ဂျီးဆပ်မေရီယာ သည် ကြင်နာသော နှလုံးသားပိုင်ရှင် တစ်ဦးဖြစ်ကြောင်း သိခဲ့ကြရပြီးပြီဖြစ်၏။ လူလူချင်း ကိုယ် ချင်းစာတရား ထားတတ်သော ဂျီးဆပ်စ်မေရီယာ အဖို့တော့ လိုအပ်လာသည့်အခါများတွင် သူ၏ ကြင်နာမှု ကို ပြဖို့ ၀န်လေးသူတစ်ဦး မဟုတ်ပေ။ သူသည် တီရီဆီနာနှင့် ခင်မင်ရင်းနှီးသူဖြစ်၏။
သို့သော်လည်း တီရီဆီနာ၏ အိမ်သို့ အ၀င်အထွက် မလုပ်မိခဲ့သည် လပေါင်းအတော်ကြာခဲ့ပြီ။ အကယ်၍သာ တီရီဆီနာတို့ မိသားစု ရင်ဆိုင် နေရသော အခြေအနေကို စောစောကတည်းကသာ သိခဲ့ ရပါမူ စောစောကတည်းက လာ၍ အားပေးမည် ဖြစ်၏။ ယခုတော့မူ သူ အသိနောက်ကျခဲ့သဖြင့် တီရီဆီနာ တို့အိမ်တွင် နောက်ဆုံးချန်ထားသည့် လက်ကျန်ပဲ တစ်ဆုပ်စာကို အိုးထဲထည့်၍ ပြုတ်သည့် နေ့ကျ မှ ဤအိမ် သို့ သူရောက်လာခဲ့ရလေသည်။
ဂျီးဆပ်မေရီယာသည် ရီတီဆီနာ၏ အိမ် မီးဖိုခန်းထဲ၌ ထိုင်လျက်ရှိသည်။ ကလေးများသည် သူ့ ခြေထောက် အနီး တွင် ပွတ်သီးပွတ်သပ် လုပ်ကာ ကစားလျက်ရှိကြ၏။ သူသည် တီရီဆီနာက ပြောပြနေသော မိသားစု ရင်ဆိုင် ရတော့မည့် အငတ်ဘေးဒုက္ခအကြောင်းကို စိတ်အလွန် ထိခိုက်စွာဖြင့် နားထောင်နေသည်။ တီရီဆီနာ က ခြင်းတောင်းထဲတွင် ပဲတစ်စေ့မှ မကျန်တော့ကြောင်းကို သက်သေပြသည့် အနေဖြင့် ခြင်းတောင်း ကို ခါ၍ ခေါက်ပြသည်။ တီရီဆီနာက သူ့ကလေးများကို လက်ညိုးထိုးပြပြီး ဤကလေးအားလုံး ငတ်မွတ်မှု ကြောင့် အရိုး ချည်းဖြစ်ရတော့မည် ဖြစ်ကြောင်း၊ နောက်ဆုံးတွင် အားလုံး သေကြရလိမ့် မည်ဖြစ်ကြောင်း ပြောပြသည်။ ဂျီးဆပ်စ်မေရီကတော့ တစ်ဖက်က ပြောသမျှကို စိတ်မကောင်းခြင်း ကြီးစွာဖြင့် နားထောင်ရင်း ခေါင်းတညိတ်ညိတ် လုပ်လျက်ရှိလေသည်။
ထို့နောက် တီရီဆီနာ ၏ အမေက မယ်တော်မာရီယာ၏ အလိမ်ကို သူ ခံရကြောင်းပြောသည်။ ဤစကား ကျတော့ ဂျီးဆပ်စ်မာရီယာက လက်မခံနိုင်။ ကိုယ်ချင်းစာတရားလည်း ထား၍မရ။
" ခင်ဗျား ဘာသိလို့လဲ အဘွားကြီးရဲ့" ဟု သူက ခပ်မာမာ လေသံဖြင့် " မယ်တော်မာရီယာက တခြား တစ်နေရာ မှာ အလုပ်ရှိချင် ရှိနေမျာပေါ့ "
" ဒါပေမယ့်ကွယ်၊ ငါပူဇော်တာ ဆီမီးတိုင် လေးတိုင် တောင် ကုန်တယ်ကွယ့်" ဟု အဘွားကြီးက ပြန်ပြော သည်။
ဂျီးဆပ်စ်မေရီယာက အဘွားကြီးကို အေးစက်စက် မျက်နှာထားနှင့် ကြည့်သည်။ " သူ့အတွက် ဖယောင်းတိုင် လေးတိုင် ဟာ ဘာများ ဖြစ်လောက်လို့လဲဗျာ" ဟု ပြောသည်။ " ကျုပ် ဘုရားရှိခိုးကျောင်း တစ်ကျောင်းမှာ မြင်ခဲ့ဖူးတာဖြင့် သူကို ပူဇော်ထားတဲ့ ဖယောင်းတိုင်ပေါင်း တစ်ရာကျော်တယ် သိလား၊ သူက ဖယောင်းတိုင် ကို သိပ်အရေးစိုက်တဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး "

အဘွားကြီးကို ခပ်ဆတ်ဆတ် ခပ်မာမာပြောနေသော်လည်း သူ့စိတ်ကတော့ တီရီဆီနာ၏ ဒုက္ခကြောင့် ဗလောင်ဆူလျက် ရှိသည်။ ထိုညတွင် သူဒင်နီအိမ်သို့ ပြန်ရောက်သောအခါ ဤအကြောင်းကို သူ့အပေါင်း အသင်းများအား ပြောပြသည်။ သူ၏ ကြင်နာသော နှလုံးသားဖြင့် ကလေးများ၏ စားစရာပဲမရှိတော့သည့် အဖြစ် ကို သနားကရုဏာဖြစ်လာအောင် ပြောပြသည်။ ဤသို့ဖြင့် သူ့နှလုံးသားတွင် လောင်ကျွမ်းလျက် ရှိသော မီးတောက်သည် သူ့အပေါင်းအသင်းများ၏ နှလုံးသားများဆီသို့ ကူးစက် သွားသည်။ သူတို့သည် ထိုင်ရာ မှ ထကြ သည်။
" ကလေးတွေကိုတော့ အငတ်ထားလို့ ဘယ်ဖြစ်မလဲ" ဟု တစ်ယောက်တစ်ပေါက် ပြောကြသည်။ " ဒီကိစ္စကို ငါတို့ ကူညီရမှာပေါ့ "
" ငါတို့ကတော့ စည်းစိမ်နဲ့ စတိုင်ကျကျ နေကြတယ် မဟုတ်လား" ဟု ပီလွန်က ရေရွတ်သည်။
" အေးပေါ့၊ အဲဒီတော့ ငါတို့မှာ ရှိတာကို ပေးရမယ်" ဟု ဒင်နီက ထောက်ခံသည်။ " တကယ်လို့ သူတို့မှာ နေစရာ မရှိရင် သူတို့ ဒီအိမ်မှာ လာပြီး နေနိုင်တယ်ကွာ "
" မနက်ဖြန် စပြီး လုပ်ကြမှ ဖြစ်မယ်" ဟု ပက်ဘလိုက ဆိုသည်။ " ပျင်းနေလို့ မဖြစ်တော့ဘူးကွ၊ အလုပ်လုပ် ကြရမယ်၊ လုပ်စရာအလုပ်တွေ အများကြီး ရှိနေတာပဲ"
သူတို့ စကားများ သည် လေလုံးမိုးလုံး ထွားခြင်းမဟုတ်။ ငါးများရအောင် ရှာပြီး စုဆောင်းကြသည်။ ဒဲလ်မွန်တီ ဟိုတယ် မှ ဟင်းသီးဟင်းရွက်များကို အလစ်ဝင်၍ ခိုးကြသည်။ အောင်မြင်မှု အပြည့်အ၀ ရရှိ သော ပွဲတစ်ခု ဖြစ်၏။ သူတို့သည် ခိုးပြီးရင်း ခိုးရင်းနှင့် ပြစ်မှုများကို ကျူးလွန်ကြသည်။
ပင်လယ်ဓားပြ က သူ့ထင်းကို လှည်းတစ်စီးစာ ဆင့်သုံးဆယ် တိုး၍ ယူပြီး မနက်တိုင်း စားသောက်ဆိုင် သုံးဆိုင် သို့ မှန်မှန် ပို့ပေးရသည်။ ကောင်ကြီးဂျိုးသည် မစ္စက်ပါလိုချီကို၏ ဆိတ်မကို သွားသွားခိုးသည်။ သို့သော်လည်း ဆိတ်မက မနေ၊ သူ့သခင်အိမ်သို့ ပြန်ပြန်သွားသည်။
တီရီဆီနာ၏ အိမ်ထဲတွင် အစားအစာ အသစ်အဆန်းများ ပြည့်လာသည်။ သူ့အိမ်ရှေ့ဆင်ဝင်တွင် ဆလတ်ရွက် ပုံများသည် တန်းစီနေကြသည်။ ငါးကွမ်းရှပ် အပုပ်များ၏ အနံ့သည် သူ့အိမ်နားနီးချင်းများ မခံမရပ် နိုင် လောက်အောင် နံစော်လျက်ရှိ၏။ ဤမျှလောက်အထိ အစားအစာ အလျှံပယ် ဖြစ်နေသော် လည်း သူ့မိတ်ဆွေ များ၏ စေတနာမီးတောက်မှာ တောက်လောင်ဆဲ။
မွန်ထရေး ပုလိပ်အဖွဲ့၏ အမှုတိုင်ချက် စာအုပ်တွင် ဤရက်အတွင်း ရာဇ၀တ်မှု အသေးအဖွဲ့များဖြင့် ပြည့်နေ သည်။ ပုလိပ်ကားသည် တစ်နေရာမှ တစ်နေရာသို့ ကူးချည်ပြန်ချည် ဖြစ်နေသည်။ ဤနေရာတွင် ကြက်တစ် ကောင် အခိုးခံရပြီး နောက်တစ်နေရာတွင် ရွှေဖရုံသီး တစ်ခင်းလုံး ပြုတ်အောင် အခိုးခံရသည်။ ပလာဒီနီ ကုမ္ပဏီ မှ ကြော်ရန် ထားသော ပင်လယ်ခရု အသားပေါင်တစ်ရာဝင်ဘူး နှစ်ဘူး အခိုးခံရသည်ဟု ပုလိပ်အဖွဲ့ကို တိုင် ကြားလေသည်။
တီရီဆီနာ၏ အိမ်တွင် အစားအစာ ပစ္စည်းများဖြင့် အပြည့်အသိပ် ဖြစ်နေခဲ့လေပြီ။ မီးဖိုခန်းထဲတွင် အစားအစာ များသည် အစုလိုက် အပြုံလိုက် နောက်ဖေးခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်များ တောင်လို ပုံနေသည်။ အစား အစာထုတ်လုပ်သော နေရာဌာနမျိုးမှ ခိုးယူ၍ ရလာသော ပစ္စည်းများကို အသက်ပင် မှန်မှန်မရှူနိုင်ဘဲ အမော တကော ကဆုန်ပေါက် ပြေးလာပြီး အပ်လေ့ရှိသည်။ ထို့နောက် သူတို့သည် နောက်ထပ် ဘယ်လို အကြံအဖန် ဆက်လုပ်ရမည်ကို တီရီဆီနာ နှင့် ဆွေးနွေးတိုင်ပင်ပြီး အစီအစဉ်များ ထပ်မံ ဆွဲကြပြန်လေသည်။
ပထမတွင် တီရီဆီနာသည် အစားအစာများ မကုန်မခန်းနိုင်လောက်အောင် ရနေသဖြင့် အပျော်ကြီး ပျော်ကာ အရူးအမူး ဖြစ်လျက်ရှိသည်။ တနင်္ဂနွေ တစ်ပတ်မျှ ကုန်လွန်သွားသောအခါတွင်မူ သူ့စိတ်သည် ဇဝေဇ၀ါ ဖြစ်လာသည်။ ပထမဆုံး သူ၏ နို့စို့ကလေးသည် ဗိုက်နာရောဂါကို အပြင်းအထန် ခံစားရသည်။ အီနီ ကတော့ မကြာခဏ အစာမကြေ ဖြစ်လာသည်။ အယ်လ်ဖရက်ဒိုးမှာလည်း ဘယ်လိုဖြစ်သည် မသိ၊ တစ်မျက်နှာလုံး နီရဲ နေသည်။ ကျန်ကလေးများမှာလည်း အချိန်ရှိသရွေ့ တငိုငို တယိုယိုနှင့် ပူပူဆာဆာ ဖြစ်လာကြ၏။ တီရီဆီနာ သည် ဖြစ်နေသမျှကို သူ့မိတ်ဆွေများအား အသိပေးချင်သည်။ သို့သော်လည်း အသိပေးရ မှာ အားနာလျက်ရှိ၏။
သူတို့၏ စေတနာကို စော်ကားသလိုဖြစ်မှာ ကြောက်နေသည်။ ဤသို့ဖြင့် ပြောရမည့် ကိစ္စကို မပြောဖြစ်ဘဲ နောက်ထပ် ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြန်သည်။ တစ်နေ့တွင် မုန်ညင်းရွက်ပေါင် ငါးဆယ် စည်းကြီး တစ်စည်း နှင့် ဖရဲသီးခြင်းကြီး တစ်ခြင်း ယူလာကြသည်။ ထိုအခါကျပင် တီရီဆီနာက သူ ကြုံတွေ့နေရ သည့် အဖြစ် ကို ဖွင့်ပြောမှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်လေတော့သည်။ ဤအချိန်တွင် တီရီဆီနာ၏ အိမ်နီးချင်း များကလည်း သူ့ကို သင်္ကာမကင်းသော မျက်လုံးများဖြင့် မျက်ခုံးများပင့်၍ ကြည့်စ ပြုနေကြလေပြီ။
တီရီဆီနာက ဒင်နီနှင့် သူ့အပေါင်းအသင်း အားလုံးကို မီးဖိုခန်းထဲသို့ ဖိတ်ခေါ်သည်၊ ထို့နောက် သူ ကြုံနေရ သည့် ဒုက္ခ ကို နားလည်အောင် ရှင်းပြသည်။
" လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေဟာ ကလေးတွေနဲ့ မသင့်ဘူး" ဟု သူက ရှင်းပြ သည်။ " နွားနို့ကျတော့လည်း နို့ဖြတ်စကလေးတွေကို တိုက်ရင် ၀မ်းချုပ်တတ်တယ်" ဟု သူက တစ်ကိုယ်လုံး နီရဲကာ စိတ်တိုနေကြသော ကလေးများကို လက်ညိုးထိုးပြသည်။ " မြင်တယ် မဟုတ်လား၊ သူတို့အားလုံး နေမကောင်း ဖြစ်ကုန်ကြပြီ၊ သူတို့နဲ့ သင့်တော်တဲ့ အစာကို မစားရလို့ ဖြစ်တာ "
" သူတို့နဲ့ သင့်တဲ့ အစားအစာက ဘာလဲ" ဟု ပီလွန်က မေးသည်။
" ပဲပေါ့" ဟု သူက ပြန်ပြောသည်။ " ပဲကတော့ သူတို့အတွက် စိတ်အချရဆုံး အစာပဲ "
သူ့မိတ်ဆွေ များသည် ဘာမှ မပြောကြတော့ဘဲ အသာပင် ငြိမ်ကုပ်ပြီး ပြန်သွားကြသည်။ အမှန်အားဖြင့် တီရီဆီနာ ၏ စကားကို ကြားရသဖြင့် သူတို့ အားလုံး စိတ်ထိခိုက်ကြသည်။ သို့သော်လည်း စိတ်မထိခိုက် လေဟန်ဆောင် ၍ နေကြသည်။ မည်သို့ပင် ဖြစ်စေ စိတ်အားထက်သန်စွာဖြင့် ကူညီစောင့်ရှောက် လိုသည့် စိတ်ကတော့ များစွာ လျော့နည်းသွားခဲ့ရလေပြီ။
ဤကိစ္စနှင့် ပတ်သက်၍ သူတို့လူစုသည် ဒင်နီ၏ အိမ်တွင် ထပ်မံ၍ ဆွေးနွေး တိုင်ပင်ကြသည်။ ဤကိစ္စကို လူ သိခံ၍တော့ မဖြစ်။ အဘယ်ကြောင့်ဟူမူ ဤအမှုမျိုးကျတော့ ကြီးလေးသော အပြစ်ဒဏ်ကို ခံရဖွယ်ရာ ရှိနေခြင်း ကြောင့်ဖြစ်၏။
ညတစ်ည သန်းခေါင်ကျော် အချိန်တွင် လူရိပ်မည်းမည်း လေးခုသည် မွန်ထရေးမြို့တွင်းမှ ဖြတ်သွားသည်။ အနောက်ပိုင်း ဒေသ ကုန်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားရေး ကုမ္ပဏီပိုင် ကုန်လှောင်ရုံကြီးဆီသို့ ချဉ်းကပ် သည်။ နောက်ပိုင်းတွင် ညစောင့်က ထိုညက အသံများ ကြားရသဖြင့် သူကိုယ်တိုင် လျှောက်၍ စစ်ဆေးကြည့်ရှု ခဲ့ကြောင်း သို့သော်လည်း ဘာကိုမှ မမြင်ရ မတွေ့ရကြောင်း ပြောပြသည်။ သော့ကို မည်ကဲ့ သို့ ရိုက်ချိုးသည်၊ တံခါးကို ဘယ်လိုဖွင့်သည်။ ပစ္စည်းများကို ဘယ်ပုံဘယ်နည်း ထုတ်ယူ သွားသည် ဟူသော အချက်များကိုမူကား သူ လုံးဝ မပြောနိုင်ချေ။ ထိုညက ညစောင့် ကုလားသေကုလားမော အိပ်မော ကျနေပါသည် ဟု ဘယ်တော့မှ ထုတ်ဖော်၍ ပြောကြလိမ့်မည်မဟုတ်ပေ။
ထိုညက လူရိပ်လေးခုသည် ၀န်ထုပ်ဝန်ပိုးများကို ထမ်း၍ ကုန်လှောင်ရုံအနီးမှ ကုန်းကုန်း ကုန်းကုန်းနှင့် ထွက်ခွာ သွားကြသည်။ ထိုအရိပ်မည်းမည်းလေးခုဆီမှ တဟောဟော တဟဲဟဲ မြည်နေသော အသက်ရှူသံ များ ကိုခပ်လှမ်းလှမ်းမှပင် ကြားနိုင်လောက်၏။ ထိုညက မနက်သုံးနာရီထိုးခန့်တွင် အိမ်နောက်ဖေး တံခါးဖွင့်သံ ကြားရသဖြင့် တီရီစီနာသည် အိပ်ရာမှ လန့်နိုးလာသည်။ " ဘယ်သူလဲ" ဟု သူက အော်မေးသည်။ အဖြေမရ၊ သို့သော်လည်း အတော်လေးပုံရသည့် ပစ္စည်းထုပ် လေးထုပ်ချသံကို သူကြားရ သည်။ ပစ္စည်းထုပ် ချလိုက်တိုင်း တစ်အိမ်လုံး သိမ့်ခနဲ လှုပ်ခါသွားသည်ကိုလည်း သူ သတိထားမိသည်။ သူသည် ဖယောင်းတိုင်တစ်တိုင် ကပျာကယာ ထွန်းကာ ဖိနပ်ပင် မစီးနိုင်တော့ဘဲ အိမ်နောက်ဖေး မီးဖိုချောင် ဘက်သို့ ခပ်သုတ်သုတ် ပြေးသွားသည်။ မီးဖိုချောင်ထဲတွင် နံရံကိုမှီ၍ ထောင်ထားသော ပေါင်တစ်ရာဝင် ပဲအိတ်လေးအိတ်။
တီရီဆီနာသည် သူ့အမေကို ပြေးနှိုးသည်။ " မီးဖိုထဲကို လာကြည့်စမ်းပါဦး၊ မယုံနိုင်လောက်အောင်ကို ထူးဆန်း တာပဲ" ဟု အော်ပြောသည်။
အဘွားကြီးသည် ပဲအိတ်လေးအိတ်ကို ကြည့်ကာ အကြီးအကျယ် အံ့အားသင့်လျက်ရှိသည်။ " တပည့်တော်မ ဟာ အင်မတန် ဆိုးသွမ်းယုတ်မာတဲ့ မိန်းမတစ်ယောက် ဖြစ်နေပါပြီ။ တပည့်တော်မကို ခွင့်လွှတ် တော်မူပါ။ သနားကရုဏာထားတော်မူပါ။ တပည့်တော်မ အသက်နဲ့ ကိုယ် မြဲနေသမျှ ကာလပတ် လုံး လစဉ် ဖယောင်းတိုင် တစ်တိုင် မယ်တော့်ကို ပူဇော်သွားပါ့မယ်" ဟု ရေရွတ် မြည်တမ်းလျက်ရှိသည်။
ဒင်နီ၏ အိမ်တွင်မူ သူငယ်ချင်း လေးယောက်သည် စောင်ကိုယ်စီ ခြုံကာ လဲလျောင်းလျက်ရှိကြ၏။ လေးယောက်စလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာလျက်ရှိကြ၏။ သူတို့သည် လုပ်သင့်လုပ်ထိုက်သည့် အလုပ်တစ်ခု ကို လုပ်ပြီးခဲ့ပြီဖြစ်၍ စိတ်အေးနားအေး အိပ်ကြသည်။ နေဖင်ထိုးခါမှပင် နိုးကြတော့မည်ဖြစ်၏။
ထိုအချိန်တွင် တီရီဆိနာသည် မလွဲနိုင် မမှားနိုင်သည့် သူ့နည်းသူ့ဟန်ဖြင့် သူ့တွင် ကလေးတစ်ယောက် ကိုယ်ဝန် ရှိဦးတော့မည့် အခြေအနေကို အတိအကျ သိနေပြီဖြစ်၏။ သူသည် ပဲတစ်ခွက်ကို ခပ်၍ အိုးထဲ ထည့်ရင်းက ထိုကလေး၏ အဖေသည် ဒင်နီ၏ သူငယ်ချင်းများထဲမှ ဘယ်သူဖြစ်နိုင်မည်ကို အလုပ်မရှိ အလုပ်ရှာ ၍ စဉ်းစားတွေးတောလျက်ရှိလေသည်။
-----------------------------------
ဆက်ရန်
.

1 comment:
ဟီးဟီး ဒီအပိုင်းဖတ်ရင်း ရယ်နေရတယ်။ ဒင်နီတို့လုပ်တာကို ဘာပြောရမှန်းတောင် မသိတော့ဘူး။
Post a Comment