Friday, January 21, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၃၈)

(၂ဝ)
တာပုန်းကြီး ခုံလုံ

ဆရာတို့တပ်က ရွာကို ဆက်သိမ်းထားသည်။ အဘကို သဂြိုဟ်ပြီးနောက် ကျွန်တော်ရွာမှ ထွက်ခဲ့သည်။
ဘယ်ကိုမှ သွားစရာမရှိသဖြင့် ရန်ကုန်တက္ကသိုလ်မြေသို့သာ ပြန်ခဲ့ရ၏။
အဘ က အမြော်အမြင်ကြီးစွာ ကျွန်တော့်အတွက် ဘဏ်၌ငွေထားခဲ့၍ ကျောင်းတော့ ဆက်တက်နိုင်သည်။
ကျွန်တော်ဖြစ်ခဲ့သမျှကို ကြားသိရသော ဦးလေးထွန်းနှင့် ဒေါ်ဒေါ်ကြင်က သူတို့အိမ်မှာ သားအဖြစ်နေ၍ ကျောင်းတက်ရန် ခေါ်ရှာသည်။
ကျွန်တော်က ငြင်းပယ်ခဲ့သည်။ ဦးလေးထွန်းကိုမြင်သော် အဘကို သတိရသည်။ ဆရာ့ကို အမှတ်ရသည်။ တစ်ကြိမ်က ကျွန်တော်အမက်ဆုံးဖြစ်သလို ယခုအခါ အမုန်းဆုံးဖြစ်သော ရွှေဂူရွာသို့ ပြန်လွမ်းမိသည်။

ကျွန်တော်က အားလုံးကို မေ့ချင်သည်။ ရွာကိုမေ့ချင်သည်။ အထူးသဖြင့် မိယဉ်နွယ်ကို မေ့ချင်သည်။
စေ့စေ့တွေး မှ ရေးရေးပေါ်ဟူသကဲ့သို့ အဘ၏စကားများကို ကြားယောင်လာသည်။
‘‘အဘမှာ နိုင်ငံရေး ဘေးကျပ်နံကျပ် ဖြစ်နေသည်၊ ဒါကို သာဇံက အခွင့်ကောင်းယူပြီး လက်စားချေ တယ်….‘‘
ကျွန်တော် ကျောင်းပြန်ရောက်၍ မကြာမီ စစ်တပ်အချို့တောခိုပြီး ရဲဘော်ဖြူများပါလိုက်၍ ပြန်ထောင်စု အစိုးရ ကို တော်လှန်မှ အဘ၏ စကားအဓိပ္ပာယ်ကိုနားလည်မိသည်။
အဘ တို့ကို ကွန်မြူနစ် က တိုက်နေသည်။ ရဲဘော်ဖြူ ကလည်း စောင်နေ၏။ ထိုအခါ အဘအတွက် သူကြီး နှင့် ရဲကို ပေါင်းထားရသည်။

ဤအခိုက်အတန့်တွင် ဦးသာဇံက လက်စားချေသည်။
ဤသဘော ကို ပေါက်မိကာမှ မယဉ်နွယ်ကို မုန်းမိသည်။ အခဲမကျေအောင် မုန်းမိသည်။
ကျွန်တော့် အသည်းနှလုံး တို့သည် အစသော် ဒဏ်ရာဒဏ်ချက်ကြောင့် ကွဲအက်ခဲ့သည်။ မကြာမီ အနာရွတ် တက်၍ ခက်မာခဲ့သည်။
တိုင်းပြည် မှာ ဆူသည်ထက်ဆူ၍ ပူသည်ထက်ပူလာသည်။

နောက်ဆုံးပိတ် အင်းစိန်ကို ကေအင်ဒီအို သိမ်းခြင်းဖြင့် ဆူပူမှုအတွက် အထွပ်အထိပ် ရောက်သည်။
တက္ကသိုလ် ကို လည်း ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်၏။ တက္ကသိုလ်ကျောင်းသား အချို့ က နေရပ် ပြန်၍ ရဲဘော်ဖြူထဲဝင်သည်။ အချို့က ကွန်မြူနစ်များနှင့် သွားပေါင်းသည်။ အချို့က ဆိုရှယ်လစ် ကျောင်းသား များ ဦးစီးသော တပ်တွင်းဝင်ကြသည်။
အချို့က ဗမာ့တပ်မတော်သို့ ၀င်လိုကြသည်။ သို့ရာတွင် အဆက် အသွယ်မရှိ
မမျှော်လင့်သောအချိန်တွင် ကျွန်တော်သည် ဗိုလ်မြင့်ဦးကို ပြန်ကွေ့ခဲ့သည်။ သူကို ကျွန်တော်သည် ဖရေဇာလမ်း ၌ ယောင်ပေပေလျှောက်နေဆဲ အမှတ်မထင် တွေ့ဆုံရခြင်း ဖြစ်သည်။
သူက ယခု ပခုံးထက် သပြေရွက်သုံးတန်းနှင့် တပ်မတော်ဗိုလ်ကြီးဖြစ်နေသည်။

စကားစပ်မိရာ မှ တပ်မတော်တွင်းဝင်လိုသော ကျောင်းသားများအကြောင်း ပြောမိသည်။
‘‘ကွာ…ငယ်လေး….၊ ယခုအချိန်တပ်မတော်မှာ ….ပြန်ထောင်စုကို သစ္စာရှိတဲ့လူတွေ သိပ်လိုနေတယ်၊ တစ်ယောက် ရရ …နှစ်ယောက်ရရ အမြတ်ပဲ၊ ငါ….ဆိုင်ရာတွေ အစီရင်ခံ ပေးပါ့မယ်‘‘
အသေးစိတ် ကို ကျွန်တော်မဖော်ပြလိုတော့ပါ…။ ထိုစဉ်က သမဂ္ဂခေါင်းဆောင်များနှင့် အခြား မျိုးချစ်စိတ် ရှိသူ ကျောင်းသား တို့ တပ်မတော်နှင့် ပူးပေါင်းမိကြသည်။
ရွက်ဝါသဲသဲ စကြွေခိုက် အင်းစိန်မြို့ဆီမှ အမြောက်သံညံသော (၁၉၄၉) ဖေဖော်ဝါရီလ (၁)ရက်နေ့ည ကိုးနာရီ ခန့်တွင် တပ်မတော်စစ်ကားကြီးများ ပြည်ကျောင်းဆောင်ကြီး အတွင်းသို့ ဆိုက်လာကြသည်။ ကျွန်တော် အပါအ၀င် မြန်မာ ထားဝယ် ကျောင်းသား နှစ်ဆယ် တက်လိုက်ခဲ့သည်။

ကျွန်တော်တို့သည် ဗမာ့ခြေလျင်တပ်ရင်းအမှတ် (၁)သို့ ၀င်ရောက်ကြသည်။
နောက်ရက်ပိုင်းများတွင် တပ်သို့တက္ကသိုလ်ကျောင်းသား တစ်ရာခန့်ထပ်ရောက်လာသည်။
(၁၉၄၉) ခု အရေးတော်ပုံအကြောင်းကို ကျွန်တော်အကျယ်ချဲ့ မရေးလိုတော့ပါ။ အင်းစိန် ပင် သူပုန် လက်တွင်း ကျ ၍ ပြည်ထောင်စုအစိုးရကို ရန်ကုန်အစိုးရက ကမ္ဘာက မလေးမခန့် ခေါ်လာခဲ့သည်ကို မှတ်မိကြ ပေမည်။

စမစ်ဒွန်း အရာကျပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းသည် တပ်မတော်ကို ခေါင်းဆောင်သည်။ ဗိုလ်ချုပ်ကြီး နေ၀င်း ၏ ခေါင်းဆောင်မှုဖြင့် တပ်မတော်သည် ခံစစ်မှ ထိုးစစ်ပြောင်းကာ ဗမာတစ်ပြည်လုံးကို သောင်းကျန်း မှု အန္တရာယ်မှ အချိန်မီ ကယ်တင်နိုင်ခဲ့သည်။
အင်းစိန်မြို့တွင်သာမက သာယာဝတီကိုပါ တပ်မတော်ပြန်သိမ်းပြီး၍ တိုင်းပြည်ငြိမ်းချမ်းစ အခါ၌ ကျွန်တော်တို့ တက္ကသိုလ်သို့ ပြန်ခဲ့ကြသည်။
တပ်မတော်၌ စစ်စည်းကမ်း၊ စစ်တာဝန်နှင့် အချိန်ပြည့်နေရစဉ်က မေ့ဖျောက်ထားခဲ့သော ကျွန်တော့်ရင်မှ ဒဏ်ရာများသည် တက္ကသိုလ်နယ်မြေ ရောက်ရောက်ချင်း ပြန်ပေါ်ခဲ့သည်။
ထို့ကြောင့် ဒုတိယပတ် ဗိုလ်သင်တန်းခေါ်သောအခါ ကျွန်တော်သည် ၀င်လှောက်ခဲ့ရာ အစမ်းအသပ် အောင်မြင် ၍ မေမြို့ဗိုလ်သင်တန်းသို့ တက်ခဲ့သည်။ မေမြို့ဗိုလ်သင်တန်း သို့တက်ရင်း အထူး အရွေးအချယ် ခံရသဖြင့် ဗြိတိန်နိုင်ငံရှိ ဆင်းဒါ့စ် ဘုရင်တက္ကသိုလ်သို့ သွားရောက်သင်ကြားကြရပြန်သည်။

ကျွန်တော်သည် မြန်မာပြည် ပြန်ရောက်လာသောအခါ ရှမ်းပြည်နယ်တောင်းပိုင်း မိုင်းပန်နယ်၌ တာဝန် ကျသည်။
အချိန်ကား တစ်သောင်းကျော် အင်အားဖြင့် တရုတ်ဖြူတို့ မြန်မာပြည်ကို ကျူးကျော်တိုက် ခိုက်ချိန် ဖြစ်သည်။
တရုတ်ဖြူတို့သည် ကျူးကျော်စက သံလွင်မြစ်၏ အရှေ့ဘက်ကမ်းဆီ၌သာ နေကြသည်။ ယခုမူ သံလွင်မြစ် ကို ကူး၍ အနောက်ဘက်ဆီ ထိုးထောက်တိုက်ခိုက်လာကြပြီ။
ခါတိုင်း ဆိုလျှင် သံလွင်မြစ်ရေခွေကာစီး၍ အေးချမ်းသာယာသော ၀မ်ဆာလာကူးတို့ဆိပ် တစ်ဝိုက်သည် သေနတ်သံ မော်တော်သံများကြောင့် ဆူညံနေ၏။

ဝမ်ဆာလာရှိရာ အရှေ့ဘက်မှ တပ်ရင်းတစ်ရင်းစာရှိ တရုတ်ဖြူများသည် လှေဖောင်ဖွဲ့၍ ကူးလာ နေကြသည်။
တပ်ခွဲတစ်ခွဲသာရှိ၍ အားချင်းမမျှသဖြင့် စစ်အခြေအနေအရ ကျွန်တော့်တို့ ဗမာ့သေနတ်ကိုင် တပ်သား များသည် မိုင်းပန်းဘက် သို့ စနစ်တကျ ပြန်ဆုတ်နေကြ၏။
ဆုတ်ခွာနေကြသော ရဲဘော်များကို အကာအကွယ်ပေးရန် တာဝန်ကျသည့် ကျွန်တော် အုပ်ချုပ်သော တစ်စိတ် ကလေး သည် မြစ်အနောက်ဘက် ကမ်းမှနေရာယူ၍ ပုရွက်ဆိတ် များပမာ လူအားကိုး သွန်ဖိ တက်လာကြ သော တရုတ်ဖြူ များကို အပြင်းအထန် ခုခံပစ်ခတ်နေ၏။

မည်မျှပြင်ြးုပင်းထန်ထန် ခုခံနေသေည်လည်း အချိန်ကြာသောအခါ လူအင်းအားက စကား ပြောလာသည်။
တရုတ်ဖြူအချို့ မှာ တောင်ဘက်ဝေးဝေးမှ ကမ်းတက်မိပေပြီ။ ခြေကုပ်ရသော ရန်သူတို့သည် တောက်ဘက် မှ ၀ိုက်ကွေ့ကာ ကျွန်တော်တို့ ဆုတ်မည့်အရှေ့ဘက်ဆီ ချီတက်၍ ခါးဖြတ်ထားလိုက်သည်။
မြစ်ဘက် မှ ရန်သူများကလည်း ကမ်းသို့ကပ်နိုင်ရန် ဖိပစ်နေ၏။
သူတို့အကြံ မှာ ကျွန်တော်တို့အား အရှေ့အနောက် ဖိညှပ်ရန်ဖြစ်သည်။

ဘပ်ခွဲမှူး သတ်မှတ်အမိန့်ပေးခဲ့သော နှစ်နာရီစေ့သည်အထိ ခုခံကာကွယ်ပြီး ကျွန်တော်တို့သည် မြောက်ဘက် သို့ အမြန်ဆုံး ဆုတ်ခွာ လာကြသည်။
ကျွန်တော်တို့ ရှေးရှုပြေးခဲ့သော မြောက်ဘက်ဆီ၌ ထူထပ်စွာပေါက်နေသော ကျွန်းတောကြီးများ  ရှိသည်။ ကျွန်းတော အတွင်းသို့ ၀င်မိလျှင်ပင် ကျွန်တော်တို့ကို နောက်မှလိုက်ပစ်နေသာ တရုတ်ဖြူများ မျက်ခြေပြတ် သွားသည်။

တစ်တောဝင် တစ်တောတက်ဖြင့် ကျွန်တော်တို့ ခရီးမိုင်အတော် ပေါက်ခဲ့၏။ နောက်မှလိုက်လာသော တရုတ်ဖြူုတို့၏ အရိပ်အယောင်တို့ကို မတွေ့ရတော့။ သို့ရာတွင် ကျွန်တော့်တို့၏ အဓိကတာဝန်မှာ တရုတ်ဖြူတပ်ရှေ့မှ လွတ်အောင် လျှောက်ပြေးနေရန် မဟုတ်။ မိုင်းပန်ရှိ တပ်ရင်းဌာနချုပ်သို့ အမြန် ရောက်ရန်သာ ဖြစ်သည်။
ကျွန်တော်သည် ရဲဘော်များကို ခေတ္တအနားပေးလိုက်ပြီး တောင်ကုန်းတစ်ခုတက်၍ ပတ်ဝန်းကျင် ပထ၀ီ အနေအထား ကို တက်ကြပ်ကြီးစိန်လွင်နှင့် အတူ မျှော်မှန်းကြည့်သည်။
မိုင်းပန် သို့ သွားရိုးသွားစဉ်လမ်းကို တရုတ်ဖြူတို့ ပတ်ထားပြီးသည်မှာ သေချာ၏။ ကျွန်တော်တို့ ပြဿနာမှာ ယခုရောက် ရှိနေရာမှ ကွေ့ဝိုက်၍ မိုင်းပန်အရောက် အတိုဆုံးလမ်း ရှာရမည်။ အတိုဆုံးလမ်း မရှာ၍ လည်းမဖြစ်။ ကျွန်တော်တို့၌ ကျည်ဆံနည်းပါးနေပြီ ရိက္ခာ လုံးဝမရှိပါ။

ကျွန်တော်နှင့် ဆရာစိန်လွင်သည် ပတ်ဝန်းကျင် အနေအထားနှင့် မြေပုံကို ထုတ်ကြည့်၍ ကိုက်ညှိသည်။
တပ်ကြပ်ကြီး ကိုစိန်လွင်သည် ကျွန်တော့်ထက် ဤနယ်ကို အရောက်စော၍ ဤနယ်တော တောင်တို့ကို ပို ကျွမ်းကျင် သည်။
ကျွန်တော်က မြေပုံပေါ်၌ လမ်းတစ်ခုကို သတ်မှတ်ရွေးသည်။ ကိုစိန်လွင်က သဘောမတူ...။ သူသည် အနေက်မြောက်အရပ်ရှိတောင်တန်းတစ်ခုကို ညွန်ပြသည်။
တောင်တန်း၌ တောင်ထွက်တစ်ခုသည် ရေစာထားသဖြင့် ဖွေးဖွေးဖြူသော နံရံနှင့် ရပ်တည်နေ၏။

''ဗိုလ်ကြီးရွေးတဲ့လမ်းက ကောင်းတော့ကောင်းတယ်၊ ဒါပေမယ့် သုံးညအိပ်ခရီး သွားရမယ်၊ ဟော ဟို... ကျောက်တောင်ဖြူကြီး မြင်လား၊ အဲဒါကိုကျော်သွားရင် တစ်ညအိပ်ခရီးပဲ ရှိတယ်''
ကျွန်တော်က မြေပုံကို ပြန်ကြည့်မိသည်။ ဆရာစိန်လွင် ပြောသည်မှာ မှန်၏။ သို့ရာတွင် တောင်တန်း များသည် မြင့်လွန်း၍ ဤတောင်တန်းအနောက် အခြားမြင့်မားသော တောင်တန်း များခံနေသေး၏။
''လမ်းကတော့တိုတယ်၊ ဒါပေမယ့် တောင်တွေထူထပ်ပြီး မြင့်လည်းမြင့်တယ်၊ ရိက္ခာမရှိဘဲ ကျုပ်တပ်သား တွေကို ဇွတ်ပင်ပင်ပန်းပန်း မခေါ်ချင်ဘူး၊ ခုနက ကျွန်တော်ရွေးထားတဲ့လမ်းက ရွာတွေရှိတော့ ရိက္ခာ ရနိုင်တယ်''

ဆရာစိန်လွင်သည် ခေါင်းခါ၍....
''ကျွန်တော် အဲဒီတောင်တစ်ဝိုက် အမဲလိုက်ဖူးတယ်၊ မြေပုံထဲမပါတဲ့ လမ်းတွေရှိတယ်၊ ရိက္ခာ အတွက် ကတော့ မပူ နဲ့ ဗိုလ်ကြီး၊ တောဝက်တွေ အင်မတန်ပေါတယ်''
''သေချာရဲ့လား ကိုစိန်လွင်''
''သေချာပါတယ် ဗိုလ်ကြီး၊ မဟုတ်ရင် လမ်းတင်ဗိုလ်ကြီးကြိုက်တဲ့ အပြစ်ပေးပါ။
အဲတစ်ခုတော့ ရှိတယ်၊ အခန့်မသင့်ရင် ရန်သူတစ်မျိုးကို တိုက်ဖောက်ထွက်သွားတန်း သွားရမယ်''
''ဘယ်လိုရန်သူမျိုးလဲ''

''ကျွန်တော်တို့ စိုင်းခုံလုံ တို့အဖွဲ့နဲ့ ရင်ဆိုင်တန် ရင်ဆိုင်ရမယ်''
ခုံလုံကို ကျွန်တော်ကြားဖူးသည်။ မိုင်းပန်၊ နန်းဆန်၊ လွယ်လင် ကားလမ်းတစ်လျှောက် ဖိန့်ဖိန့်တုန် ကြောက်အောင် နာမည်ကြီးသော ရှမ်းဓားပြဖြစ်၏။ ရှမ်းဓားပြတို့သည် လူသတ်တတ်သည်။ လူသတ်တတ် သည်မှာ သတ္တိရှိ၍မဟုတ်။ အမှုပေါ်မည်ဖြစ်သောကြောင့် ဖြစ်၏။

ခုံလုံ နာမည်ကြီးသည်မှာ ဓားပြတိုက်လျှင် လူမသတ်သောကြောင့် ဖြစ်သည်။ လူမသတ်သော ဓားပြသည် ရှမ်းပြည်နယ် ၌ သတ္တိရှိသည်ဟူ၍ ပို၍ နာမည်ကြီးသည်။
''ခုံလုံမကလို့ ဘာဖြစ်စေကွာ၊ ဓားပြများ မှုစရာလုပ်လို့၊ တပ်စိတ်တစ်စိတ်တည်းနဲ့ တရုတ်ဖြူ တပ်ရင်း တစ်ခုလုံး ကို တို့ဆော်ခဲ့ကြပြီ မဟုတ်လား''
ကျွန်တော် သည် တပ်ကြီးစိန်လွင်၊ ပြောသောလမ်းကို ရွေးချယ်လိုက်၏။ ရဲဘော်များကိုလည်း သတိ ပေးသည်။

''တို့မှာ ကျည်နည်းနေပြီ၊ လမ်းမှာရန်သူကိုတွေ့ရင် ကျည်ဆံကိုချွေမယ်၊ ဘက်နယ်ကို အများဆုံး အသုံးပြုမယ်''
ကျွန်တော် တို့ ဆက်ချီတက်ခဲ့သည်။ တပ်ကြပ်ကြီးစိန်လွင် ပြသောလမ်းမှာ မြေပုံ၌မပါသော ချောင်းငယ် တစ်ခု အတိုင်း ဖြစ်သည်။
ချောင်းကမ်းပါးထက် မှ တပ်ကြပ်ကြီးစိန်လွင် ခေါင်းဆောင်၍ ရဲဘော်တစ်ဝက် ချီတက်သည်။ နောက် ကိုက်တစ်ရာ အကွာ မှ ကျွန်တော်ခေါင်းဆောင်၍ ကျန်ရဲဘော်တစ်ဝက်က ချောင်းအတိုင်း အနိမ့်မှ ချီခဲ့သည်။

နှစ်နာရီခန့်ချီမီသော် နေ၀င်လုပြီ။ ထိုစဉ် ရှေ့ဆီမှ သေနတ်သံများ ပေါ်လာ၏။ ဆရာစိန်လွင် တို့တပ်ကို အမည် မသိ ရန်သူသည် ၀ိုင်းပစ်ဟန်တူသည်။
ကျွန်တော် နှင့် ရဲဘော်များက ခြေသံမကြားအောင် ရှေ့သို့ကျော်လျက် ချီတက်သည်။
ဆရာစိန်လွင် တို့ကို မဲ၍ပစ်နေသော ရန်သူသည် ကျွန်တော့်တို့ကို မမြင်။

ရန်သူငါးဆယ်ခန့်ရှိသည်။ ရှမ်းဝတ်ရှမ်းစားဝတ်ထား၌ သစ်ပင်နှင့် ကျောက်ဆောင်တို့ကို အကာအကွယ် ယူကာ ဆရာစိန်လွင် တို့ ဘက် မဲပစ်နေကြသည်။ ခုံလုံတို့အဖွဲ့ပေတည်း။
ကျွန်တော် က ကျွန်တော်တစ်စုကို နှစ်စိတ်ခွဲလိုက်သည်။ တစ်စိတ်က ချောင်းတွင်းမှ လှမ်းပစ်ရ၏။
ကျွန်တော်စိတ် ကို ခေါင်းဆောင်၍ ကျွန်တော်လည်း ချောင်းကမ်းပါးပေါ် တက်သည်။
ရှေ့နှင့် ဘေးကို အာရုံစိုက်ပစ်နေသော ရန်သူများကို ကျွန်တော်တို့က နောက်ပိုင်းမှ ဘက်နက်နှင့် ၀င်ထိုး သည်။

''ကျား ....... တပ်မတော်''
ကျွန်တော့်အသံကြားသော ဆရာစိန်လွင်သည် ၀ပ်ပစ်နေရာမှ ထ၍ ဘက်နက်တိုက်ပွဲ ဆင်သည်။
ခုံလုံ တို့မှာ အစသော် အငိုက်မိ၍ အံ့အားသင့်သွားသည်။ ထို့နောက် ဓားရှည်များကိုချွတ်၍ ခုခံသည်။
ကျွန်တော်က နှီးခမောက်ကြီးဆောင်းထား၍ နှုတ်ခမ်းမွှေးကားကားနှင့် ခုံလုံရှိရာ တိုးတက်ကာ အတင်း ၀င်တိုက်သည်။
ကျွန်တော် က ဘက်နက်နှင့်တိုးသည်ကို သူက ဓားရှည်ကြီးဖြင့် ကျင်လည်စွာ ခုခံနေ၏။

တိုက်ရင်းခိုက်ရင်း သူ့ခမောက်ကြီး ကျွတ်သွားသည်။ ရောင်တစောင်းထုံးထားသော ဦးခေါင်းပေါ်လာ၏။ သူ့မျက်နှာ ကိုလည်း ပီပီသသမြင်ရသည်။
အစသော် ကျွန်တော့်မျက်စိ ကို ကျွန်တော်မယုံမိ။
လူဆိုးကြီး ခုံလုံ ကား အခြားမဟုတ်၊ ဤနေရာ ဤဘ၀တွင် မြင်တွေ့ရမည်ဟု ကျွန်တော် လုံးဝ မမျှော်လင့် သော ဘထွေးရွှေလွန်း။
ကျွန်တော် က နောက်သို့ ခြေတစ်လုံးခုန်ဆုတ်၍ သူ့ကိုလှမ်းခေါ်သည်။

ဆက်ရန်
.

2 comments:

Anonymous said...

နေဝင်းက အိမ်စောင့်အစိုးရ ဆိုပြီး ဦးနုဆီက အတင်းအာဏာအေးဓားပြတိုက်လိုက်ကတည်းက လူတွေ သိပ်မုန်းကြတာ။ လူထုအော့ကြောလန် နေဝင်းကို ဒီလိုကြီး ချီးမွမ်းခန်းတော့ မဖွင့်စေချင်ဘူး။ အဲဒီခေတ်ထဲက နေဝင်းဆိုတာ သူ့တပည့် အစိမ်းရောင်ခွေးတွေ မပါရင် ဘယ်နေရာ သွားရဲလို့လဲ

မေဓာဝီ said...

ဖြစ်ရလေ ... ဘထွေးနဲ့ ပြန်တွေ့မယ့် တွေ့တော့လဲ ရန်သူအနေနဲ့ပါလား ... ။ စိတ်မကောင်းစရာပဲ။ နောက်တပိုင်းမျှော်နေပါ၏။