Thursday, January 6, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၃)

ကျွန်တော် ကျောင်းလှေကားသို့ ရောက်သောအခါ သေနတ်ကိုင် ရဲဘော်နှစ်ဦးက ဆီးတားသည်။
''ရဲဘော်တို့ရာ...ကျုပ်အပေါ်မတက်ပါဘူး။၊ ကိုမြင့်ဦး ကို ခေါ်ပေးစမ်းပါ... သိပ်အရေးကြီးတယ်ဗျ''
''ရဲဘော်နှစ်ဦး သည် ခေတ္တစဉ်းစားသည်။ ထို့နာက် တစ်ဦးက အပေါ်ထပ်သို့ တက်သွားသည်။ မကြာမီ ကိုမြင့်ဦး ဆင်းလာသည်။

''ငယ်လေး ...မင်းဘာလာရှုပ်တာလဲကွ၊ တို့.....ဒီမှာ သိပ်အရေးကြီးနေတယ်''
''ခင်ဗျားထက် အရေးကြီးတာ ကျုပ်က ပြေးစရာရှိတယ်''
ကျွန်တော်သည် ပြောပြောဆိုဆို အိမ်မှပြန်ယူခဲ့သော ပစ္စည်းကို ကိုမြင့်ဦးအား ပြသည်။
ကိုမြင့်ဦး မျက်လုံးပြူးသွားသည်။

''ဟကောင် ငယ်လေး..... ဒါချောကလက်၊ မင်း...ဘယ်ကရသလဲ''
''ဗိုလ်စောလင်း ဆီက..... ''
''ဗိုလ်စောလင်း ဆိုတာ ဘယ်သူလဲ''
ကျွန်တော် က အားရပါးရ ပြုံးလိုက်သည်။

''ကျုပ် အစောကတည်းက ဒါတွေပြောမလို့၊ ခင်ဗျားက ဟန်ကြီးပန်ကြီး လုပ်နေတာကိုး... ''
ကိုမြင့်ဦး ၏ မျက်နှာသည် ပျော့ပျောင်းသွားသည်။
''ကဲပါကွာ.... ငယ်လေးရာ ပြောစမ်းပါ''
''ကျုပ်ပြော ရင် ခင်ဗျားနဲ့အတူ ကျောင်းပေါ်တက်လိုက်ခဲ့ရမလား''
''မင်း သိပ်ဈေးကိုင် တာပဲကွာ..... ''
''ကဲကွာ....ငါကတိပေးတယ်၊ ပြောစမ်း''
ထိုအခါမှ ကျွန်တော်သည် ဗိုလ်စောလင်း နှင့် တွေ့ရပုံ၊ ဦးလေးပုကြီးကို ဆရာတို့နောက် လိုက်ခိုင်းပုံ၊ ဦးလေးပု နှင့် ပြန်တွေ့ပုံတို့ကို ပြောပြသည်။

''အဲဒါ အခုဦးလေးပု ဆရာတို့ကို သွားခေါ်တယ်၊ တော်တော်ကြာ သူတို့ရောက်လာကြ လိမ့်မယ်''
ကိုမြင့်ဦး သည် ကျွန်တော့်ကို ယုံကြည်စိတ်ချသွားပုံရသည်။
''ကောင်းပြီငယ်လေး အပေါ်လိုက်ခဲ့.... ''
ကိုမြင့်ဦး သည် သူ့ရဲဘော်များအား အကျိုးအကြောင်း ရှင်းပြမှာထား၍ ကျွန်တော်နှင့် ကျောင်းပေါ်သို့ တက်ခဲ့ သည်။
ဆရာတော် ကျိန်းစက်သော အခန်း၌ ရွာမှလူကြီးနှစ်ဆယ်ခန့် စုဝေးရောက်နေသည်။ သူကြီးတော့မပါ။

ကျွန်တော်တို့ ၀င်လာသောအခါ ဌာနာပိုင်ကြီးနှင့် အဘမှစ၍ အားလုံး ကျွန်တော့်ကို တအံ့တသြ ကြည့်ကြ သည်။ သို့ရာတွင် ကိုမြင့်ဦး၏ တည်ကြည်သော မျက်နှာကြောင့် မည်သူမျှ မေးခွန်းမထုတ်ကြ။ ဆရာတော် ကသာ ''ကဲ...မောင်မြင့်ဦး လူစုံပြီ၊ ပြောစရာ ရှိတာပြော'' ဟုမိန့်သည်။
ကိုမြင့်ဦး သည် သူ့ဓားကြီးပေါ်၌ လက်တင်၍ စတင်စကားပြောသည်။

''ရွာလူကြီးများခင်ဗျား၊ ကျွန်တော်တို့ ဗမာ့တပ်မတော်ကြီးဟာ ဖက်ဆစ်ဂျပန်တွေကို တော်လှန် တိုက်ခိုက် ဖို့ ဆုံးဖြတ်ပြီးစီးကြောင်းကို ပြောပြချင်ပါတယ်''
နိဒါန်းမပျိုးဘဲ တဲ့တိုးပြောချလိုက်သော ကိုမြင့်ဦး၏စကားကြောင့် လူကြီးအားလုံးမှာ မျက်လုံးပြူး သွားကြ သည်။ ကိုမြင့်ဦးကသာ တည်ငြိမ်စွာဆက်ပြောသည်။
''ကျွန်တော်တို့ဟာ ဘာကြောင့် ဂျပန်ကိုချမယ်ဆိုတာ အထူးရှင်းနေဖို့ မလိုဘူး၊ ဂျပန် ရက်စက်ယုတ်မာ သမျှ ကို ခင်ဗျားတို့အားလုံး သိပြီးဖြစ်တယ်၊ ကျွန်တော် အခုပြောချင်တာက ချပုံချနည်းကိုပဲ ဖြစ်တယ်''

ကျွန်တော်က ဓားကြီးပေါ်လက်တင်၍ ပြောနေသော ကိုမြင့်ဦးကို အားရစွာ ကြည့်နေမိသည်။ ဤစကားများ ကို ကျွန်တော် ကြားချင်သည်မှာ ကြာလှပြီ။ ယခုကြားရလေပြီတကား....။
''ချပုံချနည်း ကလည်း တစ်ခါ ခင်ဗျားတို့အတွက် မဆန်းပါဘူးဗျာ၊ ကျွန်တော်တို့ တပ်မတော်နဲ့ ခင်ဗျားတို့ တိုင်းသူပြည်သား တွေဟာ လက်တွဲပြီး အင်္ဂလိပ်ကို ချခဲ့ဖူးကြသား ပဲ၊ အခုလည်း ဒီနည်းအတိုင်းပဲ၊ ခင်ဗျားတို့ နားလည် တယ် မဟတ်လား... ''
အခန်းတွင်ရှိ သူကြီးများက သဘောပေါက်သွားကြသည်။ ကျွန်တော့်အဘက အားလုံးကိုယ်စားပြော၏။

''ဒါလောက်ဆို ငါတို့နားလည်ပါပြီ မောင်မြင့်ဦးရာ၊ မင်းတို့တပ်မတော်က အတိအကျ တို့ကို ဘာလုပ် ပေးစေချင် သလဲ၊ ဒါပဲပြော.... ''
ကိုမြင့်ဦး ရုတ်တရက် စဉ်းစားသယောင် ငိုင်သွားသည်။ အတန်ကြာမှ သတိကြီးစွာနှင့် ဆိုသည်။

''တစ်နည်းအားဖြင့် ကျွန်တော် အတိအကျ ဘာမှမပြောနိုင်ဘူး၊ တစ်နည်းအားဖြင့် ကျွန်တော်အတိအကျ ပြောနိုင်တယ်၊ ကျွန်တော့်စကားက ရှုပ်ထွေးရင် ခွင့်လွှတ်ပါ၊ ကျွန်တော်တို့တပ်မတော်က ဂျပန်ကိုချမယ်၊ အဲဒါ အတိအကျ ပြောနိုင်တယ်၊ ဘယ်နေ့ ဘယ်အချိန်ချမယ်ဆိုတာ ကျွန်တော်မသိဘူး၊ တစ်ခါ ခင်ဗျားတို့ ဘက် က အလျဉ်းသင့်သလို လူသူရိက္ခာ စသည် တို့ စုဆောင်းထားပါ၊ အစစ အဆင်သင့် ဖြစ်နေပါစေ၊ ဒီထက်ပိုပြီး တိတိကျကျ ကျွန်တော်မပြောတတ်ဘူး၊ အဲ...အတိအကျဆုံး ကျွန်တော် ပြောချင်တာ ရှိတယ်၊ လူတိုင်း ဟာ အမိနိုင်ငံ ကို သစ္စာရှိကြပါ။ လျှို့ဝှက်စွာ စည်းရုံးကြပါ။ နှုတ်လုံကြပါ၊ ဒါပါပဲဗျာ။

ဗိုလ်မြင့်ဦးက စကားကို ဤမျှနှင့်ရပ်၍ ထိုင်သည်။
ရွာသူကြီးများသည် အတန်ကြာခေါင်းချင်းဆိုင် တိုင်ပင်ကြ၏။ ထို့နောက် ကျွန်တော့်အဘ ကကိုယ်စားပြောရပြန်၏။
''တို့အားလုံး နားလည်ပြီ၊ တို့ဘက်နကတော့ စိတ်ချ၊ မင်းတို့တစ်မတော်ကိုလည်း တို့ယုံကြည်တယ်၊ ဒါပေမယ့် ငါတစ်ခုမေးချင်တယ်၊ မင်းသိတဲ့အတိုင်းပဲ၊ ငါလည်းတစ်ချိန်က အင်္ဂလိပ်ကို ခံချဖူးတယ်၊ ဂျပန်ကို ချချင် လို့လည်း လက်ယားနေတာပဲ၊ ခက်တာကတို့မှာ လက်နက်မရှိဘူး၊ မင်းတို့လူငယ်တွေက ပြောမယ်၊ စည်းလုံးမှု ဟာ လက်နက်လို့၊ ဒီစကားဟာ မှန်သင့်သလောက်တော့ မှန်တယ်၊ ဒါပေမယ့် တရားကုန် မမှန် ဘူးကွ၊ ဒီစကားဟာ ဒီတော့ မင်းတို့တပ်က တို့အားလုံး ထချမယ်ဆိုရင် လက်နက်ဘယ်လောက်ပေးနိုင်မလဲ''

ဤအကြိမ်တွင်မူ ကိုမြင့်ဦးသည် အလွန်အတန်ကြာစွာ ငိုင်ကျသွား၏။ ကျွန်တော်ကမူ ကိုမြင့်ဦးအစား အဘ တို့အား ပြောကြားချင်လွန်း၍ ပါးစပ်ယားနေသည်။ သို့ရာတွင် အချက်မကျသေး၍ ငြိမ်နေရသည်။
ကိုမြင့်ဦးက သက်ပြင်းရှိုက်၍ လေအေးနှင့် စကားဆိုသည်။

''အမှန်ဝန်ခံရရင် ကျွန်တော်တို့ ဗမာ့တပ်မတော်မှာ လက်နက်တော့ သိပ်မကောင်းလှဘူး၊ ခင်ဗျားတို့သိတဲ့အတိုင်းပဲ၊ ဂျပန်က ကျွန်တော်တို့ကို မယုံတော့ ဘာမှပုံအပ်မထားဘူး၊ တစ်ခုတော့ရှိတယ်၊ ကမ္ဘာ့ အခြေအနေ အရ ကျွန်တော်တို့မှာ လက်နက်မဲ့တော့ မဟုတ်ဘူး၊ ကုန်ကုန် ပြောမယ် ဗျာ.....တကယ်တန်း ထချကြရင် ၀ါးရုံတောတွေက လက်နက်ဖြစ်ရမယ်၊ ထင်းခုတ်ဓားမတွေက လက်နက် ဖြစ်နေမယ်၊ ပြီးတော့...ကျွန်တော်တို့မှာ တခြားဆက်သွယ်မှုတွေ ရှိတယ်၊ အဲဒါတော့ ငယ်လေးက ပြောပြလိမ့်.....၊ ဟေ့ကောင်ငယ်လေး ...မင်းချောကလက် ထုတ်ပြလိုက်ကွာ''
ထိုအခါကျမှ ဆရာတော်ကစ၍ လူအားလုံးတို့သည် ကျွန်တော့်အား လေးလေးစားစား လှမ်းကြည့်ကြသည်။ ကျွန်တော့် စိတ်ထဲ ၌ ကိုမြင့်ဦးကို အနည်းငယ်အောင့်မိသည်။ ကျွန်တော့်၌ သူကချောကလက် သာ ရှိသည် ထင်သည်။

ကျွန်တော်သည် ကျွန်တော်မစားရက်မသောက်ရက် စုထားသော ချောကလက်ကို အဘလက်တွင်း သို့ ပေးလိုက် သည်။ ချောကလက် ကို ချောကလက်မှန်း သိသောအခါ အားလုံး မျက်လုံးပြေူးသွားကြသည်။ ထိုအခါ ကျွန်တော်သည် ပရိသတ်ရှေ့ မားမားရပ်၍ အကျီင်္အောက်တွင်း၌ ၀ှက်ယူလာသော မောင်းပြန် သေနတ် ကို ဆွဲထုတ်ပြလိုက်သည်။
ဤအကြိမ် တွင်မူ လူကြီးအားလုံး တွင်မက ဗိုလ်မြင့်ဦးပါ မျက်လုံးပြူးသွားသည်။

''ဟကောင်...ငယ်လေး၊ နင်ဒါဘယ်ကရသလဲ..... ''
ဤသို့ ဗိုလ်မြင့်ဦးက မေးသကဲ့သို့ အဘကလည်း....
''လူကလေး ... မင်းဒီခြောက်လုံးပြူး ဘယ်ကရသလဲ'' ဟုမေးသည်။

''အဘ အဲဒါ ခြောက်လုံးပြူး မဟုတ်ဘူးဗျ။ ကျုပ်ဆွဲပစ်လိုက်ရင် တစ်ဒါဇင်ကျော် ထွက်တယ်ဗျ''
ပရိသတ် အားလုံး ကျွန်တော့်အား မယုံရခက် ယုံရခက်ဟန်ဖြင့် ပါးစပ်ပြဲ ကြည့်နေကြသည်။ ကျွန်တော် ကိုယ်တိုင် လည်း သူတို့ကို မည်သို့ယုံအောင်ပြရမည် မသိ။ သေနတ်ထဲရှိ ကုန်အောင်ပစ်ပြလိုက်လျှင်လည်း ရွာလန့်ဦးမည်။

ကြံရာမရသဖြင့် ဟိုကြည့်သည်ကြည့် ကြည့်နေသော ကျွန်တော့်မျက်လုံးများသည် အခန်းပေါက်ဆီသို့ ရောက်သွား၏။ အခန်းပေါက်၌ ဦးလေးပုသည် မျက်စိမှိတ်ကာ ခေါင်းညိတ်ကာ နှင့် ကျွန်တော့်အား အချက် အမျိုးမျိုး ပြနေသည်။
ကျွန်တော်သည် အလွန်ဝမ်းသာသွား၏။ ထို့ကြောင့်လည်း အားရပါးရလှမ်းခေါ်သည်။
''ဦးလေးပု..... ပုတ်သင်ညိုလို ခေါင်းညိတ်ပြမနေနဲ့၊ ဆရာတို့ဘယ်မလဲ၊ ပြီးတော့.... ဗိုလ်စောလင်းကော''
ကျွန်တော် အမေးမဆုံး၊ ဦးလေးပုနောက်မှ ကျွန်တော့်ဆရာသည် ပေါ်လာသည်။ ဆရာ့နောက်မှ မမရှင် ပေါ်လာသည်။ မမရှင်နောက်မှ ကိုအုန်းမောင်နှင့် မခင်သိန်း။ သတို့အားလုံး၏ ပခုံး၌ ကျွန်တော် တွေ့ဖူး သော တစ်တောင်ကျော်ကျော် သေနတ်တို ကလေးများကို လွယ်ထားကြသည်။

ကျွန်တော်က ဆရာ့ကို ပြေး၍ဖက်သည်။ ထို့နောက် မမရှင်ကိုဖက်သည်။ မမရှင်၏ ၀တ်စားထားပုံမှာ ကြမ်းတမ်းသည်။ မိန်းမချောတန်မဲ့ သေနတ်လွယ်ထားသည်မှာ ခက်တရော်နေ၏။ သို့ရာတွင် ကျွန်တော့်ခေါင်းကိုပွတ်သော မမရှင်၏လက်မှာ ခါတိုင်းကဲ့သို့ပင် နူးညံ့ပေသည်။ ကျွန်တော့်ကိုပြောသော မမရှင်၏ အသံမှာလည်း ခါတိုင်းကဲ့သို့ပင် နူးညံ့နေပါသည်။
''ငယ်လေးရယ်....တို့ပြန်လာပါပြီ၊ မမရှင်တို့ ပြန်လာပါပြီ၊ ဒီတစ်ခါတော့ ဆရာနဲ့ မမရှင် ငယ်လေးနဲ့ ငယ်လေးတို့ရွာကို ဘယ်တော့်မှ စွန့်မသွားတော့ဘူး''
ကိုမြင့်ဦးသည် ကျွန်တော့်ထံချဉ်းကပ်ကာ ဆရာကလည်း ကျွန်တော့်ကို ယုယပွေ့သည်။ မည်သူမျှ စကားမဆိုနိုင်၊ အတန်ကြာမှ ကျွန်တော့်ဆရာက ထိုစဉ်အချိန်၌ ကျွန်တော်နားမလည်ခဲ့သော စကားတစ်ရပ်ကို ဆိုလေသည်။

''သန့်ဇင်...ငါတပည့် ...မင်းက တော်လှန်ရေးသမားကြီး ဖြစ်နေပါပြီကော''
တော်လှန်ရေး....တော်လှန်ရေး....ဤစကားအဓိပ္ပာယ်ကို အတိအကျ ကျွန်တော်မသိ။ မည်သို့ဖြစ်စေ။ ကျွန်တော်ဆရာသည် မှန်သောစကားကို အစဉ်ဆိုတတ်သည်။ ယခုလည်း မှန်ရမည်။ ဤသို့ဆိုပြန်သော် ..
ကျွန်တော်သည် တော်လှန်ရေးသမားကြီးပါတကား။
(၁၄)
တော်လှန်ရေး

ဆရာပြောသော တော်လှန်ရေးဆိုသည့်စကားကို ထိုစဉ်နွေဦး၌ ကျွန်တော် တစ်သက်မမေ့ နိုင်အောင် နားလည်ခဲ့ရသည်။ ဤမမေ့နိုင်သော တော်လှန်ရေးကာလ တစ်နွေဦး၏ ဇာတ် လမ်းကို ကျွန်တော် အပြောပြချင်ဆုံး ဖြစ်သည်။ ကျွန်တော်အပြောပြချင်ဆုံး ဤဇာတ်လမ်း သည်ပင် ကျွန်တော့်ရင်ကို ယခုတိုင် နာကျင်စေသည်။

ထိုတစ်ည အစည်းအဝေးပြီးနောက် ကျွန်တော်တို့ရွာမှာ အလုပ်များကြသည်။ အလုပ်များ ကြသည်ဆိုရာတွင် ခြပုရွက်များကဲ့သို့ သိုသိုသိပ်သိပ် ဆိတ်ဆိတ်ငြိမ်ငြိမ် အလုပ်များကြ ခြင်းဖြစ်သည်။
တလင်းအမြန်နယ်၍ စပါးတို့ကို ကျီ၌ဖြည့်ကြသည်။ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စသည့် အခြားရိက္ခာများကိုလည်း စုကြသည်။ ငါးပိငါးခြောက်၊ အမဲခြောက်တို့ကိုလည်း တတ်နိုင် သမျှ လှောင်ကြသည်။
တစ်ဖက်၌လည်း နှစ်ဖက်ချွန်၊ ၀ါးချွန်၊ ဒူးလေး၊ ဆိတ်လူးမြားစသော အိမ်တွင်းဖြစ် လက်နက်များကို လူတိုင်းကိုယ်စီကိုယ်ငှ လုပ်ကြသည်။ ငါးကပ်၊ သဲအိတ်၊ ရေပုံးဟူသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများ ကိုလည်း အဆင်သင့် လုံလောက်နေကြသည်။ နွားစည်း ရိုးကိုလည်း အခိုင်အမာရှိအောင် ပြင်ဆင်ကြ၍ ရွာပြင် စည်းရိုးတစ်လျှောက် ဆူးခက်များချ ပြီး ညှောင့်များထောင်ကြသည်။

လျှို့ဝှက်သော မလွယ်ပေါက်များမှလွဲ၍ ရွာဝင်ရွာထွက် တံခါးနှစ်ခုသာ ထားသည်။ ဤတံခါးမှာလည်း လူငါးယောက်နှင့် ဖွင့်မှ-ပိတ်မှရသည့် လေးလံခိုင်မာသော တံခါးများဖြစ်ကြသည်။
ဆရာနှင့် မမရှင်သည် ထိုညပြီးနောက် ပြန်ပျောက်သွားကြပြန်သည်။ ဦးလေးပုကြီးသည် သူတို့နှင့်ပါသွား၏။ ဗိုလ်မြင့်ဦးနှင့် ရဲဘောများလည်း ပြန်သွားကြသည်။
အဘနှင့် ရွာလူကြီးများသာ အစစ ဦးစီးလုပ်ကိုင်နေကြသည်။ သူတို့သည် ရွာ၌သာ အလုပ်များ ကြသည်မဟုတ်။ မြို့ရှိဌာနာပိုင်ကြီးနှင့် အာရှလူငယ် ခေါင်းဆောင်များထံလည်း မကြာခဏ သွားကြသည်။ အနီးအနားရှိ ရွာများဆီသို့လည်း ညဥ့်အိပ်ညဥ့်နေ လှည့်လည်သွားကြသည်။

ဆက်ရန်
.

2 comments:

khun said...

စိတ်ရှည်ရှည်နဲ့တင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်
အစ်မရေ...

lulu said...

ငယ်ငယ်ကတည်းကကြိုက်တဲ့ဝထ္ထုလေးပါ..ခုတစ်ကြိမ်ပြန်ဖတ်ခွင့်ရတဲ့အတွက် စိတ်ရှည်ရှည်နဲ့ တင်ပေးတဲိ့အစ်မကို ကျေးဇူးတင်ပါတယ်