Thursday, January 20, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၄)

"မင်းကို အဖေ့အတွေ့အကြုံတစ်ခု ပြောပြမယ်။ ၁၉၇၉ခုနှစ်က အဖေ အရောင်းအ၀ယ် လုပ်နေ တုန်းပေါ့။ ငါးခြောက်ရောင်း ဖို့ လီလွန်းဂွေကို ကားတစ်စင်းနဲ့ လိုက်သွားတယ်။ ကားက နောက်အမိုး ဖွင့် ပစ်ကပ်။ အဖေနဲ့ အတူ ခရီးသည်တွေ အများကြီးပါတယ်။ ကားက အရှိန်ကို မထိန်းနိုင်တော့ဘဲ လူတွေ လွင့်ကျသွားတဲ့ ဘက်ကို ကားက ပြေးလိုက်လာတယ်။ အားလုံး စိစိညက်ညက် ကျေကုန်ပြီ၊ ကိစ္စပြီးပြီလို့ အဖေ ထင်လိုက်တယ်။ ဒါပေမဲ့ အဖေနဲ့ လက်တစ်ကမ်းလောက် အလိုမှာ ကား ရပ်သွားတယ်။ မြက်တော ထဲမှာ လူတွေ အများကြီး ကားကျိတ်ခံရပြီး သေကုန်ကြတယ်။ အဖေ့မှာ ပွန်းရာပဲ့ရာတောင် မရှိဘူး။

အဖေက ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ဆက်ပြောတယ်။
"အဲဒီလို ဖြစ်ပြီးတဲ့နောက်မှာ အဖေ ဘယ်လိုလုပ်ပြီး စုန်းတွေ၊ ကဝေတွေကို ယုံနိုင်တော့မှာလဲ။ အဲဒီကားပေါ် မှာ စုန်းတွေ ကဝေတွေ ပါလာရင်လည်း သေမှာပဲ။ အဖေက ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကြောင့် မသေ တာ"

အဖေ့ကို ကျွန်တော် ယုံပါတယ်။ ဒါပေမဲ့ ရမ်ဘိုနဲ့ ချပ်နေရစ် တို့ ကတော့ ညမှာပဲ ပြလို့ ညညအပြင် ထွက်ခွင့်မရ တဲ့ ကျွန်တော် မကြည့်ရပါဘူး။ စည်းကမ်း သိပ်မကျပ်တဲ့ ကလေးတွေကတော့ ကြည့်ကြ ရပါတယ်။ ကျွန်တော့် သူငယ်ချင်း ပီတာကာမင်ဂါဆိုရင် ဘယ်ကားမှ မလွတ်ဘူး။ ပြီးတော့ သူ ကြည့်ရတဲ့ ကားတွေ အကြောင်း ပြန်ပြောပြတယ်။ ရမ်ဘိုတို့ ချပ်နေရစ် တို့ရဲ့ စွန့်စားခန်း တွေ၊ စွမ်းပကား တွေ အကြောင်း အများဆုံး ပေါ့။

' ရမ်ဘိုက တောင်ထိပ်ကနေ ခုန်ချတယ်။ လက်က စက်သေနတ်ကို တရစပ်မွှေ့ရင်း ဆင်းလာတာ။ ရန်သူတွေ အတုံးအရုန်းပဲ။ သူလည်း မြေကြီးပေါ်ရောက်ရော တောင်ကြီး ပေါက်သွားတော့တာပဲ' ဆိုတာမျိုး၊
' ချပ်နောရစ် က  ဘယ်ရော ညာရော၊ ဗိုက်ကော မှန်တာ မသေဘူးဗျား၊ ဒီမယ် ၀ီလျံ၊ သေချာတယ်။ အမေရိကန် မှာ လည်း စုန်းရှိရမယ်။ ကဝေပညာ ရှိရမယ်၊ ဒါကြောင့် သူမသေတာပေါ့' ဆိုတာမျိုးတွေပေါ့။
ကျွန်တော် က 'ဟုတ်ပါ့မလားကွာ' လို့ ပြန်မေးရင် 'ဟ ငါကိုယ်တိုင် မနေ့ညက ကြည့်ခဲ့ရတာ၊ ငါမင်းကို ညာ ပြောပါ့မလား ၀ီလျှံ' တဲ့။

နောင် လအတော်ကြာ မှ ကျွန်တော် ဗီဒီယိုကြည့်ခွင့်ရပါတယ်။ အဲဒီညမှာ ကျွန်တော်တို့ သူငယ် ချင်းတွေ ကစားနည်း တစ်မျိုး တိုးပြီး ကစားတတ်လာတယ်။ စစ်တိုက်တမ်းလေ။ နှစ်ဖွဲ့ခွဲပြီး ပြောင်းရိုးသေနတ်တွေ နဲ့ တိုက်ကြတာ၊ တစ်ဖွဲ့က အမေရိကန်၊ တစ်ဖွဲ့က ဗီယက်နမ်။ အမေရိကန်ဘက်ကို ပါချင်တဲ့လူတွေချည်းပဲ။ အဲဒီတုန်းက ဗီဒီယိုဇာတ်လမ်းတွေမှာ အမေရိကန်က နိုင်တာချည်းကိုး။
ကျွန်တော် တို့ အဖွဲ့မှာ အခင်ဆုံး သူငယ်ချင်းသုံးယောက်ရှိတယ်။ ကျွန်တော်ရယ်၊ ဂျက်ဖရီရယ်၊ ဂီးလ်ဘတ် ရယ်ပေါ့။ ဂီးဘက်အဖေ က အကြီးအကဲ။ သူ့နာမည်က အဲလ်ဘတ်မူဖတ်။ ဒါပေမဲ့ သူကြီးမင်းလို့လည်း ခေါ်ကြ တယ်။

တစ်နေ့မှာ စစ်တိုက်ရတာ ပျင်းလာတာနဲ့ ကျွန်တော်နဲ့ ဂျက်ဖရီဂီးလ်ဘတ်တို့အိမ် သွားလည်ကြ တယ်။ သူကြီးအိမ်ဆိုတော့ တိုင်တဲ့ တောတဲ့ လူတွေနဲ့ အမြဲရှုပ်နေတတ်တယ်။ ကျွန်တော်တို့ ရောက်သွားတော့ လူတွေ တန်းစီစောင့်နေကြတယ်။ လက်တစ်ဖက်မှာတော့ ငွေစလေးအနည်းငယ် ကိုင်လို့ပေါ့။ သူကြီးမင်း အတွက် လက်ဆောင်လေ။ သူကြီးရဲ့ ကိုယ်ရံတော်က မစ္စတာ ငွာတာတဲ့။ ရဲဝတ်စုံနဲ့။ သူက လူတွေကို စစ်ပြီး သွင်းရတယ်။ ကြက်တွေကို လက်ခံပြီး ကြက်ခြံထဲ ပို့ရတယ်။

သူကြီးက ရုပ်ရှင်တွေထဲက အကြီးအကဲတွေလို ခေါင်းမှာ ငှက်တောင်တွေစိုက်ပြီး တိရစ္ဆာန်အရေး ကြီး ခြုံထားတာ မဟုတ်ဘူး၊ ကော်တောင့်နေတဲ့ ဘောင်းဘီ အင်္ကျိနဲ့ ဆိုဖာပေါ်မှာ ထိုင်နေတာပါ။ သူကြီးမှာ သူအလွန်ချစ်တဲ့ ကြောင်တစ်ကောင်လည်း ရှိတယ်။ အနက်နဲ့ အဖြူကြား၊ နာမည် မရှိဘူး၊ ကျွန်တော်တို့ မာလ၀ီ မှာ ခွေးတွေကို နာမည်ပေးပြီး ကြောင်တွေမှာ နာမည်မရှိကြဘူး၊ ဘာပြုလို့လဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ အဲဒီ ကြောင်ဟာ သူကြီး ပေါင်ပေါ်မှာ အမြဲတမ်း အိပ်နေတာ တွေ့ရပါတယ်။ သူကြီးက ကြောသပ် ပေးရင် ကြောင်က တအင်အင် ညည်းပါတယ်။
လယ်သမားတစ်ယောက် က သူကြီးရှေ့မှာ ဒူးထောက်ချလိုက်ပြီး အရိုအသေပေးတဲ့ အနေနဲ့ ခပ်ဖွဖွ လက်ခုပ် တီး ပါတယ်။

'သူကြီးမင်း ၀င်ပြီး ဆောင်ရွက်ပေးမှ ဖြစ်မယ့် ပြဿနာပေါ်လာ လို့ပါ 'ခင်ဗျာ၊ သူကြီးမင်း ချထားပေး တဲ့ ကျွန်တော့်မြေ ကို ကျွန်တော့်အစ်ကိုရဲ့သား၊ တူ လုပ်တဲ့ ကောင်က အတင်းဝင်ပြီး ကျူးကျော်နေပါ တယ်။ သွေးထွက် သံယို မဖြစ်ခင် သူကြီးမင်း ၀င်ရှင်းပေးဖို့တောင်းပန်ပါတယ် ခင်ဗျုား'
လယ်သမား ထွက်သွားမှ ကျွန်တော်တို့ မစ္စတာ ငွာကို ၀င်တွေ့ကြပါတယ်။ သူက သူကြီမင်းဆီ ခေါ်သွား တော့ 'ကျွန်တော်တို့ ဂီးလ်ဘတ်ဆီ လာလည်တာပါ ခင်ဗျာ' လို့ပြောတော့ ' အေးအေး' လို့ သူကြီးမင်းက ခွင့်ပြုပါတယ်။

ဂီးလ်ဘတ် က အဆိုလည်း ကောင်းပါတယ်။ ကျွန်တော့် အသံ ကတော့ ဘယ်ကီးမှ မ၀င်တဲ့ အသံမျိုးပါ။
'ဟေး ဂီးလ်ဘတ် ဘို' ကျွန်တော်တို့ ကျောင်းမှာ ပြင်သစ်စာ သင်နေပြီမို့ ပြင်သစ်ဘာသာနဲ့ နှုတ်ဆက် လိုက်ပါတယ်။
'ဈေးဘက် ကို သွားကြည့်ကြရအောင်ကွာ၊ ညက အိုဖီစီမှာ အမူးသမားတွေ သောင်းကျန်းသွားတယ် တဲ့'
ကျွန်တော်က အကြံပေးလိုက်တာပါ။ အိုဖီစီဟာ ဈေးရုံအလွန်၊ ချာမာမာမြို့ကို သွားတဲ့ ကားလမ်းနံ ဘေးက အရက်ဆိုင်ပါ။ တစ်နေကုန် သီချင်းတွေ တဒုန်းဒုန်းနဲ့ ဖွင့်ထားတဲ့ ဆိုင်ပါ။ ဆိုင်အပြင်မှာ ဘူးခွံတွေ၊ ကတ်ဘူး တွေ တောင်လို ပုံနေပါတယ်။ အဲဒီ အမှိုက်ပုံမှာ ဘာများရမလဲဆိုပြီး သွားရှာတဲ့ လူတွေလည်း ရှိတယ်။ ကျွန်တော်တို့လည်း ပါတာပေါ့။

ဂျက်ဖရီရယ်၊ ကျွန်တော်ရယ်၊ ဂီးလ်ဘတ်ရယ် ခုလို အာဖရိက ရွာကလေးတစ်ရွာမှာ ကြီးပြင်းလာ ခဲ့ပေမယ့် တစ်ကမ္ဘာလုံး မှာရှိတဲ့ ကလေးတွေလုပ်သလိုမျိုး ကျွန်တော်တို့ လုပ်ခဲ့ကြပါတယ်။ ထူးခြားတာက ကျွန်တော် တို့ တွေ့သမျှ၊ ရသမျှ ပစ္စည်းလေးတွေနဲ့ ဆော့ကြရတာပါ။ တခြားနိုင်ငံက ကလေးတွေလည်း ကျွန်တော် တို့လို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကစားကြရတာပဲ။ ဒီလိုဆိုတော့ ကမ္ဘာာကြီးက ကျွန်တော် ထင်သလောက် မကြီးဘူးဆိုတာ သဘောပေါက်ရပါတယ်။

ကျွန်တော်တို့်က ကားတွေကို သဘောကျတယ်။ ဘာကားဖြစ်ဖြစ်သဘောကျကြတာ၊ လေးတန် ကားကြီး တွေ ဖုန်တထောင်းထောင်းနဲ့ ဖြတ်မောင်းသွားတာ တွေရင်လည်း သဘောကျတာပဲ။ တစ်နာရီသာ မောင်းရ တဲ့ ကာစန်ဂူကို လူတွေ အပြ့ည်အသိပ်နဲ့ မောင်းသွားတဲ့ တန်ဝက်ပစ်ကပ် ကားလေးတွေကိုလည်း သဘောကျကြတာပဲ။ အမေရိကန်မှာရှိတဲ့ ကျွန်တော်တို့ အရွယ် ချာတိတ် တွေကတော့ ကုန်တိုက်တွေထဲမှာ ကြိုက်တဲ့ကားမျိုး ၀ယ်ပြီး ဆော့လို့ ရကြမှာပေါ့။ ကျွန်တော်တို့ ကတော့ ကိုယ်ဖာသာ ကိုယ် တည်ဆောက် ကြရတယ်။ ကုန်ကြမ်းကတော့ အရက်ဆိုင်ရှေ့က အဲဒီ အမှိုက်ပုံပေါ။ ပထမ ကားသေးသေး ကလေးတွေ လုပ်တယ်၊ နောက်တော့ လူတစ်ယောက်က ထိုင်စီး ရင် ကျန်နှစ်ယောက်က ကြိုးနဲ့ ဆွဲတယ်။ တစ်လှည့်စီ ပေါ့။

ကျွန်တော်တို့တစ်တွေ မစ္စဘုန်ဒါဆိုင်ရှေ့ ရောက်သွားလျှင် အချိုရည်တွေ၊ ချောကလက်တွေ ၀ယ် စာကြ တယ်။ မုန့်ဖိုးကောင်းကောင်း ရတဲ့အခါ အားလုံးစုပြီး အသားကြော်ဆိုင် ၀င်စားကြတယ်။
ဂီးလ်လတ် က ကျွန်တော့်ကို ကြည့်ပြောပါတယ်။

'မင်းအမေလည်း ဟင်းချက်ကောင်းပါတယ်။ ဒါပေမဲ့ ဟောဒီဆိုင်က ဆိတ်သားကြော်တော့ မမီဘူး ကွ'
အကြော်ဆရာက တွဲလောင်းဆွဲထားတဲ့ ယင်ကောင်တွေ ၀ဲနေတဲ့ အသားတုံးကနေ အမြောင်းလိုက် လှီးပြီး ကျွတ်ကျွတ်ဆူနေတဲ့ ဆီိဒယ်အိုးကြီးထဲကို ပစ်ထည့်၊ နီရဲပြီး ကြွပ်လာခါနီးရင် အာလူးတွေ လက်တစ်ဆုပ် ပစ်ထည့်၊ ပြီးတာနဲ့ ဆယ်၊ ပြီးတာနဲ့ ဟင်းပွဲကို သူ့ရှေ့က စားပွဲရှည်ကြီးပေါ် လျှောခ နဲတွန်းပစ်လိုက်တာပဲ။

သိပ်စားလို့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘိုင်ကျတဲ့ အခါ တွေမှာတော့ ဗိုက်ဆာဆာနဲ့ ကစား ပြီးတာ နဲ့ အိမ်ပြန်ပြေးကြရတယ်။
ရွာရဲ့ ဟိုမှာဘက်က တောင်တန်းတွေပေါ်ကို နေ၀န်းနီကြီး မေးတင်နေတဲ့အချိန်ဟာ ကျွန်တော် သဘော အကျဆုံး အချိန်ပါပဲ။ အဲဒီအချိန်ဟာ ကျွန်တော့်အဖေနဲ့ ဂျက်ဖရီရဲ့ ဦးလေး ဂျွန်တို့ ဆေး ခင်းတွေထဲက ပြန်လာ တဲ့ အချိန်လည်း ဖြစ်ပါတယ်။

အမေနဲ့ အစ်မကြီးအင်နီအတွက်တော့ မီးဖိုချောင်မှာ အလုပ်များချိန်ပေါ့။ လေထဲမှာ ဟင်းနံ့တွေ လှိုင် နေပါတယ်။ အဲဒီနေ့က ကျွန်တော်တို့ အိမ်နဲ့ဂျက်ဖရီတို့ အိမ်ကြား ကွက်လပ်မှာ ညီအစ်ကိုဝမ်း ကွဲတွေ စုပြီး ဘောလုံးကန်ကြပါတယ်။ ပြီးတော့ သရက်သီးတွေ ခူးပြီး အားရပါးရ စားကြတယ်။
ညညဆိုရင် အဖေက ကျွန်တော်နဲ့ သူငယ်ချင်းတွေကို အိမ်ထဲမှာစုပြီး ပုံပြောပါတယ်။

'ကဲအားလုံးထိုင်ကြ။ မင်းတို့ကို ငါ ကျားသစ်နဲ့ခြသေ့င်္ပုံပြင်ကို ပြောပြီးပြီလား'
'ထပ်ပြောပါအုံး အဖေ'
'ကောင်းပြီ၊ ဟိုး ရှေးရှေးတုန်းကပေါ့။ တစ်နေ့မှာ မိန်းကလေးနှစ်ယောက် ကာစန်ဂူကနေ တို့ ၀င်ဘီရွာကို လမ်းလျှောက် ပြန်လာကြတယ်တဲ့။ ရှေ့ဆက် မလျှောက်နိုင်အောင် သူတို့ ပင်ပန်းလာ တော့'
ကျွန်တော်တို့ က ကိုယ်စီ ဒူးပိုက်ပြီး သေသေချာချာ နားထောင်ကြပါတယ်။ အဖေ့မှာ ပြောစရာပုံတွေ အများကြီးပါ။ ကျွန်တော်က ကျားသစ်နဲ့ ခြင်္သေ့ကို အကြိုက်ဆုံး။ ပုံပြင်က သည်လိုပါ။
မိန်းကလေးနှစ်ယောက် ဟာ ဖုန်တောထဲမှာ မအိပ်ဘဲ အိပ်ဖို့ နေရာကောင်းကောင်း ရှာကြတယ်။ လမ်းဘေး က အဘိုးကြီးတစ်ယောက်ရဲ့ အိမ်ကိုသွားတော့ အိပ်ဖို့ ခွင့်တောင်းကြတယ်'
အဘိုးကြီးက 'ရပါတယ်၊ ၀င်အိပ်ပါ၊ ၀င်လေ'

ကောင်းမလေးတွေ အိပ်သွားတော့ အဘိုးကြီးက တောနက်ကြီးထဲ ထွက်လာခဲ့တယ်။ အဲဒီမှာ သူ့ အကောင်းဆုံး မိတ်ဆွေနှစ်ယောက်နဲ့ သွားတွေ့တယ်။ ခြသေ့င်္နဲ့ ကျားသစ်ပေါ့။
'သူငယ်ချင်း တို့ မင်းတို့အတွက် စားကောင်း သောက်ဖွယ် ငါ ရထားပြီ၊ လာလိုက်ခဲ့ကြ'
ကျားသစ်က ပြန်ပြောတယ်။

'ကျေးဇူးပါပဲ အဘရာ၊ ခုချက်ချင်း လိုက်ပါ့မယ်'
အဘိုးကြီးက သူ့မိတ်ဆွေနှစ်ယောက်ကို ခေါ်ပြီးတော့ လမ်းအတိုင်းအိမ်ကို ပြန်လာခဲ့တယ်၊ အပျိုမလေး နှစ်ယောက် ကို စားရတော့မှာမို့ ကျားသစ်နဲ့ ခြင်္သေ့ဟာ သွားရည်တမြားမြားကျပြီး အပျော်ကြီး ပျော်နေတယ်။ သီချင်းတွေ တကြော်ကြော်အော်ဆိုပြီး လိုက်လာကြတယ်။ ဒါပေမဲ့ သူတို့ ပြန်မရောက်ခင် ကောင်မလေး နှစ်ယောက် နိုးသွားပြီး လန်းလန်း ဆန်းဆန်း ဖြစ်လာကြ တယ်။ အဘိုးကြီးကို မတွေ့တော့ ကျေးဇူး တင်ကြောင်း စာကလေးတစ်စောင် ရေးထားခဲ့ပြီး ခရီးဆက်ခဲ့ကြတယ်။

သူ့မိတ်ဆွေ နှစ်ကောင်နဲ့ အိမ်ရှေ့ရောက်တော့ အဘိုြးံကီးက မင်းတို့ဒီမှာ စောင့်နေ၊ ငါသွားခေါ် လာခဲ့မယ်ဆိုပြီး အိမ်ထဲဝင်ခဲ့တော့ ကောင်မလေးနှစ်ယောက် မရှိုတော့ဘူး။ စာကလေးတစ်စောင်ပဲ တွေ့တယ်။ ဆာနေတဲ့အပြင်က နှစ်ယောက်က စိတ်မရှည်တော့ဘူး။
"ဟေး အဘိုးကြီး ဘယ်မှာလဲ ကောင်မလေးတွေ၊ ဆာလှပြီဗျ" လို့ အော်ပြောတယ်"
"အေး၊ေ အး၊ ခဏနေဦး၊ ခုပဲ ရှာပြီး ခေါ်ခဲ့မယ်"

အဘိုးကြီးက သိနေပြီ။ ကောင်မလေးတွေ မရှိတော့ဘူးဆိုရင် သူ အစားခံရတော့မယ်ဆိုတာလေ။ အိမ်ထဲမှာ ရေလှောင်တဲ့ ဧရာမ ဘူးသီးခြောက်ကြီး တစ်လုံး ရှိတယ်။ သူက အဲဒီအထဲမှာ ၀င်ပုန်း နေလိုက်တယ်။
ကြာတော့ စိတ်မရှည်နိုင်တော့ဘဲ ကျားသစ်နဲ့ ခြင်္သေ့ဟာ အိမ်ထဲကို ၀င်လိုက်လခဲ့ကြတယ်။ အဲဒီမှာ ဘူးသီးခြောက်ကြီး ရဲ့ အပေါက်မှာ အဘိုးကြီးရဲ့ အင်္ကျီ တစွန်းတစ ချိတ်နေတာကို ကျားသစ်က မြင်တော့ ခြင်္သေ့ ကို မေးထိုးပြတယ်။ နှစ်ကောင်သား ဘူးသီးခြောက်ကြီးကို ရိုက်ခွဲလိုက်ကြတယ်။

"နေပါဦး၊ နေပါဦး၊ မင်းတို့ကို ငါ ရှင်းပြပါ့မယ်" လို့ အဘိုးကြီးက တောင်းပန်တယ်။ ဒါပေမဲ့ ကျားသစ်နဲ့ ခြင်္သေ့က နားမထောင်တော့ဘူး အဘိုးကြီးကို ချက်ချင်း စားပစ်လိုက်ကြတယ်။
အဖေက အဲဒီပုံပြင်ဆုံးတိုင်း ကျွန်တော်တို့ကို ဆုံးမတယ်။

"မင်းတို့ မြဲမြဲမှတ်ထား၊ အချင်းချင်း မကောင်းကြံရင် အဲဒီ စေတနာရဲ့ တန်ပြန်မှုကို ခံရတယ်။ ဘယ်တော့မှ အဲဒီလို မလုပ်ရဘူး။ အချင်းချင်း စေတနာ ထားရမယ်"
"နောက်တစ်ပုံ ပြောပါဦး ဖေဖေ"
ကျွန်တော်တို့ ၀ိုင်းပြောရင်
"အေး ကောင်းပြီ၊ မြွေနဲ့ငှက် အကြောင်း ပြောမယ်"
အဖေက သိပ် ပုံပြောကောင်းပါတယ်။ သူ့ဘ၀ကိုက ပုံပြင် တစ်ပုဒ်ကို ထူးဆန်းခဲ့တာကိုး။

ဆက်ရန်
.

No comments: