Friday, January 14, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၂)

" ဒါဟာ မင်းလိမ်တာဖြစ်မယ်" ဟု ပီလွန်က ပြောသည်။
တော်ရဲလီး က အားရပါးရ ပြုံးလိုက်ပြီး လက်ထဲမှ စာရွက်ကို ဝှေ့ယမ်းပြတယ်။ " ဟောဒီမှာ မြင်လား၊ သက်သေခံ ပစ္စည်း၊ ဟောဒီ အရောင်းစာချုပ်ပေါ်မှာ ဒင်နီ လက်မှတ်ထိုးထားတယ်"
ပက်ဘလို က ဒေါသတကြီးဖြင့် တော်ရဲလီးအနီးသို့ တိုးကပ်သွားသည်။ " မင်းသူ့ကို အရက်မူးအောင်တိုက်ပြီး လက်မှတ် ထိုးခိုင်း တာပဲ ဖြစ်ရမယ်၊ ဒင်နီအနေနဲ့ မူးနေတော့ သူ ဘာလုပ်လို့ လုပ်မိမှန်း သိမှာမဟုတ်ဘူး"

တော်ရဲလီး က စာရွက်ကို အနည်းငယ် ဖြန့်ပြလိုက်ပြီး" တရားဥပဒေက အဲဒီ စကားမျိုးကို စိတ်မ၀င်စားပါဘူး ကွာ" ဟုပြောသည်။ " ဒါကြောင့်မို့ ပြောရတာတော့ အားနာပါတယ်၊ မင်းတို့အားလုံး ငါ့အိမ်ပေါ်က အခု ချက်ချင်း ဆင်းသွားကြဖို့ ပြောပါရစေ၊ ဒီအိမ်ကို ဘယ်လို အသုံးချရမယ်ဆိုတာ ငါ စီစဉ်ပြီးနေပြီ" တော်ရဲလီး ၏ မျက်နှာမှာ အပြုံးသည် ပျောက်ကွယ်သွားပြီး ထိုအပြုံးနေရာတွင် ရက်စက်သော အရိပ်လက္ခဏာများ ၀င်လာသည်။ " မင်း တို့ ဒီအိမ်ထဲက မထွက်ရင် ငါ ပုလိပ်ခေါ်ပြီး နှင်ရလိမ့်မယ်"

ပီလွန် က တော်ရဲလီး၏ အနီးသို့ အသာအယာ ကပ်သွားသည်။ အို တော်ရဲလီး၊ ပီလွန် ပြုံးပြီး သင့်အနီးသို့ ကပ်လာပါမူ သတိသာထားပေရော့၊ ပြေးနိုင်လျှင် လွတ်အောင်ပြေးပြီး သံတံခါးများ အလုံပိတ်ထားသည့် အခန်း တွင်း ၌ ပုန်းနေပေတော့။

" ငါကတော့ ဒါတွေကို ဘာမှ နားမလည်ဘူး" ဟု ပီလွန်က လေအေးကလေးဖြင့် ပြောသည်။ " အမှန်အ တိုင်း ၀န်ခံရရင်တော့ ဒင်နီ လိုလူက အခုလို လုပ်တဲ့အတွက်တော့ ငါ စိတ်ထိခိုက်မိတယ်"
တော်ရဲလီး က မလိုတမာအသံဖြင့် ရယ်ပြန်သည်။

" ငါ့မှာ ရောင်းဖို့ အိမ် ဆိုလို့ တစ်လုံးတလေ တောင်မှ မပိုင်ခဲ့ဘူး" ဟု ပီလွန်က ဆက်ပြောသည်။ " အခု ဒင်နီ က အဲဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးတယ်ပေါ့ ဟုတ်လား "
" မှန်ပါတယ်ခင်ဗျာ " ဟု တောရဲလီးက တမင်လုပ်ယူထားသော အသံဖြင့် လှောင်သလို ပြောင်သလိုလုပ်၍ ပြောသည်။ " ဒင်နီက ဟောဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးသွားပါတယ်၊ ယုံပါပြီလားခင်ဗျာ "
" ဒါဆိုရင် မင်း ဒီအိမ်ကို ပိုင်တယ်လို့ သက်သေပြနိုင်တဲ့ ပစ္စည်းဟာ အဲဒီစာရွက်ပေါ့ ဟုတ်လား" ဟု ပီလွန်က မေးသည်။

" သိပ် ဟုတ်တာပေါ့ သောက်ရူးရဲ့၊ ဟောဒီစာရွက်ဟာ အခိုင်အမာဆုံး သက်သေခံပေါ့ "
ပီလွန်က အံ့အားသင့်သွားဟန်ဖြင့် မော့ကြည့်သည်။ " ငါက ဒီစာရွက်ကို မင်း ယူသွားပြီး တရားဝင်ဖြစ်သွား အောင် အကြောင်းကြားပြီးပြီ လို့ ထင်တာ "
တော်ရဲလီးက တမင်တကာ ဟားတိုက်၍ ရယ်သည်။ အို တော်ရဲလီး၊ သင် သတိရှိပေတော့၊ မြွေတွေ လှုပ်ရှား နေပုံကို သင် မမြင်ဘူးလား၊ အိမ်ရှေ့ တံခါးဝတွင် ဂျီးဆပ်စ်မေရီယာ ရပ်နေပြီ၊ ပက်ဘလိုကတော့ မီးဖိုချောင် တံခါးအ၀မှာ၊ ဟိုအကောင် ကောင်ကြီးဂျိုးကတော့ ပေါက်တူးကြီး ကိုင်လို့၊ သင်တွေ့ရဲ့လား။

အလုပ်သဘော ကို မင်းတို့လို လူလေလူလွင့် တေလေကြမ်းပိုးတွေ နားလည်မလားကွ၊ ငါအခု ဒီအိမ်ကပြန်မှ ဒီစာရွက် ကို ယူပြီး ရုံးကို တရားဝင်"
လုပ်လိုက်ပုံမှာ မြန်ဆန်လွန်းသဖြင့် တော်ရဲလီးသည် စကားကို ဆုံးအောင်မပြောနိုင်၊ ခြေနှစ်ချောင်းစလုံး ကြမ်းပြင် နှင့် လွတ်သွားပြီး လူတစ်ကိုယ်လုံးအပေါ်သို့ မြောက်တက်သွားကာ ကြမ်းပေါ်သို့ ဗိုင်းခနဲ ပြန်ကျလာသည်။ သူသည် ကြမ်းပြင်ကို လက်နျစ်ဖက်ဖြင့် တအားကုတ်ခြစ်ကာ ပြန်ထနိုင်ရန် ကြိုးစား နေသည်။ သူ့နားထဲသို့ မီးဖို အဖုံးဖွင့်သံ ၀င်ရောက်လာလေသည်။

" သူခိုးတွေ" ဟု တော်ရဲလီးက သံကုန်ဟစ်၍ အော်သည်။ သွေးရောင်သည် လည်ပင်းမှတစ်ဆင့် မျက်နှာ ပေါ် သို့ ကူးသွားသည်။ " သူခိုးတွေ၊ ကြွက်နာတွေ၊ ခွေးတွေ ငါ့စာရွက်ပြန်ပေး"
သူ့ရှေတည့်တည့်၌ ရပ်နေသော ပီလွန်က အလွန်အံ့အားသင့်နေသည့် မျက်နှာထားဖြင့် ငုံ့ကြည့်သည်။
" စာရွက်ဟုတ်လား" ဟု ယဉ်ကျေးချိုသာစွာဖြင့် မေးသည်။ " ဒီလောက်ကြီး အငမ်းမရ တောင်းနေတာဟာ ဘာ စာရွက်ပါလိမ့်"
" အရောင်းစာချုပ် ကွ၊ ဒီအိမ်ကို ငါပိုင်ကြောင်း သက်သေခံမယ့် စာရွက်။ ငါ ပုလိပ်တိုင်မယ်ဟေ့ သိလား "

" စာရွက်တဲ့၊ ဘာစာရွက်ပါလိမ့်၊ ငါဖြင့် မသိပေါင်ကွာ" ဟု ပီလွန်က ပြောသည်။ " ဟေ့ ပက်ဘလို၊ ဒီကောင် ပြောနေတာ ဘာစာရွက်လဲကွ၊ မင်းသိသလား "
" ဟေ့ ဂျွန်နီပွမ်ပွမ် မင်းကောသိသလား" ဟု ပီလွန်က မေးပြန်သည်။ " သူ အိပ်မက်မက်ပြီး ပြောနေတာ ဖြစ်မယ်" ဟု ဂျွန်နီပွမ်ပွမ်က ဖြေသည်။
" ဟေ့ ဂျီးဆပ်စ်မေရီယာ၊ မင်းကော၊ သူ ပြောနေတဲ့ စာရွက်ကို သိသလား "
" ဟာကွာ၊ ဒီအကောင်ကြီး မူးနေတယ်လို့ ငါတော့ ထင်တာပဲ" ဟု ဂျီးဆပ်စ် မေရီယာက အဖြေပေးကာ " မနက် စောစောစီးစီး မူးတာကတော့ မကောင်းပါဘူးကွာ၊ စောလွန်းလှပါတယ်" ဟု မှတ်ချက်ချလိုက်သည်။

" ဟေ့ ကောင်ကြီးဂျိုး၊ မင်းကကော"
" ငါ အခုမှ ၀င်လာတာကွ၊ သူပြောတာ ငါ ဘာမျမသိဘူး"
" ပင်လယ်ဓားပြကော"
" သူ့မှာ ဘာစာရွက်မှ ပါမလာပါဘူးဗျာ" ဟု ပြန်ဖြေလိုက်ပြီး သူ့ခွေးများဘက်သို့ လှည့်၍ " မင်းတို့ကော သိကြသလား" ဟု မေးသည်။

ပီလွန်သည် အသနားခံသည့် မျက်နှာထားဖြင့် ကြည့်နေသော တော်ရဲလီးဘက်သို့ လှည့်ကြည့်လိုက်သည်။ " မိတ်ဆွေကြီး အမှတ်မှားနေပြီထင်တယ်၊ ကျုပ် လွဲချင်လည်း လွဲမှာပေါ့၊ အဲဒီတော့ ကိုယ့်မျက်စိနဲ့ ကိုယ်ပဲ ကြည့် ပြီး ရှာပါတော့၊ အခန်းထဲမျာတော့ မြင်တဲ့အတိုင်းပဲ၊ ဒီလူတွေကလွဲပြီး ဘာစာရွက်မှ မရှိပါဘူးလို့ ပြောလိုက်ရင် ခင်ဗျားက ကျုပ်ကို အပြစ်တင်မှာလား၊ ခင်ဗျား အိမ်ပြန်ပြီး အနားယူလိုက်ရင် ကောင်းမယ် ထင်ပါတယ်ဗျာ"

    တော်ရဲလီးသည် ထက်မံ၍ နောက်တွန့်လျက်ရှိသည်။ သူတို့သည် တော်ရဲလီးကို ဆွဲယူကာ အိမ်ပြင်သို့ ထုတ်သွားပြီး လမ်းမပေါ်အရောက်ပို့ပေးသည်။ အရှုံးနှင့် ရင်ဆိုင်နေရပြီဖြစ်သော တော်ရဲလီးသည် ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ပြန်သွားသည်။
သူတို့သည် ကောင်းကင်ဆီသို့ မော့ကြည့်ပြီး ၀မ်းသာအားရ ဖြစ်သွားကြသည်။ နေသည် မြူနှင်းများကြားမှ အတင်း တိုးထွက်ရန် ရုန်းကန်လှုပ်ရှားနေပြန်ပြီ။ ယခုတစ်ကြိမ်တွင်မူ မြူနှင်းများကို တစ်နေရာမှ ဖောက်၍ ထွက် လာနိုင်သည်ကို တွေ့ရ၏။ သူတို့သည် အိမ်ထဲသို့ ပြန်မ၀င်ကြတော့ဘဲ အိမ်ရှေ့ဆင်ဝင်၌ ထိုင်ကြသည်။

" နှစ်ဆယ့်ငါး ဒေါ်လာကြီးများတောင် ဒီကောင် ဘာတွေသုံးပစ်ပါလိမ့်" ဟု ပီလွန်က ပြောသည်။
နေသည် မြူနှင်းများကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့လေပြီ။ ဆင်ဝင်အောက်တွင် ပူနွေးလာပြီဖြစ်၍ ယင် ကောင် များသည် တ၀ီဝီ ပျံသန်းလျက်ရှိသည်။
" ဒင်နီဆိုတဲ့ကောင် ဒီလိုအလုပ်မျိုး မလုပ်သင့်ပါဘူးကွာ" ဟု ပက်ဘလိုက ပြောသည်။

ငှက်တစ်ကောင်သည် နှင်းဆီချုံထဲသို့ ခုန်ဆွ ခုန်ဆွလုပ်ကာ ၀င်သွားသည်။ မစ္စက်မော်ရေး၏ ကြက်ဖများ သည် နေရောင်ခြည်ကို ဆီးကြိုနှုတ်ဆက်လိုက်သည့်နှယ် တစ်ကောင်ပြီး တစ်ကောင် တွန်လျက်ရှိကြသည်။ ခြံဝင်းထဲ ရောက်နေကြပြီဖြစ်သော ပင်လယ်ဓားပြ၏ ခွေးများသည် တစ်ကိုယ်လုံးကို ကုတ်လိုက်ဖဲ့လိုက် အမြီးများကို တဇတ်ဇတ်ကိုက်လိုက်။
လမ်းမပေါ်မှ လျှောက်လာနေသည့် ခြေသံများ၊ အားလုံးမျှော်ကြည့်လိုက်ကြသည်။ ၀မ်းသာအားရ ထလိုက်ပြီး အလွန် ရွှင်လန်းတက်ကြွသော အပြုံးများဖြင့် ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။ ဒင်နီနှင့် တီတိုးရပ်ဖ် တို့ သည် ၀င်းတံခါးမှ ၀င်လာကြသည်။ သူတို့သည် အလွန်လေးလံပုံရသော အိတ်နှစ်လုံးကို တစ်ယောက်တစ်လုံး ဆွဲလာ ကြသည်။ ဒင်နီသည် သူ့လက်ထဲမှ အိတ်ကို ဆင်ဝင်တွင် ချထားလိုက်၏။ သူ့မျက်နှာကတော့ ပင်ပန်းနွမ်းနယ် ခြင်းကို ဖော်ပြနေသည်။

" တောင်ကုန်းပေါ်တက်ရတာ အတော်ပူသားကွ" ဟု ဒင်နီက ပြောသည်။
" ဟေ့ တီတိုးရပ်ဖ်၊ မင်း အချုပ်ခံရတယ်ဆို" ဟု ဂျွန်နီပွမ်ပွမ်က မေးသည်။
" ငါ ထွက်ပြေး လာတာ၊ ငါ့လက်ထဲမှာ အခုထက်ထိ အချုပ်ခန်းသော့တွေ ရှိနေသေးတယ်"
ပီလါန်တို့ လူစုသည် တစ်ပြိုင်တည်းလိုလို သက်ပြင်းချလိုက်ကြသည်။ ပွီလွန် က ၀ိုင်ကို အားရပါး ရမော့သည်။ " ဒီမျာဟေ့ ဒင်နီ၊ ဟိုဝက်ကောင်တော်ရဲလီးကနေ့မနက် ဒီကို ရောက်လာတယ်၊ သူ့ဆီမှာ မင်း လက်မှတ် ထိုးထား တဲ့စာရွက်စာတမ်းရှိတယ်လို့ ပြောတယ်"

" အဲဒီစာရွက် ဘယ်မှာလဲ" ဟု ဒင်နီက အလန့်တကြားမေးသည်။
" ငါတို့က သူ လိမ်ပြောတယ်ဆိုတာ သိလို့ စာရွက်ကို ယူပြီး မီးရှို့ပစ်လိုက်တယ်၊ မင်း အဲဒီ စာရွက်ပေါ်မှာ လက်မှတ်မထိုးခဲ့ဘူး မဟုတ်လား" ဟု ပီလွန်က မေးသည်။
" မထိုးပါဘူးကွာ" ဟု ဒင်နီက ပြောပြီး ၀ိုင်ကို မော့သည်။
" စားစရာလေးများ ရှိရင် ကောင်းမှာပဲကွာ" ဟု ဂျီးဆပ်စ်မေရီယာက ညည်းသည်။

ဒင်နီက ပြုံးသည်။ " ငါ မေ့နေတယ်၊ ဟိုအိတ်ထဲမှာ ကြက်သုံးကောင်နဲ့ ပေါင်မုန့်တွေပါတယ်"
အလွန် စိတ်အေးချမ်းသာသွားပြီဖြစ်သော ပီလွန်သည် ထိုင်နေရာမှ ထရပ်လိုက်ပြီး ဒင်နီ ပြန်ရောက် လာသည့် အထိမ်းအမှတ်အဖြစ်ဖြင့် စကားပြောသည်။ " ငါတို့ သူငယ်ချင်း ဒင်နီနဲ့တူတဲ့ သူငယ်ချင်းမျိုးကို ဘယ်မှာသွားပြီး ရှာလို့ရမလဲ၊ သူဟာ ငါတို့ကို သူ့အိမ်ထဲမှာ နေခွင့်ပေးခဲ့တယ်၊ သူ ရတဲ့အစားအစာကို ခွဲဝေမျှတပြီး ကျွေးတယ်၊ သူ ရလာတဲ့ဝိုင်ကို ခွဲဝေမျှတပြီး တိုက်တယ်၊ ငါတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ ကောင်းရှာပါတယ်ကွာ"

ဒင်နီသည် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် ခေါင်းကို ငိုက်စိုက်ချကာ ကြမ်းပြင်ကို ငေးစိုက်ကြည့်နေ သည်။ နှုတ်မှလည်း " ဒါဟာ ဘာမှ မဖြစ်လောက်ပါဘူးကွာ၊ ချီးမွမ်းခံထိုက်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး" ဟု ခပ်တိုးတိုးရေရွတ်သည်။
အတိုင်းအဆ မသိနိုင်လောက်အောင် ပျော်ရွှင်နေသော ပီလွန်သည် စိတ်ကောင်း စေတနာကောင်း ၀င်လျက်ရှိ သည်ဖြစ်ရာ " ငါတို့တစ်တွေ တော်ရဲလီးအတွက် ကောင်းတာလေး တစ်ခုခုတော့ လုပ်ပေးဦးမှ ဖြစ်မယ်" ဟု ပြော လိုက်လေသည်။
-------------------------------
ဆက်ရန်
.

No comments: