Sunday, January 16, 2011

ပန်းသတင်း (ကိုဘရီ (ဒဿနိက))

ဆရာကြီးဦးဘိုမောင် နှင့်
ဆရာမြသန်းတင့်

ဆရာကြီး ဦးဘိုမောင်မှာ ပါဠိ နှင့် ပိဋကတ်စာပေ ကျမ်းဂမ်များ၌ နှံ့စပ်ကျွမ်းကျင်သော ဘုန်းကြီးလူထွက် တစ်ယောက်ဖြစ်၏။ သူသည် ထိုစဉ်က သာသနာရေး ၀န်ကြီးဌာနတွင် သာသနာရေးအကြံပေး ပုဂ္ဂိုလ် အဖြစ် အမှုထမ်းဆောင်နေချိန်ဖြစ်၏။

ကျွန်တော်သည် ထိုလမ်းလျှောက်အဖွဲ့သို့ ကျွန်တော်၏ သူငယ်ချင်းတစ်ယောက်ဖြစ်သူ ကိုသိန်းထွန်း နှင့် ပတ်သက်၍ ထိုဆရာကြီးများနှင့် မမျှော်လင့်ဘဲ သိကျွမ်းခင်မင်ရင်းနှီးခွင့် ရရှိခဲ့၏။
ထိုလမ်းလျှောက်အဖွဲ့ဝင်များမှ နေ့စဉ်နေ့တိုင်း မိမိနေအိမ် အသီးသီးမှ နံနက်စောစောတွင် လမ်း လျှောက်လာခဲ့ကြပြီး ရွှေတိဂုံဘုရား အနောက်ဘက်မုခ်တွင် ပထမစုရပ်အဖြစ် လူစုခဲ့ကြ၏။ အနည်း ငယ် လူစုမိသောအခါတွင် ဦးဝိစာရလမ်းအတိုင်း ဆက်လက်လျှောက်လာကြပြီး ဇီဝက(ဇပါးရှား) လမ်း ထိပ်ရှိ ပန်းခြံနံဘေး လက်ဖက်ရည်ဆိုင်လေးတွင် ထိုင်ကြ၏။

ထိုဆိုင်တွင် လူစုံသောအခါ သောင်း ပြောင်းထွေလာ၊ အာလာပသလ္လာပ စကားများကို မမောနိုင်၊ မပန်းနိုင် ရယ်မော ပျော်ရွှင်စွာ သောသော ညံအောင် ပြောဆိုကြ၏။ ကျေနပ်ရပြီး နေလေးအနည်းငယ်မြင့်လာသော အချိန်မှ လူစုခွဲကြ၏။ ဤကားအရေးကြီးသော ကိစ္စရှိ၍ မလာနိုင်သူမှအပ ကျန်သူများနေ့စဉ်လုပ်နေကျ ဖြစ်၏။ မိုးတွင်ဘက် မိုးရွာထဲတွင် ထီဆောင်း၍ လမ်းလျှောက်ကြသောသူများ ဖြစ်ကြ၏။

တစ်နေ့တွင် ပထမစုရပ်မှ၊ ဒုတိယစုရပ်ဖြစ်သော လက်ဖက်ရည်ဆိုင်သို့ အသွား အငြိမ်းစား အထွေထွေ ခွဲစိတ်ကု ဆရာဝန်ကြီး ဒေါက်တာ ဦးအောင်ခင်နှင့် ဆရာမြသန်းတင့်တို့နှစ်ယောက် ပခုံးယှဉ်၍လမ်း လျှောက်ကြရင်း အကြောင်းအရာတစ်ခု ကို ဆွေးနွေးလာကြ၏။

မြင်သူသည် မြင်သူကိုလည်း မြင်၏။ မမြင်သူကိုလည်းမြင်၏။ မမြင်သူသည် မမြင်သူကိုလည်း မြင်၊ မြင်သူကိုလည်း မမြင် ..... တဲ့။
ထိုအကြောင်းအရာ၊ ဒဿနလေးကို ဆွေးနွေးလာကြစဉ် သူတို့နှစ်ဦး၏ အနီးမှ ကပ်လျှောက်လာသော ဆရာကြီး ဦးဘိုမောင် က ကြားသွား၏။ ဆရာတို့နှစ်ယောက် ပြောနေတာတွေဟာ အနောက်တိုင်းစာပေ မဟုတ်ဘူး။ ဘုရားဟော ဒေသနာထဲမှာ ပါတယ်ဗျဟု ပြောလိုက်၏။ အကြောင်းအရာတစ်ခုကို စေ့စေ့ စပ်စပ်သိလိုလှသော ဆရာဦးအောင်ခင်က ဘယ်လိုလဲဗျ ဦးဘိုမောင်အား ရင်းနှီးစွာဖြင့် ဦးဘို ဟုသာ နာမည် ကို အဖျားစွပ်၍ ခေါ်လေ့ရှိသည်။

အဲဒါ ပဉ္စ၀ဂ္ဂီငါးဦးမှ တစ်ဦးဖြစ်တဲ့ အရှင်ဝပ္ပမထေရ် ဥဒါန်းကျူးတဲ့ ဂါထာပဲ။ ဆရာတို့ မြန်မာလိုကြည့်ချင် တယ်ဆိုရင် ဒီပဲယင်း ဆရာတော်ဘုရားကြီးရေးတဲ့ ပရမတ္တစက္ခုကျမ်း မှာ ပါတယ်။ သူ့အတိုင်းတော့ မဟုတ်ဘူး။
မူရင်းပါဠိတော် ၀ပ္ပတ္ထေရာပဒါန် က...
ပဿတိ ပသော ပဿန္တံ၊
အပဿန္တဉ္စ ပဿတိ။
အပ္ပဿန္တော အပ္ပဿန္တံ၊
ပဿန္တဉ္စ နပဿတိ
ဝပ္ပတ္ထေရာပဒါန်။

ဆရာတို့က....
" မြင်တဲ့သူဟာ မြင်တဲ့လူကိုရော၊ မမြင်တဲ့လူကိုရော မြင်တယ်။ မမြင်တဲ့လူဟာ မမြင်တဲ့လူကိုရော မြင်တဲ့လူ ကိုပါ မမြင်ဘူး "
ဒီပဲယင်း ဆရာတော်ကြီးက ...
" သိမှ သိ/မသိကို သိသည်။ မသိက သိ/မသိ ကို မသိ" ဆိုပြီး လိုရင်းတိုရှင်း ထိထိမိမိ ဆီလျော်အောင် မြန်မာပြန် ထားတာဟု ဆရာကြီး ဦးဘိုမောင် က ဆိုလိုက်၏။

လမ်းလျှောက်အဖွဲ့သည် လမ်းလျှောက်ရုံသာမက၊ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကျွေး မွေးခြင်း နှင့် တစ်ခါတရံ စိတ်ဝင်စားသော နေရာတစ်ခုသို့ အပန်းဖြေ ခရီးထွက်တတ်၏။ ယခုလည်း ထို သို့ဆွေးနွေးပြီး နောက်တစ်နေ့တွင် ရွာသာကြီးသို့ အပန်းဖြေခရီးထွက်ခဲ့ကြ၏။ ရွာသာကြီးရှိ အပန်းဖြေ အိမ်ကျဉ်းကျဉ်းလေး တွင် ဆရာကြီး ဦးဘိုမောင် နှင့် ဆရာမြသန်းတင့် တို့် ပြန်လည်ဆုံမိကြပြန်၏။ ယမန်နေ့က လက်စ စကားကို ဆက်ကြရင်း ဆရာကြီး ဦးဘိုမောင်သည် သူရေးသားထားသော ဘ၀သံသရာ ခရီးရှည်ကြီး လွန်မြောက်ခြင်း ဟူသော ဆောင်းပါးခေါင်းစဉ်အောက်မှ...
သိမှ သိ/မသိ ကို သိသည်၊
မသိက သိ/မသိ ကို မသိ။
မသိလျှင်တွယ်၊ သိလျှင်ပြယ်သည်
တွယ်လျှင်ဘေး၊ ပြယ်လျှင်အေးသည်။
မသိက တစ်ပတ်ပတ်၊ သိ မှ အပြီးသတ်သည်။
မသိအစ သိကအဆုံး၊ ကိစ္စတုံးသည်။

ဒီပဲယင်းဆရာတော်

ဟူသော စာတိုကလေးကို ရွတ်ပြ၍ အသင့်ယူလာသော စာရွက်အလွတ်နှင့် ဘောလ်ပင်ကို ဆရာမြသန်းတင့် အား ထိုးပေးပြီး ဆရာ ဒါလေးကို အင်္ဂလိပ်လို ပြန်ရေးပါဟု ဆိုလိုက်၏။ ဆရာကြီး ဦးဘိုမောင် မှာ ဆရာမြသန်းတင့် ထက် ဆယ်နှစ်ခန့် ကြီးသော်လည်း လေးစားမှု ဂါရ၀တရားဖြင့် ဆရာ ဟုပင် ခေါ်၏။ ဆရာကြီး ဦးဘိုမောင်မှ ပါဠိနှင့် ပိဋကတ်စာပေများကို ကျွမ်းကျင်သော်လည်း အင်္ဂလိပ်စာ တွင်မူ ဆရာမြန်းတင့် လို မကျွမ်းကျင်ပေ။

ဆရာမြသန်းတင့်သည် ဆရာကြီး ဦးဘိုမောင်အား လေးစားသောအားဖြင့် ချက်ချင်းပင် ဒူးတစ်ဖက် ထောင်၊ စာရွက် ကို ပေါင်ပေါ်တင်ပြီး အင်္ဂလိပ် လို ဘာသာပြန်ပေးခဲ့သည်။

"The End of the Long Peregrination."

He who knows not,  that he knows not and knows;

He who knows not, knows not that he knows not and knows;

He who knows not, is attached and who knows, is detached;

He who is attached, runs the risk of danger;

He who knows detached, enjoys the bliss of peace;

He who knows not turns around a round;

He who knows, turns no other round;

For who knows not, it is the beginning.

For who knows, it is the end and passing over of all things.

Venerable Depeyin Sayadaw

ဟု ဆရာမြသန်းတင့်က ဘာသာပြန်ပေးခဲ့ပါသည်။ 
ဆရာမြသန်းတင့်သည် ယခင်က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုနေကြဖြစ်သော်လည်း ယခုတွင်မူ မြန်မာဘာသာ မှ အင်္ဂလိပ်ဘာသာ သို့ ပြန်ဆို သွားခဲ့သည် မှာ ထူးခြားမှုတစ်ခု ဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများကား ကျွန်တော်တို့ လမ်းလျှောက်အဖွဲ့သားများအတွက် ဆရာကြီး နှစ်ဦးစလုံး အား အမြဲအမှတ်တရ ဖြစ်စေခဲ့ပါသည်။
ယခုအချိန်တွင်မူ ဆရာကြီး ဦးဘိုမောင်နှင့် ဆရာမြသန်းတင့်တို့ နှစ်ဦးလုံး မရှိကြတော့ပါ။ သင်္ခါရ သ ဘောတရား အရ ကွယ်လွန်ခဲ့ကြပြီးဖြစ်၏။ ဆရာမြသန်းတင့်သည် ဆရာကြီး ဦးဘိုမောင်ထက် ငယ် သော်လည်း မမျှော်မှန်းနိုင်သော ဖြစ်ပျက်သဘောတရားအရ စော၍ ' ၁၉၉၈၊ ဖေဖေါ်ဝါရီလ ၁၈ ရက်' နေ့တွင် မမျှော်လင့်ဘဲ ရုတ်တရက် ကွယ်လွန် ခဲ့၏။ ဆရာကြီး ဦးဘိုမောင် မှာမူ လူကြီးရောဂါဖြင့် '၂၀၀၅ ခုနှစ်၊ မေလ ၉ ရက်' နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ ယခုကျန်ရှိနေသေးသော လမ်းလျှောက် အဖွဲ့ဝင်များ သည် ဆရာကြီးများနောက်သို့ ဘယ်နေ့ ရှေ့ဆင့်နောက်ဆင့် လိုက်ကြမည် အသိ။ တစ်နေ့နေ့ တစ်ချိန်ချိန် တွင် မလွဲဧကန်လိုက်ရပေလိမ့်မည်။

ယခင် က ကျွန်တော်သည် ကျွန်တော်သိသော ကွယ်လွန်ခဲ့ပြီးသည့် စာပေပညာရှင်များ၊ ရုပ်ရှင်နှင့် ဂီသပညာရှင်များအကြောင်း ဆောင်းပါးရေးလျှင် မေတ္တာစေတနာအရင်းခံ စိတ်ထားဖြင့် ရိုးသားစွာ 'ကောင်းရာသုဂတိလားပါစေ' ဟု နောက်ဆုံးစာကြောင်း၌ ရေးလေ့ရှိပါသည်။ ယခုတစ်ကြိမ်တွင်တော့ ကျွန်တော် မရေးတော့ပါ။ အကြောင်းမှာ ဆရာမြသန်းတင့် ကွယ်လွန်ခဲ့ပြီးခါစ ဆရာကြီး ဦးဘိုမောင် ကိုယ် တိုင် ရေးသားသော 'မြသန်းတင့် နှင့် ဗုဒ္ဓဒေသနာတော်' ဟူသော ဆောင်ပါး ၌ လူ့အကျိုးပြုစာပေ မှန်သ မျှ ကို ကိုယ်တိုင်လည်းရေး၊ အခြားစာပေများမှလည်း ပြန်ဆိုရေးသားသွားသော ဆရာမြသန်းတင့်အား ' ကောင်းရာသုဂတိလားပါစေ' ဘာညာ စသည့်ဖြင့် ဆုတောင်းနေစရာ မလိုပါ။

သူ၏ ဓမ္မနုဂ္ဂဟကုသိုလ်နှင့် အခြားအကျိုးပြုစာပေအတွေး အရေးတွေက အလှည့်သင့်သလို မြှင့်တင် ပေးကြ မှာ သေချာပါသည်။ ငွေတွေ သိန်းပေါင်းများစွာ အကုန်ခံပြီး ပကာသန ဒါနအပြအလှူ ထက် သူ၏ ဓမ္မနုဂ္ဂဟကုသိုလ် က ရာထောင်မက သာလွန်မြင့်မြတ်သည် ဟု ဆိုခဲ့ပါသည်။

(၀န်ခံချက်။ အထက်ဖော်ပြပါ အကြောင်းအရာများ၏ အနှစ်ချုပ်မှာ ၁၉၉၇ ခု၊ ဇူလိုင်လထုတ် သာထွန်းပြန့် ဓမ္မစာစောင် တွင်လည်းကောင်း၊ အမှတ်-၆/၂၀၁၀ ပြည့်နှစ် ဇွန်လထုတ် နွယ်နီမဂ္ဂဇင်း တွင် ပါခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အခြားမဖတ်ရသေး၊ မသိသေးသူများကို သိစေလိုသော စိတ်အရင်းခံ ဒေသတနာ ဖြင့် တစ်ဆင့် ပြန်လည် ဖောက်သည်ချလိုက်ရခြင်း ဖြစ်ပါသည်။)
စာကောင်းပေမွန် တို့ ဟူသည် အထပ်ထပ်ဖတ်လေ၊ မှတ်မိလေ၊ အသိဥာဏ်တိုးပွားလေ ဟု ကျွန်တော် ယူဆ ပါသည်။

စာရေးသူ - ကိုဘရီ (ဒဿနိက)
ရုပ်ရှင်တေးကဗျာ ဖေဖော်ဝါရီ ၂ဝ၁၁
.

8 comments:

Anonymous said...

Dear Sis,

Thanks for sharing.


Ray

ahphyulay said...

မမရွှီစင်ရေ..
ကျွန်တော်တို့ သေရင်တော့  ရက်လည်ကျော်တာနဲ့ 
နာမည်ပါပျောက်တော့ မှာ၊ ( ကျန်ရစ်သူ ရပ်တောင်
သိမ်းထားရင်တော့ ရှိချင်ရှိမှာပါ )။
ဒီလို ဆရာကြီးတွေကတော့  ဘယ်တော့ မှ နာမည်သေမယ်
မဟုတ်တော့ ပါ။ ပြန်တင်ပေးတာကျေးဇူးပါ။

ကိုဇော် said...

ဟုတ်ပါတယ်လေ. . .
ကောင်းမှုတွေချည်းပဲ လုပ်နေသူ အဖို့ ကောင်းရာ သုဂတိလားပါစေ လို့ ဆုတောင်းပေးစရာ မလိုတော့ဘူးပေါ့။

မေဓာဝီ said...

ဒီပဲယင်းဆရာတော်ရဲ့ မြန်မာပြန်ဆိုချက်ကို အထပ်ထပ် ဖတ်ပြီး စဉ်းစားနေတယ်။

ပါဠိတော်ကတော့ အသံထွက်ရုံလောက်သာ ဖတ်တတ်တာမို့ လုံးဝနားမလည်တာ အမှန်ပဲ။

ဆရာမြရဲ့ အင်္ဂလိပ်ပြန်ဆိုချက်ကို ဖတ်လိုက်တော့မှ knows not knows not တွေနဲ့ not know ဖြစ်သွားပါလေရော။

ပညာရှိများ ရေးသားရင် စာတကြောင်း ဂါထာတပုဒ်ဆိုပေမဲ့ အင်မတန် နက်နဲတာပါလားနော် ... ။

မျှဝေပေးတာ ကျေးဇူးပါ အမကြီးရေ ... ။

Anonymous said...

Dear sis Ma Shwezin,
What a precious post"flower news".
May u have wisdom,dama n general knowledge....Thanks
Gyidaw

kiki said...

သိသလို မသိသလိုနဲ့ ဖတ်ကြည့်မိပါတယ်။
ဒါပေမဲ့ မသိတာကို မသိဘူးပဲ ဖြစ်နေတယ် ။
သိတာတွေလည်း မသိတော့ဘူး ဖြစ်သွားတယ် ။

ဆရာကြီးတွေရဲ့ ဥာဏ်ပညာ ကွန့် မြူုး ပြီး ရေးသားထားချက်များကတော့ အလွန်ပဲ လေးစားစရာကောင်းပါတယ် မရွှေစင် ရေ ..

( ဖွားကိ လို သာမန် လူ ကိုတော့ မသေခင်လည်း မသိကြတာမို့  သေပြီးရင် ဆို ပြောစရာတောင် မလိုတော့ပါဘူး လေ ။ ဒီတော့ ကိုယ့် မသိတာကို ကိုယ့်ဟာကိုယ်သိအောင်ပဲ အရင် ကြိုးစားရပါအုံးမယ် )

Anonymous said...

ပဿတိ..., သိ/မသိ...နဲ့ ဘာသာပြန်တွေ နှစ်သက်လို့ ကူးသွားတယ်ဗျာ။ ဘလော့ဂ်မှာ သုံးခွင့်ပေးပါနော။

Anonymous said...

ပဿတိ..., သိ/မသိ...နဲ့ ဘာသာပြန်တွေ နှစ်သက်လို့ ကူးသွားတယ်ဗျာ။ ဘလော့ဂ်မှာ သုံးခွင့်ပေးပါနော။