စာပြင်ဆရာ ဒူးတိုက်ခံရခြင်း
မောင်ကြည်မွန်
မောင်ကြည်မွန်
သက္ကရာဇ် ၁၂၆၀ ကျော်လောက်က မန္တလေးတွင် နာမည်ကျော်ကြားလျက် တပည့်တပန်း များပြားသော ဆရာတော်ကြီး တစ်ပါး ရှိသည်။ ထိုဆရာတော်ကြီးသည် ဆွမ်းဘုဉ်းပေးသည့် အချိန်၊ တပည့်များအား စာပို့ချသည့် အချိန်မှလွဲလျှင် ကျောင်း၌ရှိသော ပေစာ၊ ပရပိုက် စာများကိုသာ ဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကုန် စေသည်။ ပေစာများ အနက် ရှေးဆရာတော်ကြီး အဆက်ဆက်ကြည့်ရှု အသုံးပြုသွားသော ပရိတ်ကြီးတစ်စောင် ကို နေ့စဉ်လိုလို သုံးသပ်ကြည့်ရှုလေ့ရှိသည်။
ကျမ်းဂန်ကျနသော ပုဂ္ဂိုလ်ကြီး ဖြစ်သည့်အတိုင်း ပေစာ၊ ပရပိုက်စာများ တွင် အမှားများကို မြင်တော်မူ၏။ သို့သော် မည်သည့်အခါ မှ ပြင်ဆင်ရေးသားခြင်း မပြု ၊ ဖယောင်းစက်ကလေးများချ၍ မှတ်သားပြီး မူလ အတိုင်းသာ ရှိစေသည်။ နေ့စဉ်ပရိတ်ကြီးပေတွင်လည်း တစ်နေရာ ၌ တစ်ချောင်းငင်ပါရမည်ကို မပါဘဲရှိရာ ဖယောင်းစက် ချ၍သာ မှတ်သားထားလေသည်။
တစ်ခါသော် ဒကာတော်တစ်ယောက် က ထိုပေစာကလေးကို ကြည်ညိုလှ၍ ကူးယူလိုပါသည်ဟု လျှောက်၏။ ဆရာတော်ကြီး သည် ရုတ်တရက် ခွင့်မပြု ၊ သုံးလေးကြိမ် အဖန်ဖန် လျှောက်ဖန်များမှ ဒကာ့အစား ကူးမည့်စာရေး ကို စစ်ဆေးပြီးလျှင် ခွင့်ပြုတော် မူလိုက်လေသည်။ နောက်ဥပုသ် တစ်ပတ် ကြာလောက် ကြာလျှင် ရေးကူးပြီး ဒကာ လည်း ပေ ကို ဆရာတော်အား ပြန်၍အပ်လေသည်။
တစ်နေ့သောအခါ ဆရာတော်သည် ထိုပေစာလေးကိုကြည့်ရှု သုံးသပ်ပြန်ရာ တစ်ချောင်းငင် ကျန်နေသော နေရာတွင် မိမိ မှတ်သားသော ဖယောင်းစက်ကလေး မရှိတော့ဘဲ တစ်ချောင်းငင်ကလေး ရောက် နေသည် ကို တွေ့ရလေသည်။ စုတ်တသတ်သတ် နှင့် ကြည့်ပြီး ဒေါသဟုန်းခနဲ ဖြစ်လာကာ ဒကာနှင့် စာရေး ကို ချက်ချင်း ခေါ်၍ ဒီတစ်ချောင်းငင် ဘယ်သူ ထည့်သလဲ ဟု စစ်လေသည်။
စာရေးက
''တပည့်တော် ထည့်လိုက်ပါတယ်ဘုရား''
''ဘာဖြစ်လို့ ထည့်တာလဲ''
''ကျကျန်ရစ်ခဲ့လို့ ထည့်လိုက်ပါတယ် ဘုရား''
''ဟင် ဒီတစ်ချောင်းငင် မပါတာ ငါ့ဆရာ၊ ဆရာ တွေကလည်း အသိ၊ ငါလည်းအသိ၊ ငါ့ဆရာဆရာတွေ မထည့်ခဲ့၊ ငါလည်း မထည့်၊ နင်ထည့် မှ ငါ တို့ သိမှာလား၊ နင်ထည့်လို့ ဆရာအဆက်ဆက် က ပေပျက်ပြဲီ။ ခွေးမသား၊ လူတတ်လုပ်လို့ ပြင်ဦးဟ'' ဆိုကာ ခြေနှင့် ကန်၊ ဖနောင့်နှင့်ပေါက်၊ ဒူးနှင့်တိုက်သဖြင့် ဒကာရော စာရေးပါ တစ်ချောင်းငင် ထည့်မှု အတွက် ကျောင်းပေါ်က ပြေးခဲ့ရဖူးသည်ဟု လွန်ခဲ့သည့် အနှစ် နှစ်ဆယ် လောက်က ကျွန်တော် တို့နှင့် အတူတူ အလုပ်လုပ်ဖူးသော မန္တလေးဆယ်ဝါရ ဘုန်းကြီးလူထွက် စာပြင်ဆရာကြီး တစ်ဦး ပြောပြသည် ကို ကြားရဖူးလေသည်။
သခင်ကိုယ်တော်မှိုင်းကြီး သည်လည်း သူ့စာကိုသူတစ်ပါး မမေးစမ်းဘဲ အပြင်မခံချေ။ အသက်လေးဆယ် လောက်က စ၍ ယခုအထိ စာရေး လျှင် အက္ခရာပုဒ်ပါဒ် အဖြတ် အရပ်ပါရာဖြတ်ပုံ၊ ပုဒ်ချပုံ စပိတ်ထိုးပုံမှစ၍ တစ်လုံးမကျန် သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ရေးပေးလေ့ ရှိသည်။ လက်ရေးမူများမှာ စာစီ ထားသလောက် ပင် စနစ် ကျလှပေသည်။ ထို့ကြောင့် ပုံနှိပ်တိုက်သို့ အပ်သည့်အခါ ပုံနှိပ်စာပြင်ဆရာက ဘာတစ်ခု မှ ပြုပြင်ပေးရန် မလို၊ စာစီသမားလက်ထဲ အပ်လိုက်ရုံသာရှိသည်။ စာစီသမားကလည်း ဆရာကြီး၏ မူအတိုင်း ကြည့်၍ စီသွားရုံသာ ဖြစ်သည်။ ပရုဖ်များကိုလည်း သူတစ်ပါးအားလွှဲအပ်မထား၊ ပရုဖ်အကြမ်း မှ အနု အထိ ကိုယ်တိုင် အပင်ပန်းခံ၍ ကြည့်လေ့ရှိသည်။
သူ့မူတွင် ပြထားသည့် အတိုင်း မဟုတ်လျှင် စာပုံနှိပ်တာဝန်ခံ စာပြင်ဆရာနှင့် ဖိုမင်ကို ချက်ချင်းခေါ်၍ ပြောလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော်၊ လေးဆယ်လောက်က သူရိယတိုက်တွင် လုပ်ကိုင် နေစဉ် စာစီပုံ၊ စာပြင်ပုံ စည်းကမ်းမကျလျှင် ဖိုမင်နှင့် စာပြင်ဆရာကို ချက်ချင်း ခေါ်၍ ဆူရုံမက ဒူးနှင့် တိုက်တတ် သည်ဟု ဆရာကြီး နှင့်အတူ လုပ်ကိုင်ဖူးသော တပည့်ဟောင်းရှေးဖိုမင် ရှေးစာစီသမားကြီးများ ပြော၍ ကြားဖူးလေသည်။ ဤသို့ စည်းကမ်းသေ၀ပ်အောင် အတင်းအကျပ် ပြုတတ်သော်လည်း တပည့် များ၏ အကျိုးကိုမူကား အမြဲ စောင့်ရှောက်ဆောင်ရွက်ပေးလေ့ ရှိသည်။
ဆရာဇေယျ၏ စာပြင်ဆရာ ဆောင်းပါးမှ ဆရာတော်ကြီးတစ်ပါးနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့စာမူအပေါ် သဘောထား ဆောင်ရွက်ချက်များဖြစ်သည်။
''ဆရာကြီး သခင်ကိုယ်တော်မှိုင်း လေးချိုးကြီးများထဲမှ ကောလိဓာတ်'' နိုဝင်ဘာလထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ဆရာ ဦးတင်ဦး (ကျူရှင်)၏ ဆောင်းပါးကိုဖတ်ရပါသည်။
ဗေဒင်အရာ၌ ကျနသော ပုဂ္ဂိုလ်ကြီး ဆရာမှိုင်းပါတကားဟု ဂုဏ်ပြုချီးမွမ်းထောပနာခြင်းဖြစ်၍ ကြိုဆို ကျေးဇူးတင် စကား ဆိုပါရစေ။
''မနေသာပြီ ပေဌာနီ က မြန်းခဲ့တော့
ကမ္မဌာန်းကျင့်ပုံ စရိုက်မဝေးကြသူတို့ကဖြင့်
စခန်းသင့်ရာ အမြိုက်တေးကိုလ
တိုက်ကျွေးကာ အနို့လို ဟောမိတော့
တောကြီးရဂုံ ကောလီ့အထုံ ရင့်ချိန်မို့
ယောဂီ့ဘုံ မှာ ဗောဓိတစ်ငုံ ပွင့်တော့မည်လို့
(ရေနံချောင်းမြို့ ဗမာသဘင် သခင်ကွန်ဖရင့်ဘွဲ့ ကဗျာမဟာ လေးချိုးကြီးမှ)
မူရင်းစာအုပ် တွင် 'ကြီး' တို့၊ ''လီ'' တို့၊ ''ဂီ'' တို့ အောက် တွင် အောက်မြစ် မပါ၍ စာရေးသူ ဖြည့် ထားပါသည် ဟု ဆရာဦးတင်ဦး (ကျူရှင်) က ရဲဝင့်စွာ ၀န်ခံရေးသား ထားပါသည်။ ဆရာဇေယျ ၏ စာပြင်ဆရာ ဆောင်းပါး အဆို အလို အရ တစ်ချောင်းငင် မပါသည် ကို တစ်ချောင်းငင် ထည့်ရေးမိသည့် ဒကာ နှင့် စာရေး ကို '' ဆရာအဆက်ဆက် က ပေပျက်ပြီ။ ခွေးမသား၊ လူတတ်လုပ်လို့ ပြင်ဦးဟ'' ဆိုကာ ခြေနှင့်ကန်၊ ဖနှောင့် နှင့်ပေါက်၊ ဒူးနှင့်တိုက်သည့် ဆရာတော်ကြီးသည် လည်းကောင်း .-
သူ့ ပြထားသည့်အတိုင်း မဟုတ်လျှင် ဖိုမင်နှင့် စာပြင်ဆရာ ကို ချက်ချင်းခေါ်၍ ဆူရုံမက ဒူးနှင့်တိုက်သည့် ဆရာမှိုင်းကြီး သည်လည်းကောင်း ယခုလို ၂၀၁၀ ကာလ တိုင်အောင် သက်တော်ရှည် ထင်ရှားရှိနေဦးမည် ဆိုပါလျှင်။
သူ့စာမူ''ကြီး'' တို့ ၊ ''လီ'' တို့ ၊ ''ဂီ'' တို့ အောက်တွင် အောက်မြစ် မပါ၍ စာရေးသူ ဖြည်ထည့်ထားသည်ကို တွေ့မြင် ဖတ်ရှုမိမည် ဆိုပါလျှင် ဆရာကြီးမှိုင်း ဘာများလုပ်လေမလဲ။
စာရေးသူ - မောင်ကြည်မွန်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ဖေဖော်ဝါရီ -၂ဝ၁၁
.
3 comments:
ဆရာကြီးမှိုင်းတော့ ဘာလုပ်မယ်မသိ
ဆရာကြီးပီမိုးနင်းစာတွေကို အဲလိုတောင်မဟုတ်ဘူး.. လိုရာတွေဆွဲရေးပြီး ပြန်ထုတ်ထားကြတယ်ဗျာ..
အင်း..
ဆရာကြီးတွေက ကိုယ်တိုင်လဲ စာပေသတ်ပုံ နုံ့ စပ်ကျွမ်းကျင်
လွန်းတော့  ကိုယ်ရေးတာ အမြဲမှန်တယ်လို့  ဆရာ့ မန်
တော့ ရှိနေမှာပါပဲ။ ဒါကြောင့် ဒူးနဲ့ အတိုက်ခံရတာ...။
ဘာမှမဟုတ်တဲ့ ကျွန်တော်တောင် အမှားဗရပွနဲ့ 
တင်ပြီးမှ လိုင်းပေါ်ရောက်လို့  ဟိုလူဒီလူအော်တာတောင်
အံ က တင်နေရသေး ..။
ဘာပဲဖြစ်ဖြစ်လေးစားတယ်ဗျာ...။
အင်း..
အခုလဲ ဘယ်နှစ်လုံး မှားသွားလဲမသိ။
Post a Comment