Thursday, January 13, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၁)

အိမ်ထဲမှ တော်ရဲလီး သည် အသံပြန်မပေးဘဲ ငြိမ်ကုပ်၍ နေသည်။ အပြင်မှ ကြိမ်းဝါးသံများကြောင့် သူသည် ကြောက်လန့်တကြား ဖြစ်နေသည်။ အပြင်မှ ခြေသံများ ဝေးသွားမှပင် သူသည် စိတ်အေး နားအေး ဖြစ်သွား သည်။

ထိုညက ပီလွန်တို့လူစု အိပ်ရာဝင်ကြောအခါ ခပ်ဖော့ဖော့ နင်းသွားနေသည့် လူတစ်ယောက်၏ ခြေသံကို ကြား နေရသည်။ ဒင်နိမှန်း ချက်ချင်းသိကြ၏။ သို့သော်လည်း သူတို့ လက်မှ လွတ်သွားသည်။ သူတို့သည် အမှောင် ထဲတွင် စမ်းတ၀ါးဝါး လေဆာက်ကာ အသံပေးကြသည်။ " ဟေ့ ... ဒင်နီ၊ လာပါကွ၊ ငါတို့ဆီ ပြန်လာပါတော့ သူငယ်ချင်းရာ၊ မင်းမရှိရင် ငါတို့ မနေတတ်လို့ပါကွာ" ဟု လှမ်းပြောကြသည်။

အဖြေပေးသံ လုံးဝမကြားရ။ သို့သော်လည်း ကျောက်ခဲကြီးတစ်လုံးသည် ကောင်ကြီးဂျိုး၏ ဗိုက်ကို ၀င်မှန်သည်။ ကောင်ကြီျးိုးသည် ကြမ်းပေါ်တွင် နှစ်ပတ်မျှ လိမ့်သွားသည်။ အားလုံး စိတ်ညစ် စိတ်ရှုပ်ကုန်ကြ သည်။

" ဒင်နီတော့ သေမင်းဆီ ပြေးသွားနေတာပဲ" ဟု အချင်းချင်း ပြောကြသည်။ " ငါတို့ သူငယ်ချင်းမှာ အကူအညီ လိုနေတာ အမှန်ပဲ၊ ခက်တာက ငါတို့ မကူညီနိုင်ဘဲ ဖြစ်နေပြီ"
ယခုအခါ တွင် အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့မှာ ခက်ခဲသည်ထက် ခက်ခဲလာသည်။ အဘယ်ကြောင့်  ဆိုသော် ဒင်နီသည် သူတို့ အလစ်တွင် ၀င်ပြီး အိမ်ထဲမှ ရှိသမျှ ပစ္စည်းကို ခိုးသွားနေသောကြောင့်ပေတည်း။

သူတို့အိမ်မှ ကုလားထိုင်တစ်လုံးကို အရက်ပုန်းရောင်းသူ တစ်ဦး၏ လက်ထဲတွင် တွေ့သည်။ အစားအစာ များကို အစအနပင် မကျန်အောင် ခိုးသည်။ တစ်ကြိမ်တွင် သူတို့အားလုံး တောထဲသို့ဝင်၍ ဒင်နီကို ရှာနေခိုက် လေမီးဖိုကို ဒင်နီက ၀င်ခိုးသွားသည်။ သို့သော်လည်း လေမီးဖိုမှာ အဆမတန်လေးလံလှသဖြင့် လမ်းဘေးမြောင်း တစ်ခုထဲ၌ ပစ်ချထားခဲ့သည်။ အိမ်တွင် ငွေကြေးဆို၍လည်း တစ်ပြားတစ်ချပ်မျှ မရှိတော့ချေ။ ဒင်နီသည် ပင်လယ်ဓားပြ၏ လက်တွန်းလှည်းကိုပင် မချန်တော့ဘဲ ခိုးယူသွားပြီး ဂျိုးအော်တစ်ဇ်ထံမှ ၀ီစကီတစ် ပုလင်းနှင့် လဲယူသွားသည်။ ဒင်နီ၏ စိတ်ထဲ၌ ငြိမ်းချမ်းသာယာမှုသည်။ ချုပ်ငြိမ်းသွားခဲ့လေပြီ။ တစ်အိမ်လုံးတွင် သောကနှင့် ၀မ်းနည်းကြေကွဲမှုသာ ဖုံးလွှမ်းလျက်ရှိ၏။

" ငါတို့ရဲ့ သာယာပျော်ရွှင်မှုဟာ ဘယ်ဆီရောက်သွားပါလိမ့်" ဟု ပက်ဘလိုက ညည်းသည်။" တစ်နေရာရာမှာ ငါတို့ဘုန်းကြီးဆီသွားပြီး ကိုယ့်အမှားကိုယ် ၀န်ခံကြဖို့ သင့်တယ်"
သူတို့သည် ကော်နယ်လီယာရုဇ်၏ မကောင်းသတင်းများကို မပြောကြတော့ပေ။ ကိုယ်ကျင့်တရားများသည် ဝေးရာသို့ ရောက်ကုန်ပြီ။ လူအချင်းချင်း ကိုယ်ချင်းစာနာမှုများလည်း ဆုံးပါးခဲ့ရပြီ။ ကောင်းသော ဘ၀ဆိုသည် မှာ အဖျက်အဆီးများကြားတွင် ရောက်နေပြီ။ ပီလွန်တို့ လူစုသည် စိတ်အားပျက်ခြင်းနှင့် ရင်ဆိုင်လျက် ရှိကြရလေ၏။ ယင်းကဲ့သို့ ဖြစ်စေခိုက်မှာပင် ကောလာဟလ သတင်းများသည် အဆက် မပြတ် ရောက်လာလျက်ရှိသည်။

" ဒင်နီဆိုတဲ့ကောင် မနေ့ညက မုဒိမ်းမှုကျူးလွန်လို့တဲ့"
" ဒင်နီဆိုတဲ့ ကောင် မစ္စက်ပါလိုချီကိုရဲ့ ဆိတ်မကို နို့ဝင်ညှစ်သွားသတဲံ"
" တမြန်မနေ့ညက ဒင်နီ စစ်သားတေါနဲ့ ရန်ဖြစ်လို့တဲ့ "
ပီလါန်တို့ လူစုသည် ဒင်နိ၏ ကိုယ်ကျင့်တရား ပျက်ပြားမှုများအတွက် များစွာ ၀မ်းနည်းကြသည်။ ဒင်နီ၏ ကောင်း ခဲ့ သည့် အချိန်ကာလများကို သတိမရဘဲ မနေနိုင်။

" တကယ်လို့သာ ဒီကောင်မရူးဘူးဆိုရင်တော့ အခု ကျူးလွန်နေတဲ့  အမှုတွေအတွက် အပြစ်ပေး ခံရတော့မှာပဲ" ဟု ပီလွန်က ပြောသည်။ " ဒါကတော့ သေချာတယ်တဲ့၊ ဒင်နီဟာ မကောင်းမှုကို မကောင်းမှု နဲ့ တုံ့ပြန်နေတာပဲ။ သူကျူးလွန်နေတာတွေဟာ တဖြည်းဖြည်းနဲ့ များများလာပြီ။ နောက် မကြာခင်မှာ အဘိုးကြီး ရိုဇ်ငယ်ငယ်တုန်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထက် များလာတော့မယ်"
ထိုညတွင် ဒင်နီသည် အိမ်ထဲသို့ ၀င်ပြန်သည်။ သူ့ကို ခင်နေသော ခွေးများက မဟောင်သဖြင့် သူဝင်လာသည် ကို မည်သူမျှ မသိလိုက်။ သူသည် ပီလွန်၏ ဖိနပ်များကို ခိုးသွားသည်။ နံနက်လင်း သော အခါ မိမိ၏ ဖိနပ်များ အခိုးခံရသည်ကို ပီလွန်ချက်ချင်းသိသည်။

သူသည် ဆင်ဝင်သို့ ထွက်ထိုင်ကာ ဖိနပ် မပါတော့ သည့် သူခြေထောက်များကို နေရောင်အောက်တွင် ထောင်၍ ကြည့်နေသည်။
" ဒင်နီလုပ်ပုံတွေဟာ တော်တော်ကို လွန်လာပြီ" ဟု ပီလွန်က ပြောသည်။ " သူအပျော်လုပ်နေတာပဲဆိုပြီး ငါတို့က စိတ်ရှည်ရှည်နဲ့ သည်းခံလာခဲ့ကြသည်။ ဒါပေမယ့် အခုကျတော့ သူလုပ်နေတာဟာ အပျော်မဟုတ် တော့ဘူး၊ ရာဇ၀တ်မှုတွေ ဖြစ်လာညပီ၊ အခုလုပ်နေတဲ့လူဟာ ငါတို့နဲ့ သိကျွမ်းခင်မင်နေတဲ့ ဒင်နီ မဟုတ်တော့ဘူး၊ အခုဟာ တို့မသိတဲ့ တခြား လူတစ်ယောက် ဖြစ်နေပြီ၊ ဒီလူဆိုးကို ငါတို့ မိအောင်ဖမ်းမှ ဖြစ်တော့မယ်"

ပက်ဘလိုက သူ၏ဖိနပ်ကို ငုံ့ကြည့်ပြီး " အခုဟာလဲ အပျော်လုပ်တာ တစ်ခုပဲ ဖြစ်မှာပဲ " ဟု ပြောသည်။
" အဖြစ်နိုင်ဘူး" ဟု ပီလွန်က ပြန်ပြောသည်။ " အခုလုပ်တာ ရာဇ၀တ်မှုပဲတဲ့၊ ဒီဖိနပ်တွေဟာ သိပ်မကောင်း တော့ပါဘူး၊ ဒါပေမယ့် ဒီဖိနပ်စုတ် တွေ ခိုးတာဟာ သူငယ်ချင်းချင်း မိတ်ပျက်အောင် လုပ်တာပဲ၊ အဆိုးဆုံး ရာဇ၀တ်မှု တစ်ခုပဲကွာ၊ သူငယ်ချင်းတွေရဲ့ ဖိနပ်ကိုတောင် ခိုးတယ်ဆိုကတည်းက ဒီအကောင် ရာဇ၀တ်မှု တွေကို ဆက်တိုက်ကျူးလွန်တော့မှာ သေချာတယ်"

ကျန်လူစုက ပီလွန်၏ စကားကို ခေါင်းညိတ်၍ ထောက်ခံကြသည်။ " အေး ဟုတ်တယ်၊ သူ့ကို မိအောင်ဖမ်းမှ ဖြစ်မယ်" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " သူ နေမကောင်းဘူးဆိုတာ ငါတို့သိနေကြတာပဲ၊ သူ့ကို မိလာရင် သူ့အိပ်ရာပေါ် မှာ ကြိုးနဲ့ တုပ်ပြီး တင်ထားမယ်၊ ပြီးတော့ ဆေးကုကြတာပေါ့၊ သူ့ဦးနှောက်ထဲမှာ ဖုံးနေ တဲ့ အမှောင်ထုကို ငါတို့က ဖယ်ရှားပေးမှဖြစ်မှာ"
" တစ်ခုတော့ သတိထားဖို့လိုလိမ့်မယ်၊ သူ့ကို မိလာတဲ့အခါမှာ ငါတို့ အိပ်ရာဝင်တိုင်း ငါတို့ရဲ့ ဖိနပ်တွေကို ငါတို့ ရဲ့ ခေါင်းအုံးတွေအောက်မှာ ၀ှက်ထားဖို့တော့ အမြဲသတိရကြမှ ဖြစ်မှာ " ဟု ပက်ဘလို က စိုးရိမ်သော လေသံဖြင့် ပြောသည်။

အသို့ဖြင့် သူတု့နေသောအိမ်သည် ခံတပ်တစ်ခုနှင့် တူလာသည်။ ဒင်နီ အိမ်ထဲသို့ ၀င်၍ မခိုးနိုင်အောင် တင်းကျပ်စွာ စောင့်ရှောက်ကြသည်။ အိမ်ကို လုံခြုံအောင် လုပ်ထားသဖြင့် အ၀င်ရခက်လာသောအခါ ဒင်နီ သည် ဒေါသူပုန် ထသည်။ သို့သော်လည်း သူ့အဖို့ ယခင်ကထက် လွတ်လပ်နေသဖြင့် ပျော်စရာ အကောင်းဆုံး သောအချိန်များနှင့် ကြုံတွေ့နေရသည်ကား အမှန်ပင် ဖြစ်လေသည်။
*
တော်ရဲလီး၏ မျက်နှာသည် မယုံသင်္ကာဖြစ်ခြင်းနှင့် ဒေါသဖြစ်ခြင်းဟူသော စိတ်ခံစားမှု နှစ်ခုမှလွဲ၍ အခြား စိတ်ခံစားမှု ကို ဖော်ပြခြင်းမပြုသောမျက်နှာဖြစ်သည်။ အရက်ပုန်းရောင်းသူ တစ်ဦးအနေဖြင့် တော်တီလာ ဖလက် ရပ်ကွက် မှ လူများနှင့် ဆက်ဆံသည့်အခါတိုင်း တော်ရဲလီး၏ မျက်နှာတွင် သံသယနှင့် ဒေါသ ရောယှက် နေသော မျက်နှာဖုံးကိုသာ စွပ်ထားလေ့ရှိ၏။ ဤကား တောရဲလီး၏ အကျင့်စရိုက် တစ်ခုဖြစ် သည်။ ထို့ပြင်လည်း တောရဲလီးသည် မည်သူ့အိမ်ကိုမှ အလည်သွားခြင်းမပြု။

လူတိုင်းက သူ့ထံအလာကိုသာ အိမ်မှ ထိုင်၍ စောင့်သူတစ်ဦးဖြစ်သည်။ သို့သော်လည်း ထိုနေ့ နံနက်က တော်ရဲလီး သည် ဒင်နိ၏ အိမ်ဘက်သို့ ရှေးရှူ၍ လျှောက်လာနေရုံမျှမက သူ့မျက်နှာကလည်း သွေးအေးအေး ဖြင့် ရက်စက်မည့် အပြုံးကို ဖော်ပြလျက် ရှိသဖြင့် ထူးခြားလျက်ရှိ၏။ သူ့ကို မြင်လိုက်သော ကလေး များသည် သူတို့ အိမ်ခြံဝင်းများအတွင်းသို့ ဒရောသောပါးပြေးဝင်ကာ ၀င်းထရံတိုင်များကြားမှ ချောင်းကြည့် နေကြသည်။ ခွေးများကတော့ အမြီးများကို ကုပ်၍ ကြောက်လန့်တကြားကြည့်ကာ နောက်သို့ ဆုတ်သွား ကြသည်။ သူနှင့် ဆုံမိကြသော ယောက်ျားများ သည် လမ်းဘေးသို့ ဆင်းကာ လက်သီး တဆုပ်ဆုပ် အံတကြိတ်ကြိတ်ဖြင့် အရူးတစ်ယောက်ကို မောင်းထုတ် မည့်အမူအရာမျိုးဖော်ပြကြသည်။

ယနေ့ နံနက်တွင် ကောင်းကင်၌ မြူနှင်းများဆိုင်းလျက်ရှိသည်။ နေသည် မြူနှင်းများကို ထိုးဖောက်၍ ထွက်ပြူ လာနိုင်ရန် အကြိမ်များစွာ အားထုတ်သည်။ နောက်ဆုံး မရတော့ည့်အခါ ညိုမှိုင်းမှိုင်း တိမ်လွှာများ အောက်သို့ ၀င်ရောက်တွယ်ကပ်နေသည်။ ထင်းရှူးပင်များတွင် တွဲလွဲခိုနေကြသော နှင်းပေါက်များသည် မြေပြင် သို့ ခုန်ဆင်း နေကြသည်။ လမ်းပေါ်၌ သွားလာနေကြသော လူတချို့၏ မျက်နျာများမှာလည်း ကြည်သာခြင်းမရှိ။ မှုန်မှိုင်းအုံ့ဆိုင်းနေသော ကောင်းကင်ပြင်ကဲ့သို့ပင် ညိုမှိုင်းလျက် ရှိကြသည်။ တရင်းတနှီး နှုတ်ဆက် သံ များကိုပင် မကြားရ။

တပြုံးပြုံးဖြင့် လျှောက်သါားနေသော တော်ရဲလီးကို မြင်လိုက်သည့် အဘိုးအို ရိုကာသည် အိမ်သို့ ပြန်ပြေးပြီး သူ့ မိန်းမ ကို ပြောသည်။ " အဲဒီကောင်တော့ သူ့ကလေးတွေကို သတ်စားလာပြီထင်တယ်ကွ "
တော်ရဲလီး သည် ရွှင်လန်းမြူးထူးလျက်ရှိ၏။ အဘယ်ကြောင့် ဟူမူ သူ၏ ကုတ်အင်္ကျီအိတ်ကပ်ထဲ၌ အဖိုးထိုက် တန်သော စာရွက်တစ်ရွက် ပါလာခြင်းကြောင့်ပေတည်း။ သူသည် အိတ်ကပ်ထဲ လက်နှိုက်ကာ စာရွက် ကို မကြာ ခဏ စမ်းကြည့်သည်။ အုံ့ပျပျ ညိုမှိုင်းမှိုင်းဖြစ်နေသော နံနက်ခင်း အလင်းရောင်အောက်၌ လျှောက်သွား နေရင်းမှပင် သူသည် တစ်ယောက်တည်း စကားပြောလာလျက် ရှိလေသည်။
" ဒီကောင် တွေ ဟာ မြွေဆိုးတစ်သိုက်ပဲ၊ ဒင်နီ့ သူငယ်ချင်းဆိုတဲ့ ဒီလူ ယုတ်မာကောင်တွေကို ရှင်းပစ်မယ်၊ သူတို့ ပစ္စည်း တွေ ခိုးခိုးလာပြီး ၀ိုင်နဲ့လဲရင်လည်း လဲပေးစရာ မလိုတော့ဘူး။

ဒီကောင်တွေဟာ တစ်ဦးချင်းစီဆိုရင် သိပ်မဆိုးဘူး၊ အုပ်နဲ့ကျရင်တော့ မကောင်းဘူး၊ ငါ သူတို့ကို လမ်းပေါ် ရောက်အောင် မောင်းထုတ်နိုင်တော့မယ်၊ ဒီအကောင်တွေဟာ ဖားပြုတ်တွေ၊သန်းတွေ၊ ယင်ကောင်တွေနဲ့ ဘာထူး လို့လဲ၊ ဒီအကောင်တွေဟာ တောထဲဝင် ပြီး ခွေးတွေလို အိပ်ရတဲ့အခါကျရင် ဘ၀င်မြင့်နိုင်ဦး မှာတဲ့လား။
" တော်ရဲလီးဆိုတဲ့ကောင် အပေါ်စီးရပြီဆိုတာ ဒီအကောင်တွေ သိရစေမပေါ့ကွာ၊ သူတို့က ငါ့ကိုလိမ်ညာဖို့၊ ငါ့အိမ်ကပစ္စည်းတွေကို ယုယူဖို့၊ ခိုးယူဖို့ ငါ့မိန်းမကို ကြာခိုဖို့ လောက်ပဲ စဉ်းစားနေကြတာ၊ သူတို့ လုပ်သမျှ ခံနေရ တဲ့ တောရဲလီးကလည်း သူတို့ကို ပြန်ချနိုင်တယ်ဆိုတာ ပြရဦးတော့မှာပေါ့ "

တော်ရဲလီးသည် လမ်းတစ်လျှောက်လုံး စိတ်ရှိလက်ရှိ ရေရွတ်သည်။ သစ်ပင်များပေါ်မှ နှင်းသီး နှင်းပေါက် များ သည် မက်မွန်တောထဲသို့ တစ်ပေါက်ပေါက်ကျလျက်ရှိကြ၏။ စင်ရော်များသည် တကျည်ကျည် တကျာကျာ မြည်ကာ ကောင်းကင်တွင် ၀ဲပျံနေကြသည်။ တော်ရဲလီးသည် ကံကြမ္မာဆိုးတစ်ကောင်သဖွယ် ဒင်နီ ၏ အိမ်ဆီသို ရွေ့လျားသွားလျက်ရှိလေသည်။
ဒင်နီ၏ အိမ်တွင်လည်း သာယာမှုကင်းမဲ့လျက်ရှိသည်။ ပီလွန်တို့ လူစုသည် နေရောင်မရှိသဖြင့် ဆင်ဝင်သို့ ထွက် ၍ မထိုင်နိုင်ကြချေ။

အားလုံးပင် စိတ်ဓာတ်ကျကာ ညိုးငယ်နေကြ၏။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရပါ သနည်း။ တစ်ယောက်မှ အကြောင်းမည်မည်ရရ မပြနိုင်ကြပေ။ သူတို့သည် ဒင်နီ ခိုးသွားသော မီးဖိုကို မြောင်းထဲမျ ဆွဲတင်ကာ ပြန်၍ သယ်လာခဲ့ကြပြီး သူ့နေရာတွင် ပြန်ထားကြသည်။ ယနေ့လည်း သူတို့အားလုံး မီးဖိုအနီးတွင် စုထိုင်ကာ သူတို့ထံ အလည်ရောက်လာသော ဂျွန်နီပွမ်ပွမ်ထံမှ သတင်းမျိုးစုံကို နားထောင်နေကြ သည်။

" ငါတို့မြို့တော် အချုပ်ခန်းက အချုပ်ခန်းစောင့် တီးတိုးရပ်ဖ်ကို သိတယ်မဟုတ်လား" ဟု ဂျွန်နီပွမ်ပွမ်က မေး သည်။ " သူ အခု အချုပ်ခန်းစောင့် မဟုတ်တော့ဘူး၊ ကနေ့မနက်ပဲ တရားသူကြီးက အလုပ်ဖြုတ်ပစ်လိုက်ပြီ"
" ဟုတ်လား တီတိုးရပ်ဖ်နဲ့ ငါ ခင်တယ်ကွ" ဟု ပီလွန်က ပြောသည်။ " လူတစ်ယောက် အချုပ်ထဲ ရောက်လာ ရင် တီတိုးရပ်ဖ် က ၀ိုင်ယူလာပြီး ပေးတယ်၊ သူက အချုပ်ထဲရောက်လာသမျှ လူတွေရဲ့ အကြောင်းကို ကောင်း ကောင်းသိတယ်၊ ဘာပြုလို့ အလုပ်ပြုတ်ရတာလဲ ဂျွန်နီပွမ်ပွမ်ရာ "

" ငါ အခုလာတာ အဲဒီအကြောင်း ပြောပြချင်လို့လာခဲ့တာပဲ၊ တီတိုးရပ်ဖ် ဟာ အချုပ်ထဲ ခဏခဏ ရောက်ခဲ့တဲ့ ကောင်ဆိုတာ မင်းလည်း သိသားမဟုတ်လား၊ သူက အချုပ်သားကောင်း တစ်ယောက် လို့တောင် ပြောလို့ ရနေပြီ၊ အချုပ်ခန်းတစ်ခန်းကို ဘယ်လို ကြီးကြပ် အုပ်ချုပ်ရမယ်ဆိုတာလည်း ကောင်းကောင်း နားလည် နေပြီ၊ တခြားလူတွေထက် ပိုပြီး သူက နားလည်နေတာ၊ အဲဒီတုန်းက အချုပ်ခန်း စောင့် အဖေကြီး မတ်ခ် သေပါလေရော။

အဲဒီမှာတင် တီတိုးရပ်ဖ်ကို သူ့နေရာမှာ ခန့်တာ၊ အမှန်တော့ကွာ တီတိုးရပ်ဖ်လောက်တော်တဲ့ အချုပ်ခန်း စောင့်ဟာ မရှိပါဘူး၊ လူမှန်နေရာမှန်ပဲကွ၊ ဒါပေမယ့် သူ့မှာ မပြောပလောက်တဲ့ ချွတ်ယွင်းချက် ကလေးတစ်ခုက ရှိနေတယ်။ သူ့ဗိုက်ထဲ ၀ိုင်ဝင်သွားရင် သူဟာ အချုပ်ခန်းစောင့် တစ်ယောက်ပါလားဆိုတဲ့ အချက် ကို မေ့သွားရော၊ အဲ သူပါ ထွက်ထွက် ပြေးတယ်၊ သူ့ကို ပုလိပ်တွေက ပြန် ပြန် ဖမ်းရတယ်"

အားလုံးက ခေါင်းညိတ်၍ ထောက်ခံကြသည်။ " အေး ဟုတ်တယ်၊ အဲဒါတော့ ငါလည်း သိတယ်" ဟု ပက်ဘလို ကပြောသည်။ " သူ ထွက်ပြေးရင်လည်း ပြနဖမ်းရတာ သိပ်ခက်တယ်ဆိုပဲ၊ သူက အပုန်းကောင်း တယ်တဲ့ "

" ဟုတ်တယ်" ဟု ဆိုကာ ဂျွန်နီပွမ်ပွမ်က သူ့စကားကို ဆက်သည်။ " အခုနက ငါပြောတဲ့ ချွတ်ယွင်းချက်က လွဲလို့ တခြားအပြစ်ကတော့ မရှိဘူးတဲ့၊ သူဟာ အကောင်းဆုံး အချုပ်ခန်းစောင့် တစ်ယောက်ပဲတဲ့၊ အဲ ငါပြော ချင်နေတဲ့ အဓိကအကြောင်းကို ရောက်လာပြီ၊ နားထောင်ကြ။ မနေ့ညက ဒင်နီက ၀ိုင်ဝယ်ပြီး လူဆယ်ယောက် ကို တိုက်တယ်၊ သူတော်တော် ချမ်းသာနေတယ်ကွ၊ သိလား၊ သူလည်း သောက်တာ ပေါ့ကွာ၊ နောက်တော့ သူက မူးမူးရူးရူးနဲ့ ပြတင်းပေါက်မှန်တွေပေါ်မှာ မဟုတ်တရုတ်ပုံတွေ ဆွဲတယ်၊ ပြီးတော့ သူက ကြက်ဥတွေဝယ် ပြီး တရုတ်တစ်ကောင်ကို ပေါက်တယ်၊ အဲဒါ ကြက်ဥတစ်လုံးက ဟိုတရုတ် ကို မမှန်ဘဲ ပုလိပ်တစ်ယောက်ကို သွားမှန်တယ်။ ဒါနဲ့ပြ ဒင်နီကို ဖမ်းပြီး အချုပ်ထဲ ပို့လိုက်ရော။

လ ဒါပေမယ့် ဒင်နီက အတော်ချမ်းသာနေတာ ဆိုတော့ တီတိုးရပ်ဖ်ကို ၀ိုင်ဝယ်ခိုင်းသတဲ့၊ တစ်ခါကုန်ရင်း တစ်ခါ ၀ယ်ခိုင်းရင်းပေါ့ကွာ၊ အချုပ်ခန်းထဲမှာ က အချုပ်သား လေးယောက်ရှိတယ်၊ လေးယာက်စလုံး အ၀အပြဲ သောက်ကြတာကွ၊ ဒီလိုနဲပဲ နောက်ဆုံးကျတော့ တီတိုးရပ်ဖ်ရဲ့ ချွတ်ယွင်းချက် ကလေး ပေါ်လာတယ်၊ အဲဒီည ကတီတိုးရပ်ဖ်က တခြား အချုပ်သားတွေနဲ့အတူ ထွက်ပြေးတယ်၊ ကနေ့မနက် သူ့ကို ပြန်မိတော့ သူတို့က မင်း ကိုအချုပ်ခန်းစောင့် အလုပ်က ဖြုတ်လိုက်ပြီလို့ ပြောကြတယ်။ အဲဒါ သူက စိတ် သိပ်ထိခိုက်ပြီး ပြတင်းပေါက် တစ်ချပ်ကို ဖျက်ပစ်တယ်၊ အဲဒီတော့ သူအဖမ်းခံရတာပေါ့၊ အခုတော့ သူ အချုပ်ခန်း ထဲ မှာ ရောက်နေပြန်ပြီ"

" ဒင်နီကကော ဘယ်လိုဖြစ်သွားလဲ" ဟု ပီလွန်က မေးသည်။
" အို ... ဒင်နီလား၊ သူလည်း လွတ်သွားတယ်လေ။ သူ့ကိုတော့ ဖမ်းလို့ မမိဘူး" ဟု ဂျွန်နီပွမ်ပွမ်က ဖြေသည်။
အားလုံးက သက်ပြင်းချကြသည်။

" ဒင်နီလည်း အတော့်ကို ဆိုးနေပြီ" ဟု ပီလွန်က ပြောသည်။ " ဒီကောင်ပြန်ကောင်းလာဖို့ မလွယ်တော့ဘူး၊ သူ ဒီလောက် သုံးဖြုန်းနေတယ်ဆိုတော့ ငွေတွေ ဘယ်ကများ ရလာပါလိမ့်"
ထိုအခိုက်မှာပင် အပေါ်စီး ရနေပြီဖြစ်သော တော်ရဲလီးသည် ဒင်နီ၏ အိမ်ဝင်းတံခါးကို ဖွင့်၍ အတွင်းသို့ ၀င်လာ သည်။ ပင်လယ်ဓားပြ၏ ခွေးများသည် တံခါးဆီသို့ လျှောက်သွားကာ အပြင်သို့ ကြည့်ပြီး ဟိန်းသည်။

ပီလွန်တို့ လူစုသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ကောင်ကြီးဂျိုးက ပေါက်တူးကို လှမ်းကိုင် ထားသည်။ တော်ရဲလီး၏ ခြေသံများသည် ဆင်ဝင်ပေါ်သို့ ရောက်လာသည်။ တံခါးပွင့်သွားသည်။ အ၀တွင် ပြုံးဖြဲဖြဲလုပ်၍ ရပ်နေသော တော်ရဲလီး၊ သူသည် ၀ုန်းဝုန်းဒိုင်းဒိုင်း မလုပ်၊ အိမ်ကြောင် တစ်ကောင် ပမာ အလွန် ညင်သာစွာဖြင့် ကြောင်တစ်ကောင်က ပိုးဟပ်တစ်ကောင်ကို ပုတ်ကစားနေသည့်နှယ် ပီလွန် တို့လူစု အား ကျောသပ်ရင်သပ် လုပ်သည်။

" ကဲ မိတ်ဆွေတို့" ဟု သူက အလွန်ချိုသာသော လေသံဖြင့် စကားစသည်။ ပီလွန်တို့ကတော့ တော်ရဲလီး၏ မျက်နှာကို အလန့်တကြား မော့ကြည့်နေကြသည်။ " ကဲ ကဲ ကျုပ်ရဲ့ မိတ်ဆွေတွေ၊ ကျုပ်ရဲ့ ဖောက်သည်ကြီး တွေကို မကောင်းသတင်း ပြောရမှာတော့ စိတ်မကောင်းပါဘူးဗျာ" ဟု ပြောသည်။
ပီလွန်က ထိုင်နေရာမှ ခုန်ထလိုက်သည်။ " ဒင်နီလား၊ ဒင်နီဘာဖြစ်လို့လဲ၊ သူ နေမကောင်းဘူး၊ အခု ဘာဖြစ် သလဲ၊ မြန်မြန်ပြောဗျာ"

တော်ရဲလီးက ခေါင်းယမ်းသည်။ " မဟုတ်ပါဘူး၊ မိတ်ဆွေတိုပရယ်၊ ဒင်နီကိစ္စ မဟုတ်ပါဘူး၊ မိတ်ဆွေတို့ကို စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ ပြောရပါလိမ့်မယ်၊ မိတ်ဆွေတို့ ဒီအိမ်မှာဆက်ပြီး နေပိုင်ခွင့် မရှိတော့ပါဘူး" သူ့စကားကြောင့် အားလုံး အံ့အားသင့်ကာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြသည်။ ပါးစပ်အဟောင်းသား ဖြင့် ငေးကြည့်နေကြသည်။
" ဒါက ဘာစကားလဲဗျ" ဟု ပက်ဘလိုကမေးသည်။ " ကျုပ်တို့က ဘာပြုလို့ ဒီအိမ်မှာ ဆက်ပြီးနေပိုင်ခွင့် မရှိ ရမှာလဲ"

တော်ရဲလီးက သူ့အကျိံ အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်၍ အားလုံးရှေ့တွင် ဝှေ့ယမ်းပြသည်။ " ဒီ အိမ် ကို ဒင်နီမပိုင်တော့ဘူး ကိုယ့်လူတို့"
" ဘာ ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ၊ ဘယ်လိုကြောင့် ဒင်နီ မပိုင်တော့တာလဲ၊ ရှင်းရှင်းပြောစမ်းပါ၊ ကော်ဆီကန် ၀က်ကြီးရဲ့"

တော်ရဲလီးက ရယ်သည်။ " ဘာကြောင့်လဲဆိုတော့ ဒီအိမ်ကို ငါ ပိုင်သွားပြီကွ၊ မနေ့ညက ဒင်နီ ငါ့ဆီရောက် လာပြီး ဒီအိမ်ကို နှစ်ဆယ့်ငါးဒေါ်လာနဲ့ အပြတ်ရောင်းသွားတယ်"
အားလုံး မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ " ဒါဟာ လိမ်တာ ဖြစ်မယ်၊ ဒင်နီဟာ ဒီလိုအလုပ်မျိုး လုပ်မှာ မဟုတ်ဘူး" ဟု တွေးကြသည်။ ထို့နောက် " ဒါပေမယ့် အခုတလော ဒင်နီဟာ သိပ်ပြီး သောင်းကျန်း နေတယ်၊မကောင်းတာတွေ အများကြီး လုပ်နေတယ်၊ ငါတို့ ပစ္စည်းတွေကိုတောင် ခိုးနေတာ၊ သူ့ အိမ်ကို ရောင်းချင်ရောင်းမှာပဲ"

ဆက်ရန်
.

No comments: