Thursday, January 13, 2011

ပန်းသတင်း (ဆရာ ပါရဂူ)

မင်းကငွေစန္ဒာလမင်း ဖြစ်မယ်ဆိုရင်....
စာရေးသူ - ပါရဂူ



 ၁၉ဝ၄ ခုနှစ် က နိုဘယ်ဆု ကို စာရေးဆရာ နှစ်ယောက် ခွဲယူကြသည်။ ယင်းစာရေးဆရာ နှစ်ယောက် ထဲ က ပထမစာရေးဆရာ မှာ ဖရက်ဒရစ်မစ်တရယ် ဖြစ်သည်။ မစ်တရယ် သည် ပြင်သစ်ပြည် ပရိုဗင့် ၌ နေသည်။ ပရိုဗင့် သည် ပြင်သစ်ယဉ်ကျေးမှုအရ ပြောရမည်ဆိုလျှင် ဓားမနောက်ခွေး ဖြစ်သည်။ အများသုံး မဟုတ်သော ဒေသသုံး သီးခြားဘာသာ စကား ကို အသုံးပြုသည်။

လူသုံးများသော အသံထွက်ရလည်း လွယ်ကူသော ပြင်သစ် ဘာသာစကား ခေတ်စားနေသည့် တိုင်းပြည် ၌ ပရိုဗင့် သုံး ပြောစကား သည် လူသုံးနည်းပြီး ခေတ်မစားသော စကားလုံးဖြစ်သည်။ ပရိုဗင့်သုံး ဘာသာ စကား ၌ စာပေ လည်း သီးခြား မရှိပေ။ အစဉ်အလာ ရှိသော ဘာသာစကား လည်း မဟုတ်ပေ။

  ယင်းအခြေအနေ ၌ မစ်တရယ် သည် ပရိုဗင့် ဘာသာစကား ဖြင့် မဟာကဗျာ ရေးပြီး ဥရောပနိုင်ငံ များတွင် ကဗျာဆရာကြီး ဟိုမား နှင့် မနီးရိုးစွဲ လိုက်သော ကဗျာဆရာတစ်ဦးဖြစ်လာသည်။ 

မစ်တရယ် သည် သူအရွယ်ငယ်စဉ်ကပင် ကဗျာစတင်စပ်ဆိုသူဖြစ်သည်။ မစ်တရယ်၏ ဖခင်သည် မြေပိုင်ရှင် တစ်ယောက်ဖြစ်သည်။ ဖခင်ဖြစ်သူ၏ ရည်ရွယ်ချက် မှာ သူ့သား မစ်တရယ် ဥပဒေ ပညာ သင်ကြားပြီး သူပိုင် မြေယာ နှင့် ပတ်သက်သည့် အလုပ်များ ကို လုပ်ကိုင် စေလိုသည်။ ဖခင် ၏ အလိုဆန္ဒ အတိုင်း မစ်တရယ် သည် ဥပဒေပညာ ကို သင်ကြား ဆည်းပူးသည်။ သို့သော်လည်း ဥပဒေပညာ ကို အသုံးချသည့် အလုပ်အတွက် မလုပ်ပေ။

  မစ်တရယ်သည် ဟိုးမား နှင့် ဗဲရာဂျိလ် တို့ ၏ ကဗျာများကို နှစ်ခြိုက်သဘောကြသည်။ ဟိုမား ၏ ကဗျာ တော်တော် များများ ကို အရကျက်လျှက် တစ်ကိုယ်တည်း နေချိန် ၌ အရသာခံစားပြီး ညည်းလေ့ရှိသည်။ ဟိုမား ၏ ကဗျာ အဖွဲ့ အနွဲ့ များမှာလည်း ကျေးလက်ဘာသာစကားဖြင့် စပ်ဆိုထားသော ကဗျာများ ဖြစ်သည်။ မစ်တရယ် သည် ဘာသာစကားဖြင့် ကဗျာဖွဲ့ပြီး သူ၏ အမိဘာသာစကား အဆင့်ကို မြှင့်တင်ဖို့ ကြိုးစား အားထုတ် သည်။ ငယ်ရွယ်စဉ်ကပင် ကဗျာရေးစပ်လျှင် ပရိုဗင့် ဘာသာစကား ဖြင့် ရေးစပ်မည်ဟူ၍ ဆုံးဖြတ်ချက် ချထားသည်။ မစ်တရယ် သည် ဗရာဂျိလ် ၏ ကဗျာအချို့ ကို လည်း ပရိုဗင့် ဘာသာစကားဖြင့် ဘာသာ ပြန်ဆိုသည်။

၁၈၅၄ ခုနှစ်တွင် ရိုမေနိအာဘာနစ်နှင့် အခြားမိတ်ဆွေ တချို့၏အကူညီဖြင့် မစ်တရယ်သည် ဖေလီဗရိ အမည်ရှိ အဖွဲ့အစည်း တစ်ခု တည်ထောင်သည်။ ယင်းအဖွဲ့စည်း၏ ရည်ရွယ်ချက်မှာ ပရိုဗင့် ဘာသာ စကား ၏ အခြေနေ ကို မြှင့်တင်ရန်ဖြစ်သည်။ ယင်းအဖွဲ့ အစည်း ၏ အဖွဲ့ဝင် တစ်ဦး အဖြစ် လှုပ်ရှားပြီး ၅ နှစ် လောက် ကြာသော အခါ မစ်တရယ် သည် သူ၏ နာမည်ကျော် မဟာကဗျာ မီရီယို ကို ရေးသားစပ်ဆိုသည်။

ဇာတ်လမ်းဇာတ်ကွက် အမြင်ဖြင့် ကြည့်လျှင် မီရီယို သည် သိင်္ဂါရရသ နှင့် ကရုဏာရသ ကဗျာဖြစ်သည်။ ငွေရှင်ကြေးရှင် ၏ တစ်ဦးတည်းသော သမီးသည် ဆင်းရဲသားကျောမွဲလုလင် တစ်ယောက်နှင့် ချစ်ကြိုက်သည်။ မိဘများက ဆင်းရဲသား သားသမီး ကိုမှ ကြိုက်ရမလားဟု သမီး ကို အိမ်က နှင်ထုတ် ပစ်လိုက် ကြသည်။

  သမီးဖြစ်သူကလည်း သူချစ်သူကို တွေ့လိုတွေ့ငြား တောထဲတွင် အနှံလိုက်ရှာသည်။ နောက်ဆုံး မျက်စိလည် လမ်းမှားပြီး မိန်းကလေး သည် မေရီဘုရားရှစ်ခိုးကျောင်း ရောက်သွားသည်။ ဘုရားရှစ်ခိုး ကျောင်း တွင် မိန်ကလေးသည် ခြေကုန်လက်ပန်းကျပြီး သူ၏မိဘနှစ်ပါး နှင့် ချစ်သူ၏မျက်မှောက်၌ပင် ကွယ်လွန် သွားသည်။

  သိင်္ဂါရရသနှင့် ကရုဏာရသကို ဖွဲ့ထားသောသူ၏ မီရီယို မဟာကဗျာ၌ ကဗျာဆရာမစ်တရယ်သည် ပရိုဗင့် ၏ ဓလေ့ထုံးစံ သဘာဝအခြအနေ၊ အနေအထိုင် အပြောအဆို လူနေမှုဘဝအတွေးအခေါ် အကျင့်အကြံ များကို အလွန်တရာ လှပသော အဖွဲ့အနွဲ့ဖြင့် ဖွဲ့ဆို ထားသည်ဖြစ်၍ သူ၏ မဟာကဗျာသည် သက်ဝင်လှုပ်ရှား နေသော ပရိုဗင့် ပန်းချီကားတစ်ချပ် ဖြစ်သွားသည်။
 
ပြင်သစ်ပညာရှင် အဖွဲ့အစည်းတစ်ခုဖြစ်သော ဖရင့်ခ်ျ (အကယ်ဒမီ ) သည်  မီရီယို နှင့် ပတ်သက်သော ပထမဆုံး စာပေဆု အပ်နှင်းလျက် မစ်တရယ် ၏ စာပေလမ်းကြောင်း ကို ဖြူးဖြောင့်သွားအောင် လမ်းခင်း ပေးလိုက်သည်။ ဥရောပ ဘာသာစကားအားလုံး  လိုလိုဖြင့် "မီရီယို" ကို ဘာသာပြန် စာဖတ်ပရိသတ် သိန်းပေါင်း များစွာ ၏ အသည်းစွဲဖြစ်သွားသည်။

ချစ်သူလုလင်နှင့် လုံမပျိုတို့သည် ချစ်ခရီးသွားကြရင်း မစ်တရယ် ၏ ကဗျာဂီတကို ရွတ်ဆို ကြလျက် "မီရီယို" ၌ ဖွင့်ဆိုထားသော စိတ်ပျက်အားပျော့ပြီး မျှော်လင့် ကင်းမဲ့သည့် စကားလုံးများ ဖြင့် မိမိတို့ ချစ်သူ ၏ နှလုံးသားပုံရိပ် ကို အကဲခတ်ကြသည်။ ယင်းသို့ အားဖြင့် "မီရီယို" သည် ဥရောပတိုက်၏ နှလုံးသား ပုံရိပ် ကို အကဲခတ်ကြသည်။ ယင်းသို့အားဖြင့် မီရီယို သည် ဥရောပတိုက်၏။ လူမူရေးဘဝ အတွက် အဖြည့်ခံ အနုပညာ ပစ္စည်း တစ်ခု ဖြစ် သွားသည်။

၁၈၇၆ ခုနှစ် တွင် မစ်တရယ်သည် ရုပ်ရည်ရူပကာ ချောမောလှပသော ပြင်သစ်သူ မီးလ်မေရီဝီ နှင့် လက်ထပ် ထိမ်းမြား သည်။ ထိုနှစ်၌ပင် မစ်တရယ် ၏ ကဗျာပေါင်းချုပ်အသစ် (Ies Islesd' or) ထွက်ပေါ် လာသည်။ ထို့နောက် အချိန်များမကြာမီ အတောအတွင်းမှာ ပင် (coupe နှင့် plincesse) အမည်ရှိ စာအုပ်ငယ် နှစ်အုပ် သည် အုပ်စိုးသူ လူတန်းစား နှင့် ပြည်သူလူတန်းစား နှစ်ရပ်လုံး ကို စိတ်မချမ်းမသာ ဖြစ်အောင် ပြုလုပ် လိုက်သည်။ ယင်းလူတန်းစား နှစ်ရပ်လုံး ၏ အဆိုမှာ မစ်တရယ် သည် ယင်းစာအုပ် နှစ်အုပ် ဖြင့် မြောက်ပိုင်း ပြင်သစ်နှင့် တောင်ပိုင်း ပြင်သစ်တွင် စက်ဆုပ်ဖွယ် ကောင်းသော စိတ်ဝမ်း ကွဲပြားမှု ကို ပြုလုပ် ဖန်တီး သည် ဟု အဆို ရှိသည်။

၁၉၀၄ ခုနှစ်၌ မစ်တရယ်အား နိုဘယ်စာပေဆု ပေးအပ်လျက် အကယ်ဒမီက ကြေညာ ချက်ထုတ်ပြန်သည်။ "မစ်တရယ် ၏ ထူခြားမှု ရှိသော ပင်ကိုဥာဏ် ၌ လည်းကောင်း သူရေးစပ်သော ကဗျာ၏ အနုပညာ စွမ်းရည် ၌ လည်းကောင်း၊ ကြည်လင်နေသော ကြေးမုံပြင် ကဲ့သို့ သူ့နိုင်ငံ အပေါ်ထားသော သရုပ်မှန် အမျိုးသား စိတ်ဓာတ် ထင်ဟပ် နေသည်။ ကဗျာဆရာ၏ "ပရိုဗင့်" ဘာသာဗေဒ နှင့် ပတ်သက်သော သဘောထားကို ဂုဏ်ပြုသော အားဖြင့် ကဗျာဆရာ အား နိုဘယ်စာပေဆု အပ်နှင်းပါသည်။"

မစ်တရယ် သည် မာန်မာန ကင်းမဲ့ပြီး အလွန်တရာ နှိမ့်ချသူဖြစ်သည်။ ဂုဏ်မြင့်ခြင်းနှင့် လည်းကောင်း ကြော်ငြာ မောင်းခတ်ခြင်း နှင့် လည်းကောင်း မစ်ထရယ် သဟဇာတမဖြစ် ပေ။

ထိုအချိန် က ပြင်သစ်အကယ်ဒမီ သည် ကမ္ဘာပေါ်ရှိ ဂုဏ်သိက္ခာအရှိဆုံး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အကယ်ဒမီ က ပေးအပ်သော ဘွဲ့ထူးဂုဏ်ထူး သည် လူတကာမော်ကြည့်ရ သော ဘွဲ့ထူးဂုဏ်ထူးဖြစ်သည်။ အကယ်ဒမီ က မစ်ထရယ် အား လူတကာ မော်ကြည့်ရ သော ဘွဲ့ထူးဂုဏ်ထူးပေး အပ်မည်ပြုသောအခါ မစ်တရယ် လက်မခံပေ။ နိုဘယ်ဆု ကိုမူ လက်ခံသည်။

နိုဘယ်ဆု လက်ခံရခြင်း၌ အကြောင်းရှိသည်။ ထိုအချိန်က မစ်တရယ်သည် အာလက်စ် ၌ ဖေလီဗရိပြတိုက် ဖွင့်လှစ်ဖို့ စိတ်ဆန္ဒပြင်းထန်းနေသည်။ ပြတိုက်ဖွင့်ဖို့ အတွက် မြေ၀ယ်ရန် ငွေကြေးလိုအပ်နေသည်။ နိုဘယ်ဆု မှ ရရှိသောငွေသည် ယင်းလိုအပ် ချက်ကို ဖြည့်တင်းပေးနိုင်သည်။ ထို့ကြောင့် နိုဘယ်ဆု ကို လက်ခံခြင်းဖြစ် သည်။
"မီရီယို" မဟာကဗျာ၏ ကဗျာတစ်ဗိုဒ်ကို ဤသို့အင်္ဂလိပ်ဘာသာပြန် ထားသည်။
It show the moon with be,
sailing in glory,
i'll be the balo white
Hovering levery night
Around and over thee
If thou become a flower
Before thou thinkest,
I'll be a streamlet clear,
And all the waters bear,
That thou love drinkest.

တကယ်လို့- မင်း က လရောင် အ၀န်းအ၀ိုင်း ထဲမှာ ရွေ့လျားနေသူ ဖြစ်မယ်ဆိုရင်- ကိုယ်က လရောင် အ၀န်းဝိုင်း ဖြစ်ပြီး ညစဉ်ညတိုင်း မင်းအပေါ်မှာ မင်းဝန်းကျင်တစ်ဝိုက် ပတ်ပတ်လည် လှည့်နေ မယ်။

တကယ်လို့ - မင်းမမျှော်မှန်းခင် ပန်းဖြစ်မယ်ဆိုရင် ကိုယ်ကကြည်လင်သန့်စင်တဲ့ ရေအလျဉ် ဖြစ်ပြီး ကိုယ့်မှာ ရှိတဲ့ အားလုံးကို မင်း အချစ်ရေ အဖြစ် သောက်သုံးနေသည် ဟူ၍ ထင်မှတ်ရလိမ့် မယ်။

စာရေးသူ - ပါရဂူ
ကလျာမဂ္ဂဇင်း ဖေဖော်ဝါရီ ၂ဝ၁၁

(ပုံများအား Google မှ ယူပါ၏)
.

3 comments:

ahphyulay said...

အင်း..
ဆရာပါရဂူဆိုလို့  တစ်ပုဒ်လုံးဖတ်သွားမိတယ်။
အောက်ဆုံးက သိပ်နု တဲ့ စာသားလေးဗျာ.. ဘာတဲ့ 
ကယ်လို့- မင်း က လရောင် အ၀န်းအ၀ိုင်း ထဲမှာ ရွေ့လျားနေသူ ဖြစ်မယ်ဆိုရင်- ကိုယ်က လရောင် အ၀န်းဝိုင်း ဖြစ်ပြီး ညစဉ်ညတိုင်း မင်းအပေါ်မှာ မင်းဝန်းကျင်တစ်ဝိုက် ပတ်ပတ်လည် လှည့်နေ မယ်။

တကယ်လို့ - မင်းမမျှော်မှန်းခင် ပန်းဖြစ်မယ်ဆိုရင် ကိုယ်ကကြည်လင်သန့်စင်တဲ့ ရေအလျဉ် ဖြစ်ပြီး ကိုယ့်မှာ ရှိတဲ့ အားလုံးကို မင်း အချစ်ရေ အဖြစ် သောက်သုံးနေသည် ဟူ၍ ထင်မှတ်ရလိမ့် မယ်။
အဲ့ ဒါပဲဗျာ..။

သိင်္ဂါကျော် said...

ဟုတ်တယ်.. ကဗျာလေး သဘောကျတယ်..

Anonymous said...

တကယ်လို့- မင်း က လရောင် အ၀န်းအ၀ိုင်း ထဲမှာ ရွေ့လျားနေသူ ဖြစ်မယ်ဆိုရင်- ကိုယ်က လရောင် အ၀န်းဝိုင်း ဖြစ်ပြီး ညစဉ်ညတိုင်း မင်းအပေါ်မှာ မင်းဝန်းကျင်တစ်ဝိုက် ပတ်ပတ်လည် လှည့်နေ မယ်။

တကယ်လို့ - မင်းမမျှော်မှန်းခင် ပန်းဖြစ်မယ်ဆိုရင် ကိုယ်ကကြည်လင်သန့်စင်တဲ့ ရေအလျဉ် ဖြစ်ပြီး ကိုယ့်မှာ ရှိတဲ့ အားလုံးကို မင်း အချစ်ရေ အဖြစ် သောက်သုံးနေသည် ဟူ၍ ထင်မှတ်ရလိမ့် မယ်။

အရမ်းသဘောကျပါ၏..နောက်လည်း စာကောင်းပေမွန်များ ဆက်လက်မျှဝေပေးနိုင်ပါစေ
လေးစားခင်မင်လျှက်