Thursday, January 6, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၄)

၁၂
ဒင်နီ၏ သူငယ်ချင်းများက ပင်လယ်ဓားပြအား သူ့အဓိဋ္ဌာန်ကို စောင့်ထိန်းနိုင်ရန် ၀ိုင်းဝန်း ကူညီကြခြင်း၊ ပင်လယ်ဓားပြ၏ ခွေးများသည် ကောင်းမြတ်သော အတိတ်နိမိတ်တစ်ခုကို မြင်ကြခြင်း

နေ့စဉ် မွန်းလွဲပိုင်းအချိန်တွင် ပင်လယ်ဓားပြသည် သူ့လက်တွန်းလှည်းအလွတ်ကို တွန်း၍ တောင်ကုန်း ပေါ် တက်ကာ ဒင်နီ ၏ ခြံတွင်းသို့ ၀င်သည်။ လက်တွန်းလှည်းကို ခြံဝင်းတိုင်၌ မှီ၍ထောင်ကာ ဂုန်နီ အိတ်ဟောင်း နှင့် အုပ်သည်။ ထို့နောက် သူ့ ရဲတင်းကို မြေကြီးထဲမြှုပ်သည်။ ပုဆိန်ကို မြေကြီးထဲထားလျှင် ရဲတင်းသွား များကို ပို၍ထက်စေသည်ဟု လူအများက ပြောကြ၍ ဖြစ်၏။ ထိုကိစ္စ ပြီးစီးသောအခါ အိမ်ထဲသို့ ၀င် သွားပြီး သူ့လည်ပင်း၌ ကြိုးနှင့် ဆွဲထားသော ရှုံ့ကြိုးနှင့် အိတ်ကို ဖွင့်ကာ ထင်းရောင်း၍ရသော ငွေနှစ်ဆယ့် ငါးဆင့်ပြား ကို ထုတ်၍ ဒင်နီ့လက်သို့ ပေးဆပ်သည်။

ထိုအခါ ဒင်နီ က ပင်လယ်ဓားပြနှင့် သူ့သူငယ်ချင်းများကို ခေါ်၍ အိပ်ခန်းထဲ ၀င်သည်။ သူ့ခေါင်းအုံး အောက် မှ ငွေအိတ်ကို ဖွင့်၍ နှစ်ဆယ့်ငါးဆင့်ပြားကို ထည့်သည်။ ဤ လုပ်ငန်းစဉ်မှာ နေ့စဉ်နေ့တိုင်း နိစ္စဓူဝ လုပ်ရ သော အလုပ်ဖြစ်၏။ ဤ လုပ်ငန်းကို မှန်မှန် လုပ်လာခဲ့သည် အချိန် ကာလသည် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

အချိန်ကာလ ကြာလာသည်နှင့်အမျှ ငွေအိတ်သည် အချင်းချင်း ခင်မင်ရင်းနှီးမှုကို ဖော်ပြသည့် အထိမ်းအမှတ် လက္ခဏာတစ်ရပ်သဖွယ် ဖြစ်လာသည်။ အချင်းချင်း ယုံကြည်မှု စိတ်ချမှု၏ သင်္ကေတတစ်ခု ဖြစ်လာ သည်။ သူတို့အားလုံး ထိုငွေကို အကြောင်းပြု၍ ဂုဏ်ယူကြသည်။ သူတို့အနေဖြင့် ထိုငွေအပေါ်တွင် လောဘစိတ် မထား၊ စိတ်ကို သန့်ရှင်းစွာ ထားနိုင်ခဲ့ကြသည်။ ထို့ကြောင့်လည်း သူတို့သည် သူတို့၏ စိတ်ဓာတ် လက္ခဏာ အတွက် သူတို့ကိုယ်သူတို့ လေးစားခြင်း ဖြစ်ခဲ့ကြသည်။

လူတစ်ယောက် ကို စိတ်ချရသည်ဟူသော လက္ခဏာ သည် အလွန်ကောင်းမြတ်သော အရည်အသွေး တစ်ရပ် ဖြစ်သည်ဟု သူတို့ ယူဆကြသည်။ ဤငွေနှင့် ပတ်သက်၍ သူတို့ စိတ်ထဲတွင် ရကောင်းစေဟူသော စိတ်မျိုး မထားသည် မှာ ကြာခဲ့ပြီ။ ဤငွေကို မေ့မေ့ပျောက် ပျောက် ဖြစ်သွားသည်မျာလည်း ကြာသွားပြီ။ တစ်ချိန်သော အခါ ကမူ ဤငွေနှင့် ၀ယ်လျှင် ၀ိုင်မည်မျှရမည်ကို ချင့်တွက်ခန့်မှန်းပြီး မသုံးထိုက်ဟူသော အခြေခံ သဘောတရားကို နားလည်သည့် အချိန်မှစ၍ ထိုငွေအပေါ်တွင် တွယ်တာခြင်း မရှိခဲ့တော့ပေ။ တကယ်တော့ ဤငွေထုပ်သည် ရွှေဖယောင်းတိုင် စင်တစ်ခု ၀ယ်ရန်ဖြစ်၏။ ထိုရွှေ ဖယောင်းတိုင် စင်ကို ပိုင်ဆိုင် မည့် ပုဂ္ဂိုလ်မှာ သူတော်စင် စိန့်ဖရန်စစ် ဖြစ်၏။

သို့ဖြစ်ရာ ဤငွေထုပ် အပေါ်၌ မြစ်မှား၍ မဖြစ်ဟု သူတို့အားလုံးက ခံယူကြလေသည်။
တစ်ညနေခင်း တွင် သတင်းတစ်ခု ရောက်လာသည်။ ပင်လယ်ကမ်းခြေတစ်နေရာ၌ ချထားသော ကမ်းစောင့် တပ်ဖွဲ့ သင်္ဘောကလေးသည် ကာမဲလ်ဘက်သို့ ပြောင်းသွားပြီဟူသော သတင်းဖြစ်၏။ ထိုသတင်း ရချိန် တွင် ကောင်ကြီးဂျိုးမှာ သူ့ကိစ္စနှင့်သူ အဝေး သို့ ရောက်နေခိုက် ဖြစ်သည်။ ဒင်နီ၊ ပက်ဘလို၊ ပီလွန်၊ ဂျီးဆပ်စ်မေရီယာ၊ ပင်လယ်ဓားပြနှင့် သူ့ခွေးများသည် ကမ်းစောင့်တပ်ဖွဲ့ စခန်းချ သွားခဲ့ သည့် နေရာ သို့ တပျော် တပါး ထွက်လာခဲ့ကြသည်။

ကမ်းစောင့်တပ်ဖွဲ့ နေရာပြောင်းသွားသည့်အခါ နေရာဟောင်းတွင် သူတို့အတွက် အသုံးဝင်မည့် ပစ္စည်း အဟောင်း အတိုအထွာများ ကျန်နေခဲ့တတ်၏။ ယင်းပစ္စည်းများကို ရှာဖွေ ကောက်ယူရ သည်။ သူငယ်ချင်း တစ်သိုက် သည် ပင်လယ်ကမ်းစပ်တွင် ဟိုဘက်ပြေးလိုက် သည်ဘက်ပြေးလိုက်နှင့် တစ်ည လုံး အလုပ်ရှုပ် နေကြသည်။ အသားနှင့် သစ်သီးစည်သွတ်ဘူးများ၊ ဂျက်ကက်အင်္ကျိဟောင်း နှစ်ထည်။ ရေစည် ပိုင်း တစ်လုံး နှင့် မက်ရှင်းဂန်း သေနတ်အပျက်ကြီး တစ်လက် စသည်ဖြင့် ပစ္စည်းအမျိုးပေါင်း အမြောက်အမြားကို အစုလိုက် အပုံလိုက် ရကြသည်။ နံနက် လင်းသောအခါ သူတို့ ကောက်ယူရရှိသည့် ပစ္စည်းပုံမှာ အတော် ကြီးကြီး မားမား ဖြစ်နေခဲ့လေပြီ။

သူတို့လူစု ပစ္စည်းအတိုအထွာများ ရှာဖွေကောက်ယူရနေသမျှကို ဘေးမှ ရပ်ကြည့်နေသော လူတစ်စုတည်း မှ တစ်ဦးက သူတို့ပစ္စည်းအားလုံးကို ငါးဒေါ်လာပေးသဖြင့် ချက်ချင်း ရောင်းပစ်လိုက်ကြသည်။ ဤပစ္စည်း များကို ခြောက်မိုင်မျှ ကွာဝေးသော တော်တီလာဖလက် ရပ်ကွက်သို့ တောင်ကုန်းလမ်းအတိုင်း သယ်ယူ သွားရ မည့် အလုပ် မှာ သူတို့အဖို့ မလွယ်ကူသော အလုပ်တစ်ခု ဖြစ်နေသည်မဟုတ်ပါလော။

သတို့နှင့် အတူလိုက်လာပြီး ပစ္စည်းကောက်နေရသဖြင့် ပင်လယ်ဓားပြသည် ထင်းခွေ ထင်းရောင်း ပျက်ခဲ့ရ၏။ ထို့ကြောင့် ဒင်နီက ပင်လယ်ဓားပြကို သူရနေကျ နှစ်ဆယ့်ဆင့်တစ်ပြား လုပ်ခအဖြစ် ပေးသည်။ ပင်လယ်ဓားပြ က သူ့လည်ပင်း၌ ဆွဲထားသည့် ရှုံ့ကြိုးအိတ်လေးထဲသို့ ထည့်၍ သိမ်းဆည်းသည်။ ထို့နောက် သူတို့သည် မော မောပန်းပန်းဖြင့် ပြန်လာခဲ့ကြသည်။ ပင်ပန်းနွမ်းနယ်လျက်ရှိကြသည်ဟု ဆိုရသော်လည်း စိတ်ကတော့ ပျော်ရွှင် မြူးတူးနေကြသည်။ သူတို့သည် မွန်ထရေးမြို့ဘက်သို့ စီတန်း၍ ပြန်လာခဲ့ကြ လေသည်။

အိမ်သို့ ပြန်ရောက်ကြသည့်အခါ မွန်းလွဲနေလေပြီ။ ပင်လယ်ဓားပြက သူ လုပ်နေကျအတိုင်း လည်ပင်းမှ အိတ် ၏ ရှုံ့ကြိုးကိုဖြေ၍ အထဲမှ နှစ်ဆယ့်ငါးဆင့်စေ့ကို ထုတ်ကာ ဒင်နီ၏ လက်သို့ အပ်သည်။ အားလုံး အိပ်ခန်း ထဲ သို့ ၀င်ခဲ့ကြသည်။ ဒင်နီက သူ့လက်ကို သူ့ခေါင်းအုံးအောက်သို့ ထိုးနှိုက်သည်။ သူ့လက်သည် ချက်ချင်း ပြန်ထွက်လာသည်။ လက်ထဲတွင် ဘာမှပါမလာ၊ သူသည် ခေါင်းအုံးကို ဆွဲဖယ်ပစ်သည်။ မွေ့ရာကို လှန် ပစ်သည်။

ထို့နောက် သူ့ သူငယ်ချင်းများဘက်သို့ လှည့်ကြည့်သည်။ သူ့မျက်လုံးများသည် ကျားနာတစ်ကောင်၏ မျက်လုံးများ သဖွယ် ကြောက်စရာကောင်းလှ၏။ သူသည် တစ်ယောက်စီကို စေ့စေ့စပ်စပ် လိုက်ကြည့် လျက်ရှိသည်။ လူတိုင်း၏ မျက်နှာတွင် ထိန့်လန့်ခြင်း၊ အံ့သြခြင်းနှင့် ဒေါသဖြစ်ခြင်းတို့ ပေါင်းစပ်ဖွဲ့စည်း ထားသည့် အရိပ်လက္ခဏာကို တွေ့မြင်ရသည်။
" ကဲ ဘယ်လိုလဲ " ဟု ဒင်နီက စကားစသည်။ ပင်လယ်ဓားပြ ကတော့ ရှိုက်ကြီးတငင် ငိုချလိုက်သည်။ ဒင်နီ က ပင်လယ်ဓားပြ၏ ပခုံးကို ဖက်ထားသည်။ " မငိုပါနဲ့ သူငယ်ချင်းရယ်" ဟု ပြောသည်။ " မင်းငွေကို ပြန်ရမှာ ပါကွာ"

အားလုံး အခန်းထဲမှ ငြိမ်သက်စွာ ပြန်ထွက်လာကြသည်။ ဒင်နီသည် ခြံဝင်းထဲသို့ ဆင်းသွားပြီး အရှည် သုံးပေ ခန့် ရှိသော ထင်းရှူးသားကြီး တစ်ချောင်းကို ကောက်ကာ လွှဲလွှဲပြီး ရိုက်ကြည့်သည်။ ပက်ဘလို က မီးဖိုခန်းထဲ ၀င်သွားပြီး ပြန်ထွက်လာသောအခါ သံစည်ကြီးများ ဖွင့်သည့် ဓားကောက်ကြီး ကိုင်လာ သည်။ ဂျီးဆပ်စ်မေရီယာ သည် အိမ်အောက်မှ ပေါက်ချွန်းကြီးကို ဆွဲထုတ်လာသည်။ ပင်လယ်ဓားပြ သည်သူတို့ လုပ်ကိုင် နေပုံများကို နားမလည်သဖြင့် အလွန်စိတ်ညစ်စိတ်ရှုပ်နေသည့် မျက်နှာထားဖြင့် ကြည့်နေ သည်။ သူတို့ အားလုံး အိမ်ထဲ ပြန်ဝင်ကာ ပြန်ထိုင်ကြသည်။
ပင်လယ်ဓားပြ က တောင်ကုန်းအောက်ဘက်သို့ လက်ညှိုးထိုးပြပြီး "သူလား"ဟု မေးသည်။

ဒင်နီက ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်ပြသည်။ သူ့မျက်လုံးများ၏ အကြည့်မှာ ကြောက်စရာကောင်းလှ၏။ ကုလားထိုင်ပေါ် ၌ ထိုင်နေသော သူ့တစ်ကိုယ်လုံးသည် တလှုပ်လှုပ်၊ ပေါက်လိုက်ရန် ဟန်ပြင်နေသည့် မြွေတစ် ကောင် နှင့်တူသည်။
ပင်လယ်ဓားပြ သည် ခြံဝင်းထဲသို့ ဆင်းကာ သူ့ ရဲတင်းကို ပြန်ဖော်ပြီး ယူလာသည်။

သူတို့သည် နာရီပေါင်းများစွာကြာမျှ ထိုင်နေကြသည်။ စကားလည်း တစ်ခွန်းမျှ မပြော၊ သွေးအေးအေးဖြင့် ထွက်နေသော ဒေါသရှိန် သည် တက်နေဆဲ၊ အိမ်ထဲ၌ ရှိနေသည့် အခြေအနေသည် မီးစွဲနေသော စနက်တံ ကုန်၍ ဒိုင်းနမိုက် ထပေါက်လျှင် ကွဲအက်လွင့်စဉ်သွားရန် အသင့်ပြင်ထားသည့် ကျောက်တုံးကြီးတစ် တုံး၏ အခြေအနေ မျိုး ဖြစ်လေသည်။

မွန်းလွဲပိုင်းသည် ကုန်ဆုံးသွားသည်။ တောင်စွယ်တွင် နေကွယ်ပြီ၊ တော်တီလာဖလက် ရပ်ကွက်တစ်ခုလုံး ငြိမ်ဆိတ် လျက်ရှိသည်။ အိမ်ဘက်သို့ လျှောက်လာနေသည့် သူ့ခြေသံများကို သူတို့အားလုံး ကြားကြသည်။ သူ တို့ လက်များသည် လက်နက်များကို တအားဆုပ်ကိုင်ထားကြသည်။ ကောင်ကြီးဂျိုးသည် ဒယိမ်း ဒယိုင် ဖြင့် အိမ်ရှေ့တံခါးဝမှ ၀င်လာသည်။ လက်ထဲတွင် ၀ိုင်တစ်ဂါလန်တစ်ပုံး ဆွဲလျက်။ သူ့မျက်လုံးများသည် သူငယ်ချင်း အားလုံး၏ မျက်နှာများကို လိုက်ကြည့်သည်။ သူ့ သူငယ်ချင်းများကတော့ သူ့ကို ပြန်မကြည့်။ သူတို့နေရာ တွင် မလှုပ်မယှက် ထိုင်နေသည်။
" ဟယ်လို " ဟု ကောင်ကြီးဂျိုးက နှုတ်ဆက်သည်။

" ဟယ်လို" ဟု ဒင်နီက တုံ့ပြန်သည်။ ပြီးတော့ ထရပ်သည်။ သူသည် ကောင်ကြီးဂျိုး၏ မျက်နှာကို မကြည့်၊ အနီး သို့လည်း မလာ၊ သူ့ဘေးမှ ဖြတ်လျှောက်သွားမည့် ဟန်မျိုးဖြင့် လျှောက်လာသည်။ ဘေးချင်း ယှဉ်မိသော အခါ သူသည် လက်ထဲမှ ထင်းရှူးသားတုတ်ဖြင့်လွဲ၍ရိုက်သည်။ ရိုက်ချက်သည် ကောင်ကြီး ဂျိုး ၏ နောက်စေ့ပေါ် သို့ကျလာသည်။ ကောင်ကြီးဂျိုးသည် ဗိုင်းခနဲလဲကျကာ သတိလစ်သွားလေသည်။

ဒင်နီက သူ့အိတ်ထဲမှ ကြိုးတစ်ချောင်းကိုယူကာ ကောင်ကြီးဂျိုး၏ လက်နှစ်ဖက်ကို ပူး၍ချည်သည်။ " ရေပေးကွာ" ဟု သူ့လူများဘက်လှည့်၍ ပြောသည်။
ပက်ဘလိုက ရေတစ်ပုံး ဆွဲယူလာပြီး ကောင်ကြီးဂျိုး၏ မျက်နှာကို တအားကုန်ဆောင့်၍ ပက်လိုက်သည်။ ကောင်ကြီးဂျိုး သည် ခေါင်းကိုမော့ကာ ကြက်ဖတစ်ကောင် လည်တံဆန့်သလို သူ့လည်ပင်း ကို ဆန့်လိုက်သည်။ သူသည် မျက်လုံးများကို ဖွင့်ကာ သူငယ်ချင်းများကို ငေးတိငေးကြောင် ကြည့်နေသည်။ အားလုံး က သူ့ကို စကားမပြော။

ဒင်နီသည် လက်ထဲမှ တုတ်ကို ဂေါက်ရိုက်သမားတစ်ဦး ဂေါက်တံဖြင့် ဂေါက်သီးရိုက်ရန် ဆ၍ ဆ၍ ချိန်နေသည့် နှယ် ဆ၍ ဆ၍ ချိန်နေသည်။ သူ့တုတ်သည် ကောင်ကြီးဂျိုး၏ ပခုံးပေါ်သို့ ကျလာသည်။ ထို့ နောက် ကျန်လူစုက သွေးအေးအေးဖြင့် စနစ်တကျ ထုကြထောင်းကြရိုက်ကြ နှက်ကြသည်။ ဂျီးဆပ်စ်မေရီယာ က ခြေထောက်များကို တာဝန်ယူ၍ ဒင်နီက ပခုံးနှင့် ရင်ဘတ်ကို တာဝန်ယူသည်။ ကောင်ကြီးဂျိုး သည် ကြမ်းပြင်ပေါ်တွင် ဟိုလူးသည်လိမ့် ဖြစ်လျက်ရှိသည်။ သူတို့သည် ကောင်ကြီးဂျိုး၏ တစ်ကိုယ်လုံး ကို နှံ့နှံ့စပ်စပ် ဖြစ်အောင် အကွက်ချ၍ ရိုက်သည်။ ပင်လယ်ဓားပြသည် သူ့ရဲတင်းကိုင်ကာ ဘာမှ ၀င်မလုပ်နိုင်ဘဲ အသာပင် ရပ်ကြည့်နေရလေသည်။

နောက်ဆုံးတွင် ကောင်ကြီးဂျိုး၏ ခန္ဓာကိုယ် ရှေ့ပိုင်း တစ်ပိုင်းလုံးကို အားရအောင် ရိုက်နှက်ပြီးသော် ရပ်လိုက် ကြသည်။ ပက်ဘလို က ကောင်ကြီးဂျိုး၏ ဘေးတွင် ဒူးထောက်၍ထိုင်ကာ လက်ထဲမှာ ဓားကောက်ကြီးဖြင့် ကောင်ကြီးဂျိုး၏ ဦးခေါင်းကို ကြိတ်၍ လှီးလိုက်တော့မည့် ပုံစံဖြင့် ချိန်ထားသည်။ ပီလွန် က ကောင်ကြီးဂျိုး၏ ဖိနပ်နှစ်ဖက်ကို ဆွဲချွတ်ပြီး ထပ်၍ ရိုက်ရန် တုတ်ကို ကောက်ကိုင်သည်။
ကောင်ကြီးဂျိုး သည် ကြောက်လန့်တကြားအော်သည်။ " အိမ်ရှေ့တံခါးဝဘေးမှာ မြှုပ်ထားတယ်"ဟု ပြော သည်။ " ငါ့ကို သနားကြပါကွာ၊ မသတ်ကြပါနဲ့"
ဒင်နီ နှင့် ပီလွန် တို့သည် အပြင်သို့ ထွက်သွားကြသည်။ မိနစ်အနည်းငယ်မျှအတွင်း ငွေအိတ်ကို ဆွဲ၍ ပြန်ရောက် လာကြသည်။ " ဒီအထဲက မင်းဘယ်လောက် ယူသုံးထားသလဲ" ဟု ဒင်နီက မေးသည်။ သူ့အသံ တွင် ဒေါသမပြေသေးသည့် အရိပ်အငွေ့ ပါနေဆဲ။

" လေးဒေါ်လာတည်းပါ၊ ဘုရားစူးပါစေရဲ့၊ လေးဒေါ်လာတည်း ယူသုံးရပါသေးတယ်၊ ငါ အလုပ်လုပ်ပြီး အဲဒီ လေး ဒေါ်လာ ပြန်ထည့်ပါ့မယ်"
ဒင်နီက ကောင်ကြီးဂျိုး ကို လက်မောင်းမှ ဆွဲကိုင်ကာ အလျားမှောက် ဖြစ်သွားအောင် လှိမ့်၍ တွန်း လိုက်သည်။ ထို့နောက် အားလုံးက ကောင်ကြီးဂျိုး၏ ကျောပြင်ကို တစ်ယောက်တစ်ချက် ထိုးကြ ရိုက်ကြပြန်သည်။ အော်သံ များသည် ပထမတွင် ကျယ်လောင် စူးရှသော်လည်း တဖြည်းဖြည်း တိမ်ဝင်ကာ နောက်ဆုံး တွင် ပျောက်သွား သည်။ ကောင်ကြီးဂျိုးသည် ဒုတိယအကြိမ် သတိလစ်သွားပြန်လေပြီ။

ထိုအခါကျမှပင် သူတို့သည် အရိုက်ရပ်ကြသည်။ ထို့နောက် ပီလွန်က ကောင်ကြီးဂျိုး၏ အပြာရောင် ရှပ်အင်္ကျီနှစ်ခြမ်းကွဲသွားအောင် ဆွဲဆုတ် လိုက်သည်။ ထုရိုက်ထားသဖြင့် ပျော့အိအိဖြစ်နေသော ကျောပြင် သည် ပေါ်လာသည်။ ထိုအခါ သူ့လက်ထဲမှ ဓားကောက်အချွန်ဖြင့် ကြက်ခြေခတ်အမှတ်အသားတစ်ခု ခြစ်လိုက်သည်။ ဓားရာတစ်လျှောက်မှ သွေးများ စိမ့် ထွက်လာသည်။ ပက်ဘလိုက ဆားလက်တစ်ဆုပ် သွားယူပြီး ဓားနှင့် ခြစ်ထားသည့် အရာပေါ် လျှောက်၍ သိပ် ပေးသည်။ နောက်ဆုံးတွင် ဒင်နီက သတိလစ်နေသော ကောင်ကြီးဂျိုး ကိုယ်ပေါ်သို့ သူ့စောင်တစ်ထည်ဖြင့် ခြုံ ပေးလိုက်လေသည်။

" အခုဆိုရင်တော့ ဒီကောင် မှတ်လောက်ပါပြီ၊ နောက်ဆိုရင် ရိုးသားဖြောင့်မတ်သွားလိမ့်မယ်လို့ ငါ ထင်တယ်" ဟု ဒင်နီက ပြောသည်။
" ငါတို့ ငွေတွေကို ရေကြည့်ရင် ကောင်းမယ်" ဟု ပီလွန်က အကြံပေးသည်။ " ဒီငွေတွေ ရေတွက် မကြည့်တာ လည်း ကြာပြီမဟုတ်လား" သူတို့သည် ကောင်ကြီးဂျိုးနှင့်ပါလာသည့် ၀ိုင်အဖုံးကို ဖွင့်ကာ ပုလင်း ထဲ ပြောင်းထည့်ပြီး တစ်ယောက်တစ်လှည့် သောက်ကြသည်။ သူတို့အားလုံး အလုပ်ကြီးတစ်ခု လုပ်လိုက် ရသဖြင့် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေကြပြီမဟုတ်ပါလား။

ထိုပနောက် သူတို့သည် နှစ်ဆယ့်ငါးဆင့်စေ့များကို ဆယ်စေ့စီပုံ၍ ရေတွက်ကြသည်။ အလွန် စိတ်လှုပ်ရှား စွာဖြင့် နောက်တစ်ကြိမ်ထပ်၍ ရေပြန်သည်။ " ဟေ့ကောင် ပင်လယ်ဓားပြ" ဟု ဒင်နီက အလန့် တကြား ထအော်သည်။ " မင်းငွေက တစ်ထောင်ကျော်နေပြီဟ၊ ခုနစ်ဒေါ်လာတောင် ပိုနေသေးတယ်၊ မင်း သူတော်စင် စိန့်ဖရန်စစ် အတွက် ရွှေဖယောင်းတိုင် ၀ယ်လို့ ဖြစ်ပြီကွ"
ပင်လယ်ဓားပြသည် သူ့ွေေးများနှင့်အတူ သူ့နေရာသို့ သွားထိုင်သည်။ သူ့ခေါင်းကို သူ့ခွေး ဖလက်၏ ကိုယ်ပေါ် တင်ကာ ၀မ်းနည်းပက်လက် ငိုကြွေးသည်။ သခင်ငိုသောအခါ သူ့ခွေးများသည် ဂနာမြိငိမ် ဖြစ်လာကြ သည်။ တချို့က နှာခေါင်းများဖြင့် ထိုးကြသည်။ ဖလက်ကတော့ သူ့သခင် ခေါင်းတင်ထားသဖြင့် ငြိမ်နေသည်။

ဒင်နီက ငွေအားလုံးကို အိတ်ထဲသို့ ပြန်ထည့်ပြီး ငွေအိတ်ကို သူ့ခေါင်းအုံးအောက်သို့ ပြန်ထားလိုက်သည်။
ထိုအချိန်တွင် ကောင်ကြီး၈ျိုးသည် သတိပြန်လည်လာလေပြီ။ သူ့ထံမှ ညည်းသံများ အဆက်မပြတ် ထွက်လာ နေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကျောပြင်မှ ဒဏ်ရာများတွင် သိပ်ထားသည့် ဆားများက အစွမ်းပြ နေပြီ ဖြစ်သောကြောင့်ပေတည်း။ လူတစ်ဖက်သားကို ကရုဏာမကင်း ဖြစ်တတ်သော ဂျီးဆပ်စ်မေရီယာ က ထသွားပြီး ကြိုးဖြည်ပေးသည်။ ၀ိုင်တစ်ခွက်ကိုပါ ငှဲ့၍ပေးသည်။ " ငါတို့ ဘုရားသခင်တောင် မှ သူ့ရန်သူတွေအပေါ်မှာ သနားတဲ့ စိတ်ထားတယ်" ဟု ပြောကာ သူ့စိတ်သူ ဖြေသည်။

ဂျီးဆပ်စ်မေရီယာ ၏ ထိုအပြုအမူကြောင့် ကျန်လူစုပါ စိတ်မကောင်းဖြစ်သွားကြသည်။ အားလုံး ကောင်ကြီးဂျိုး အနီး၌ ၀ိုင်းထိုင်ကာ သိမ်သိမ်မွေ့မွေ့ ဆက်ဆံကြသည်။ ကောင်ကြီးဂျိုးကို ပွေ့ချီပြီး ဒင်နီ၏ အိပ်ရာပေါ် တင်၍ ကျောပြင်မှ ဆားသိပ်ထားသော ဒဏ်ရာကို ရေဖြင့် ဆေးကြော သုတ်သင်ပေးကြသည်။ ရေ၀တ် ဖြင့် ခေါင်းကို အုပ်ပေးကြသည်။ ကောင်ကြီးဂျိုးထံမှ ညည်းသံထွက်လာတတ်သည်။ အခုလို ကြင်နာမှု ပြကြပြန်တော့လည်း ကောင်ကြီး၈ျိုးသည် နောင်တ ရချင်မှရပေလိမ့်မည်။ သို့သော်လည်း ကိုယ့်အချင်းချင်း၏ ပစ္စည်းကို နောက်ထပ် ဘယ်တော့မှ ခိုးတော့မည်မဟုတ် ဟူ၍ကား ပြောနိုင်စရာ ရှိ၏။

ပင်လယ်ဓားပြ၏ စိတ်ချောင်ချားမှုသည် ပြေသွားပြီးဖြစ်၏။ သူသည် ၀ိုင်ကို အရသာခံ၍ သောက်နေရာမှ သူ့ အတွက် အစီအစဉ် ချပေးနေသော ဒင်နီ ၏ စကားများကို နားထောင်လျက်ရှိလေသည်။
" တကယ်လို့ ဒီငွေတွေကို မြို့ထဲယူသွားပြီး ဘဏ်မှာ အပ်မယ်ဆိုရင် ပစ္စည်းရောင်းစက်ထဲက ငါတို့ ခိုးလာတဲ့ ငွေ ကိုထင်ချင်ထင်ကြမှာ၊ အဲဒီတော့ ဒီငွေတွေကို ဘုန်းကြီးရာမွန်ဆီမှာ အကျိုးအကြောင်း ပြောပြပြီး အပ်ထားလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ သူ့ဆီမှာ အပ်ထားလိုက်ရင် သူကိုယ်တိုင် ရွှေဖယောင်းတိုင် စင်ကို ၀ယ်ပေးမှာပဲ၊ ပြီးတော့ သူကိုယ်တိုင်ပဲ ရေစက်ချပေးမှာပေါ့၊ အဲဒီအချိန်ကျတော့ ပင်လယ်ဓားပြက ဘုရား ရှိခိုးကျောင်း သွားတာပေါ့၊ တနင်္ဂနွေနေ့ တစ်နေ့မှာ လုပ်ဖြစ်အောင် ဘုန်းကြီးရာမွန်က စီစဉ် ပေးချင် ပေးမှာပေါ့"

ပီလွန်က အလွန်စိတ်ပျက်သော မျက်နှာထားဖြင့် ပင်လယ်ဓားပြ၏ ညစ်ပတ်ပေရေ စုတ်ပြတ်နေသော အ၀တ်များကို ကြည့်သည်။ " မင်းစုထားတဲ့ ငွေထဲက ပိုနေတဲ့ အစွန်းထွက် ခုနစ်ဒေါ်လာကို ယူပြီး မနက်ဖြန်ကျ အ၀တ်အစားအသစ်တော့ ၀ယ်မှဖြစ်မယ်၊ သာမန်-အချိန်မှာ မင်းကိုယ်ပေါ်က အ၀တ်တွေနဲ့ သွားလို့ လာလို့ ရပေမယ့် အခုလိုပွဲကျတော့ သွားလို့မသင့်ဘူး။ ဒီလိုအခါမျိုးမှာ မြောင်းပုပ်ထဲက ကြွက်စုတ်လိုသွားရင် မင်းရော တို့ပါ သိက္ခာကျမယ်ကွ"

" ကျုပ် မနက်ဖြန်ကျတော့ သွားဝယ်ပါ့မယ်" ဟု ပင်လယ်ဓားပြက ကတိပေးသည်။

ဆက်ရန်
.

No comments: