အခန်း (၁၅)
အစ်မ ကို အကျဉ်းချုံး သဂြ်ံလ်ပြီးသောအခါ အဘသည် ကျွန်တော့်အား ဘထွေးလေးတို့နှင့် အပ်ကာ ဂျပန်ကို တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းသတ်ရန် ရွာမှထွက်ခွာသွားသည်။
ကျွန်တော့် အတွက် ဘာမျှမဆန်း...၊ အဘသည် တစ်ကြိမ်က ဤနည်းတူ အစ်မနှင့် ကျွန်တော့်ကိုစွန့်ကာ တစ်ကျွန်း သို့ပင် သွားခဲ့ဖူးပြီ။ အဘဂျပန်ဖက်ဆစ် များများသတ်နိုင်ပါ စေဟုပင် ဆုတောင်းနေမိသည်။
ဆရာက ကျွန်တော့်ကို တော်လှန်ရေးသမားကြီးဟု ခေါ်ခဲ့ဖူးသည်။ ထိုစဉ်က တော်လှန်ရေး ဆိုသော စကား ကို ကျွန်တော်နားမလည်ခဲ့။ ယခုမူ ရင် ၌ နာကျင်အောင် နားလည်ခဲ့ပြီ။
တော်လှန်ရေး ဆိုသည်မှာ... အသက်နှင့် ရင်းရပါတကား။ သွေးကိုစတေးရပါတကား...၊ ချစ်မြတ်နိုးသူတို့နှင့် ကွေကွင်းခြင်း ကို ဆုလာဘ်အဖြစ် ပန်ဆင်ရလေပါပြီတကား...၊ မျက်ရည်တို့နှင့် အနက်အဓိပ္ပာယ် ဖော်ယူလေ ရသည် တကား...။
အစ်မအတွက် သုံးရက်ဆက်၍ ကျွန်တော်ငိုကြွေးခဲ့သည်။ ဤထက်ပို၍ မငိုနိုင်။ ငို၍လည်း မည်သမျှ ကျွန်တော့်ကို ချော့အားသည် မဟုတ်။
တော်လှန်ရေး၏ သွေးလှူပွဲကို ကျွန်တော်တို့ရွာနှင့် အနီးတစ်ဝိုက်ရွာများတွင် သေခြင်းမဆန်းတော့။ သေခြင်း အတွက် မတိတ်တမ်းငိုကြွေးဆိုလျှင် ရွာတိုင်း၌ ငိုသံစဲလေမည် မဟုတ်။
ထို့ကြောင့် ကျွန်တော်သည် ပါစိနောင်တို့နှင့်အတူ ကင်းထောက်မြဲ ထောက်ရသည်။ တစ်ခါတရံ ဗိုလ်မြင့်ဦး တို့ တိုက်ပွဲဖြစ်လျှင် ရှေ့တန်းအရောက် ကျည်ဆန်လိုက်ပို့ပေးသည်။ တစ်ရွာမှတစ်ရွာ ဆက်သား အဖြစ် လည်း သွားပေးသည်။
မည်သည် ကို လုပ်နေသည်ဖြစ်စေ ကျွန်တော်ရင်မှာ အမြဲဟာနေ၏။ လောကကြီးမှာလည်း ကျယ်ဝန်း လွန်း ၍ ကျွန်တော့်ကိုယ်မှာလည်း သေးငယ်လွန်းသည် ထင်မိ၏။ တစ်နည်းဆိုသော် အားငယ်စိတ်ကို ကျွန်တော် ပထမဆုံး သတိပြုမိခြင်း ဖြစ်သည်။
အစ်မရှိစဉ်ကမူ တစ်ခါမျှ ဤသို့အားမငယ်ဖူး။ အစ်မ မရှိသည့်တိုင် မမရှင်နှင့် နေ့စဉ်တွေ့နေရက မထောင်းတာ...၊ မမရှင်နှင့်မတွေ့ရသည်ထား၊ မယဉ်နွယ်နှင့်ဆုံ၍ ကြုံသမျှကိုပြောနိုင်လျှင် အတူ ငိုကြ ရသည် ဖြစ်စေ၊ ကျွန်တော်နေသာပေမည်။ ယခုမူ ရွာ၌ မယဉ်နွယ်လည်း မရှိပြီ။
ဤသို့ဖြင့် နွေဦးကုန်လာသည်။ ရွက်ဝါတို့လည်း ကြွေစဉ်ပြီး ပိတောက်တို့လည်း ထိန်ခဲ့သည်။ ရွက်သစ်တို့ပင် ရင့်စပြု၏။
တိုက်ပွဲများလည်း စဲသွားသည်။ မြို့၌ဂျပန်တစ်ကောင်မျှ မကျန်တော့ကြောင်း ကြားကြရသည်။
တစ်ညနေ တွင် တော်လှန်ရေးစကတည်းမှ ရွာသို့မပေါ်လာသော ဌာနာပိုင်ကြီးဦးထွန်း ဆိုက်ရောက် လာသည်။ သူနှင့်အတူ မျက်မှန်ထူထူနှင့် လူတစ်ဦးပါလာ၏။ သခင်သိန်းဟု ခေါ်သည်။
သခင်သိန်း၊ ဦးထွန်းနှင့် ဗိုလ်မြင့်ဦးတို့သည် အရေးတကြီး တိုင်ပင်ကြသည်။
ဦးထွန်းပြောပြချက်အရ အင်္ဂလိပ်တပ်များ မြောက်ဘက် ၀တ်ထီးကန် အထိ ရောက်နေပြီဖြစ် ကြောင်းကြား သိရသည်။
အစသော်... ဦးထွန်း၏စကားကို ယုံရခက်မယုံရခက် ဖြစ်နေကြသည်။ သို့ရာတွင် ထိုညနေမ၀င်မီပင် မြောက်ဘက် ဆီ မှ တ၀ုန်းဝုန်းတအိမ့်အိမ့် မြည်ဟည်းပေါက်ကွဲသော အမြောက်သံကြီးများ ကြားရသည်။
ဂျပန် တို့မှာ တောရိပ်ခို၍ ဆုတ်ဆဲဖြစ်သည်။ ယခုအင်္ဂလိပ်တပ်များ ၀င်လာပြီ တော်လှန်ရေး သမားများ ဘာလုပ်ကြ မည်နည်း။
ထိုညနေ၀င်ရီသရော ၌ ကိုမြင့်ဦး၊ သခင်သိန်းနှင့် ဦးထွန်းတို့သည် သိုက်တွင်းများရှိရာ ထွက်ခဲ့ကြသဖြင့် ကျွန်တော် ပါ လိုက်ခဲ့သည်။
တောင်ထိပ်မှ ကင်းရဲဘော်တစ်ဦးက ဆီးတားသည်။ ကျွန်တော်တို့မှန်းသိ၍ တောင်စွယ် တစ်ခုဆီ ခေါ်သွား သည်။
တောင်စွယ်အစွန်း မှ အဘ၊ ဆရာ ဗိုလ်စောလင်းတို့သည် မှန်ပြောင်းတစ်ခုနှင့် တစ်စုံတရာ ကို စိတ်ဝင်စားစွာ စူးစိုက်ကြည့်နေကြသည်။ မမရှင်တို့မူ မတွေ့ရ။
''ဘာတွေ့ရလို့လဲ ဆရာ''
ဗိုလ်မြင့်ဦးကမေးမှ ဆရာသည် လှည့်ကြည့်သည်။ ဘာမျှမဖြေဘဲ ဗိုလ်မြင့်ဦးကို မှန်ပြောင်း သာ လှမ်းပေး သည်။ အတန်ကြာကြာ ကြည့်ပြီးသော ဗိုလ်မြင့်ဦး လှုပ်ရှားလာသည်။
''ဂျပန် တွေ ပဲ နည်းတဲ့တပ်ကြီးတော့ မဟုတ်ဘူး''
''အဲဒါ စဉ်းစားနေတာပေါ့၊ ဒီလောက်ကြီးတဲ့ တပ်ကြီးဟာ ဒီနားအထိ ရောက်လာတာ ဘာမှ သတင်း အစအန မရဘူး၊ ဘာသဘောလဲ.... ''
ဆရာ က စဉ်းစဉ်းစားစားမေးသည်။
ဗိုလ်စောလင်း မှန်ပြောင်း ကို ယူ၍ သေသေချာချာ ကြည့်ပြန်သည်။
''သူတို့က သဲချောင်းအတိုင်း လာနေကြတယ်၊ အလို ... ဖြူဖြူတွေလဲ တွေ့တယ်.... ''
''ဘာတွေလဲ အဲဒါတွေ''
''မသိဘူး၊ အလင်းရောင် ကလဲ သိပ်မရှိတော့ဘူး''
အားလုံးငြိမ်နေကြပြီးမှ ''ဘယ်လိုလုပ်ကြမလဲ'' ဟုအဘက မေး၏။
ဗိုလ်မြင့်ဦးသည် အတန်ကြာချင့်ချိန်နေပြီးမှ လေးပင်စွာ သူ့အမြင်ကို ရှင်းပြ၏။
''ဒီလောက်ကြီးတဲ့တပ်ကြီးနဲ့ ၀င်မွှေရင် ရွာတွေကြေကုန်တာ ကြာပြီ၊ ဘာမှ ဒုက္ခမပေးဘဲ လာကြပုံ ထောက်တော့ အေးအေးဆေးဆေး ဆုတ်လာတဲ့တပ်ပဲနဲ့ တူတယ်၊ အခုလည်း ရွာတွေဘက်မသွားဘူး၊ ချောင်းအတိုင်း ရိုးမ ဆီ သွားကြပုံရတယ်''
ဤထင်မြင်ချက် ကို အားလုံးသဘောတူကြသည်။
ဗိုလ်မြင့်ဦးသည် ရဲဘော်တစ်ယောက်ကို ခေါ်၍ ပေါက်ခေါင်းဘက်ရှိ ရွာများကို သတင်းပို့ရန် ဆက်သား အမြန် လွှတ်သည်။ တောင်ပေါ်ရှိသမျှ လူအားလုံးကမူ အကာ ကွယ်ယူ၍ ချောင်းကမ်းပါး တောချုံများ အတွင်း မှ အခြေအနေ ကို အကဲခတ်ကြသည်။
နေမှာ အားလုံးဝင်သွား၍ လရောင်မှိန်မှိန်သာ ရှိသည်။ တဖြည်းဖြည်းနှင့် ဂျပန်တပ်ကြီး သည် နီးကပ်လာ၍ ကျွန်တော် တို့ ချောင်းနေရာ အောက်မှ ဖြတ်သွားကြသည်။
သဲချောင်းကြီးမှာ ကျယ်၍ ကမ်းပါးနှစ်ဖက်၌ သစ်ဝါးချုံနွယ်ထပ်သည်။ ဤချောင်းရိပ်ကိုခို၍ ဂျပန်တို့ ဆုတ်ခွာလာဟန်တူသည်။ လှည်းများလည်း ပါသည်။ အချို့နွားဆွဲ၍ အချို့ကို ဂျပန်များကိုယ်တိုင်ဆွဲကြသည်။
ထူးထူးဆန်းဆန်း ကလေးငိုသံများလည်း ကြားရ၏။ လရောင်ကြောင်း သူတို့ကိုကျွန်တော်တို့ အပေါ်မှစီး၍ သဲကွဲစွာ မြင်ရသည်။ ထိုအခါမှ စောစောက ဗိုလ်စောလင်းပြောသော ဖြူဖြူအရာများကို ဘာမှန်း သိကြရသည်။ ဂါဝန်ဝတ် ဂျပန်မများ တည်း။…။
အချို့ဂျပန်မများမှာ ကလေးချီလျက် အချို့မှာ ကိုယ်ဝန်များနှင့် အချို့မှာ လမ်းပင်ကောင်း ကောင်း မလျှောက်နိုင်ကြတော့။
သူတို့ကို ကြည့်ရင်း ကျွန်တော့်ရင်၌ ထူးထူးခြားခြားဝေဒနာခံစားရသည်။
တစ်ကြိမ် က မြန်မာ့မြေပေါ်တွင် ဗိုလ်ကျအနိုင်ကျင့်ရက်စက်သူ အရှင်သခင်များ …။
ယခု မြင်ရသည် မှာ သနားစဖွင်ပင် ဖြစ်သည်။ လက်နက်လွယ်ထားသော်လည်း စစ်သားတို့မှာ ခေါင်းငိုက်စိုက် နှင့် ခြေလှမ်းများ လေးကန်လှသည်။ ထော့နင်းထော့နင်းနှင့် ကိုယ့်ကိုယ်ကို အနိုင်နိုင် သယ်ရသူ များလည်း ပါသည်။
အားလုံးပေါင်း သုံးရာခန့် ရှိမည်ထင်သည်။
တရွေ့ရွေ့တအိအိနှင့် သူတို့ဖြတ်သွား၍ မျက်စိတစ်ဆုံး၌ ပျောက်ကွယ်သွားသည်အထိ ကျွန်တော်တို့ ငြိမ်နေ ကြသည်။
အဘက စ စကားပြောသည်။
''ဒို့လူစုပြီး နောက်ကလိုက်ကြမလား ''
ဗိုလ်မြင့်ဦး က ခေါင်းခါသည်။
''နေပါစေ၊ သွားကြပါစေ၊ ဒါနောက်ဆုံးတပ် ဖြစ်ပုံရတယ်၊ ဒီအတိုင်းဆိုရင် ကျွန်တော်တို့ နယ်မှာ ဂျပန်ကုန်ပြီ''
အဘက မကျေနပ်။
''ဒါပေမယ့် ဟိုနယ်ဘက်မှာ ၀င်မွှေရင်ကော''
ဝင်မွှေမယ် မထင်ဘူး၊ ကျွန်တော်တို့ လိုက်တိုက်မှ ဖြန့်ကွဲပြီး ရမ်းမွှေမယ့် ဘေးရှိတယ်၊ သူတို့ဘာသာသူတို့ ရိုးမထဲ ၀င်သွားပါစေ၊ ပေါက်ခေါင်းဘက်လည်း ဆတ်သားလွှတ်ထား ပြီးပြီပဲ၊ ဒီတော့ ခု ကျွန်တော်တို့ တာဝန် က သူတို့နောက်လိုက်ဖို့ မဟုတ်ဘူး၊ နောက်ထပ် ရောက်လာတဲ့ ရန်သူသစ်ကို ဘယ်လို ရင်ဆိုင် ရမလဲ… ဒါပဲဖြစ်တယ်….''
''ဘယ်လို ရန်သူသစ် ဟုတ်လား''
ဆရာက နားမလည်သယောင် မေးသည်။
ဗိုလ်မြင့်ဦးသည် ဗိုလ်စောလင်းအား တစ်ချက်အားနာသယောင် ကြည့်၍ ဆိုသည်။
'' အင်္ဂလိပ်တပ်တွေ ၀က်ထီးကန် ရောက်နေပြီ၊ အမြောက်သံတွေ ကြားကြတယ်မဟုတ် လား၊ ဗိုလ်စောလင်း ကိုတော့ အားနာပါတယ်၊ ဒါပေမယ့် ဒီတပ်တွေကို ဘယ်လိုသဘော ထားရမှန်း အတိအကျမသိခင် ရန်သူ လိုပဲ သတ်မှတ်ထားရမှာ''
ဗိုလ်စောလင်းမှာ အနေရအထိုင်ရကြပ်ပုံ ပေါ်သွားသည်။ မျက်နှာ၌လည်း စိတ်ထိခိုက်သွား ဟန်ပြ၏။ သို့ရာ တွင် စကားကိုမူ တည်ငြိမ်စွာ ပြောသည်။
''ကျုပ်သူတို့ လေထီးတပ်က ဟုတ်တယ်၊ ဒါပေမယ့် ဘီအိုင်အေ ဗိုလ်ဟောင်းတစ်ဦးပဲ၊ ကျုပ် သစ္စာခံ ထားတာက ဂျော့ဘုရင်မဟုတ်ဘူး၊ မြန်မာပြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပဲ၊ ပြီးတော့ ခင်ဗျားတို့နဲ့ ကျုပ်မခွဲဘူး၊ ခင်ဗျား တို့ အများ သဘောတူတာ ဆုံးဖြတ်ကြပါ။ ကျုပ်လိုက်နာမယ်''
ဗိုလ်မြင့်ဦး သည် စိတ်ထိခိုက်သွား၍ ဗိုလ်စောလင်းအား လက်ကိုဆွဲဆုပ်ကာ တောင်းပန်သည်။
''ကျွန်တော် စကားပြောမှားသွားတယ် ဗိုလ်စောလင်း၊ ခွင့်လွှတ်ပါ၊ ကဲ....အခု ဦးထွန်းနဲ့ သခင်သိန်းက အရေးကြီးတဲ့သတင်း ယူလာတယ်၊ သခင်သိန်းက ဒီတိုင်းရဲ့ နိုင်ငံရေး တာဝန်ခံကိုယ်စား လာတာပဲ၊ အဲဒါဆွေးတွေဆွေးနွေးကြရအောင် တောင်ပေါ်ပြန်သွား မယ်''
သိုက်တွင်းရှိရာ ဂူမှာ ဆရာတို့၏ ယာယီစခန်းဖြစ်သည်။ ဂူတွင်းတစ်နေရာတွင် ဖိုထားသော မီးပုံဘေး၌ ဆရာ တို့ အားလုံး ၀ိုင်းထိုင်၍ ဆွေးနွေးကြသည်။
သူတို့ ဆွေးသည့် စကားများကို ကျွန်တော် ကောင်းစွနားမလည်။ ကျွန်တော်မကြားဖူးသော နာမည်များနှင့် အသစ် အဆန်း ဖြစ်သော အသုံးအနှုန်းများ ပါ၏။
ငိုက်မြည်းချင်လာသော ကျွန်တော်၏ မျက်လုံးများသည် ဂူတစ်ထောင့်ဆီသို့ ရောက်သွားရာ မျက်လုံးကျယ် သွားသည်။
ဂူထောင့် ၌ ကျွန်တော်သည် ပေါက်ပြားကိုဆွဲကာ ဂူပြင်ထွက်ခဲ့သည်။
လူကြီး တို့ အလစ်၌ ခြတောင်ပို့ကြီးသည် အချွန်အတက်တို့ နှင့် တကယ့်နဂါးကြီးပမာ ရှိနေသည်။
ကျွန်တော် အနှစ်နှစ် အလလ တောင့်တခဲ့သော အလုပ်ကို လုပ်ရတော့မည်။
ယခင်က ဤခြတောင်ပို့ကြီးကို ဖြိုလိုသော်လည်း အေးအေးဆေးဆေး အခွင့်အရေးမရ။ လူကြီးများလည်း မပါ။ ယခုမူ မလှမ်းမကမ်း ၌ လက်နက်အပြည့်အစုံနှင့် ကျွန်တော်အား အကိုးဆုံး လူကြီးများ ရှိနေသည် မဟုတ်ပါလော...။
ကျွန်တော်က ခြတောင်ပို့ကြီးကို ခါးလယ်မှဖြတ်၍ အားရပါးရဖြိုသည်။ တောင်ပို့တွင်း၌ ညအချိန်အထိ အလုပ် များ ဟန်တူသူ ခြဖြူဖြူတို့ အရွရွ လှုပ်ရှားနေ၏။
အလယ်ပိုင်း နှင့် အမြီးပိုင်းကိုဖြိုပြီး မြေ၌အတန်နက်အောင် တူးမိသည်အထိ ကျွန်တော်လိုချင်သည်ကို မတွေ့။
နောက်ဆုံး တွင် ထုထည်အကြီးဆုံးနှင့် အခက်အခဲဆုံးဖြစ်သော ခေါင်းပိုင်းကိုတူးသည်။
ထိုအချိန် ၌ ခြဖြူဖြူတို့ မွမွကြဲနေပြီ ဘေးအန္တရယ် ရောက်မှန်းသိသော ဤသတ္တ၀ါတို့က ကျွန်တော့် ခြေထောက်များ ကို ကိုက်ကြသည်။ အချို့က ခြေထောက်မှသည် တစ်ကိုယ်လုံးနှံ့အောင် တက်ကြသည်။
လက်အံ သေလာခိုက် ပေါက်ပြားသွားသည် မာကျောသော အရာတစ်ခုကို ခိုက်မိ၏။
ကျွန်တော်ရင် မှာ တဒိုင်းဒိုင်း လှုပ်ရှားလာသည်။ အားလည်းတက်၍ လက်လည်းသွက် လာခဲ့သည်။
မြေများကို သတိကြီးစွာဖယ်ရင်း ငုံ့ကြည့်လိုက်သောအခါ ကျွန်တော်မှာ ကိုယ့်မျက်လုံး ကိုပင် ကိုယ်မယုံမိ...။
ကျွန်တော် တူးထား၍ လေးပေခန့် မြေအနက်၌ မာမာလုံးလုံးအရာကြီး တစ်ခုသည် ငုတ်တုတ်ကြီး ပေါ်နေ ၏။
ကျွန်တော် ၏ ၀မ်းသာခြင်းကား မဆုံးနိုင်ပြီ။
ခြသံ....။ အနှစ်နှစ်အလလ ကျွန်တော်ရှာခဲ့သော ...ခြသံ။
ဝမ်းသာဇောဖြင့် ကျွန်တော်သည် အဘကိုလှမ်းခေါ်သည်။
''အဘရေ....လာပါ....မြန်မြန်လာပါ။ ခြသံအောင်ပြီ ကျွန်တော်အောင်ပြီဗျ''
ပါးစပ်က အော်ရင်း အလုံးကြီးကိုမသည်၊ အလုံးကြီးသည် ကျွန်တော်ထင်သည်ထက် လေးသည်။
ကျွန်တော်အသံကြောင့် လူကြီးများ ပြေးထွက်လာသောအခါ ကျွန်တော်သည် အလုံးကို ထမ်းမိပြီးဖြစ်သည်။
''ဟေ့ကောင် ...လူကလေး ဘာဖြစ်တာလဲ အလန့်တကြား''
''အလန့်တကြားမဟုတ်ဘူး.... ကျုပ်အောင်ပြီဗျ''
လူကြီးတွေ အားလုံး ကျွန်တော့်စကား နားမလည်ကြ။
''ငယ်လေးရ...ဘာအောင်တာလဲကွ''
ကိုမြင့်ဦးက မေးသည်။
''ခြသံဗျ....ခြသံလေ''
''ဘာလဲ ခြသံလေ''
ကျွန်တော်သည် စိတ်မရှည်တော့။ ထို့ကြောင့် ''နားမလည်လည်း နေကြဗျာ.... '' ဟုဆိုပြီး မီးရောင်ရှိရာ ဂူတွင်း သို့ အလုံးကြီးထမ်းပြီး ပြေးခဲ့ရာ လူကြီးများ နောက်ကလိုက်လာသည်။
''နေပါဦး...သန့်ဇင်ရ ...ဘာတွေ တောက်တီးတောက်တဲ့ ပြောနေတာလဲ၊ ဘာလဲ...ခြသံ''
ဆရာ ကပါ ၀င်မေးသဖြင့် ကျွန်တော်က အလုံးကြီး၌ ကပ်လျက်ရှိသော မြေးစေးများကိုခွာ ရင်းရှင်းပြရသည်။
''ခြသံဆိုတာ...တုတ်ပြီး .ဓားပြီး...သေနတ်ပြီး....ကိုယ်ရောင်ဖျောက်လို့ရတဲ့ ....သံ''
လူကြီးများသည် ယုံရခက်၊ မယုံရခက်နှင့် ကျွန်တော်လုပ်သမျှ ကြည့်နေသည်။
အပေါ်ယံကပ်နေသော မြေစေးများကွာ၍ အတွင်းမှအရာ ပေါ်လာသောအခါ ကိုမြင့်ဦးသည် တဟားဟားရယ်သည်။
''ဘယ်မှာလဲ သန့်ဇင်ရ.... မင်းခြသံက စဥ့်အိုးကြီး၊ ဟား.....ဟား...ဟား...... ''
ကျွန်တော့်ဝမ်းသာမှု တို့ ပျောက်ကုန်သည်။ ယူကျုံးမရလည်း ဖြစ်လာသည်။
ကျွန်တော့် ရှေ့ မှ အရာသည် ကိုမြင့်ဦးပြောသကဲ့သို့ စဥ့်အိုးတစ်လုံး သာပါတကား။
ကျွန်တော် စိတ်ပျက်လက်ပျက် ငိုင်ကြည့်နေခိုက် အဘသည် လှုပ်ရှားလာသည်။
''ဖယ်စမ်း....ဖယ်စမ်း....ငယ်လေး..... ''
အဘသည် စဥ့်အိုးကို သေချာစွာစစ်ဆေးသည်။ ထို့နောက် စဥ့်အိုးဖင်ပိုင်းကို လှန်ကြည့်သည်။ စဥ့်အိုးဖင်၌ ကြက်ခြေခတ် အမှတ်အသား တစ်ခုပါသည်။
''ဟုတ်ပြီ...ဟုတ်ပြီ..... ''
အဘ သည် တုန်ယင်သောအသံနှင့် အော်သည်။
ကျန်လူအားလုံးက မျက်လုံးပြူးသွားကြသည်။
အဘကသာ မည်သူ့ကိုမျှ ဂရိုမစိုက်ဘဲ စဥ့်အိုးထိပ်မှ မြေများကို ဖယ်သည်။ မြေများကုန်သွားသော်လည်း အ၀မှာ အသေပိတ်ထားသည်။ အဘက ဓားနှောင့်နှင့် ဆောင့်ချလိုက်ရာ အဖုံးပွင့်သွား၏။
စဥ့်အိုးတွင်း လက်နှိုက် ၍ အဘထုတ်ယူလိုက်သော ပစ္စည်းများကို မြင်သော် အားလုံး၏ ပါးစပ်မှ ''ဟယ်..... '' ကနဲ ပြိုင်တူအော်မိကြသည်။
အဘလက်တွင်း၌ ရွှေတောင့်ရွှေခဲနှင့် အခြားလက်ဝတ်ရတနာ ပစ္စည်းများ......။
မည်သူမျှ စကားမပြောနိုင်ကြ။ အိပ်မက်မက်နေသည် ထင်ကြလားမသိ။ မျက်စိများ ပွတ်ကြည့်ကြ၏။
''ကျုပ် ဒါကိုပြန်ရှာနေတာကြာပြီ၊ အခုတော့ ကံမှန်လို့ ကျုပ်သားက ကြံကြံဖန်ဖန်တွေ့ တာပဲ''
ဆရာ ကိုအုန်းဖေ သည် ပထမဦးစွာ မေးသည်။
''ဒါတွေ ဘယ်က ပစ္စည်းတွေလဲ ဦးလေး''
အဘသည် ပစ္စည်းများကို အိုးတွင်းပြန်ထည့်၍ ရှင်းပြသည်။
''ဘယ်က ပစ္စည်းလဲ ဆိုတော့....ကျုပ်ရဲ့ပစ္စည်းတွေပဲ၊ ကျုပ်ဆရာစံဆီသွားပေါင်းတော့ .. ကျုပ်တို့ ဘိုးဘွား အဆက်ဆက် က စုဆောင်းခဲ့တဲ့ ရွှေနှစ်ပိဿ နဲ့ လက်ဝတ်လက်စားတွေပါ ယူသွားခဲ့တယ်၊ တိုက်ကြ ခိုက်ကြ ရင်း စစ်စရိတ် အဖြစ် ရွှေတစ်ပိဿကျော် ကုန်သွားတာပေါ့၊ နောက်....ကျုပ်တို့က အရေးတော်ပုံ ရှုံး တဲ့ အချိန် ကျုပ်ဒီနယ်ပြန်လာတယ်၊ ကုလားတပ်တွေကလည်း.... နောက်ကထက်ကြပ်ပေါ့''
အဘ သည် စဥ့်အိုးကိုပွတ်ရင်း ရှေးအခါက ရန်သူဘေးမှ ပြေးရသောသူ့ဘ၀ကို အမှတ်ရနေဟန်တူသည်။
''ကုလား တွေကလည်း နောက်ကလိုက်၊ ကျုပ်နောက်ပါ လူတွေကလည်း စိတ်ဓာတ်ပျက်နဲ့ ဆိုတော့....ကျန်တဲ့ ရွှေတစ်ပိဿကို တစ်ညသန်းခေါင်ကျော်မှာ ကတိုက်ကရိုက် နဲ့ ဒီတောင်ပေါ်မှာ မြှုပ်ထား ရတယ်၊ အထူးအမှတ်အသားတွေ ဘာတွေ လုပ်ချိန်လည်း မရဘူး၊ သိုက်တွင်း အနောက်ဘက် လောက် သာ အမှတ်ပြု ခဲ့ရတယ်''
အဘ သည် ခေတ္တနားသည်။ သူ့သဏ္ဍာန်မှာ ရင်နာဖွယ်တစ်စုံ တစ်ခုကို အမှတ်ရနေဟန်တူ သည်။
ဆက်ရန်
.
2 comments:
သားရွှေအိုး တူးမိတာပေါ့လေ။
ခြသံမရဘဲ ရွှေတွေပြန်ရလဲ မနည်းဘူးပဲ။
တပိသာတောင် ဆိုတော့ ... ခုခေတ် ပေါက်ဈေးနဲ့ဆို .... အင်း ... ဘယ်လောက်ပါလိမ့် :)
မမရွှေစင်..
လရောင်အောက် သဲချောင်းထဲမှာ စစ်ရှုံး ဂျပန်တပ်
ဆုတ်ခွာသွားပုံကို ဖတ်ရင်းနဲ့ မြင်ယောင်လာမိသလိုပဲ
တော်လှန်ရေးရဲ့ အနှစ်သာရသဘောတရားကိုလည်း
ခံစားကြည့် မိသွားပါတယ်။
ဗမာပြည်မှာ တော်လှန်စရာ လိုပါသေးသလား..။
Post a Comment