၊ အရေပြား၊ သွေး၊ အရိုး၊ မျက်လုံးအားလုံး တစ်ခုမကျန် စစ်ဆေးခဲ့တယ်။ အခု သူတို့စားနေတဲ့ အစားအစာ ဟာ မွေးကတည်းက စားလာကြတာ၊ ဒါပေမယ့် သူတို့လောက် သန်စွမ်းကျန်းမာတဲ့ ကလေး တွေကို လုံးဝ မမြင်ဖူး သေးဘူးဆိုတာ ကျွန်တော် ပြောရဲတယ်" သူသည် ပြောရင်းက စိတ်လှုပ်ရှား လျက်ရှိသည်။ " ဒီကောင်ပေါက်စ ကလေးတွေရဲ့ သွားတွေဟာ တကယ်ကို ကောင်းတာပဲ၊ ဒီလောက် ခိုင်တဲ့ သွားမျိုး တစ်ခါ မှ မတွေ့ခဲ့ဖူးဘူး"

တီရီဆီနာ သည် သူ့မိသားစုအတွက် အစာကို မည်ကဲ့သို့ စုဆောင်းရရှိပါသနည်း။ သူ စုဆောင်းပုံမှာ အံ့သြစရာ တော့ ကောင်းသည်။ ပဲကြိတ်သူများ အလုပ်ခွင် ၀င်နေကြသည့်အခါ တီရီဆီနာသည် စောင်ကြီး တစ်ထည် ကို ပဲကြိတ်စက် ၏ လေအောက်ဘက်မှ ဖြန့်ခင်းထားလိုက်သည်။ လေထန်သည့် မွန်းလွဲပိုင်း အချိန် များတွင် ပဲကြိတ် စက်ဆီမှ ပဲမှုန့်များသည် လေနှင့်အတူ လိုက်ပါလာပြီး သူခင်းထားသည့် စောင် ပေါ်သို့ ကျသည်။ ဤ နည်းဖြင့် တစ်ကြိမ် ပဲများ ကြိတ်ပြီးသည့်အခါတိုင်း သူသည် ပဲမှုန့် ပေါင်နှစ်ဆယ်၊ သို့မဟုတ် ပေါင်နှစ်ဆယ် ကျော်ကျော်ခန့်ကို ရရှိလေသည်။

ဆောင်းအကုန် နွေအကူး ကြားကာလ ရာသီတွင် အဘွားကြီးသည် လမ်းလျှောက်နိုင်သည့် သူ့မြေးများနှင့် အတူ ယာကွက်များ အတွင်းသို့ ဆင်း၍ ဆန်ကာတစ်ချပ်နှင့် ပဲကောက်သင်း ကောက်သည်။ ပဲခင်းရှင်များ တားမြစ်ခြင်း မပြု။ အဘွားကြီး တစ်ယောက် သူတို့ပဲခင်းထဲဝင်၍ ကောက်သင်းကောက်ခြင်းကြောင့် အကျိုးစီးပွား ထိခိုက်စရာ လုံးဝမရှိ။ မည်သို့ပင်ဖြစ်စေ အဘွားကြီးအဖို့ကတော့ ပဲခင်းများမှ ပဲသီးနှံ အထွက် ကောင်းသည့် နှစ်တွင် ပဲမှုန့် ပေါင်လေးရာခန့်သာ စုဆောင်းရရှိထားပါမူ ငတ်မွတ်ခေါင်းပါးမှု ဘေးနှင့် ကြုံရမည် ကို ကြောက်စရာ မလိုတော့ပေ။

အခြား စားသောက်ဖွယ်ရာ ပစ္စည်းများဖြစ်သော သကြား၊ ခရမ်းချဉ်သီး။ ငရုတ်ကောင်းမှုန့်၊ ကော်ဖီမှုန့်၊ ငါး၊ သို့မဟုတ် အသားတစ်မျိုးမျိုး သည် ကံကောင်း၍ အကြောင်း လှသည့် အခါများ၊ ဘုရားသခင်က စောင်မ ကူညီသည့် အခါများ နှင့် မိမိတို့၏ လုံ့လ၀ီရိယနှင့် သို့မဟုတ် လိမ္မာ ပါးနပ်မှုကို ကောင်းစွာ အသုံးချနိုင်သည့် အခါ များတွင် အလွယ်တကူ ရလာတတ်သည်။ အမြဲတစေ ရနိုင် သည်မဟုတ်။ သို့ဖြစ်ရာ ပဲမှုန့်သာ များများ ရထားဖို့ လို၏။ ပဲမှုန့်အလုံအလောက်ရှိနေပါမူ မိမိ၏ ဘ၀သည် လုံခြုံ သည်။ တကယ်တော့ ပဲသည် ၀မ်းဗိုက် ၏ ခေါင်မိုးတစ်ခုဖြစ်၍ စီးပွားရေး အအေးဒဏ် ကို ကောင်းစွာ ခံနိုင်သည့် အပေါ်ဝတ် အနွေးထည်ကြီး တစ်ထည် ပင် ဖြစ်ပေသည်။

တီနိုရာတီရီဆီနာ ကော်တက်ဇ် မိသားစု၏ သာယာချမ်းမြေ့မှုနှင့် ဘ၀ကို ခြိမ်းခြောက်နိုင်သော အရာဟူ၍ တစ်ခု တည်းသာရှိ၏။ ယင်းမှာ အခြားမဟုတ်၊ ပဲသီးနှံ ပျက်စီးခြင်းပင်ဖြစ်သည်။
ပဲများ မှည့်လာသည့်အခါ ချုံပင်များကို နုတ်၍ ပဲပင်များပေါ် အုပ်ပေးရသည်။ သီးနေသည့် ပဲတောင့်များ ခြောက်ပြီး ကြွပ်သွားစေရန်အတွက် ထိုကဲ့သို့ လုပ်ပေးရခြင်းဖြစ်၏။ ထို့ကြောင့် မိုးမရွာပါစေနှင့်ဟု ဆုတောင်းပြီး စောင့်ကြည့်နေဖို့သာရှိသည်။ ထိုအချိန်တွင် ယာသမားများသည် မိုးကောင်းကင် အရိပ်အခြည် ကို မျက်ခြည် မပြတ် စောင့်ကြည့်နေတတ်ကြသည်။ အကယ်၍ မိုးရွာခဲ့ပါမူ အုပ်ပြီးသား ချုံပင် များကို ဖယ်၍ နောက်ထပ်တစ်ကြိမ် အုပ်ပေးနိုင်သေးသည်။ အကယ်၍ တတိယအကြိမ် မိုးရွာခဲ့ပါမူကား ပဲပင် များတွင် မှိုတက် ကာ ဆွေးမြည့်ပုပ်သိုးကုန်တတ်၏။ ဤအဖြစ်မျိုးနှင့် ကြုံရပါမူ ပဲသီးနှံ ပျက်လေပြီ။

ပဲသိမ်းချိန်ရောက်၍ ပဲများ နေလှန်းဖို့ အချိန် နီးကပ်လာသောအခါ မယ်တော်မာရီယာကို ဖယောင်းတိုင် တစ်တိုင်ဖြင့် ဆီမီးပူဇော်ပြီး ဆုတောင်းသော အလေ့အထသည် အဘွားကြီး၏ နှစ်စဉ် လုပ်နေကျအလုပ် ဖြစ်သည်။
ယခုနှစ် ပဲများ နေလှန်းချိန်တွင်လည်း အဘွားကြီးသည် မယ်တော်မာရီယာကို ဆီမီးပူဇော်ခြင်းပြုသည်။ တီရီဆီနာ ၏ အိမ်ထဲတွင်လည်း ပဲများထည့်သွင်းသိုလှောင်ရန်အတွက် ဂုန်နီအိတ်များ အသင့်ပြင်ထားပြီ။

ပဲကြိတ်စက်များကို ဆီထည့်ာ သုတ်သင်ရှင်းလင်းထားပြီ။
မိုးတစ်ကြိမ် ရွာသည်။
ထိုအခါ ယာသမာ်းများသည် အပြင်လူများကိုပါ ငှား၍ ယာခင်းထဲသို့ ဆင်းကာ ပဲပင်များပေါ်၌ အုပ်ထား သည့် ချုံပင်များကို ဖယ်ပြီး အသစ်ထပ်တင်ကြသည်။ အဘွားကြီးသည် နောက်ထပ် ဖယောင်းတိုင် တစ်တိုင် ဖြင့် မယ်တော် ကို ပူဇော်ပြန်သည်။
မိုးသည် နောက်တစ်ကြိမ် ထပ်၍ ရွာပြန်သည်။

ထိုအခါ အဘွားကြီးသည် ဖယောင်းတိုင်နှစ်တိုင်ဝယ်ပြီး သူ နှစ်ပေါင်းများစွာ အမြတ်တနိုး သိမ်းဆည်း လာခဲ့သည့် ရွှေရည်သုတ် ဖယောင်းတိုင်စင် ကလေးဖြင့် ဆီမီး ပူဇော်ပြန်သည်။ ယာသမားများသည် သူတို့ ပဲခင်းများသို့ ၀င်၍ အုပ်ထားသည့် ချုံပင်များကို ဖယ်ကာ နောက်ထပ် ချုံပင်အသစ်များ အုပ်ပြီး ပဲပင်များ ခြောက်သွေ့စေရန် အားထုတ်ကြပြန်သည်။ သို့သော်လည်း တတိယအကြိမ် မိုးသည်းထန်စွာ ရွာပြန်၏။ မွန်ထရေးမြို့ ကော်တီခရိုင် နယ်မြေအတွင်းမှ ပဲခင်းများ အားလုံးလိုလိုပင် ပျက်စီးကုန်ကြလေ၏။

ဆီနိုရာ တီရီဆီနာ ကော်တက်ဇ် အိမ်အတွင်းသို့ သောကသည် ၀င်ရောက်လာသည်။ သူတို့ဘ၀၏ အားထားမှီ ခိုရာသည် ပျက်စီးသွားခဲ့လေပြီ။ သူတို့ ၀မ်းဗိုက်များ၏ ခေါင်မိုးကလေးသည် ဖျက်ဆီးခံရလေပြီ။ ညပိုင်း တွင် သူတို့ထံ ချဉ်းကပ်လာနေသည့် အငတ်ဘေးကို ကြောက်ရွံ့သဖြင့် ကလေးများက ငိုကြသည်။ အငတ်ဘေး ကျရောက်လာလိမ့်မည်ဟု သူတို့ကို မည်သူကမျှ မပြော။ သို့သော်လည်းသူတို့က နားလည် နေကြသည်။

သူတို့ အဘွား သည် ယခုလို အဖြစ်မျိုးနှင့် ကြုံရသည့်အခါ သူပြုနေကျ ထုံးစံအတိုင်း ဘုရားရှိခိုးကျောင်းထဲ ရောက်နေ သည်။ သို့သော်လည်း မယ်တော်မာရီယာ၏ ရုပ်တုကို ကြည့်နေသော သူ့မျက်လုံးများနှင့် သူ့နှုတ်ခမ်း များသည် လှောင်ပြောင်လိုသော သဘောနှင့် ပြစ်တင်ရှုတ်ချလိုသော သဘောများကို ဖော်ပြ နေကြသည်။ " သခင်မဟာ တပည့်တော်မရဲ့ ဖယောင်းတိုင်တွေကိုတော့ ယူတယ်" ဟုတွေးသည်။

" ဖယောင်းတိုင် ရဖို့ကျတော့ လောဘ တက်တယ်၊ ဖယောင်းတိုင် လှူတဲ့လူကိုတော့ ဘာမှ မတုံ့ပြန်ချင်ဘူး" သူ ၏ ယုံကြည်ကိုးစားမှုသည် ဆန်တာက လာရာထံသို့ ကူးပြောင်းသွားသည်။ သူသည် မယ်တော်မာရီယာ လုပ်ပုံ မတရား ဟု ထင်ကြောင်း ဆန်တာကလာရာထံ တိုင်တည်သည်။ သူ့ရင်ထဲသို့ အဘိဇ္ဈစိတ် ၀င်လာသည်။ မယ်တော်မာရီယာ၏အပေါ် ငြိုငြင်သောစိတ်သည် ပြင်းထန်လာသည်။ " အရှင် သိတော်မူတဲ့ အတိုင်းပါ၊ တစ်ခါတစ်ရံ တပည့်တော်မရဲ့ သမီး တီရီဆီနာလည်း သူမွေးတဲ့ ကလေးအဖေကို သူမသိပါဘူး" ဟု ဆန်တာကလာရာ ကို ထပ်မံ တိုင်တည် ပြန်လေသည်။

ဆက်ရန်
.

No comments: