Friday, January 14, 2011

ပန်းသတင်း (မောင်သန်းဆွေ (ထားဝယ်))

ဒုတိယသမီးတော်အရိုးပြာ
ရန်ကုန်သို့ ရောက်ရှိလာခြင်း

သီပေါမင်းတရား ၏ ဒုတိယသမီးတော်သည် သက္ကရာဇ် ၁၂၄၃ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၂) ရက်၊ ကြာသပတေးနေ့၊ ညဉ့် (၁) ချက်တီးကျော်၊ နာရီပြည့် (၃) ပါဒ်၊ (၁၃) ဗီဇနာ၊ (၅)ပြန်၊ (၂) ခရာအချိန်တွင် ဖွားမြင်တော်မူသည်။ ဘိုးတော်မင်းတုန်းမင်း တရားကြီး၊ နန်းမြို့တည်ပြီး (၂၂) နှစ်ကြာမှ ဖွားတော်မူခဲ့သည်။ မန္တလေးနန်တွင်း ချက်မြုပ် မန္တလေးသူစစ်စစ် ဖြစ်ပါသည်။ ခမည်းတော် သီပေါမင်းတရားနန်းစပြီး (၃) နှစ်အကြာတွင် ဖွားတော်မူခဲ့ခြင်းဖြစ်၏။ 'အရှင်ထိပ်စုမြတ် ဘုရားလတ်' ဟု အမည့် ခေါ်ခဲ့သည်။ သို့ရာတွင် 'ဒုတိယသမီးတော်' ဟူ၍သာ တွင်ခဲ့သည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ (၄)နှစ်သမီးအရွယ်တွင် ခမည်းတော်နှင့် မယ်တော် (၂) ပါး၊ အစ်မတော် မြတ် နှင့် အတူ အိန္ဒိယ သို့  ပါတော်မူခဲ့ရရှာသည်။

ဒုတိယသမီးတော် သည် ရတနာဂီရိတွင် ကြီးပြင်းလာရာ အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော် သို့ ရောက်ခဲ့သည်။ ရတနာဂီရိ တွင် လာရောက်ခစားနေသော အမြောက်ဝန် နှင့် မှန်သာကြီး အပျိုတော် တို့ တွင် ခင်မောင်လတ် ဟူသော ဒုတိယသား ပါလာသည်။ သူသည် ဒုတိယသမီးတော် ထက် အသက်(၆)နှစ်ငယ်သည်။ မြန်မာပြည်ပုလိပ် (ရဲ)ဘက်တွင် အရာရှိအဖြစ် အမှုထမ်း နေရာမှ အလုပ်ထွက်ပြီး မိဘနှစ်ပါး နှင့် ရတနာဂီရိသို့ ပါလာဆက်ခဲ့ကြသည်။ (ခိုးရာလိုက်ကြပြီးမှ နိုင်ငံရေး အရာရှိ မစ္စတာ အိဒ် အားပေးအားမြှောက် ဖြင့် လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။) နယ်ချဲ့ အစိုးရက ထောက်ပံ့ကြေး တစ်လ ရူပီ (၁) ထောင် ပေးထားသည်။ ခင်မောင်လတ် ကို ဒုတိယသမီးတော် ၏ မြောက်သားတော်ဖြစ်၍ 'လတ်သခင်' ဟု ခေါ်ကြသည်။

သီပေါမင်းတရားသည် ဒုတိယသမီးတော်၏ အရေးကိစ္စကြောင့် စိတ်ထိခိုက်ရပြီး နတ်ရွာစံသည်ဟု အဆို ရှိသည်။ သို့ကြောင့် အရှင်နန်းမတော်ဘုရား (စုဖုရားလတ်) က ဒုတိယသမီးတော်တို့ ဇနီးမောင်နှံကို မျက်နှာ လွှဲတော်မူသည်။ ဒုတိယသမီးတော် တို့ မောင်နှံသည် ကာလကတ္တား မက္ကလိုက်လမ်းတွင် နေထိုင်ကြသည်။ မယ်တော်နှင့်အတူ မြန်မာပြည်ပြန်ရန် ငြင်းဆိုခဲ့သည်။ သူ့ပင်စင်လစာငွေကို ရပြီ (၃) ထောင်အထိ တိုးမြှင့်ပေးရန် ဘင်္ဂလားပြည်နယ် အာဏာပိုင်များထံ (၂-၇-၁၉၇၁) နေ့စွဲဖြင့် တောင်းဆိုခဲ့သည်။ မရရှိပါ။ ကာလကတ္တား တွင် နေထိုင်ခွင့်ပြုသော်လည်း ပင်စင်လစာကို ၁၉၁၈ ခု၊ မတ်လ (၁၀) ရက်နေ့မှစ၍ ရူပီ (၃၀၀) သို့ လျှော့ချ လိုက်သည်။ နောက်ပိုင်းတွင် ပင်စင်ရူပီ (၂၀၀) သာ ရရှိတော့သည်။ သူတို့မောင်နှံသည် ကာလကတ္တား မှ ဒါဂျီလင်သို့ လည်းကောင်း၊  ထိုမှတစ်ဆင့် ကလင်ပုံ သို့လည်းကောင်း ပြောင်းရွှေ့ နေထိုင် ကြသည်။

သူတို့တွင် သားတော်၊ သမီးတော် မထွန်းကားပါ။ (အရှင်နှစ်ပါး လက်ထက်တော်၊ ရတနာဂီရိစံအိမ်တော်မှ နီပေါလူမျိုး စားဖိုမှူး ၏ သား နှင့် သမီး ကို မွေးစားခဲ့သည်။ မောင်လူကြီးတို့ မောင်နှမဖြစ်၏။) ကလင်ပုံတွင် နွားမွေးမြူရေး လုပ်ငန်း နှင့် နို့ချက်လုပ်ငန်း လုပ်သည်။ ဒုတိယသမီးတော်၏  မြောက်သားတော် လတ်သခင် သည် ၁၉၅၅ ခု၊ ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် ကလင်ပုံ ၌ ကံကုန်သွားသည်။ ဒုတိယသမီးတော်ကမူ ၁၉၅၆ခု၊ ဧပြီလ (၄) ရက် နေ့တွင် ကာလကတ္တား၌ ကံကုန်တော်မူသည်း

ခရစ်နှစ် ၂၀၀၅ ခုနှစ်၊ အစပိုင်းတွင် အိန္ဒိယပြည်၊ မွန်ဘိုင်းမြို့မှ မစ္စစ်ဆူဒါရှားဆိုသူနှင့် စာရေးသူတို့ အဆက်အသွယ် ဖြစ်ခဲ့ပါသည်။ ရန်ကုန်မြို့မှ အငြိမ်းစားတက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး၊ ဒေါက်တာသော်ကောင်း ၏ သား စာအုပ်ဆိုင် သို့ မစ္စစ်ဆူဒါရှားက အီးမေးလ်နှင့် ဆက်သွယ်ခဲ့သည် ဆို၏။ သူသည် ရတနာဂီရိ မှ သီပေါမင်းတရား ၏ မိသားစုအကြောင်းကို စာအုပ်တစ်အုပ်ရေးရန် သုတေသန ပြုနေကြောင်း၊ သို့ဖြစ်၍ ဤကိစ္စနှင့် ပတ်သက်ပြီး သူမေးနိုင်မြန်းနိုင်မည့်ြ့မန်မာပြည်မှ လူများကို ဆက်သွယ် ပေးပါ ဟု ပြောသည် ဆုပါသည်။ ဒေါက်တာသော်ကောင်း က ရန်ကုန်မြို့တွင်နေသော ဦးစိန်မောင်ဦး (ရှေးဟောင်းသူတေသနဌာန- အငြိမ်းစား) နှင့် ပထမ ဆက်သွယ်ပေးသည်။ ဦးစိန်မောင်ဦး ကလည်း စာရေးသူ နှင့် လည်း ဆက်သွယ်ရန် မစ္စစ်ဆူဒါရှား ကို ပြောပြလိုက်သည် ဆိုပါသည်။ သို့ကြောင့် သူမသည် ရန်ကုန်ရှိ စာရေးသူ၏ အိမ်အီးမေးလ် မှ တစ်ဆင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

သူမနှင့် အဆက်အသွယ် ရ၍ သူမ မေးမြန်းသမျှကို ဖြေခဲ့ပါသည်။ ကြိုးစား၍ မှန်ကန်ုနိုင်သမျှ မှန်ကန်ရန် လည်း ဖြေပေးသည်။ အဘယ်ကြောင့်ဆိုသော် သူမက အင်္ဂလိပ်လို စာအုပ်ရေးမည် ဖြစ်၍ သူမစာအုပ်သည် ကမ္ဘာ သို့ ပျံ့နှံ့မည်ဖြစ်ရာ မြန်မာတို့၏ နောက်ဆုံးဘုရင်မိသားစုအကြောင်း ကို အမှန်ကန်အတိုင်း ကမ္ဘာက သိစေချင်ပါသည်။ (ယခင်က နယ်ချဲ့ဗြိတိသျှ အလိုတော်ရိများ ရေး သားထားသည်များကိုသာ ကမ္ဘာက သိခဲ့ရသည်။) ဖြစ်နိုင်က သူမအနေဖြင့် မြန်မာပြည်သို့ လာသင့် ကြောင်း၊ မြန်မာပြည်တွင် သက်ရှိထင်ရှား သီပေါမင်း၏မြေးတော်------------------------- ပါး ရှိသေးကြောင်း၊ ထို့ပြင် နောက်ခံသမိုင်းကို ပြောပြနေသည့် မန္တလေး တွင် အသစ်ပြန်ဆောက် ထားသော မြနန်းစံကျော် ရွှေနန်းတော်ကြီးကိုလည်း လေ့လာ သင့်ကြောင်း စသည်ဖြင့် အကြံပေး လိုက်ပါသည်။

သူမသည် ၂၀၀၅ ခုနှစ်၊ မတ်လထဲတွင် ရန်ကုန်သို့လာပါသည်။ ရန်ကုန်တွင် သီပေါမင်းတရားမြေးတော် ထိပ်စုဘုရားကြီး နှင့် လည်းကောင်း၊ တော်ဘုရားကလေးနှင့်လည်း ကောင်း၊ ဦးစိန်မောင်ဦး နှင့် လည်းကောင်း၊ စာရေးသူနှင့်လည်းကောင်း တွေ့ဆုံသွားပါသည်။ မန္တလေးသို့သွား၍ မြနန်းစံကျော် ရွှေနန်းတော်ကြီး ကိုလည်း ကြည့်သည်။ ပြင်ဦးလွင်သို့သွား၍ မြေးတော်တစ်ပါးဖြစ်သော တော်ဘုရား နှင့် လည်း တွေ့ဆုံမေးမြန်းခဲ့သည်။ မန္တလေးမှ ပြန်လာသောအ ခါ စာရေးသူနှင့် လာတွေ့ပါသေးသည်။

နောက်တစ်ခေါက် ပြန်လာဦးမည်ဟု ပြောသွားပါသည်။ အိန္ဒိယရှိ သူမနေထိုင်သည့် မွန်ဘိုင်းမြို့သည် ယခင် က ဘုံဘေမြို့ဖြစ်သည်။ ရတနာဂီရိနှင့် မဝေးပါ။ သို့ကြောင့် သူမသည် ရတနာဂီရိသို့ အကြိမ်ကြိမ် ရောက်ဖူးသည်။ ရတနာဂီရိရှိ မြေးတော် တုတု နှင့် အဆက်အသွယ် ဟူသမျှ ကိုလည်း မေးမြန်း လေ့လာ ပြီးပါပြီ။ ရတနာဂီရိကောလိပ်တော် အရာရှိရုံးမှ စာရွက်စာတမ်းဟူသမျှကိုလည်း မွှေနှောက်ပြီးပြီ။ ထိုစဉ်က ရတနာဂီရိ ကို ဘုံဘေပြည် နယ် ဘုရင်ခံက အုပ်ချုပ်ရသည်ဖြစ်ရာ ဘုံဘေ (ယခု မွန်ဘိုင်း)ရှိ မှတ်တမ်း မှတ်ရာ ဟူသမျှနှင့် စာရွက်စာတမ်းများကိုလည်း ရှာဖွေလေ့လာပြီးပါပြီ။ မဒရပ်သို့လည်း သွားပြီးပြီဟု ပြောသည်။ စာရေးသူက-

''ခင်ဗျား ဒီလောက်တောင် ရှာနိုင်ဖွေနိုင်၊ သွားနိုင်လာနိုင်တာ ဒုတိယသမီးတော်ကြီးရဲ့ ဘ၀ နောက်ဆုံးချိန် အကြောင်း တွေကို ကောင်းကောင်းသိရလိမ့်မယ်" ဟု ပြောလိုက်ပါသည်။ ပြောသည့်အတိုင်းပင် မစ္စစိဆူဒါရှား သည် မောင်လူကြီးနှင့် ချက်ချင်းအဆက်အသွယ်ပြုလုပ်၍ ကလကတ္တားသို့ သွားရောက် တွေ့ဆုံ ခဲ့ပါသည်။

မစ္စစ်ဆူဒါရှား ရန်ကုန်သို့ ဒုတိယအခေါက် လာသောအခါ မောင်လူကြီးနှင့် သူ တွေ့ဆုံခဲ့သည့်အကြောင်း များကို ပြောပြပါသည်။ ဒုတိယသမီးတော်များ၏ ဓာတ်ပုံများကို လည်း ပေးပါသည်။ (အိမ်တော်ပုံများကို ကြည့်သော အခါ ပထမအိမ်တော် မှ စ၍ တဖြည်းဖြည်း ခမ်းနားထည်ဝါမှု နိမ့်ကျလာသည်ကို တွေ့ရ ပါသည်။ ဤသည်ကို ထောက်၍ ဒုတိယသမီးတော်တို့ မောင်နှံ၏စီးပွားရေး အခြေအနေကို တွေးကြည့် နိုင်ပါသည်။) မစ္စစ်ဆူဒါရှား ထူးထူးခြားခြား ပြောပြသည်က-

"မောင်လူကြီးက အခု အသက် အတော်ကြီးပြီ။ မမာလို့ ဆေးရုံတက်နေရတယ်။ အစက သူ့လက်ထဲမှာ ဒုတိယသမီးတော် ရဲ့ မြောက်သားတော် လတ်သခင် အရိုးပြာအိုး ရှိသတဲ့။ ဒါပေမဲ့ လတ်သခင်ရဲ့ ညီမက လာယူသွား လို့ ပေးလိုက်ပြီလို့ ပြောပါတယ်။ ဒုတိယသမီးတော်ကြီးရဲ့ အရိုးပြာအိုးကို သူ ထိန်းသိမ်းထားရ တုန်းပဲတဲ့။ တော်ဘုရားကလေးတို့တစ်တွေ (၁၉၉၃) ခုနှစ်လာတုန်းက အရိုးပြာအိုးကို မြန်မာပြည် ယူဆောင် သွားပေး ဖို့ ပြောပေမယ့် မယူသွားကြဘူး။ မောင်လူကြီးကလည်း မမာတော့ သူသာ သေသွားရင် သူ့အဆက်အနွယ် တွေက ဒါတွေကို ဂရုစိုက်တော့မှာ မဟုတ်လို့ သေရမှာ စိတ်မဖြောင့်ဘူးတဲ့။

ဖြစ်နိုင်ရင် ဒီအရိုးပြာအိုးကို မြန်မာပြည်ပြန်ရောက် စေချင်တယ်။ သူ့မယ်တော်အနီးမှာ မြှုပ်နှံပေးပါလို့ ကျွန်မ ကို အကူအညီတောင်းတယ်။ အဲဒါ ရှင် ဘယ်နှယ့် သဘောရလဲ" ဟု မေးပါသည်။ စာရေးသူက -
"ကောင်းပြီလေ။ သီပေါမင်းတရား အနွယ်တော်တွေထဲမှာတော့ နိုင်ငံရေးခြားရုံးက ဌာနတစ်ခုမှ ဒုတိယညွှန်ကြားရေးမှူးချုပ် လုပ်နေတဲ့ မြစ်တော် ဦးစိုးဝင်းဆိုတာ ရှိတယ်။ သူက စတုတ္ထ သမီးတော်ရဲ့ သားတော်၊ တော်ဘုရားကြီးရဲ့ သားအကြီးဖြစ်တယ်။ သူ့ကို အကူအညီတောင်းကြည့်ရအောင် " ဟု ပြန်ပြော ခဲ့ပါသည်။

မှတ်ချက် - (ဒုတိယသမီးတော်၏ မြောက်သားတော်လတ်သခင်၏ အရိုးပြာအိုးကို မောင်လူကြီးထံမှ လတ်သခင်၏ ညီမဖြစ်သူဆိုသူက လာယူသွားသည် ဆိုသည်မှာ မဟ်ုတ်ပါ။ လတ်သခင်၏ ညီမ ကွယ်လွန် သွားပြီဖြစ်၍ ရန်ကုန်မှ အဆက်အနွယ်များကို မေးကြည့်ရာ သူတို့ ဘာမျှမသိရကြောင်း သိရသည်။ မစ္စစ်ဆူဒါရှားမှတစ်ဆင့် မောင်လူကြီးကို ပြန်မေးစရာ လာယူသွားသူမှာ လတ်သခင်၏ ညီမ လွှတ်လိုက်သူ ဆိုသူ ဖြစ်ကြောင်း၊ လတ်သခင်၏ အခြား အသုံးအဆောင်များကိုလည်း တောင်းသွားကြောင်း သိရသဖြင့် ပုံမှားရိုက်ပြီး ပစ္စည်းများဘုံးသွားခြင်းသာ ဖြစ်လေသည်။ မောင်လူကြီးမှာလည်း ယခု ကွယ်လွန်သွားရှာပြီ ဖြစ်သည်။)

ဦးစိုးဝင်းကို ဖုန်းဆက်ကြည့်ရာ သူ မစွမ်းဆူဒါရှားနှင့် တွေ့ဆုံမည်ပြော၍ နောက်တစ်ရက် ဦးစိုးဝင်း၏ ရုံးခန်းတွင် စာရေးသူတို့ တွေ့ဆုံကြသည်။ မစ္စစ်ဆူဒါရှား ပြောသည်များကို သေသေချာချာ နားထောင်ပြီး ဦးစိုးဝင်း က အကောင်းဆုံးဖြစ်အောင် သူ ဆောင်ရွက်ပေးမည်ဟု ကတိပြုလိုက်ပါသည်။

၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလကုန် (၁)ရက်တွင် သမ္မတဟိုတယ်တွင် ကျင်းပပါသည်။ ဦးစိုးဝင်းက ဖေဖော်ဝါရီလ ထဲတွင် သူ ၀တ္တရားနှင့် ကာလကတ္တားသို့ သွားရန်ရှိကြောင်း၊ ကြုံတုန်း မောင်လူကြီးနှင့် တွေ့ဆုံပြီး ဒုတိယသမီးတော် အရိုးပြာကိစ္စ ကို ဆောင်ရွက်ခဲ့မည်ဖြစ်ကြောင်း ပြောပြပါသည်။

စာရေးသူသည် ဦးစိုးဝင်း၏ အစီအစဉ်ကို မစ္စစ်ဆူဒါရှားအား အကြောင်းကြားလိုက်သည်။ ဦးစိုးဝင်းသည် ကာလကတ္တား သို့ ရောက်သောအခါ မောင်လူကြီးတို့၊ မစ္စစ်ဆူဒါရှားတို့နှင့် အဆက်အသွယ်၊ အချိန်းအချက် ပြုလုပ်သည်။ အား လုံးညှိနှိုင်းပြီးနောက် ဖေဖော်ဝါရီလ(၂၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ကာလကတ္တား ကောင်စစ်ဝန် ဦးစိုးပိုင်၏ ရှေ့မှောက်တွင် ဒုတိယသမီးတော်၏ အရိုးပြာအိုးကို သူမ၏ မွေးစားသား မောင်လူကြီးထံမှ လွှဲ ယူခဲ့သည်။ (ထိုစဉ်က ကာလကတ္တားကောင်စစ်ဝန် ဦးစိုးပိုင် ဆိုသူ ကလည်း အခြားသူမဟုတ်ပါ။ ရတနာပုံ ခေတ် မှူးမတ်အဆက်အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။) ထိုလွှဲပြောင်း ပေးအပ်ပွဲသို့ မစ္စစ်ဆူဒါရှား ကိုယ်တိုင် မွန်ဘိုင်းမှ ရောက်လာပြီး တက်ရောက်ခဲ့သည် ဆိုပါသည်။ သူမ ပို့လိုက်သည့် အီးမေးလ်ထဲတွင် -

"ရှင်နဲ့ ကျွန်မတို့ဟာ သီပေါမင်းရဲ့ အနွယ်တော်များအကြောင်းကို သုတေသနပြုရင်းနဲ့ ကျွန်မတို့ ကိုယ်တိုင် သူတို့ ဖြစ်စဉ် ထဲ မှာ ပါဝင်နေပါပေါ့လား (We are Involve in it) " ဟု ပါသည်။
ဦးစိုးဝင်းနှင့် ဖုန်းပြောကြားစဉ်က ဒုတိယသမီးတော် အရိုးပြာ လွှဲပြောင်းယူသည့်ကိစ္စသည် အသေးစိတ် ပြောပြ ခဲ့သည့်အပြင် -
" အရိုးပြာအိုးကို ကျွန်တော်တည်းခိုတဲ့ အခန်းထဲမှာပဲ မိကြီးတော်ကို တောင်းပန်ပြီးထားတယ်။ ထူးဆန်း တာလေး တစ်ခု ဆရာ့ကို ပြောပြရဦးမယ်။

ကာလကတ္တားမှာ ကျီးကန်းတွေပဲ ရှိတယ်။ မနက်ဆိုရင် ကျီးကန်းအာသံပဲ ကြားရတတ်တယ်။ မိကြီးတော် အရိုးပြာအိုး ရောက်ပြီး နောက်နေ့မနက်မှာ ဥသြအော်သံကို ထူးထူးဆန်းဆန်း ကြားရတယ် ဆရာ၊ ကာလကတ္တား မြို့ထဲမှာ ဥသြမရှိနိုင်ဘူး။ တိုက်ဆိုင်မှုတော့ တိုက်ဆိုင်မှုပါပဲ။ ဒါပေမဲ့ ထူးဆန်းနေတယ်လို့ ကျွန်တော် ထင်တယ်" ဟု ဦးစိုးဝင်းက ပြောပြပါသည်။ သူပြောသည်ကို ကြားရမှ ကာလကတ္တားတွင် ဥသြငှက် မှာ ရှားရှားပါးပါး ငှက်ဖြစ်ကြောင်း သိရသည်။ ဒုတိယ သမီးတော်ကြီး၏ အရိုးပြာ မြန်မာပြည်သို့ လိုက်ပါရတော့မည် ဖြစ်သဖြင့် မြန်မာမင်းသမီးကြီးတစ်ပါး ကို မြန်မာရွှေဥသြက ကြိုဆိုလေသည်လားဟု တွေးထင် မိပါသည်။

ဒုတိယသမီးတော် အရိုးပြာကို ဦးစိုးဝင်း ရန်ကုန်သို့ ယူလာသောအခါ သူမ၏ မယ်တော်၊ အရှင်နန်းမတော် (စုဖုရားလတ်)၏ အုတ်နန်း ပြာသာဒ်တော် ပလ္လင် တွင် ထည့်သွင်းရန် စီစဉ်ကြသည်။ တတိယ သမီးတော်၏ အရိုးပြာ သည်လည်း ထိုအုတ်နန်း ပြာသာဒ်တော်အတွင်းတွင်ပင်ရှိသည်။ စတုတ္ထသမီးတော်မှာ မော်လမြိုင်တွင် ကံကုန်တော်မူသဖြင့် အလောင်းတော်ကို မော်လမြိုင်မြို့၊ ကျိုက်သလ္လံ စေတီတော်မြတ် ခြေရင်း တွင် အုတ်နန်းပြာသာဒ်နှင့် ထားသည်။ ပထမသမီးတော်ကြီး၏ အရိုးပြာ ထည့်ရန် ရတနာဂီရိရှိ သီပေါမင်း တရားအုတ်ဂူတော် နှင့် ယှဉ်လျက် ပုံတူ အုတ်ဂူတော်တစ်ခု၊ အိန္ဒိယအစိုးရ က တည်ဆောက်ပေး ထားသည်။ သင်္ချိုင်းတော် ကျောက်တပြားပင် ကပ်ပြီးပြီ။ အရိုးပြာထည့်ရန်လည်း အပေါက်ဖောက် ထားသည်။ သို့သော် အရိုးပြာ မထည့်ရသေးပါ။

ရတနာဂီရိငွေတိုက်ထဲတွင် ပထမသမီးတော်ကြီး၏ အရိုးပြာအိုး သိမ်းထားသည်ဟု အဆိုရှိသည်။ W.S Desai ရေးသော " Deposed King Thyibaw of Burma in India, 1885-1916" စာအုပ်တွင်လည်း ဤအတိုင်းပင် ရေးထားသည်။ မြေး တော်မြစ်တော်များ၊ (၁၉၉၃)ခုနှစ်က ရတနာသီရိတွင် သီပေါမင်းတရား ကို သရဏဂုံ တင်သည့် အမှုပြုကြစဉ် အခါကလည်း ပထမ သမီးတော်ကြီး၏အခါ၊ ခွန်ဘိုင်းမြို့မှ သုတေသီ မစ္စစ်ဆူဒါရှားက ရတနာဂီရိ ငွေတိုက်နှင့် အခြားပတ်သက်ရာ နေရာများတွင် ပထမသမီးတော်ကြီး၏ အရိုးပြာအိုးကို ရှာပြီးပြီ၊ ပျောက်နေသည်။  မရှိတော့ပါ။ အသိမ်းလွန်နေသည်လား၊ ပျောက်ဆုံးပျက်စီး သွားပြီလား ဆိုသည်ကို သေသေ ချာချာ စုံစမ်းရန်ကောင်း၏။ အုတ်ဂူတော်မှာ သင်္ချိုင်းတော် ကျောက်စာပြား ကပ်ပြီးသားနှင့် အရိုး ပြာအိုးထည့်ရန် အပေါက်တို့က အရိုးပြာအိုးကို စောင့်လျက် ရှိကြသည်။

ဦးစိုးဝင်း ယူလာ၍ ရောက်လာသော ဒုတိယသမီးတော်၏ အရိုးပြာအိုးကို ရန်ကုန်မြို့၊ ဘုရားလမ်း၊ တော်ဘုရားကလေးအိမ်ရှေ့မှ ကျောင်းတင်ထားသည်။ ထိုအတောအတွင်း အရှင်နန်းမတော်ဘုရား (စုဖုရားလတ်) ၏ အုတ်နန်းပြာသာဒ်တွင် ကမ္ပည်းကျောက်စာ မရှိသည့် ကိစ္စဖြစ်ပေါ်လာသည်။ လေ့လာသူ များက အုတ်နန်းပြာသာဒ် တွင် ကမ္ပည်းကျောက်စာပြား မတွေ့ရသဖြင့် ဗြိတိသျှတို့က ဖျက်ဆီးခဲ့လေသည် လားဟု စုံစမ်းလာကြသည်။ အမှန်မှာ မိဖုရားခေါင်ကြီး နတ်ရွာစံစဉ်က အလောင်းတော်ကို မြန်မာမျိုးချစ် တို့က မန္တလေးနန်းအတွင်း မြှုပ်နှံရန် ကြံစည်ကြသည်။

နယ်ချဲ့ဗြိတိသျှတို့က ခွင့်မပြုပါ။ ထို့ကြောင့် ယခု အုတ်နန်းပြာသာဒ်ရှိရာနေရာ၊ ကန်တော်မင်းပန်းခြံအတွင်း ယာယီ မြှုပ်နှံထားလိုက်ရသည်။ သို့ကြောင့် အုတ်နန်းပြသာဒ်တွင် ကမ္ပည်းကျောက်စာ တပ်မထားခြင်း ဖြစ်ပုံရသည်။ ယခုအခါ ယာယီမှ ကမ္ဘာတည်တော့မည့် အနေအထားဖြစ်လေရာ၊ နောင်လာနောင်သားများနှင့် သမိုင်းသုတေသီများ သိသာ ရန် ကမ္ပည်းကျောက်စာ ထားသင့်ကြောင်း၊ အနွယ်တော်များက ဆုံးဖြတ်ကြသည်။ သို့ကြောင့် မိဖုရားခေါင်ကြီး နန်းပြာသာဒ်အတွက် ကမ္ပည်း ကျောက်စာ ကို စာရေးသူအား စာစီရေးသားပေးရန် တော် တော်(တော်ဘုရားကလေး) မိသားစုက မေတ္တာ ရပ်ခံ သည်။

စာရေးသူက အုတ်နန်းပြာသာဒ်အတွက် ကမ္ပည်းကျောက်စာကိုလည်း ရေးပေးမည်။ ကုန်ကျငွေကိုလည်း လှူပါရစေဟု အနူးအညွတ် တောင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာရေးသူသည် အရှင် ၉၂)ပါးနှင့် ပတ်သက်သော စာများကို ရေးသားခြင်းကြောင့် ငွေများရခဲ့သည်။"ရတနာဂီရိနိဒါန်း" စာအုပ်ဖြင့်ပင် အမျိုးသားစာပေဆုကြီးကိုလည်း ရရှိခဲ့သည်။ ထို့ကြောင့် ထိုရရှိငွေများနှင့် အရှင်မိဖုရားခေါင်ကြီးအတွက် ကျောက်စာပြား ကို လှူဒါန်းလိုခြင်းဖြစ်သည်။ တော်တော်တို့ မိသားစုက ခွင့်ပြုလိုက်သောအခါ စာရေးသူ သည် ထီးသံနန်းသံ ကြငှန်းဆန်ဆန်ဖြင့် မိဖုရားခေါင်ကြီး၏ သင်္ချိုင်းတော် ကျောက်စာပြားကို စာစီကုံး ပေးပါသည်။

အောက်တွင် စာရေးသူ လှူဒါန်းကြောင်းလည်း ကမ္ပည်းထိုးထားသည်။ ထိုစာကို တော်တော်တို့ မိသားစုအား ပေးထားရာ ကျောက်စာပြားလုပ်ခါနီးတွင် ထိုစာ ပျောက်နေလေသည်။ ထိုကြောင့် စာရေးသူအား ထပ်မံ ရေးပေးရန် တောင်းဆိုသည်။ စာရေးသူတွင် လက်ခံစာ မရှိပါ။ သို့ကြောင့်မှတ်မိနေသမျှ အသစ် ရေးပေးရသည်။ သို့သော်လည်း ထိုဒုတိယအကြိမ် ရေးပေးသည့် သချုင်္ီင်းကျောက်စာပြားတွင် စာရေးသူ လှူဒါန်းကြောင်းလည်း ကမ္ပည်းထိုးထားသည်။ ထိုစာကို တော်တော်တို့ မိသားစုအားပေးထားရာ ကျောက်စာပြား လုပ်ခါနီးတွင် ထိုစာပျောက်နေလေသည်။ ထိုကြောင့် စာရေးသူအား ထပ်မံရေးပေးရန် တောင်းဆို သည်။ စာရေးသူတွင် လက်ခံစာ မရှိပါ။ သို့ကြောင့် မှတ်မိနေသမျှ အသစ်ရေးပေးရသည်။ သို့သော်လည်း ထိုဒုတိယအကြိမ် ရေးပေးသည့် သချုင်္ီင်းကျောက်စာပြားတွင် စာရေးသူ လေအဟုန်လျှပ်စီးနဲ့ အမြင့်ခရီး ကိုလှမ်းခဲ့တယ်။

ကျောက်စာပြား တွင်  စာရေးသူ လှူဒါန်းသည် ဟူသောကမ္ပည်းစာ မထည့်တော့ပါ။ (ထည့်ရန်လည်း မလို၊ ထည့်ရန်လည်းမသင့်ကြောင်း စဉ်းစားမိ၍ ဖြစ်ပါသည်။)
စာရေးသူ သည် ကျောက်စာပြားအတွက် ကျသင့်ငွေကို ခန့်မှန်းပြီး တော်ဘုရားကလေး၏ မြောက်သားတော်၊ ဒေါ်ခင်မေ လက်သို့ ထည့်လိုက်သည်။ ငွေပိုနေ၍ ထိုပိုငွေနှင့် သရဏဂုံတင် သွင်းသော အခါ သံဃာတော်များနှင့် သရဏဂုံ တင်ပွဲတွင် ဆွမ်းကပ်လိုက်ရသည်ဟု ဒေါ်လေးမေ (ဒေါ်ခင်မေ) က ပြောပြပါသည်။ စာရေးသူစိတ်ထဲတွင် အကျေနပ်သွားရပါသည်။ ပီတိလည်း ဖြစ်သွားရ၏။ မစ္စစ်ဆူဒါရှား ပြောခဲ့သည့်-
''ရှင်နဲ့ကျွန်မတို့ဟာ သီပေါမင်းရဲ့  အနွယ်တော်များအကြောင်းကို သုတေသနပြုရင်းနဲ့ ကျွန်မတို့ ကိုယ်တိုင် သူတို့ဖြစ်စဉ် ထဲမှာ ပါဝင်နေပါပေါ့လား(We are involve in it)" ဆိုသည့်စကားကိုသာ ပြန်၍ ကြားယောင် နေမိသည်။

စာရေးသူ - မောင်သန်းဆွေ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း ဖေဖော်ဝါရီ -၂ဝ၁၁
.

3 comments:

Anonymous said...

မွေးစားသား ဦးလူကြီးက တော်လိုက်တာနော်။ မွေးရကျိုး နပ်ပါပေတယ်။
တော်ဘုရားကလေးတို့ လာတုန်းက သူ ပေးရှာတာကို ဘာလို့ ယူမသွားတာပါလိမ့်။
ဒီနီပေါကြီးခမျာ သူ့မယ်တော် အရိုးပြာကို မြန်မာပြည်ပြန်ပို့ပေးလိုက်ရပြီဆိုတော့ သေခါနီး စိတ်ဖြောင့်သွားမှာပါ။ သူ သိမ်းထားခဲ့ရတဲ့နှစ်တွေ မနည်းဘူးနော်။

Anonymous said...

ဒုတိယသမီးတော် ခိုးရာလိုက်သွားတော့ နိုင်ငံရေးအရာရှိ မစ္စတာအိဒ် အားပေးအားမြှောက်ပြုလို့ လက်ထပ်တယ်ဆိုရင် ဒီနိုင်ငံရေးအရာရှိ အားပေးပုံ မှန်တယ် ပြောရမယ်။ ခိုးရာလိုက်ပြီးမှတော့ အပျိုမှ ပြန်မဖြစ်တော့တာ။ သီပေါမင်းနဲ့ စုဖုရားလတ်က သဘောမတူလဲ သူတို့ တစ်နေရာမှာ ခိုးရာလိုက်ပြီးတဲ့ စုံတွဲအဖြစ် ပေါင်းသင်းနေကြမှာပဲ။ ညားနေပြီးမှတော့ တရားဝင် လက်ထပ်ခိုင်းလိုက်ပြီး ထောက်ပံ့ကြေး ရအောင် ကူညီပေးတာ စေတနာမှန်တာပေါ့။

စုဖုရားလတ်က မောင်မောင်လတ်နဲ့ သဘောမတူဘူးဆိုရင် အသက်အစိတ်ကျော်နေတဲ့ ဒုတိယသမီးတော်က အနီးအနားမှာ ဘယ်သူ့သွားယူစရာရှိလဲ။ ပထမသမီးတော်တုန်းက မယားကြီးရှိတဲ့ တံခါးစောင့် ဂိုပါးလ်နဲ့ ငြိစွန်းတာ ကိုယ်ဝန်ရှိလာမှ သိပြီး သမီးတော် တုတုကို မွေးတာ။ ဒါလဲ ပထမသမီးတော် အပြစ်တော့ မဟုတ်ဘူးမြင်တယ်။ အမေက အရမ်းချုပ်ချယ်၊ ဘယ်သူနဲ့မှလဲ ပေးမပေါင်း၊ လောကအကြောင်းလဲ ဘာမှမသိတော့ ဒီလိုဖြစ်တာလဲ မဆန်းဘူး။

အမေကလဲ ငါ့သမီးတွေ အပျိုဖြစ်တာ တော်တော်ကြာပါပေါ့လား၊ ပညာသင်ဖို့ကိုလဲ ငါက အားမပေးခဲ့တော့ သူတို့ဘဝမှာ ငါ့အမိန့်အတိုင်း အိမ်ထဲ ငုတ်တုတ်ထိုင်ပြီး ငါ့ကြောက်နေဖို့ကလွဲရင် ဘာမှလုပ်စရာ မရှိပါလား၊ လင်ယူဖို့အရွယ် ရောက်နေပါလားဆိုတာ မစဉ်းစားတော့ဘူးလား။

Unknown said...

အင်း အရှင်နှစ်ပါး က ဒုတိယသမီးတော်ကို တားမြစ်ခဲ့တာက မှန်ကန်ပါတယ်။ ရတနာပုံခေတ်မှာ အရှင်နှစ်ပါးတို့ က နေနတ်နွယ်ဖွား ရှင်သခင်တွေဆိုတော့ ရွှေနန်းရှင်တို့ ဆိုတာ ကျွန်ရင်းတော်တွေနဲ့ ဆက်နှင်းပိုင်ခွင့်မှမရှိတာ ပြီးတော့ အရှင်နှစ်ပါးတို့ ကလဲ ဘာပဲပြောပြော လောကသဘာဝ မိဘတွေပါပဲ။လောကမှာ မိဘဆိုတာ သားသမီးကို မြင့်မားတဲ့သူနဲ့ ပဲဖြစ်စေချင်ကြတာပဲ လေ။ ပြီးတော့ အရှင်နှစ်ပါးတို့ မှာက
တစ်ချိန်ချိန်ကြရင် ရတနာပုံရွှေမြို့တော်ကို ပြန်ကြွချီရမှာပဲ ဆိုတဲ့ အတွေးရှိနေနိုင်ပါတယ်။ အဲဒါဆိုတော့ ပြန်ရောက်တဲ့အခါကျမှ သင့်တော်ရာ တစ်ဦးဦးကို မြောက်သခင် အဖြစ်ထားဖို့အကြံတော်ရှိလို့နေမှာပါ။ သမီးတော်တွေဘက်ကလဲ မှန်ပါတယ် သူတို့ ရဲ့  ကုမ်မာရီ ချိန်မှာ က ကောင်းကောင်းကန်းကန်း ရွေးချယ်စရာ မြောက်သခင်လောင်းလျာတွေကလဲ မရှိ ၊ ပြီးတော့ မြောက်သခင်လတ်တို့  တံခါးစောင့်ဂိုပါးလ် တို့ ကို က လဲမြင်နေကြဆိုတော့ ရင်ခုန်နိုင်ပါတယ်။ဒါပေမဲ့ မင်းသမီးတို့  က မိမိတို့ ရဲ့နေနတ်နွယ်ဖွားသာကီနွယ်ဝင်ဖြစ်တယ်ဆိုတာကိုမေ့သွားတာကတော့ဝမ်းနည်းစရာပါ။


comment ရေးသူတွေကိုကျွန်တော်တောင်းဆိုအကြံဥာဏ်ပေးချင်ပါတယ် ရွှေနန်းရှင်သီပေါမင်းဘုရားနဲ့  မပာာဒေ၀ီစုဘုရားလတ်တို့ က တစ်ချိန်က ဘယ်လို အမှားတွေကို ပြုထားပြုထား အရှင်နှစ်ပါးတို့ ပာာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အရှင်သခင်,ရေမြေ့သခင်တွေဖြစ်ခဲ့ပါတယ်။အဲဒါဆိုတော့ ဘာပဲဖြစ်ဖြစ် ရိုင်းရိုင်းဆိုင်းဆိုင်း မပြောဆိုသင့်ပါဘူး။မြန်မာပီသစွာယဉ်ကျေးစွာခေါ်ဝေါ်သင့်ပါတယ်လို့ ထင်တာပဲ။