Saturday, January 8, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၅)

ကျွန်တော့်ဆရာနှင့်မမရှင်၊ ဗိုလ်စောလင်း စသည်တို့သည် ရွာသို့ ပြောင်ပြောင်ထင်ထင် ၀င်ထွက် သွား လာ နိုင် ကြပြီ။
တိုက်ရေးခိုက်ရေး ကိစ္စများတွင် ကိုမြင့်ဦးနှင့် ဗိုလ်စောလင်းတို့က တာဝန်ယူခန့်ခွဲသည်။ အထွေထွေ အုပ်ချုပ်ရေး နှင့် စည်းရုံးရေးတွင် ဆရာနှင့်အဘက ခေါင်းဆောင် ဖြစ်ကြသည်။
ကျွန်တော် တို့ နယ်တစ်ဝိုက်မှာ စစ်ရေးစစ်ရာအရ အချက်ကျသည်ဖြစ်ကြောင်း၊ ကျွန်တော် ပင်တဖြည်းဖြည်း သဘောပေါက်လာသည်။

ရခိုင်ဘက်မှ ဆုတ်လာသော ဂျပန်တပ်များသည် ပန်းတောင်းမှ ပြည်သို့ကူးသည်။ ပြည်မှ ပေါင်းတည် ဖြတ်၍ ပေါက်ခေါင်းဆီ ပြေးသည်။ ပေါက်ခေါင်းမှ ပဲခူးရိုးမကို ကျော်၍ အရှေ့ဘက်သို့ ဆက်သွားနိုင်သည်။
အစသော် ဂျပန်တို့သည် ကားလမ်းအတိုင်း ဆုတ်ကြသည်။ ကားလမ်း၌ ဘေးမကင်း သောအခါ တောရိပ် တောင်ရိပ် ခို၍ ရွာများအနီးမှဖြတ်ကာ ဆုတ်ကြသည်။ ဆုတ်ရင်းငတ် သော်ရွာတို့ကို ၀င်မွှေတတ်၏။

မြောက်ဘက် ၀က်ထီးကန်နယ် တစ်လျှောက်၌လည်း အထက်ဘက်မှ ဆင်းလာသော ဂျပန် တပ်များ ရိုးမဆီ ရှေ့ရှုဆုတ်ခွာ နေကြကြောင် သတင်းရကြသည်။
ကိုမြင့်ဦး တို့၏ စစ်ပရိယာယ်မှာ ဂျပန်အနည်းအကျဉ်းဆိုလျှင် ၀ိုင်းဝန်းတိုက်ခိုက် ချေမှုန်း သည်။ တစ်ခါတရံ ရွာတွင်း အ၀င်ခံ ၍ အစားအစာ ကျွေးမွေးပြီး အလစ် တွင် သုတ်သင်ပစ် ကြ၏။
ဂျပန်တပ်အားကြီး လျှင် အနှောင့်အယှက် မပေးဘဲ သွားစေသည်။ ရိုးမတွင်းဝင်မိမှ ၀ိုင်း ၀န်းတိုက်ခိုက်ကြသည်။ တော်လှန်ရေးသမားတို့ လက်ချက်ဖြင့် မသေလျှင်လည်း တောတွင်း၌ ရိက္ခာပြတ်၍ လည်းကောင်း၊ ရောဂါဘယ ကြောင့်လည်း ကောင်း ဂျပန်တို့ သေရမည်။

   တော်လှန်ရေးသမား၏ ပရိယာယ်ကို ရိပ်မိသွားသော ဂျပန်တို့သည် သူတို့တပ် ကြီးများ မဖြတ်မီ အသေခံ တပ်ခွဲ များဖြင့် ရွာတို့အား ၀င်ရောက်မွှေနောက်ရှာဖွေ ကြသည်။
တစ်နေ့တွင် လက်နက်အပြည့်နှင့် ဂျပန်ငါးဆယ်ခန့် ရွာဆီချီလာသည်အား ကျွန်တော် နှင့် ပေစိနောင် သည် ရွာအလွန်သင်္ချိုင်းဇရပ် မှ လှမ်းမြင်ရသည်။
ကျွန်တော်တို့သည် ဣနြေ္ဒမပျက် ဇရပ်မှဆင်းကာ ချောင်းရိုးအတိုင်း ပုန်းကွယ်ပြေးလာ ကြ၍ ရွာထိပ်မှ ကင်း ကို အချက်ပေးသည်။

ချက်ချင်းပင် ကိုမြင့်ဦးရောက်လာ၍ မန်ကျည်းပင်တစ်ပင်ပေါ်ရှိ လင့်စင်မှမျှော်ကြည့် သည်။
လင့်စင်အောက် ပြန်ရောက်ရောက်ချင်း ကိုမြင့်ဦးသည် အမြန်ဆုံး စီမံခန့်ခွဲသည်။
ဆက်သားအချို့ ကို အနီးအပါးရွာများဆီ စေလွှတ်အကြောင်းကြား ခိုင်းသည်။

ဗိုလ်စောလင်းနှင့် ဆရာခေါင်းဆောင်သော တော်လှန်ရေးသမားအချို့ကို အင်တိုင်းနှင့် ရိုးကလေးဆုံမှ တပ်ဖြန့် ပုန်းစောင့်နေကြသည်။
ကိုမြင့်ဦး၊ အဘနှင့် ရဲဘော်အချို့က ရွာတွင်း၌ပင် ကိုယ်ဖျောက်နေရစ်သည်။ ကျွန်တော် နှင့်ပါစိနောင်က အိမ်ထောင့်၊ ကျီထောင့်၊ စပါးပုတ်ထောင့်တို့မှ ချောင်းမြောင်း ကြရ၏။
ရွာတွင်း ၀င်လာသော ဂျပန်များအနက် ဤနယ်ကိုကျွမ်းကျင်သော ပေါင်းလတည်မှ ဂျပန်များ ပါသည်။

သူတို့သည် ရွာကို တပ်ဖြန့်စွဲလိုက်ပြီး ခေါင်းဆောင် ဗိုလ်တို့က သူကြီးအိမ်သို့ သွားသည်။ သူကြီး.....မရှိ။ ရပ်ရွာ လူကြီး များကို ရှာသည်။ တစ်ဦးမျှ......မတွေ့။
ထိုအခါ ဂျပန်တို့သည် ရွာရှိမိန်းမများကို ဖမ်းတော့၏။
ဂျပန် တို့အနက် ဤရွာအကြောင်း ကောင်းကောင်းသိသူ ပါရမည်။

အကြောင်းမှာ ဖမ်းမိသော မိန်းမများကို စုမောင်း၍ ကျွန်တော် တို့ အိမ်ဆီခေါ်သွားပါသည်။ ကျွန်တော်တို့ အိမ်ရှေ့ ရောက်သော အခါ ရပ်လိုက်ကြ၏။
ကျွန်တော် မှာ မျက်လုံးပြူးသွားသည်။ ရင်နှလုံးသည်လည်း လည်ချောင်းဆီ ခုန်တက်လာ သည်ဟု အောက်မေ့ မိသည်။
အစ်မ သည် အိမ်ဝမှ ဂျပန်တို့အား မျက်လုံးအပြူးသားနှင့် ကြည့်နေရှာသည်။ လူစိတ်ကင်းမဲ့သော တိရစ္ဆာန်ကောင် တို့သည် အစ်မ အား ကြမ်းတမ်းစွာ ဖမ်းဆီးလျက် မြေ၌လှဲကာ ကန်ကျောက်ကြသည်။
ကျွန်တော် က သတိလက်လွှတ်၍ အစ်မထံပြေးမည်လုပ်ရာ ပါစီနောက်က ဆွဲဟန့်သတိ ပေးသည်။

သန့်ဇင်...အရမ်းမလုပ်နဲ့၊ လာ...လာ..တို့ ဦးကြီးဆီ အကြောင်းကြားရအောင်
ကျွန်တော် တို့ သည် အိမ်ကြိုအိမ်ကြားမှ ပုဝမ်းပြေး၍ အဘတို့ကို လိုက်ရှာသည်။
အဘနှင့် ကိုမြင့်ဦးကို ကိုးဆောင်တွဲကျောင်းဝင်း စောင်ခြမ်းပင်များကြား၌ သွားတွေ့၏။
အဘ ..အစ်မ မိန်းမတွေကို ဂျပန်က ဖမ်းထားပြီ၊ အစ်မကို နှိပ်စက်နေတယ်..မြန်မြန်
အဘ သည် သူ့သေနတ်ကို မောင်းတင်၍ ချက်ချင်း လိုက်ဟန်ပြင်သည်။ သို့ရတွင် ကိုမြင့်ဦးက တားမြစ်၏။

အရမ်းလုပ်လို့မဖြစ်ဘူးဦးလေး၊ မိန်းမတွေ သေရုံမက ရွာပါကြေသွားမယ်
ကိုမြင့်ဦး ၏ သတိပေးချက်အရ အဘသည် ငြိမ်ကျသွားသည်။ မခံရပ်နိုင်သော ကျွန်တော် ကသာ ၀င်ပြောမိ၏။
ခင်ဗျားက အရမ်းမလုပ်နဲ့ ပြောနေ.... ဟိုမှာ ကျုပ်အစ်မသေတော့မယ်
ကိုမြင့်ဦးသည် ထောက်ထားညှာတာစွာ ပြုံးလိုက်မိသည်။

"တော်လှန်ရေးမှာ... လူတစ်ယောက်သေတာ အရေးမဟုတ်ဘူး ..ငယ်လေး၊ မသေထိုက် သူတွေ မသေ အောင် ငါကြည့်စီစဉ်ပေးမယ် ဟုတ်ပလား"
ကိုမြင့်ဦးသည် ကျွန်တော့်အား ဤမျှသာဖြေရှင်း၍ သူလိုချင်သော အချက်အလက်များကို ဆက်မေးသည်။
"ငယ်လေး....မြန်မြန်နဲ့ မှန်မှန်ဖြေစမ်း၊ အခု မိန်းမတွေကို ၀ိုင်းဖမ်းထားတာ ဂျပန်ဘယ်နှစ် ယောက်လဲ"
"ဆယ်ယောက်... "

"ရွာထဲမှာ အားလုံး ဘယ်နှစ်ယောက် နောက်ထပ်ရှိသေးလဲ"
"ရွာဝ၊ ရွာလယ် အချက်နေရာတွေမှာ သုံးဆယ်လောက် ဖြန့်ရှိတယ်"
"ကောင်းပြီ...၊ သောင်းဟန်လာစမ်း၊...ရွာပြင်မှာ မင်းဘယ်နှစ်ယောက်လောက် တွေ့ခဲ့လဲ"
"နှစ်ဆယ်လောက်ရှိမယ်"

ကိုမြင့်ဦးသည် ခေတ္တသာ စဉ်းစားသည်။ ပြီးနောက် အမိန့်ဆင့်ကာ ပေးသည်။
"ဆက်သားတစ်ယောက်.....ဗိုလ်စောလင်းတို့ဆီ ရောက်အောင်သွား၊ ရွာဆီအရောက်ဝင်ခဲ့ လို့ ....၊ ကျန်တဲ့ ရဲဘော် တွေက ရွာထဲကဂျပန်တွေဆီ တတ်နိုင်သမျှ အနီးကပ်ပစ်၊ ပစ်... ဆိုတာက င့ါဆီက သေနတ်သံကြားမှ ....ကြားလား၊ ကိုင်း.... ဦးလေး ဒူးလေးသမားတွေ ဘယ်မှာလဲ"
"အဆင်သင့်ပဲ..... ဟောဟို သရက်တောထဲမှာ"
"ကဲ ..... လာသွားကြရအောင်"

ကျောက်မြောင်း ဘက်၌ အုပ်ကောင်းသော သရက်တောရှိသည်။
သရက်တောတွင်း ရောက်သောအခါ ဒူးလေးသမားငါးဦးနှင့် တွေ့သည်။
ကိုမြင့်ဦးက သူ့ရည်ရွယ်ချက်ကို အတိုဆုံးရှင်းပြသည်။

"မိန်းမတွေဟာ သူတို့လက်ထဲမှာ ဓားစာခံလိုရှိနေတော့ မလွယ်ဘူး၊ အရမ်းဝင်တိုက်ရင် သေကုန်မယ်၊ ကျွန်တော်တို့နိုင်ချက်က ရန်သူကို အငိုင်မိ အံ့အားသင့်စေဖို့ပဲ၊ လာ..သွားမယ်"
ကိုမြင့်ဦးရှေ့ဆောင်၍ ကျွန်တော်တို့သည် သတိကြီးစွာနှင့် အိမ်နောက်ဘက် မရမ်းတောဆီ ၀ပ်တွား လာခဲ့ကြသည်။
ဝါးရုံနှင့် ဆူးရစ်ပင်တို့၏ ကျေးဇူးကြောင့် အကာအကွယ် ကောင်းကောင်းရကာ ကျွန်တော် တို့အိမ်နောက်ဖေး သို့ ရောက်လာသည်။
ကျွန်တော်တို့နှင့် ကိုက်သုံးဆယ်ခန့်အကွာမှ မြင်ကွင်းသည် ရှုရက်စရာမရှိ။

အစ်မ နှင့် မိန်းမသုံးဦးကို ဂျပန်အချို့က ပုဆစ်တုပ်ထိုင်စေ၍ ဆံပင်ကို နောက်မှဆွဲလျက် ခေါင်းကိုမော့ ရင်ကိုကော့ ထားစေသည်။ ကော့ထားသော ရင်တို့ထက် ကျန်ဂျပန်များက လှံစွပ်နှင့်ထောက်၍ စစ်ဆေး နေ၏။ သူတို့နှင့်ပါလာသော စကားပြန်လုပ်သူများက အော်ဟစ်မေးနေသည်။

"ကိုအုန်းဖေ ဘယ်မှာလဲ"
"ဦးရန်ရှင်း ဘယ်မှာလဲ"
"မြန်မာစစ်ဗိုလ် ....ရှိသလား"
"မြန်မာစစ်သား....ရှိသလား"
အစ်မနှင့် မိန်းမများ ခေါင်းတွင်တွင်ခါကြသည်။
ဂျပန် တို့က ပါးကိုရိုက်-ခြေထောက်နှင့်ကျောက် လုပ်ကြပြန်သည်။

ထို့နောက် လှံစွပ်ထောက်၍ မေးပြန်သည်။
"ကိုအုန်းဖေ....ရှိသလား"
"ဦးရန်ရှင်း...ဘယ်မှာလဲ၊ မြန်မာစစ်သားရှိသလား"
ကိုမြင့်ဦးသည် အံကြိတ်၍ တိုးတိုးဆိုသည်။

"အဲဒီမုတ်ဆိတ်နဲ့ဗိုလ်ဟာ ကျွန်တော့်ဖမ်းနှိပ်စက်ခဲ့တဲ့ ဘုရားကြီးက ကင်ပေတိုင်ဗိုလ်ပဲ၊ ဒီကောင်တွေ ရွာတွေ စနစ်တကျ လိုက်ပိုက်စိပ်တိုက်ရှာပုံ ရတယ်"
"ကဲ..... "
ကိုမြင့်ဦးသည် သူ့စက်သေနတ်အငယ်စား (တော်မီဂန်း) ကိုအဆင်သင့်ပြုသဖြင့် အဘကလည်း သူ့သေနတ် ကို ဂျပန်များဆီ ချိန်ရွယ်ထား၏။
"ဒူးလေးသမားတွေ အရင်မိန်းမတွေကို လှံစွပ်တေ့ထားတဲ့ကောင်တွေ အရင်ပစ်၊ မလွတ်စေနဲ့ ပစ်.... "
ဒူးလေးမြား ထံတို့ လေကိုခွင်း၍ ဆင့်ကာဆင့်ကာ ပျံသွားကြသည်။

လည်ပင်းနှင့် ရင်အုံချည်းမှန်သဖြင့် ဂျပန်တို့ အသံနက်ကြီးများဖြင့် အော်ရင်း ကျကုန်သည်။
ကိုမြင့်ဦး တွက်ကိန်းမှန်သည်။ အသံလာရာမသိစေသော ဒူးလေးလက်နက်သည် ဂျပန်တို့ကို အငိုင်မိကြောင် ကုန်စေသည်။
ထိုအခိုက်တွင်ပင် ကိုမြင့်ဦးနှင့် အဘသည် ကြက်သေသေနေသော ဂျပန်များဆီ စက်သေနတ်များဖြင့် မွှေ့၏။ မရှေးမနှောင်းပင် အိမ်ရှေ့လမ်းတစ်ဖက်ဆီမှ သေနတ်သံများ ပေါ်လာ၏။
မိန်းမများ အနီးရှိ ဗိုလ်မုတ်ဆိတ်နှင့် ဂျပန်များမှာ ဒူးလေးနှင့် စက်သေနတ်ဒဏ်ကြောင့် အတုံးအရုံး ကျဆုံး ကုန်သည်။

ရွာလမ်းမှ ဂျပန်များသည်သာ ခံပစ်ရင်း ရွာတွင်းမှ ထွက်ပြေးသည်။
ရွာပြင်မှ သေနတ်သံအများလည်း ပေါ်ထွက်လာ၏။
ထိုနေ့၌ ကျွန်တော်တို့ရွာအတွက် အကြီးဆုံးအောင်ပွဲကို ရလိုက်သည်။ ဂျပန်ငါးဆယ်အနက် ဆယ့်ငါးဦးသာ လွတ် သွားသည်။ သုံးဆယ့်ငါးဦး မှာ အလောင်းအဖြစ် နေရစ်သည်။

ကျွန်တော် နှင့် အဘအတွက်မှာမူ...
ကျွန်တော် သည် ယခင်က ဆရာနှင့် မမရှင်ကြောင့် ဂျပန်ကိုမုန်းသည်။ ယခုမူ ခွင့်မလွှတ်နိုင်အောင် မုန်းသည်။
ကျွန်တော် သေသည်အထိ ခွင့်မလွှတ်နိုင်အောင် မုန်းသည်။
အကြောင်း မှာ တစ်ရွာလုံးအောင်ပွဲခံသော ထိုည၌ ကိုယ်ဝန်အရင့်အမာကို ဂျပန်ကန်ကျောက်သောဒဏ်နှင့် အစ်မ သေဆုံး ခဲ့ရသောကြောင့်တည်း။

ဆက်ရန်
.

1 comment:

khun said...

အော်...ဖြစ်မှဖြစ်ရလေ
သနားပါတယ် :(