Tuesday, February 1, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁၅)

သားရေပြား အတုံးတွေ ကို ဆိုဒါနဲ့ ဆားထည့်ပြီး နှစ်နာရီ ပြုတ်ပါတယ်။ ပြီးတော့ ရေထပ်ထည့်ပြီး နောက် တစ်နာရီ ထပ်ပြုတ်ပါတယ်။ ပြီးတာနဲ့ ချာရတီက တစ်တုံးကို ဆယ်လိုက်တယ်။ အတုံးတွေ က ညိုပြီး ချွဲနေပြီ၊ သူက တဖူးဖူးမှုတ်ပြီး မကြာခင် ပါးစပ်ထဲ ထည့်လိုက်တယ်။ မနည်းဝါးပြီးမှ ကျိတ်မှိတ် မြိုချလိုက်တယ်။
"ဘယ်လိုလဲ"
ကျွန်တော်က သွားရည်တမြားမြားနဲ့ မေးလိုက်တာပါ။

"မာတော့ မာသေးတယ်။ ဒါပေမဲ့ ထင်း မရှိတော့ဘူး"
ဒီလိုနဲ့ ကျွန်တော်တို့ တစ်တုံးပြီးတစ်တုံး ဆယ်စားကြပါတယ်။ မနည်းဝါးရတော့ အရည်တွေ ပါးစပ် ထဲက ထွက်ကျကုန်ပါတယ်။
"ပျော်စရာ ခရစ္စမတ်ပါ"
ကျွန်တော်က ပလုတ်ပလောင်းနဲ့ ပြောလိုက်ပါတယ်။ အဲဒီမှာ တံခါးကို ကုတ်ခြစ်သံနဲ့အတူ ခန်ဘာ ၀င်လာပါတယ်။ ကျွန်တော်တို့ရဲ့ ပွဲတော်စာကို သူ အနံ့ရလို့ လိုက်လာပုံရပါတယ်။ အမြီးတနံ့နံ့နဲ့။ သူ့ကိုတွေ့တော့ ကျွန်တော် ပျော်သွားတာပေါ့။

ချာရတီက လှမ်းပြောတယ်။
"ခွေးကိုလည်း ကျွေးလိုက်ပါကွာ၊ သူတို့ စားရမယ့်အစာကို တို့က အူလိမ်နေပြီ မဟုတ်လား"
ကျွန်တော်က တစ်တုံး ပစ်ပေးလိုက်တော့ အံမယ် သူက ငယ်ငယ်တုန်းက အတိုင်းပဲ။ ခုန်ပျံပြီး ဖမ်းသဗျ။
အဲဒီလိုမှပေါ့ကွ"

ကျွန်တော်က အော်ပြီး အားပေးလိုက်တယ်။ သူက စက္ကန့်ပိုင်းအတွင်း ၀ါးစားလိုက်ပြီး နောက်တစ်တုံး အလာကို ထိုင်စောင့်နေတယ်။ နောက် အတုံးကြီးကြီး  နှစ်တုံးသုံးတုံး ဆက်တိုက် ပစ်ပေးတယ်။ စောစောကအတိုင်း သူ အခုန်အပျံတွေနဲ့ ဖမ်းပြီးစားတယ်။ သူ့ကိုယ်တွင်းမှာ ချက်ချင်း ငယ်မူ ငယ်သွေးတွေ ပြန်ဝင်လာသလိုပဲ။ ချာရတီက လိုလိုချင်ချင် ခန်ဘာကို လက်ခံလို့ ကျွန်တော် ၀မ်းသာနေပါတယ်။

ကျွန်တော် ဘယ်နှတုံး စားလိုက်မိမှန်း မမှတ်မိတော့ပါဘူး။ နာရီဝက်လောက် ၀ါးပြီးတော့ ကျွန်တော်ရော၊ ချာရတီပါ လက်မြှောက်လိုက်ရပါတယ်။ ကျွန်တော်တို့ မေးရိုျးွှေ ဆက်အလုပ် မလုပ်နိုင်တော့ပါဘူး။ အရမ်း ပင်ပန်းသွားပါပြီ။ ကျန်တာတွေကို နောက်နေ့စားဖို့ ထားလိုက်ကြပါ တယ်။ ကလပ်ပစ္စည်းကို အိမ်ယူသွားရိုး ထုံးစံမရှိလို့ အိမ်သားတွေအတွက် ကျွန်တော် ယူသွားဖို့ မဖြစ်နိုင်ပါဘူး။

နေ၀င်သွားတော့ ငြိမ်းသေနေတဲ့ မီးဖိုနားမှာ ကျွန်တော်တို့ ဆက်ထိုင်နေကြပါတယ်။ ကျွန်တော်တို့ ရဲ့ မမေ့နိုင်တဲ့ ခရစ္စမတ်ပါပဲ။
 
အခန်း (၇)

နောက်တစ်ပတ်မှာ ခရစ္စမတ်လက်ဆောင်ထက် ပိုကောင်းတဲ့ လက်ဆောင်တစ်ခု ကျွန်တော် ရခဲ့ပါ တယ်။ ရေဒီယိုကလာတဲ့ သတင်းတစ်ပုဒ် ကြားရလို့ပါပဲ။ စာမေးပွဲ အောင်စာရင်းနဲ့အတူ အထက် တန်းကျောင်း ၀င်ခွင့်ရတဲ့ စာရင်းတွေ ထွက်နေပြီတဲ့။ စာမေးပွဲဖြေတဲ့ကျောင်းမှာ ကပ်ထားပြီးတဲ့။
"အဖေ့ အမေ၊ ကျွန်တော်တို့ အောင်စာရင်းတွေ ထွက်ပြီတဲ့"

ပြောပြီး ၀င်ဘီမူလတန်းကျောင်းကို စက်ဘီးနဲ့ တအားနင်းချလာခဲ့ပါတယ်။ အထက်တန်းရောက်ရင် ကျွန်တော် ဘော်ဒါနေရတော့မယ်။ ဘယ်ကျောင်းကောင်းကောင်း၊ ဓာတ်ခွဲခန်းကောင်းကောင်း ရှိတဲ့ကျောင်းကို ကျွန်တော် ရချင်ပါတယ်။ ကျွန်တော်က သိပ္ပံပညာရှင် ဖြစ်ချင်တဲ့ကောင် မဟုတ်လား။
စာရင်းကို ကျောင်းအုပ်ချုပ်ရေးရုံးခန်းရှေ့မှာ ကပ်ထားပါတယ်။ အောင်စာရင်းကိုတော့ ကျွန်တော် ကြည့်ဖို့ မလိုပါ။ အထက်တန်းကျောင်း ၀င်ခွင့်ရတဲ့ စာရင်းတွေ လိုက်ကြည့်ပါတယ်။ ပထမ ကာစန်ဂူ အထက်တန်းကျောင်း၊ ကျွန်တော်နာမည် မပါ။ နောက် ချာယမ်သာ အထက်တန်း ကျောင်း မတွေ့၊ မဖြစ်နိုင်ဘူး။ တစ်ခုခု မှားနေပြီ ထင်တယ်။ ကျွန်တော် လျှမ်းသွားတာ ဖြစ်ရမယ်။ နောက်တစ်ခေါက် ပြန်ရှာ တယ်။ မတွေ့ရပါ။

"ဟေ့ ကမ်ကွမ်ဘာ၊ အခြေအနေ ဘယ်လိုလဲကွ"
ကျွန်တော့်ကို လှမ်းမေးတဲ့ ကျောင်းသားနာမည်က မိုက်ကယ်။ စာတော်တဲ့ အုပ်စုထဲက။
"မင်း ကာချိုကိုလိုမှာ တက်ရမယ်။ မင်းနာမည် ငါတွေ့လိုက်တယ်"
ကျွန်တော့်နာမည် တွေ့ပါပြီ။ သူပြောတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ နယ်အထက်တန်းကျောင်းထဲ မှာ ချာတူးအလန်ဆုံးကျောင်းပေါ့။ အစိုးရ အထောက်အပံ့ အနည်းဆုံးရတဲ့ကျောင်း။
ဘယ်လိုဖြစ်တာပါလိမ့်၊ ကျွန်တော် စဉ်းစားလို့မရအောင် ဖြစ်နေတယ်။ နောက်သင်ပုန်းတစ်ချပ်မှာ အမှတ်စာရင်းတွေ ကပ်ထားတယ်။ ဒီတော့မှ ဘာကြောင့် ဒီကို ကျွန်တော် ရောက်သွားတယ်ဆို တာ ရှင်းသွားပါတော့တယ်။

သင်္ချာ        စီ
သိပ္ပံ        စီ
အင်္ဂလိပ်စာ    စီ
ချီချီစာ        ဘီ
(တိုင်းရင်းဘာသာ)   
လူမှုရေးသိပ္ပံ    ဒီ

ကျွန်တော် စိတ်ဓာတ် အကျကြီး ကျသွားပါတယ်။ ကာချိုကိုလိုက ကျွန်တော်တို့ ရွာနဲ့ ငါးကီလို မီတာ ဝေးပါတယ်။ လမ်းက ရွှံ့ထူတဲ့လမ်း၊ ပိုးကောင် မွှားကောင်ကလည်း ပေါမှပေါ။ ရေကန်ကြီး တစ်ကန် ရှိတယ်။ တစ်ခါတလေ ဂီးလ်ဘါတ်၊ ကျွန်တော်နဲ့ ဂျက်ဖရီ ငါးသွားမျှားကြတဲ့ ကန်ကြီး။
မိုက်ကယ်က ရယ်ပြီး ကျွန်တော့်ကို နှိမ်သွားတယ်။

"ဂုဏ်ယူပါတယ်ကွာ၊ ရေကန်နဲ့နီးတဲ့ ကျောင်းကို မင်းရွေးတာ မှန်တာပေါ့။ ငါးဖမ်းသမား ဖြစ်လာ ရင် ၀င်ငွေကောင်းပါတယ်ကွ"
"နှစ်နှစ်အတွင်း စာမေးပွဲ ဖြေနိုင်ပါတယ်ကွာ၊ အောင်ရင် ကြိုက်တဲ့ကျောင်း ငါ ပြောင်းလို့ရတာပဲ။ အဲဒီတော့မှ ပြန်တွေ့ကြတာပေါ့"
"ကံကောင်းပါစေကွာ"

သူက ရယ်ကျဲကျဲနဲ့ ထွက်သွားပါတယ်။ ကျွန်တော့်စိတ်ထဲက ကြုံးဝါးလိုက်တယ်။ ကာစန်ဂူနဲ့ ချာယမ်ဘာ တစ်ကျောင်းကျောင်းကို ရအောင် ကြိုးစားမယ်။ ဒင်းတို့ မော်ကြည့်ရအောင် လုပ်ပြ မယ်။ ဂီးလ်ဘတ်လည်း အမှတ်တွေ မကောင်းပါဘူး။ ကျွန်တော်နဲ့ တစ်ကျောင်းတည်း ရပါတယ်။ တော်သေးတာပေါ့။ ကျွန်တော့်မှာ ကျောင်းသွားဖော် ရှိနေလို့။ ပြင်ဆင်ချိန် နှစ်ပတ် ရပါသေးတယ်။

နှစ်သစ်ကူးမှာ မိုးတွေ ဆက်တိုက် ရွာနေပါတယ်။ ပြောင်းပင်ကလေးတွေ အခြေအနေ ကောင်းပြီ ပေါ့။ အစိမ်းရင့်ရောင်ကို ပြောင်းလာပြီး အဖေ့ ညိုသကြီးလောက်အထိ မြင့်လာနေကြပါပြီ။ ဆေးရွက်ကြီးတွေကိုလည်း ပျိုးခုံကနေ ကွင်းထဲကို ပြောင်းစိုက်နေကြပါပြီ။
မိုးမှန်လာတော့ သစ်တောတွေလည်း စိမ်းစိုလာပါတယ်။ ပန်းတွေလည်း အပြိုင်အဆိုင် ပွင့်လာကြ ပါတယ်။ လောကဟာ သစ်လွင်တောက်ပလို့ နေပါပြီ။ တစ်ခုပဲ လိုနေတာ ရှိပါတယ်။ ဘယ်သူမှ စားစရာ မရှိသေးတာပါပဲ။

နောက်တစ်ခု စိတ်ပျက်စရာ ကောင်းတာကတော့ ပိုးကောင်းမွှားကောင်တွေ ပေါလာတာပါပဲ။ ယင်ကောင် တွေ ကိုလည်း ဘယ်လိုမှ ရှောင်လို့ မလွတ်ပါဘူး။ ညညဆိုရင် တောင်ကြားဆီက ဖားအောင်သံတွေနဲ့  ဆူညံနေပါတော့တယ်။

ပိုးမွှားတွေပေါတဲ့ ရာသီမို့ ၀၀လင်လင် စားရတာကတော့ တော်ကတဲ့တွေနဲ့ ပင့်ကူတွေပါပဲ။ နောက်တစ်ခုမှာ အသက်ရှင်ဖို့အတွက် ရုန်းကန်နေကြရတဲ့ လူအတွေအတွက် အလုပ်အကိုင်က ရှားပါးလာတဲ့ကိစ္စပါပဲ။ ဘယ်သူမှ ပိုက်ဆံပေးပြီး အလုပ်သမား မငှားနိုင်ကြတော့ပါဘူး။ သူတို့တွေ ဟာ ပေါက်တူးတွေ၊ အထုပ်အပိုးတွေ ထမ်းပြီး လျှောက်သွားနေကြရတုန်းပါပဲ။
ပြောင်းဆန်ဈေးက တစ်ပုံးကို တစ်ထောင်နား ကပ်နေပါပြီ။ အဲဒီမှာ ကုန်သည်တွေက စွန့်ပစ်ရမယ့် ပြောင်းဆန်အခွံတွေထဲမှာ လွှစာတွေ ရောပြီး ရောင်းကြပါတယ်။ အရောင်ချင်း ခပ်ဆင်ဆင်မို့ ဘယ်သူမှ သတိမထားမိကြပါဘူး။ ဒါကိုပဲ လူတွေက ကြံဖန်ပြီး ၀ယ်စားကြရပါတယ်။

"ရှိစုမဲ့စုကလေး နဲ့ သွားဝယ်စားပါတယ်။ ဗိုက်ထဲမှ လွှစာမှုန့်တွေ ချည်းပဲ"
"ကလေးတွေက အိမ်ပြန်ချင်နေကြပြီ"
"ဒီလို လုပ်တာကတော့ လူမဆန်လွန်းပါဘူးဗျာ"
မကျေနပ်သံတွေ၊ ညည်းညူသံတွေအမျိုးမျိုး ထွက်နေပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဘာမှ မတတ်နိုင်ကြပါဘူး

အမေက မုန့်ဆက်ရောင်းပြီး မိသားစုကို ရှာကျွေးနေပါတယ်။ အမေ ပြန်လာရင် အမေ့ကို ပြေးကြိုသလိုနဲ့ ကျွန်တော်တို့ အေမေ့ ခေါင်းပေါ်က ဗန်းကို လှမ်းယူကြပါတယ်။ မုန့်များ ပြန်ပေါ်လာသေးလားဆိုတာ သိချင်ကြတာပေါ့။

အမေ့ဆီမှာ နေ့စဉ်မုန့်ဝယ်စားတဲ့ဖောက်သည်တွေက ဘ၀တူ တောင်သူတွေပါ။ သူတို့တွေက ငွေရှင် ကုန်သည်ပွဲစားတွေဆီမှာ ငွေတိုးယူပြီးယူပြီး အသက်ဆက်နေကြရတဲ့ လူတွေပါ။ အတိုးနှုန်းက ၃၀၀ ရာခိုင်နှုန်းတဲ့။ အဲဒီလိုမှ မယူပြန်ရင်လည်း ငတ်သေကြရတော့မယ်။ အဲဒါကတော့ ကျွန်တော်တို့လည်း မကင်းနိုင်ပါဘူး။

ဒီလိုနဲ့ ဈေးထဲမှာ လူတွေ တစ်နေ့တခြား ပိုပြီး အခြေအနေက ဆိုးလာတယ်။ မခံနိုင်လွန်းတော့ အရက်စက်ဆုံး ပွဲစားကြီး မန်ဂိုချီကို ၀ိုင်းပြီး ဝေဖန်လာကြတယ်။ ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက်နိုင်ပြီး သူတို့ ဘာမှမလုပ် နိုင်ပါဘူး။ အင်အားသုံးနိုင်လောက်တဲ့ လူတစ်ယောက်မှ မရှိတော့ဘူး။ အားလုံး မနည်းမတ်တတ် ရပ်နေကြရသူတွေချည်းပါပဲ။
"အဲဒါ ကျုပ်အပြစ် မဟုတ်ဘူး။ တန်ဇန်းနီးယားလယ်သမားတွေက နှစ်ဆတင်ရောင်းနေတာ ကျုပ်က ဒါထက် ဈေးလျှော့ရောင်းရင် မွဲသွားမှာပေါ့။

ဆက်ရန်
.

No comments: