Sunday, January 9, 2011

ပဆစ်အိမ် အပိုင်း (၃၁)

ညိုမာ သည် ကြမ်းပြင်မှာ လက်ထောက်က တအားကျုံးအော်ပစ်လိုက်သည်
    'ရိုက်ပါ၊ ရိုက်ပါ။ သူများပျော်သလို မပျော်နိုင်တိုင်း၊ သူများ ပျော်ရွှင်တာကို ၀န်တိုတိုင်း အငြိုးနဲ့ ရိုက်နေတာ သိပါတယ်။ ကျေနပ်အောင် ရိုက်လိုက်စမ်းပါ'
    မာမီသည် ညိုမာ့စကားကြောင့် အံ့အားသင့်သလို ဖြစ်သွားရာမှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာ သည်။ တစ်ဘက်သို့ ချာခနဲ လှည့်ထွက်သွာ်းသည်။
    အမှန်ပြောရလျှင်တော့ ဒယ်ဒီနှင့် မသက်ဇင်အကြောင်းကို ညိုမာသိထားသည်မှာ ကြာပြီ။

    သင်္ကြန် လည်ကြတော့ မဆုံမည့်သာ မဆုံသည်၊ ကားက ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင်။
    သူငယ်ချင်း တွေက မသက်ဇင်နှင့် ဒက်ဒီ့အကြောင်းကို ပြောပြကြသည် ငပလီမှာ ဆိုလျှင်တော့ ရောဘတ် ကိုယ်တိုင် သူတို့အတွဲကို တွေ့ခဲ့သေးသည်ဟု သိရသည်။
    သို့ပေမယ့် ..... ဒက်ဒီ့ကို အပြစ်မတင်လို။

    ဒက်ဒီ ကိုယ်တိုင်သည်လည်း ညိုမာ့နှယ်ပင် မာမီ့ကို စိတ်ကုန်နေလိမ့်မည်ဟု ထင်ပါသည်။
    ကားသည် 'ရတနာအထူးကုဆေးခန်း'သို့ ရောက်လာသည်။ မာမီ့နာမည်ပြောတော့ တတိယထပ် တွင်ရှိသည်ဆို၍ ညိုမာတို့ ဓာတ်လှေကားနှင့် တက်ခဲ့ရသည်။
    စင်္ကြံလမ်း မှ ခုံတန်းရှည်ပေါ်တွင် ဒက်ဒီတစ်ယောက်တည်း ထိုင်နေသည်ကို တွေ့ရသည်။

    ခြေနှစ်ချောင်းကြားမှာ လက်ကို ထားကာ လက်ထဲတွင် စီးကရက်တစ်လိပ် ရှိနေသည်။ ဒက်ဒီသည် ခေါင်းငိုက်စိုက် ချထားသည်။
    ညိုမာ့ခြေသံ ကြားရသော်လည်း လှည့်မကြည့်။ ဒက်ဒီ့မျက်နှာညှိုးနေသည်။ နွမ်းနယ်ဟန် ပေါက်နေသည်။
    ညိုမာ က ဒယ်ဒီ့အနီးတွင် ကပ်၍ ထိုင်ချလိုက်သည်။

    'စိုးရိမ်ရသလား ဒယ်ဒီ'
    ခေါင်းညိတ်ပြသည်။
    'ဘယ်လိုဖြစ်တာလည်း'
    'ဒယ်ဒီ အိမ်ပြန်ရောက်တော့ မင့်မာမီ ဟာ ခါတိုင်းလို တံခါးလာဖွင့်မပေးဘူး၊ အိမ်ဖော် တစ်ယောက်က လာဖွင့် ပေးတယ်။ သူက မင့်မာမီ တစ်ခုခုဖြစ်သလားမသိဘူးပြောလို့ သွားကြည့်တော့ အိပ်နေတာ တွေ့ရတယ်။ နှိုး လို့မရဘူး၊ ခြေတွေလက်တွေ အေးစက်ပြီး တစ်ကိုယ်လုံး ပြာသလို ဖြစ်နေတယ်။ ဒါနဲ့ ဖေဖေ လဲ ကားပေါ်ပွေ့တင်ပြီး အနီးဆုံးဆေးခန်းကို ပို့ခဲ့ရတာပဲ'

    'သတိမရဘူးလား'
    'စောစော ကတော့ တစ်ကြိမ် သတိပြန်လည်လာသေးတယ်လို့ ပြောတယ်'
    အခန်းတံခါး ပွင့်လာသည်။ ဆရာမတစ်ယောက် ထွက်လာသည်။ အခန်းနံပါတ်ကို သည်အခါမှ သတိထား ကြည့်မိသည်။
    ၁၃....။
    မာမီ့အတွက် ကံမကောင်းဟု ညိုမာထင်လိုက်သည်။

    ညိုမာ မတ်တတ်ရပ်လိုက်သည်။
    'ဒီမှာ ဆရာမ'
    'ဟုတ်ကဲ့'
    'အထဲကို ၀င်ကြည့်လို့ ရမလားဟင်'
    'ဟင့်အင်း'
    'ကျွန်မ ဒေါ်ခင်မေမြိုင် ရဲ့သမီးပါ၊ ၀င်ပါရစေရှင်'
    'နေပါဦး၊ ခဏစောင့်ပါဦး'
    ဆရာမ သည် စင်္ကြံလမ်းအတိုင်း လျှောက်သွားသည်။

    မကြာမီ ဆေးပစ္စည်းအထုပ်အပိုးတစ်ခုနှင့် ပြန်ဝင်သွားသည်။
    ဒယ်ဒီ သည် စီးကရက်တစ်လိပ်ပြီးတစ်လိပ် ဖွာနေသည်။
    ညိုမာကတော့ လက်ချောင်းကလေးများကို အကြိမ်ကြိမ်ချိုးနေသည်။
    'ဒယ်ဒီ တို့ ကိစ္စကို သူသိသွားပြီလား'
    'အင်း၊ ဒီည ပဲ ဖွင့်ပြောလိုက်တယ်'
    ဒါကြောင့်ပဲ ဖြစ်မှာပါဟု ညိုမာတွေးမိသည်။

    မာမီ့ အတွက် စိုးရိမ်ပူပန်စပြုလာသည်။
    ယခုတော့ သွေးကပဲ စကားပြောလာလေသလားမသိ၊ နှမြောတသမှုတွေ၊ ၀မ်းနည်းပူဆွေးမှုတွေကို ခံစား လာရသည်။
    မာမီ သက်သာပါစေ ဆုတောင်းမိသေးသည်။
    သည်လိုနှင့် နံနက်လေးနာရီ ရှိလာသည်။ အခန်းနံပါတ် ၁၃ ၏ တံခါးသည် ပွင့်လာသည်။ ဂျူတီကုတ် ၀တ်ထားသော အမျိုးသမီးဆရာဝန်မသည် အခန်းထဲမှ ထွက်လာသည်။
    ဒက်ဒီ ရော ညိုမာပါ ထိုင်ရာမှ ထရပ်လိုက်ကြသည်။

    နွမ်းနယ်နေဟန်တူသော ဆရာဝန်မက တိုးညှင်းစွာ ပြောလိုက်သည်။
    '၀င်ကြည့်ချင် ကြည့်နိုင်ပါပြီ ဦးတင်မောင်သန်း'
    'သူ့..... သူ့အခြေအနေ'
    'သူ ဆုံးရှာပါပြီ'
    'အို... မြိုင်ရယ်...'

    အစသော် ညိုမာ၏ စိတ်မှာ ခပ်ပေါ့ပေါ့ပင်ဖြစ်သည်။ မာမီဆေးရုံရောက်ရသည်က မဆန်း၊  ဆေးရုံသို့ လိုက်တွေ့ခဲ့ ရဖူးသည်က အခါခါပင်၊ မာမီ ဆုံးပြီဆိုမှပင် ရုတ်တရက် အိပ်မက်မှ လန့်နိုးလာရသူလို ရှိသည်။ ရင်ဝ သို့ အလုံးကြီးတစ်လုံး ဒိန်းခနဲ လာဆောင့်သည်။
    ညိုမာသည် 'အမလေး မာမီရဲ့' အော်ဟစ်ငိုပစ်လိုက်သည်။ 'ညိုမာ တို့ကို တကယ်ခွဲသွားပြီလား မာမီ ရယ်'
    ဆရာဝန်မနောက်မှ ကပ်၍ လိုက်ပါလာသော သူနာပြု ဆရာမကို ညိုမာမကျေနပ်၊ ရန်သူသဖွယ် ကြည့်လိုက်သည်။ ရန်တွေ့စကားဆိုသည်။

    'စောစောက ဘာလို့ ၀င်ကြည့်ခွင့် မပေးတာလဲဟင်၊ ခုဆို အသက်တောင် မမှီလိုက်ရတော့ပါလား ရှင်'
    သူနာပြု ဆရာမက အေးဆေးစွာပင် တုံ့ပြန်လာသည်။
    '၀မ်းနည်း ပါတယ်၊ လူနာ က သူ့ဆီကို သူ့ခင်ပွန်းရော သမီးပါ ၀င်တွေ့ခွင့် မပေးကြပါနဲ့ လို့ တားမြစ် ထားခဲ့လို့ပါ'
    ညိုမာ သည် ကြားလိုက်ရသော စကားအတွက် ကြက်သေ သေသွားသလို ရှိသည်။ မင်သက်သွားမိသလို ရှိသည်။ ရင်ထဲမှာ နင့်သွားကာ လည်ချောင်း တွင် တစ်ဆို့လာသည်။
    ဦးတင်မောင်သန့်သည် ခေါင်းငိုက်စိုက်ကျကာ မျက်ရည်တွေ ရစ်ဝဲနေရာမှ လှိုက်လဲတုန်ရီ စွာ ပြောလိုက် သည်။

    'ဒါ... တို့များကို သူ လက်စားချေသွားတာပဲ၊ အင်မတန် ထိရောက်ပြင်းထန်လှတဲ့ လက်စားချေမှုပါပဲ မြိုင် ရယ်...'
    ရှေ့ပိုင်းက ပြောခဲ့ပါသည်။
    ပဆစ်ဝိုင်း တွင် 'တစ်စိတ်'သည် အင်အားအရှိဆုံး၊ 'တစ်စိတ်'ပစ်နိုင်မှ 'ကြွေနိုး'သည် အကွက်အစိတ်အထိ ပေးခွင့်ရှိသည်။ သို့သော်... 'တစ်စိတ်'ချည်း သုံးခါ ဆက်တိုက်ကျပြန်တော့ တစ်မှတ်မရ။
    'ကန်း'လေသည်။ 'သေ'လေသည်။

    ဒေါ်ခင်မေမြိုင် ၏ ဘ၀အစများသည် အကောင်းချည်းဖြစ်သည်။ ပင်ကိုယ်ကတည်းက ချမ်းသာ လာခဲ့သည်။ လိုလားတောင့်တအပ်သော ချစ်သူကို ရခဲ့သည်။ အခက်အခဲတွေ အကြားမှ သမီးကို မွေးဖွား ပေးနိုင်ခဲ့ သည်။
    ပဆစ်စကားနှင့် ပြောရလျှင်တော့ 'တစ်စိတ်ချည်း'သုံးခါဆက်တိုက် ပစ်နိုင်ခဲ့သည့် ကြွေသမား။
    သို့သော်... ထို့ကြောင့်ပင် ဒေါ်ခင်မေမြိုင်၏ ကြွေသည် 'ကန်း'ခဲ့လေသည်။ 'သေ' ခဲ့လေသည်။
    ပဆစ်ဝိုင်း မှာ ကြွေပစ်သမား ကောင်းတိုင်းလည်း နိုင်လေ့ရှိသည်မဟုတ်။

    ဒေါ်ခင်မေမြိုင် သည် ကြွေပစ်သမားကောင်း ဖြစ်သော်လည်း ပဆစ်ဝိုင်းတွင် အင်အား အသေးဆုံး ဖြစ်သော 'ပါ' ဖြင့် 'အစား'ခံခဲ့ ရလေပြီတည်း။ 'သုံးစားပါကျ' ဖြစ်ခဲ့ရလေပြီတည်း။

×         ×        ×

    အိမ်သို့ ပြန်ရောက်သောအခါ အချိန်မှာ နံနက် လေးနာရီခွဲ ရှိနေပြီဖြစ်သည်။
    အိမ် မှာ ဦးတင်မောင်သန့်နှင့် ညိုမာသန့် နှစ်ယောက်တည်း။
    အိမ်သို့ ရောက်ပြီဆိုလျှင်ပင် ဦးတင်မောင်သန့်သည် 'ဘားကောင်တာ'သို့ တန်းတန်းမတ်မတ် သွားသည်။ အရက်ပုလင်း ကို ယူသည်။ ဖန်ခွက်ထဲသို့ လက်နှစ်လုံးခန့် လောင်းထည့်လိုက်သည်။
    'ဒယ်ဒီ ကို ခွင့်ညွှတ်ပါ ညိုမာ ဒယ်ဒီအဖို့ ဒါဟာ လိုအပ်နေတယ်'
    ဦးတင်မောင်သန့်က လှမ်း၍ ခွင့်တောင်းသည်။

    'ညိုမာ နားလည်နိုင်ပါတယ် ဒယ်ဒီ'
    ညိုမာသန့်သည် ဆိုဖာတစ်လုံးတွင် ၀င်ထိုင်လိုက်သည်။
    ဒယ်ဒီ့အဖို့ကတော့ သောကကို ဖြေသိမ့်စရာ သို့မဟုတ် မေ့ပျောက်ပစ်စေနိုင်သောအရာ ရှိနေခဲ့ပြီ။ ညိုမာ့ အဖို့ကျတော့ကော...။
    ညိုမာ ဘာလုပ်ရမည်မသိ။
    ရင်ထဲမှာ တစ်မျိုးကြီးပါပဲ။
    လွတ်နေသလို၊ ဟာနေသလို ရှိသည်။
    တစ်စုံတစ်ရာ လိုအပ်နေသလို ရှိသည်။

    ညိုမာ့ရှေ့မှာ စားပွဲပေါ်တွင် မာမီ နံနက်က ထိုးထားခဲ့သော ပန်းအိုးရှိသည်။ ပန်းများသည် လန်းလန်း ဆတ်ဆတ် ပင် ရှိနေသေးသည်။ ခရမ်းရောင် သစ်ခွပန်းကို တောက်တဲ့ လက်ဝါးခက်များဖြင့် ရောစပ် ထိုးထားခြင်းဖြစ်၍ အစိမ်းရင့်ထဲတွင် ပန်းနုရောင် ပန်းပွင့်သည် ထင်းနေသည်။
    ဘုရားစင် မှာတော့ ညောင်ရေအိုး။ ပန်းတွေ ဝေနေသည်။ သစ္စာပန်းများ ဖြစ်သည်။ ပွင့်တစ်လီ၊ ဖူးတစ်ချို့၊ ငုံတဖြာဖြင့်။
    သည်သို့ပင် မာမီ့ဘုရားစင်သည် အစဉ်လို ပန်းတွေနှင့်ဝေမြဲ။

    မာမီ အနှစ်ခြိုက်ဆုံး အရောင်ဖြစ်သည့် မီးခိုးရောင် ဇာခန်းဆီးစသည် နံနက်ခင်း လေညှင်းမှာ လွင့်တော့ မယောင် မလွင့်တော့မယောင်နှင့် ယိမ်းနွဲ့ ရုံသာ ကစားနေသည်။
    အပြင် မှာ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်လောက် ပူပန်ခဲ့ ပူပန်ခဲ့၊ မာမီ့ ဧည့်ခန်းအတွင်း ၀င်မိလျှင် ပြေပျောက်မြဲ။ ဧမြမြဲ။ စိတ်ချမ်းမြေ့ရမြဲ။
    မာမီ ထိုင်နေကျ အခန်းထောင့် ဆိုဖာဘေးမှ ခုံပုကလေးပေါ်တွင် 'ဓမ္မပဒ'စာအုပ်သည် တစ်ဝက်တစ်ပြက် ပွင့်နေသည်။ မာမီ၏ အရိပ်သည် ထိုနေရာမှ ထင်ဟပ်နေသလို ရှိသည်။
    ညိုမာ အိမ်သို့ ပြန်ရောက်လေတိုင်း စိတ်ချလက်ချ ရှိသွားဟန်ဖြင့် မသိမသာ သက်ပြင်းရှိုက်ဟန်ကို မြင်ယောင် မိသည်။

    ညိုမာ အပြင်သို့ ထွက်တော့မည်ဆိုလျှင်လည်း စိုးရိမ်မကင်းသည့် မျက်ဝန်းညိုကြီးများဖြင့် စောင့်ကြည့် နေတတ်မြဲ။
    ညိုမာသည် မာမီ့ကို ဖျက်ခနဲ သတိရကာ 'အစ်'ခနဲ တစ်ချက် ရှိုက်လိုက်သည်။
    ဒယ်ဒီ သည် ညိုမာ့ဘေးသို့ ရောက်လာသည်။
    ပခုံး ကို နှစ်သိမ့်မှုပေးသလို ဆုပ်ကိုင်ဖျစ်ညှစ်လိုက်သည်။

    တယ်လီဖုန်း မြည်လာသည်။
    မာမီ့အခန်း ထဲမှာ ဖုန်းရောက်နေသည်။
    ညိုမာသည် မာမီ့အိပ်ခန်းထဲ သို့ ၀င်ခဲ့သည်။ မာမီ့အိပ်ရာတွင်ဝင်ထိုင်ကာ စကားပြောခွက်ကို ကောက်ယူ လိုက်သည်။
    'ဟယ်လို'
    'ဟယ်လို... ညိုမာလား...'
    'ဟုတ်ပါတယ်'
    'ရူဘီ ပါ ညိုမာ၊ အခုပဲ ရောဘတ် ပြန်ရောက်လာတယ်၊ ယူ့မာမီ သတင်းကို ကြားရတယ်။ ရူဘီ စိတ်မကောင်း ပါဘူးကွာ'
    ညိုမာ့ရင်ထဲမှာ ဆို့တတ်လာသည်။ ဘာမျှ ပြန်မပြောနိုင်။

    'မင်း ငိုနေသလား'
    'အင်း'
    'အေးပေါ့ ငိုရမှာပေါ့၊ ရောဘတ်က သူလည်း စိတ်မကောင်းတဲ့အကြောင်း ပြောပေးပါတဲ့။ ဒါပါပဲ သူငယ်ချင်း ရယ်၊ မင်းကို ကိုယ်ဆက်ပြီး အနှောင့်အယှက် မပေးချင်တော့ပါဘူး။ တစ်ခုပဲ ... ငိုလိုက်၊ အားရအောင် အော်ငိုလိုက် သိလား၊ ဒါမှ မင့်ရင်ထဲ ပေါ့သွားမှာ'
    တစ်ဘက် က စကားပြောခွက်ကို ချသွားသည်။

    ညိုမာသည် စကားပြောခွက်ကို လေးလံစွာ ပြန်ချသည်။
    ရူဘီ၊ ရူဘီ။
    သူတို့ အသိုင်းအ၀ိုင်းထဲ ဆွဲသွင်းခဲ့တဲ့ ရူဘီ။
    ညိုမာ့ ကို  စတင်ဖျက်ဆီးခဲ့သည် ရူဘီ။
    ကျောင်းပြေးတတ်အောင်၊ ရုပ်ရှင်ခိုးကြည့်တတ်အောင် သင်ခဲ့တဲ့ ရူဘီ။
    'မိန်းမ ဆိုတာ လင်ကိုဘုရားတစ်ဆူ ဂူတစ်လုံးလို ကိုးကွယ်ရတဲ့ခေတ်ကုန်ပြီ။ သူတို့အတွက် ထမင်းချက် ကျွေးဖို့၊ အ၀တ်လျှော်ပေးဖို့၊ အိပ်ရာခင်းပေးဖို့ သက်သက်ချည်း မိန်းမ ဆိုတာလူ့လောကမှာ လူလာ ဖြစ်တာ မဟုတ်ဘူး၊ မိန်းမဆိုတာ လူသားထဲက လူသား တစ်ယောက်ပဲ၊ ယောက်ျားတွေနဲ့ ရင်ဘောင်တန်း ရမယ်၊ ယောက်ျားတွေရနေတဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ မှန်သမျှ မိန်းမတွေလဲ ရရမယ်' ဆိုခဲ့တဲ့ ရူဘီ။

    သည် ရူဘီကို ခုနှစ်တန်းနှစ်ကတည်းက ညိုမာ သိခဲ့သည်။
    သိစကတော့ မျက်နှာကြောမတည့်လှ။
    သို့သော် ရူဘီသည် ညိုမာ့ ကို အတင်းကပ်သည်။ ရင်းနှီးအောင် ကြိုးစားသည်။ သည်လိုနှင့် အားနာ ပါးနာ ခင်ခဲ့ရသည်။
    ခင်မိတော့လည်း ရူဘီသည် မဆိုးလှဟု ထင်သည်။
    ရူဘီ နှင့် ခင်ရသည်မှာ ရင်ခုန်ချင်စရာတွေနှင့်လည်း ကြုံရသည်။ ဘေးအန္တရာယ်မှ သီသီကလေး လွတ်ကင်း ရသည်မျိုးလည်း ရှိသည်။
    ရူဘီ၏ စိတ်ထားကတစ်မျိုးပင်။

    အဆန်းတကြယ်ကလေးတွေ လုပ်တတ်သည်။ စွန့်စားခန်းကလေးတွေ၊ ရင်ခုန်ရတာ ကလေးတွေကို၊ ရင်ခုန် ရတာ ကလေးတွေကို လုပ်ချင်လေ့ရှိသည်။
    စနေနေ့ ဗိုလ်ချုပ်ဈေး ရောက်တော့ ရတနာဆိုင်သို့ ၀င်သည်။ လက်ဝတ် လက်စားတွေကို ထုတ်ပြ ခိုင်းသည်။
    သည်အကြားမှာ ရူဘီသည် စိန်လက်စွပ်တစ်ကွင်းကို ယူကြည့်သည်။ ပြန်မပေးဘဲ ညိုမာ့အား ကမ်းပေး သည်။
    'မင်း လက်ပွေ့အိတ်ထဲ ထည့်ထားလိုက်'
    ညိုမာ ငြင်းပယ်မည် ပြုသည်။

    'ရှူး ဆိုင်ရှင်တွေ့တော့မယ်၊ မြန်မြန်ထည့်'
    ညိုမာ ယောင်မှားပြီး လက်ပွေ့အိတ်ထဲ ထည့်သည်။
    ပြဿနာ က ဆိုင်မှ အထွက်တွင် စသည်။
    ညိုမာ တို့ ဆိုင်မှ ထွက်မည်ပြုသောအခါ ဆိုင်ရှင်က ရှေ့မှ တားဆီးလိုက်သည်။
    'ကလေး တို့ ခဏနေကြပါဦး'
    'ဘာဖြစ်လို့လဲ ရှင်'

    'ကလေး တို့ အသက်အရွယ်၊ ကလေးတို့ ရုပ်ရည်နဲ့ ဒါမျိုးမလုပ်သင့်ဘူး'
    'အို... ကျွန်မတို့ ဘာလုပ်လို့လည်း'
    ရူဘီ က နှုတ်တုံ့ပြန်နေပေမယ့် ညိုမာကတော့ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ချွေးပြန်နေသည်။ ခြေဖျား လက်ဖျား တွေ အေးစက်နေသည်။
    'ကလေးတို့ လက်ပွေ့အိတ် ပြစမ်းပါ'
    ညိုမာက ကမ်းမပေးခင်မှာပင် ဆိုင်ရှင်က လက်ပွေ့အိတ်ကို ဆွဲယူပြီး ဖြစ်နေသည်။
    ဖွင့်ရှာတော့ လက်စွပ်ကို တွေ့သွားသည်။

    ရူဘီကတော့ မျက်နှာထား တင်းတင်းနှင့်ပင်။
    ညိုမာ ကတော့ အတောင်ပံပါလျှင် မိုးသို့ ပျံတတ်လိုက်ချင်သည်။ မြေကို ခွဲ၍ ၀င်ရောက်လိုက်ချင်သည်။
    'မင်း တို့ အပြစ်ကို ၀န်ခံမလား'
    နှစ်ယောက်စလုံး ဘာပြောရမည် မသိ။
    'ရဲစခန်းကို တိုင်လိုက်ရမလား'
    'ဟင့်အင်း... ကျွန်မတို့ သက်သက်အပျော်လုပ်တာပါ၊ ကျွန်မ တို့ မိကောင်းဖခင် သားသမီးတွေပါ'
    ညိုမာက အလျင်စလို ၀င်ပြောရသည်။

    'ဒါနဲ့များကွယ်'
    'မယုံရင် ဖုန်းဆက်ကြည့်ပါ။ ကျွန်မဖေဖေက ဦးတင်မောင်သန့်၊ မေမေက ဒေါ်ခင်မေမြိုင်'
    'ရွှေတောင်ကြားလမ်း က ဒေါ်ခင်မေမြိုင်လား'
    'ဟုတ်ပါတယ်'
    'ဒါဆို တို့များဖောက်သည်ပဲ၊ စုံစမ်းကြည့်မယ်လေ၊ ဖုန်းနံပါတ်ပေး'
    ညိုမာ တယ်လီဖုန်းနံပါတ် ပေးလိုက်သည်။
    မကြာမီ မာမီ ပေါက်ချလာသည်။

    တော်ပါသေးသည်။
    ဆိုင်ရှင် က သဘောကောင်းပေလို့ အကျယ်အကျယ် မငြိမ်းဖွယ်တွေ မဖြစ်ခဲ့။
    သို့သော် ညိုမာ သည် သည်အဖြစ်အတွက် ရူဘီတစ်ယောက်တည်းအပေါ် ပုံမချလို။ လုပ်ရဲလျှင် ခံရဲရမည် ဟူသော အသိဖြင့် အပြစ်တင်မှု ကို ဝေမျှ ခံယူလိုက်သည်။

ဆက်ရန်
.

5 comments:

မေဓာဝီ said...

မြိုင်ဆုံးသွားပြီကိုး ... သနားပါတယ်။
ညိုမာတော့ နောင်တ ရနေပုံပဲ ... ။
မသက်ဇင်ရော စိတ်ကောင်းနိုင်ပါ့မလား ... လိပ်ပြာသန့်သန့်နဲ့ ဦးတင်မောင်သန့်ကို လက်ထပ်နိုင်အုံးမလား မသိဘူးနော် ...

susu said...

မြိုင့်ခမျာခုမှဝဋ်ကျွတ်သွားတာဘဲ..နို့မို့ဆိုရင်ဒီလင်နဲ့..
ဒီသမီးနဲ့.ရှေ့ဆက်ပြီးဘယ်လောက်ခံစားရရှာအုံးမလဲမသိဘူး..တ
ကိုယ်‌ကောင်းဆန်တဲ့သားအဖ‌တွေ..အ‌မေမရှိ‌တော့မှတန်ဘိုးထားရ‌ကောင်းမှန်းသိလာလိမ့်မယ်...နှစ်‌ယောက်စလုံး‌မေတှာစူး‌တော့မှာဘဲ..။

Anonymous said...

ညိုမာသန့်က ဖတ်ရင်းဖတ်ရင်းအမြင်ကပ်ဖို့ ကောင်းလာတယ်။ဇာတ်လမ်းထဲက ခေတ်ဆိုတော့ ညိုမာသန့်က ကျွန်မတို့အမေအရွယ်ပဲ။ ဒီလောက် ကဲစရာ နန့်စရာလား။ အခုခေတ်နိုင်ငံခြားမှာနေနေတဲ့ သူ့သမီးအရွယ်တွေတောင် သူ့စရိုက်ကို အဘခေါ်ရတယ်။ အနန့်တကာထွဋ်ခေါင် ကြက်များနောင် ပဲ။

ဖိုးတာတီး said...

မြိုင့်ရဲ့ကျန်းမာရေးကြောင့် ပထမကတည်းကဆရာဝန်က သိပ်မကြာခင်(မခံတော့ပါဘူး/မကြာခင်လောကကြီးက)သွားရတော့မှာပါလို့ပြောနေတာတောင်ဂရုဝိုင်းမစိုက်ကြပဲ ရက်ရက်စက်စက်ပစ်ထားကြပြီးမှ ခုမှတော့ဘာပဲလုပ်လုပ် ဦးတင်မောင်သန့်နဲ့ညိုမာသန့်ရေ..အရာထင်ဖို့မရှိပါဘူး ကွယ်.(တကယ်ဆိုရင် ဦးတင်မောင်သန့်ကလဲ ကျေးဇူးရှင်ဇနီးကို/ ညိုမာသန့်ကလဲအသက်နဲ့လဲပြီး မွေးပေးခဲ့တဲ့ ကျေးဇူးရှင်မေမေကို //တနည်းအားဖြင့် ဘ၀ရဲ့နောက်ဆုံးအချိန်ကိုရောက်နေတဲ့သူတယောက်ကို//ဟန်ဆောင်ပန်ဆောင်လေးတော့ ကျေနပ်အောင် ထားပေးသင့်ပါတယ်ဗျာ) ....ကျနော့်အမြင်သာဖြစ်ပါသည်ခင်ဗျာ....

ကိုဇော် said...

ဒေါ်မြိုင့်အတွက် ဝဋ်ကျွတ်တာပေါ့လေ။
သရက်ပင်နားမှာ ခွေးတောက်ပင်တွေ စိုက်လို့ ခါးသွားရတဲ့ ဆိုတဲ့ ဥပမာမျိုးပဲ။ ဆက်အဆက်ဆက်အထိ ရှိနေဦးမှာပါ။ ကိုယ်တိုင်က မြင်တတ် ရုန်းထွက်နိုင်တတ်ရင်တော့ ကောင်းမှာပေါ့။