Monday, January 10, 2011

ပဆစ်အိမ် အပိုင်း (၃၂) ဇာတ်သိမ်း

ညပိုင်း ရူဘီနှင့် ဖုန်းဆက်ကြည့်တော့...
    'နေ့လည်က အဖြစ် ဟာ သိပ်ပျော်စရာကောင်းတာပဲနော်'
    ဆိုသေးသည်။
    'တော်စမ်းပါ ရူဘီရယ်၊ ညိုမာဖြင့် မျက်နှာကို ဘယ်လိုထားရမှန်းတောင် မသိဘူး၊ ခြေဖျား လက်ဖျား တွေ ကို အေးစက်နေတော့တာပဲ'

    'အရသာဟာ ဒါပဲပေါ့ ညိုမာ'
    'ဟင်'
    'မျက်နှာ ဘယ်လိုထားရမှန်း မသိတာ၊ ခြေဖျားလက်ဖျားတွေ အေးစက်နေတာဟာ အရသာပဲပေါ့'
    'တော်ပါတော့ ရူဘီရယ်၊ ဒီအရသာမျိုးတော့ မခံစားပါရစေနဲ့၊ ပြီးတော့ ကံကောင်းလို့ ကိုယ့်ကျိုး နည်း မကုန်ကြတာနော်၊ ဒီကစားနည်းမျိုးကို နောက်မကစားကြကြေးလို့ ကိုယ့်ကို ကတိပေး'
    'ကတိပေးပါတယ် ညိုမာ။ ကိုယ်ကလဲ စမ်းသပ်မှု တစ်ခုကို တစ်ခါသာ လုပ်လေ့ရှိသူပါ'

    အခြားသူတွေကတော့ ရူဘီကို 'မိပေါက်'ဟု ခေါ်သည်။
    ခပ်ဝေးဝေးရှောင်ကြရှားကြသည်။
    ညိုမာ တစ်ယောက် သာ စွဲစွဲမြဲမြဲ ပေါင်းခဲ့ခြင်း ဖြစ်သည်။
    စင်စစ် ရူဘီ ၏ စိတ်က အဆန်းကြယ်သား။

    သူမက စိတ်ပညာ စာအုပ်တွေ ဖတ်သည်။ 'ဆန်ဂမန်ဖရိုက်'၏ 'စိတ်ခွဲပညာ'စာအုပ်ကို ကြိုက်သည်ဟု ကြီးကြီး ကျယ်ကျယ် ပြောတတ်သည်။
    ငယ်စဉ်က ကြည့်ခဲ့ရသည့် 'အဲဖရက်ဟစ်ခ်ျကော့'၏ 'စိတ္တဇ' (Psycho) ရုပ်ရှင်ကားမှာ သူမ ကြည့်ခဲ့ဖူး ခဲ့ သမျှ ရုပ်ရှင်ကားများအနက် အကောင်းဆုံး ဆိုသည်။
    ညိုမာ ကတော့ သည်ရုပ်ရှင်ကို မကြည့်ဖူး၊ မမှီခဲ့။

    တစ်လောက 'ကာဘရး' (Cabaret) ရုပ်ရှင်ကား ကြည့်ကြသည်။ ရုပ်ရှင်ကားထဲမှ ဇာတ်လိုက် မင်းသား နှင့် မင်းသမီး တံတားအောက်ဝင်ပြီး တံတားပေါ်က မီးရထား ဖြတ်မောင်းသွားသောအခါ ငယ်သံပါအောင် အော်ကြ သည့် အခန်း ပါသည်။
    စိတ် ဖျော်ဖြေမှု တစ်ရပ်ပင်။ သို့မဟုတ် ရူးနှမ်းခြင်း တစ်မျိုးပင်။
    ရူဘီ သည် ညိုမာ့ကို ခေါ်ကာ သည်လို စမ်းကြည့်ဖို့ ကြိုးစားသေးသည်။
    ညိုမာ အတန်တန် ငြင်းခဲ့ရသည်။

    မိဘနှင့် ပတ်သက်၍လည်း ရူဘီ၏ စိတ်ထားကတစ်မျိုး၊ အလေးအနက် မထားတတ်။ မသိတတ်။
    သို့စင်လျက်...
    အခုတော့ ရူဘီကိုယ်တိုင်က ငိုလိုက်တဲ့။
    အားရအောင် ငိုလိုက်တဲ့။
    အပြောကောင်းလိုက်တာကွယ်။
    ညိုမာသည် လွတ်ဟာနေသော မေ့မေ့ အိပ်ရာကို ကြည့်လိုက်သည်။

    ပြန့်ပြူးသေသပ်ကာ အစဉ်လို 'အိုဒီကလုံး'နံ့ သင်းနေလေ့ရှိသည့် မာမီ့အိပ်ရာတွင် မာမီသည် ဘယ်အခါ မျှ ပြန်လည် အိပ်စက်ခွင့် ရတော့မည်မဟုတ်ချေ။
    မာမီ့ကို သည်အိပ်ရာထက်မှာ နွမ်းနယ် ဖျော့တော့စွာ လှဲလျောင်းနေသည်ကို ဘယ်အခါမျှ မြင်ရ တော့မည် မဟုတ်ချေ။
    ညိုမာ က အဘယ်မျှ စည်းကမ်းမဲ့သည်ဖြစ်စေ။ မာမီ သည် ညိုမာ့ အိပ်ရာကိုလည်း သူမ အိပ်ရာနှယ်ပင် နေ့စဉ် ခင်းကျင်းပေးနေကျ၊ အိပ်ရာခင်း ခေါင်းအုံးစွပ်တို့ကို လဲလှယ်ပေးနေကျ။ 'အိုဒီကလုံး' ဆွတ်ဖျန်း ပေးနေကျ။ သည်မျှမက ညိုမာတို့ အသင့်စားသောက်နိုင်အောင် အသင့်ဝတ် နိုင်အောင် စီစဉ်ပေးနေကျ။

    မနက်ဖြန် မှ စ၍ ညိုမာသည် ကိုယ့်အိပ်ရာကို ကိုယ့်ဖာသာ ခင်းကျင်းသန့်စင်ရတော့မည်။
    ဧည့်ခန်း အတွင်း ၀င်လာသူ စိတ်အေးချမ်းသွားအောင် ဖန်တီးဖို့ တာဝန်မှာ ညိုမာ့တာဝန် ဖြစ်လာ ပေတော့မည်။
    လူတစ်ယောက် ၏ တန်ဖိုးကို သူမရှိတော့ပြီဆိုမှ သိရတတ်လေ့ရှိသည်။

    အိမ်ရှေ့ခန်း သို့ ပြန်ထွက်လာသည်။
    ဒယ်ဒီ သည် ဒုတိယခွက်ကို စတင်သောက်နေပြီ။
    ဒယ်ဒီ သည် ညိုမာ့ပုခုံးကို လှမ်း၍ ဖက်လိုက်သည်။
    ဆံပင်များ ကို နမ်းလိုက်သည်။
    'သမီးလေး သိပ် စိတ်ထိခိုက်နေသလားဟင်'
    ညိုမာက အမေးကို မဖြေ။

    'ဒယ်ဒီ'
    ညိုမာခေါ်သည်။
    'ဟင်'
    'ညိုမာ့ကို မွေးတုန်းက မာမီက သူ့အသက်ထက် ညိုမာ့အသက်ကို ဦးစားပေးဖို့ ဆရာဝန်တွေကို ပြောခဲ့ တာ အမှန်ပဲလားဟင်'
    'အမှန်ပဲပေါ့ သမီး ရယ်၊ အမှန်ပဲပေါ့'
    'မာမီနဲ့ ပတ်သက်ပြီး ညိုမာ့ကိုယ် ညိုမာ မုန်းတယ် ဒယ်ဒီ၊ ညိုမာဟာ ဒယ်ဒီ့ကို အထင်ကြီးတယ်၊ လေးစား တယ်၊ ကိုးကွယ်တယ်၊ မာမီ့ကိုတော့ အထင်သေးခဲ့တယ်။ ထပ်ကာတလဲလဲ စော်ကားခဲ့တယ်။ ဘာကြောင့် လဲ ဆိုတော့ မာမီရဲ့ အကောင်းဆုံး အင်အားတွေ၊ အလိုအပ်ဆုံး စေတနာတွေကို မာမီရဲ့ အားနည်းချက် တွေလို့ အထင်ရှိခဲ့လို့ပဲ။ ပျော့ညံချက်လို့ ထင်ခဲ့လို့ပဲ။ ညိုမာရဲ့ အတွေးတွေဟာ တစ်လွဲဆံပင်ကောင်း ဆို သလို ဖြစ်ခဲ့ရတာချည်းပါပဲ'

    ဒယ်ဒီက ညိုမာ့ စကားများကို စိတ်ဝင်စားမိသလို စောင့်နားထောင်နေသည်။
    'သမီးရယ်၊ မာမီရယ်၊ ဒယ်ဒီရယ် အကြားမှာ အမှားအယွင်း တစ်ခုခုတော့ ရှိခဲ့လိမ့်မယ် ထင်တယ်၊ အဲဒါ ဘာလဲလို့ သမီးတော့မသိဘူး ဒယ်ဒီ'
    'ဒယ်ဒီတော့ သိပါတယ် သမီးရယ်၊ အဲဒါက သမီးတို့ ဒယ်ဒီတို့ဟာ မြိုင့်ရဲ့ သာယာမှုကို ဥပေက္ခာ ပြုထား ခဲ့ကြတာပဲ။ သာယာမှုအတွင်း မြိုင့်ကို လက်တွဲခေါ်ယူဖို့ မကြိုးစားဘဲ သူ့ကို အထီးကျန်ထားပြီး ကိုယ့် သာယာမှု ကိုယ်ရှာဖွေခဲ့မိကြတဲ့ အမှားပါပဲ၊ သမီးတို့ ဒယ်ဒီတို့ တစ်ကိုယ်ကောင်း ဆန်ခဲ့ကြတဲ့ အမှားပါပဲ'

    'အခုတော့ ညိုမာ့ အမှားတွေကို သိရပြီ။ ညိုမာ အထင်ကြီးလေးစားသင့်တာ မာမီဆိုတာ သိလာခဲ့ပြီ။ ညိုမာ တစ်ခု ဖြစ်ချင်တယ် ဒယ်ဒီ'
    'ဘာလဲ ညိုမာ'
    'ညိုမာ ရောဘတ်ကို လက်မထပ်တော့ဘူး၊ သြစတေးလျားကို လိုက်မသွားတော့ဘူး၊ ဒယ်ဒီနဲ့ပဲ အတူတူ နေမယ်။ ပြီး... ညိုမာလေ မာမီ့ လို မိန်းမကောင်း တစ်ယောက်ဖြစ်ချင်တယ်၊ အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်ချင်တယ်'

    'ဖြစ်လာရမှာပေါ့ကွယ်'
    'အဲဒီလို ဖြစ်လာဖို့ ညိုမာ့ကို ဒယ်ဒီ အကူအညီပေးမလားဟင်'
    'ပေးရမှာပေါ့ သမီးရယ်၊ အသေအချာ ပေးရမှာပေါ့'
    ညိုမာသန့်သည် ယခုမှ တစ်ကယ်တမ်း ဘ၀ကို စတင်ခြင်း ဖြစ်လေသည်။
    ပဆစ် စကားနှင့် ပြောရလျှင်တော့ လွတ်နေသော 'ကျစ' ကလေး....
    'အထိုင်' အိမ်သို့ ၀င်ရောက်မိခြင်းပင် ဖြစ်လေတော့သည်။

ပြီးပါပြီ
.

6 comments:

မေဓာဝီ said...

ဒီလိုချည်း အဆုံးသတ်သွားတာလား။
မသက်ဇင်အကြောင်းလဲ ဆက်မပြောတော့ဘူး။ တညိုးကြီးပဲ။
ဘာပဲဖြစ်ဖြစ် ညိုမာ အသိတရားရသွားတဲ့အတွက် ကောင်းပါတယ်လေ။

ကျေးဇူးအမကြီးရေ ... ။ နောက်ထပ် ကောင်းနိုးရာရာလေးတွေ လုပ်ပါအုံးနော်။

ညိမ်းနိုင် said...

အွန်....အဲ့လိုကြီး သိမ်းသွားရောလား....။
မိရွေညိုမာလည်း အမေသေမှ အသိတရား ရတော့တယ်...။
ဦးတင်မောင်သန့်နဲ့ မသက်ဇင် လည်းညားကြလေသတည်း
လို့ ယူရမယ်ထင်ရဲ့...။
ကျေးဇူးတင်တယ်....အစ်မရေ....။

Thinzar said...

တန်းလန်းကြီး.. မသက်ဇင် အကြောင်း ဆက်မပါတော့ဘူးလား အစ်မ..

ကိုဇော် said...

အထက်က ပြောတဲ့ သုံးယောက် အတိုင်းပဲ ပြောရတော့မှာပဲ။ ပဆစ်အိမ်ကို ပုံဖော်ချင်လို့များ ရေးတာလားလို့တောင်မှ စဉ်းစားမိသွားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပွဲကိုတော့ သိမ်းပေးရမှာ။ အခုတော့ ဇာတ်က . . . .
ဒါလည်း ဖြစ်တာပဲလေ။ သူ့ဇာတ်ကိုး.....

မျိုးမင်းစိုး said...

အော် ဘဝဘဝ...အခုဘဝမှာရောနောင်ဘဝတွေမှာပါ ဒီအထဲကဇါတ်ကောင်တွေအားလုံးရဲံ့ စရိုက်မျိုးနဲ့ဘဝပေးမကောင်းသလိုမျိုး မကြုံရပါစေနဲ့လို့ပဲ ဆုတောင်းလိုက်ပါတယ် အမရွှေစင်ရေ အဆုံးထိလာအားပေးသွားပါတယ်

My Heaven said...

မနေ့က ညနေကစပြီး အပိုင်း ၃၂ ပိုင်းလုံး တစ်ညထဲနဲ့ အားပေးလိုက်တာ ဒီနေ့ အိပ်ရာထနာက်ကျသွားပါတယ်..
ကိုယ်တို့က ဒုံတယ်ကွယ်..
တန်းလန်းကြီးပြီးသွားတော့ ဆက်မတွေးတတ်ဘူး...
စာမေးပွဲပြီးလို့ လာဖတ်နေတာ သော်တာဆွေ နဲ့ မောင်သိန်းဆိုင်ပြီးပြီ..
မင်းလူ ကိုလည်းမျှော်နေတယ်နော်..
ညီမ ရွှေဇင် နေ့တိုင်း post အသစ်တင်နိုင်ပါစေ...