Monday, January 17, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၅)

၁၇

သေခြင်းသည် လူတစ်ဦးနှင့်သာ ဆိုင်သော ကိုယ်ပိုင်ကိစ္စတစ်ရပ်ဖြစ်၍ ကြေကွဲဝမ်းနည်းခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ပြင်းပြသော အပူမီး တောက်လောင်ခြင်းစသည့် စိတ်အာရုံခံစားမှုများကို ဖြစ်ပေါ်စေသည်။ သေသူ ကို သင်္ဂြိုလ် ခြင်းဟူသော ဈာပနကိစ္စမှာမူကား အများနှင့် သက်ဆိုင်သော လူမှုရေး ကိစ္စ တစ်ရပ် ဖြစ်လာပေသည်။ ဈာပန တစ်ခုကို ပို့ဆောင်ရာ၌ မိမိ၏ မော်တော်ကားကို ပြောင်လက်နေအောင် တိုက်ချွတ် ၍ ပို့ခြင်း၊ အနက်ရောင် ၀တ်စုံကိုဝတ်၍ အနက်ရောင် ဖိနပ်ကိုစီး၍ အသုဘမြှုပ်နှံသည့် မြေပုံဘေး ၌ ရပ်ခြင်း၊ မည်သူမည်ဝါက ပို့သည် ဟူသော စာတန်းကတ်ပြားကလေး လှပစွာ ချည်နှောင် ထားသည့် လွမ်းသူ့ပန်းခွေပို့ခြင်း စသော အလုပ်များ သည် လူမှုကိစ္စတစ်ရပ်ဖြစ်ကြောင်းကို သိသာ ထင်ရှား စေသောအရာများ ဖြစ်၏။ ဈာပနနှင့် ပတ်သက်လာလျှင် ဤ အရာများသည် မလုပ်မဖြစ်သည့် အရာများဟု သတ်မှတ် လိုက်နာ ကြလေသည်။

ဒင်နီ သည် သေဆုံးသွားခဲ့ပြီဖြစ်၏။ သူ သေဆုံးသွားသည်မှာ နှစ်ရက်ပင်ရှိခဲ့ပြီ။ ဒင်နီဟူသော လူသည် မရှိတော့။ လူတို့၏ မျက်နှာများသည် ဒင်နီသေဆုံးသွားသည့်အတွက် ၀မ်းနည်းကြေကွဲခြင်းတည်းဟူသော ခြုံလွှာ များ ကို မျက်နှာတွင် ဖုံးအုပ်ထားကြသော်လည်း သူတို့၏ နှလုံးသားများကတော့ စိတ်ဝင်စားဖွယ်ရာ ကောင်းသော အရာတစ်ခုကြောင့် လှုပ်ရှားလျက်ရှိကြသည်။ အစိုးရ ရဲဘော်ဟောင်းများ ကွယ်လွန်သည့်အခါ ကာယကံရှင် များ ဆန္ဒရှိပါက စစ်တပ်ထုံးစံဖြင့် သင်္ဂြိုလ်ပေးမည်ဟု ကတိပြုထားသည်။

ယခု ဒင်နီသေပြီ၊ ဒင်နီ သည် စစ်သားဟောင်းတစ်ဦးဖြစ်၏။ တော်တီလာဖလက် ရပ်ကွက်မှ လူအများအဖို့တော့ အစိုးရ ကတိတည်မတည် စောင့်ကြည့်ရမည့် ပွဲတစ်ခု ဖြစ်နေသည်။ ဒင်နီကွယ်လွန်ကြောင်းကို မွန်ထရေးမြို့ရှိ စစ်တပ်သို့ အကြောင်းကြားခဲ့ပြီးပြီ။ ဒင်နီ၏ အလောင်းကို မပုပ်မသိုးရအောင် အစိုးရစရိတ်ဖြင့် ဆေးများ ထိုးထားပြီးပြီ။ အလောင်းတင်ရန် စစ်မြင်းရထားကိုပင် ဆေးများ ပြန်သုတ်ထားပြီးပြီ။ ခေါင်းပေါ်လွှမ်းရမည့် အလံ အသစ်တစ်ခုကိုပင် အဆင်သင့် ပြင်ထားပြီးပြီ။ သောကြာနေ့ သင်္ဂြိုလ်မည်ဟူသော အမိန့်ပင် ထွက်ပြီးခဲ့ပြီ။

နံနက် ဆယ့်တစ်နာရီ ထိုးရန် ဆယ့်ငါးမိနစ်တွင် သင်္ဂြိုလ်မည်။ ပို့ဆောင်ရမည့် တပ်၊ တပ်စု-က၊ အမှတ်-၁၁ မြင်း တပ်၊ စစ်တီးဝိုင်းနှင့် သေနတ်ပစ်အဖွဲ့။
တော်တီလာဖလက် ရပ်ကွက်တွင်းမှ အမျိုးသမီးများသည် ဒင်နီ၏ ဈာပန အခမ်းအနား၌ အသုံးပြုရန် မွန်ထရေး မြို့ရှိ နေရှင်နယ် ဒေါ်လာစတိုးသို့ သွား၍ လိုအပ်သောပစ္စည်းများ ၀ယ်ကြပြန်သည်။ ညစ်ပတ် ပေရေလျက် ရှိသော ကလေးများသည် မွန်ထရေးမြို့တွင်းရှိ ပန်းခြံများသို့သွားကာ ပန်းများ တောင်းကြ သည်။ ဒင်နီအတွက် လွမ်း သူ့ပန်းခွေများ ပြုလုပ်ရန် ဖြစ်သည်။

ပါတီပွဲ ပြုလုပ်သည့်ညက ၀တ်လိုက်သဖြင့် သီးသန့်ထားသော ၀တ်စုံများမှာ ကြေမွကုန်ပြီ။ ဒင်နိ၏ အလောင်း ကို နှစ်ရက်မျှ ထားလိမ့်မည်ဖြစ်ရာ ထိုနှစ်ရက်အတွင်း အ၀တ်များကို လျှော်ရမည်။ ကော်တင် ရမည်။ အစုတ်အပြဲလေးများရှာ၍ ဖာထေးရမည်။ ပြီးတော့ မီးပူတိုက်ရမည်။ ဤ ကြိုတင်ပြင်ဆင်မှု မှာလည်း သူတို့အဖို့ အလွန်စိတ်ဝင်စားစရာကောင်းသည့် ပွဲတစ်ခုပင်ဖြစ်လေသည်။
အသုဘ၏ ဒုတိယနေ့ ညပိုင်းတွင် ဒင်နီ၏ မိတ်ဆွေအပေါင်းအသင်းများသည် ဒင်နီ၏ အိမ်တွင် လာရောက် စုရုံး ကြသည်။ ၀ိုင်တစ်ဂါလန်ပြီး တစ်ဂါလန် သောက်ကြသည်။

သူတို့သည် တော်တီလာဖလက် ရပ်ကွက်များ၏ ရှိရှိသမျှ လူအားလုံးတွင် ဒင်နီနှင့် အခင်မင်ဆုံးသော အပေါင်းအသင်း များဖြစ်သည်။ ဒင်နီ မသေမီက ဒင်နီ၏ ပေး ကမ်းစွန်ကြံမှုကို အများဆုံး ရယူခဲ့သူများ ဖြစ်သည်။ သူတို့သည် ဒင်နီလိုပင် ပီဆာနိုးလူမျိုးများဖြစ်၏။ သို့ သော်လည်း သူတို့ ဒင်နီ၏ အသုဘ အခမ်းအနား ကို လိုက်၍ ပို့နိုင်ကြမည်မဟုတ်၊ ၀မ်းနည်းကြေကွဲစရာကောင်း လှသည်။ သူတို့အဖြစ်ကို တနုံ့နုံ့ စဉ်းစားကာ ခေါင်းများပင် ကိုက်လျက်ရှိကြသည်။

မည်သို့ပင်ဖြစ်စေ စိတ်ထိခိုက်စရာ ကောင်းလှသည့် ဤအဖြစ်ကို ရင်မဆိုင်ချင်သော်လည်း ရနိုင်သည့် အခြေအနေ မရှိ၊ သူတို့တွင် အ၀တ်အထည်ဆို၍ ခါးဝတ်ခါးစားသာရှိ၏။ ထိုခါးဝတ်ခါးစားများသည် နဂို ကတည်းက ဟောင်းနွမ်းနေရသည့်အထဲ ပါတီပွဲညက သောင်းကျန်းချင်တိုင်း သောင်းကျန်းခဲ့မိကြသဖြင့် စုတ်ပြတ် နေကြလေပြီ။

အမှန်တော့ သူတို့ ၀တ်ထားသည့် ဂျင်းဘောင်းဘီအပြာ နှင့် ဂျင်းရှပ်အင်္ကျီပြာတို့သည် သူတို့ကိုယ်ပေါ် ရောက်ခဲ့ ကြသည် မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။ ဘောင်းဘီဆိုလျှင် ဒူးခေါင်းနေရာများ၌ မြင်မကောင်း အောင် ပြဲ နေပြီ။ ရှပ်အင်္ကျီကျတော့ ပို၍ ဆိုးချေသေး၏။ တခြားလူများထံမှ အ၀တ်အစား ခဏ တဖြုတ် ငှားဝတ်ဖို့မှာလည်း လုံးဝမဖြစ်နိုင်စရာ မရှိ၊ ယခု ဒင်နိ၏ အသုဘတွင် တော်တီလာဖလက် ရပ်ကွက်တွင်း မှ လူများသည် အားလုံးပင် လိုက်ပို့ကြလိမ့်မည်ဖြစ်သည်။ သူတို့အနေဖြင့် ယခုလို ပွဲမျိုးကျမှ သူတို့တွင် ရှိနေသည့် အ၀တ် အစားများကို လူအများ မြင်သာအောင် ၀တ်၍ ကြွားခွင့်ဝါခွင့် ရကြသည် မဟုတ်ပါလော။

ဒင်နီ ၏ အသုဘကို လိုက်မပို့မည့်လူမှာ ကော့ကီရီအိုဒန် ဆိုသူတစ်ဦးသာရှိ၏။ သူ့ထံမှ အ၀တ်များကို ငှား၍ ၀တ်ဖို့ မှာလည်း လုံးဝ မဖြစ်နိုင်။ ကော့ကီရီအိုဒန်သည် ကျောက်ပေါက်နေသဖြင့် သူ့အ၀တ်များကိုသာ ယူ၍ ၀တ်လိုက် လျှင် ရောဂါကူးစက်ခြင်း ခံရပေလိမ့်မည်။
ပီဆာနိုး များ အဖို့ ၀တ်စုံသစ် တစ်စုံ ၀ယ်ဖို့အတွက် ငွေလို၏။ ထိုလိုငွေကို သူတောင်းစားလို လိုက်၍ တောင်းပါမှသို့မဟုတ် ခိုးယူပါမှသာ ရနိုင်စရာရှိ၏။ ပို၍ ဆိုးနေသည်ကား လူခြောက်ဦးအတွက် ၀တ်စုံ ခြောက်စုံ ၀ယ်ဖို့ ဆိုသည်မှာ အူလွန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်နေခြင်းပင်တည်း။

မိမိတို့ အလွန်ချစ်သော သူငယ်ချင်း ဒင်နီ၏ အသုဘကို အ၀တ်အထည် စုတ်စုတ်ပြတ်ပြတ်နှင့် လိုက်မပို့ချင်စိတ် ကိန်းအောင်းနေခြင်းသည် ဒင်နီ ကို မခင်၍ မချစ်၍လော၊ ရပ်ကွက်တွင်း၌ အတူနေကြသူ အားလုံး က အ၀တ်အစားသစ်တွေဝတ်ပြီး မိမိတို့က စုတ်စုတ်ပြတ်ပြတ် ဖြစ်နေသည်ကို ရှက်ခြင်းသည် မှန်မှ မှန် ပါ့မည်လော၊ သူငယ်ချင်း တစ်စု သည် မေးထောက်၍ ထိုင်ကာ ၀တ်စုံသစ် ရနိုင်မည့် နည်းလမ်းများကို စဉ်းစား ကြံဆကြသည်။ တိုင်ပင်ကြသည်။

" ငါတို့ ညပိုင်းမှာထွက်ပြီး ကိုယ့်အတွက်ကိုယ် ၀တ်စုံတစ်စုံစီရအောင် ခိုးနိုင်ရင်ကော မဖြစ်နိုင်ဘူးလား" ဟု ပီလွန်က ပြောသည်။ အမှန်တော့ ထိုစကားကို ပီလွန်သည် နည်းလမ်းရှာမရ၍သာ ပြောခြင်းဖြစ်၏။ ဘယ်နည်း နှင့်မှ မဖြစ်နိုင်သည်ကို သူကိုယ်တိုင် နားလည်သည်။ ထိုညအဖို့ လူတိုင်းသည် ၀တ်စုံသစ်ကို သူတို့ အိပ်ရာဘေး ၌ထား၍ အိပ်ကြမည်မှာ သေချာ၏။ အကယ်၍ သွားခိုးခဲ့ပါမူ ကိုယ့်သေတွင်း ကိုယ်တူး သလိုဖြစ်ပေတော့မည်။

" တစ်ခါတလေ ကယ်တင်ခြင်းတပ်ဖွဲ့က ၀တ်စုံတွေ အခမဲ့ လှူတတ်တယ်ကွ" ဟု ဂျီးဆပ်စ်မေရီယာက ပြော သည်။
" ငါ ရောက်ခဲ့ပြီးပါပြီကွာ" ဟု ပက်ဘလိုက ပြောသည်။ " သူတို့မှာလည်း ၀တ်စုံသစ် ပြတ်နေတယ်တဲ့ "
ကံကြမ္မာသည် သူတို့ကို အဘက်ဘက်မှ ဆန့်ကျင်လျက်ရှီသည်။ တီးတိုးရဖ်သည် ဘယ်က ရလာမှန်း မသိသော အစိမ်းရောင် လက်ကိုင်ပ၀ါသစ် တစ်ထည်ကို သူ့အင်္ကျီရှေ့ အိတ်ကပ်ထဲရှိ ခေါက်ထည့်ပြီး အခန်းထဲသို့ ၀င်လာ သည်။ သို့သော်လည်း သူ့လက်ကိုင်ပ၀ါကို ၀ိုင်းကြည့်နေသည့် မျက်လုံးများက မလိုလားမှုကို ဖော်ပြနေကြသဖြင့် အသာတပ်ခေါက်ပြီး ပြန်ထွက်သွားလေသည်။

" အချိန် တစ်ပတ်လောက်ရရင်လည်း အကောင်းသားကွာ" ဟု ပီလွန်က ညည်းသည်။ " တစ်ပတ်သာ အချိန် ရရင် ငါတို့ ငါးဗိုက်ခွဲတဲ့အလုပ် လုပ်နိုင်တယ်၊ ခက်တာက အသုဘချမှာက မနက်ဖြန် ဖြစ်နေတာဆိုးတယ်၊ အသုဘ လိုက်ပို့နိုင်မယ့် နည်းတစ်နည်းတော့ ရှိတယ်ကွ သိလား"
" ဘယ်လိုလဲ" ဟု အားလုံးက ၀ိုင်းမေးကြသည်။

" စစ်တီးဝိုင်း အဖွဲ့နဲ့ လိုက်ပို့တဲ့သူတွေက လမ်းမကြီးအတိုင်း လျှောက်ကြမှာဆိုတော့ ငါတို့က လမ်းဘေးက လိုက် နိုင်တယ်၊ သုသာန်ရောက်တော့လည်း မြက်တွေက သိပ်ထူတယ် မဟုတ်လား၊ ငါတို့က မြက်ပင်တွေ ကြားမှာ ၀ပ်ပြီး အသုဘ အခမ်းအနားကို ကြည့်ကြတာပေါ့"
ကျန်လူစု က ပီလွန်ကို အလွန်ကျေးဇူးတင်သော မျက်နှာထားဖြင့် ကြည့်ကြသည်။ ပီလွန်သည် အလွန်ဥာဏ် ထက်သူ တစ်ဦးဖြစ်၏။ ဖြစ်နိုင်သည့် နည်းလမ်းကို မရအရ ရှာနိုင်သည်။ သို့သော်လည်း အခု သူပေးသည့် နည်းလမ်းမှာ မိမိတို့၏ ဆန္ဒတစ်ဝက်သာလျှင် ပြည့်မည်ဖြစ်၏။ အသုဘအခမ်းအနားကို မြင်တော့မြင်ရမည်။ သူတို့ လူစု အသုဘအခမ်းအနား တွင် ပါဝင်နေသည်ကိုမူ မည်သူကမှ မြင်ကြတော့မည်မဟုတ်။

" အခု ကြုံနေရတဲ့ အခက်အခဲ ထဲက ငါတို့အတွက် သင်ခန်းစာတစ်ခုတော့ရတယ်" ဟု ပီလွန်က ပြောသည်။ " ငါတို့မှာ ၀တ်စုံတစ်စုံ ကို အမြဲတမ်း အပိုဆောင်ထားမှ ဖြစ်တော့မယ်၊ လိုမယ် မလိုဘူးဆိုတာ ဘယ်သူက ကြိုပြီး ပြောနိုင်မှာလဲ"

ပီလွန်တို့ လူစုသည် အိမ်ထဲမှ ထွက်သွားကြသည်။ သူတို့သည် တစ်ညလုံး မြို့ထဲ၌ တလည်လည် လျှောက် သွားနေကြသည်။ တွေ့သမျှ မြင်သမျှ အလှဆုံးပန်းများကို ခူးကြသည်။ နောက်တစ်နေ့ နံနက်လင်းသောအခါ ဒင်နီကို မြှုပ်ရန် အသင့်တူးထားသော တွင်းပတ်ပတ်လည်တွင် မွန်ထရေးမြို့တွင်းမှ အလှဆုံး အကောင်းဆုံး ပန်းများ ရောက်နေသည်ကို တွေ့ကြရလေသည်။

သဘာဝတရားသည် အမြဲတစေ အဆင်ပြေနေအောင် လုပ်ပေးတတ်သည်မဟုတ်။ ၀ါတာလူးပွဲမတိုင်မီ မိုးကြီး သည်းထန်စွာ ရွာသွန်းခြင်း၊ ဘွဲ့နှင်းသဘင်များ ကျင်းပသည့်နေ့ကျခါုမှ မြေပြင်တွင် ပေလေးဆယ်ထုရှိသော ဆောင်းဆီးနှင်းများ အဆက်မပြတ် ကျခြင်း စသည်တို့သည် ဤစကားမှန်ကြောင်း ထောက်ခံနေသည့် သာဓကများ ဖြစ်၏။ သို့သော်လည်း ဒင်နီ အသုဘချမည့် သောကြာနေ့သည် သာယာသော နေ့တစ်နေ့ဖြစ်သည်။

နေသည် ပျော်ပွဲစား ထွက်ဖို့ကောင်းသည့် နေ့တစ်နေ့ဟုပင် သတ်မှတ်ချင် လောက် ကြည်လင် တောက်ပ နေလျက်ရှိသည်။ စင်ရော်များသည် အုပ်လိုက် သင်းလိုက်ဖွဲ့ကာ ငါးစည်သွတ်စက်ရုံများဘက်သို့ ရှေ့ရှူပျံသန်းနေကြသည်။ ကျောက်ဆောင်များပေါ်၌ လာ၍ ငါးမျှားလေ့ရှိသူ များသည် သူတို့ လာနေကျ နေရာများ၌ ထိုင်ကာ ငါးမျှားနေကြပြီ။ စက်ချုပ်သမား မစ္စတာ မာချာဒိုးသည် သူ့ဆိုင် ပြတင်းပေါက်တွင် " ဆယ်မိနစ်အတွင်း ပြန်ရောက်မည်" ဟူသော ဆိုင်းဘုတ်ချိတ်နေပြီ။ သူသည် အသုဘ ပို့ရန် အိမ်ပြန်၍ အ၀တ်အစား လဲရဦးမည် မဟ်ုတ်ပါလား။ လူဝီလူယက်တီးသည် သူ့လှေကို ဆေးအသစ်သုတ်ကာ လိုလီတာဟူသော အမည်ကို ဖျက်၍ ညီနောင်သုံးဖော်ဟူသော အမည်သစ် ရေးနေသည်။ ပုလိပ်သား ဂျိတ်လိတ်သည် ဒဲလ်မွန်တီမှ အဖိုးဖွင့် နှစ်ယောက်စီးကားတစ်စီးကို ဖမ်းဆီး လာသည်။

ဒင်နီ၏ သူငယ်ချင်းများသည် အိပ်ရာမှ နိုးလာကြသည်။ ဒင်နိ၏ အိပ်ရာသည် လွတ်လျက်ရှိ၏။ စီးသူမဲ့ နေသော မြင်းတစ်ကောင်နှင့် တူလျက်ရှိသည်။ ယခင်က ဤအိပ်ရာကို မက်မောခဲ့ဖူးသော ကောင်ကြီးဂျိုး သည်ပင်လျှင် အလွန်စိတ်မကောင်းသော မျက်နှာထားဖြင့် အိပ်ရာဆီသို့ တွေဝေငေးမောလျက်ရှိသည်။

" အခုလို သာယာတဲ့ မနက်ခင်းမျိုးကို ဒင်နီ သိပ်သဘောကျတာ" ဟု ပီလွန်က ပြောသည်။ သူတို့သည် အိမ်ရှေ့ ဆင်ဝင်တွင် ထိုင်၍ နေစာလှုံရင်း သူတို့ သူငယ်ချင်း ဒင်နီကို အောက်မေ့ သတိရနေကြသည်။ တမ်းတ လွမ်းဆွတ်နေကြသည်။ သူတို့သည် ဒင်နိ၏ ကောင်းကွက်များကိုချည်း သတိရကြသည်။ ဒင်နီ၏ ချွတ်ယွင်း ချက်များ အားနည်းချက်များနှင့် အပြစ်များကို မေ့သွားကြသည်။
" ဒီကောင်ကြီးဟာ သန်လည်း သိပ်သန်တာ" ဟု ပက်ဘလိုက ပြောသည်။ " သန်တဲ့နေရာမှာ လားတစ်ကောင် ကျနေတာပဲကွ၊ သိလား၊ မြက်ခြောက်အိတ်ကြီး တစ်လုံးလောက်များ အသာလေး မနိုင်တယ်"

သူတို့သည် ဒင်နီ၏ ကောင်းခြင်း၊ ဒင်နိ၏ သတ္တိနှင့် ဒင်နီ၏ ဘာသာတရား ကြည်ညိုကိုင်းရှိုင်းမှုများကို တစ်ယောက်တစ်ပေါက် ပြောနေကြပြန်သည်။
မကြာမီအတွင်းမှာပင် အသုဘအခမ်းအနားမစမီ ဆုတောင်းပွဲပြုလုပ်ရန် ဘုရားရှိခိုးကျောင်းအတွင်း၌ လူအများ စုဝေးရမည့်အချိန်သို့ ဆိုက်ရောက်လာသည်။
ပီလွန်တို့လူစုသည် စုတ်ပြတ်ပေရေနေသော အ၀တ်အစားများနှင့် ဘုရားရှိခိုးကျောင်းရှေ့ လမ်းမကြီး၏ တစ်ဖက် ပလက်ဖောင်းပေါ်မှရပ်ကာ ငေးမောနေကြသည်။ သူတို့ထက် ကံကောင်းသူများကတော့ အ၀တ်အစား သစ်များဖြင့် ဘုရားရှိခိုးကျောင်းထဲသို့ တစ်သုတ်ပြီးတစ်သုတ် ၀င်ရောက်သွားနေကြသည်။ ပီလွန် တို့ သည် ဘုရားရှိခိုးကျောင်းထဲမှ ထွက်ပေါ်လာသော ဓမ္မတေး ဂီတသံများ ဓမ္မတေး သီဆိုသံများနှင့် တရားဟောသံ များကို ကြားနေကြရ၏။

မြင်းတပ်များ တပ်ဖွဲ့စစ်သားများ ရောက်လာသည်။ စစ်ဘင်ခရာ အဖွဲ့နှင့် သေနတ်ပစ်အဖွဲ့ဝင်များပါ ပါလာ သည်။ မြင်းခြောက်ကောင်တပ် အလောင်းတင် မြင်းရထားကိုလည်း လှမ်းမြင်နေကြရ၏။ ကတ္တရာ လမ်းပေါ် သို့ တဖြောင်းဖြောင်းကျနေသော မြင်းခွာသံများသည် သူတို့၏ နှလုံးသားများကို ကြေမွသွားအောင် လုပ်နေသည် နှင့် တူလှသည်။

ဆက်ရန်
.

No comments: