စာရေးသူ၏အမှာ
ဖေဖေ ၀တ္ထုရှည်ကြီးမှာ ကျမ အဖေအိုကြီး၏ ၀တ္ထုကြောင်းပင်ဖြစ်ပါ၏။ ကျန်ဝတ္ထုတို အသစ်စက်စက် လေးပုဒ် မှာလည်း စိမ်းမြသော စပါးခင်းများ ၀ိုင်းရံနေသည့် ပန်တမွတ်ကမ်းခြေတွင် ရောဂါကြောင့် အပမ်းဖြေ ရင်း တဖြေးဖြေးရေးသော ၀တ္ထုတိုများဖြစ်သည်။
ဖေဖေ အသက်ရှစ်ဆယ်ပြည့် အတွက် ရည်မှန်း၍ ရေးခဲ့သော်လည်း ကျမကျန်းမာရေးချိုတဲ့၍ ဖေဖေ အသက် ရှစ်ဆယ် တနှစ်ထဲ ၀င်ရောက်လာမှ ပြီးပါသည်။
အေးဆေးငြိမ်သက်၍ ကျမ မွေးရပ်မြေနှင့်တူသော ပန်တမွတ်ကမ်းခြေအား ၀တ္ထုတိုလေးများ ရေးသား ရန် အတွေးအခေါ် ရအောင် ကူညီသည့်အတွက် အမြဲပင် သတိရကျေးဇူးတင်မိ၏။
''၀ဋ်သို၊ ၀ဋ်ဟောင်း
ဘယ်သို့ထောင်းလည်း
အကြောင်းမျက်ပြေ
လွှတ်ပါလေလျှင်
တိမ်စင်ကြယ်ခ
မိုးယံလသို့၊
ဝင်းပရွှန်းထိန်၊
မယ့်သည်းအိမ်မှ၊
တကြိမ်ထွန်းသစ်၊ ဖွင့်လှစ်သွန့်ကြဲ
ပန်းတို့ပွဲသည်၊
မွှေးမြဲ မွှေးပါစေသတည်း၊
အေးမြဲ အေးပါစေသတည်း....''
ချမ်းမြေ့ရွှင်လန်းပါစေ။
ခင်နှင်းယု
ဘယ်သို့ထောင်းလည်း
အကြောင်းမျက်ပြေ
လွှတ်ပါလေလျှင်
တိမ်စင်ကြယ်ခ
မိုးယံလသို့၊
ဝင်းပရွှန်းထိန်၊
မယ့်သည်းအိမ်မှ၊
တကြိမ်ထွန်းသစ်၊ ဖွင့်လှစ်သွန့်ကြဲ
ပန်းတို့ပွဲသည်၊
မွှေးမြဲ မွှေးပါစေသတည်း၊
အေးမြဲ အေးပါစေသတည်း....''
ချမ်းမြေ့ရွှင်လန်းပါစေ။
ခင်နှင်းယု
ကဗျာဆရာကြီး
ရှေ့သီတင်းကျွတ်လဆန်း နှစ်ရက်နေ့သို့ ရောက်ပြီဆိုလျှင်၊ ဖေဖေသည် အသက်ရှစ်ဆယ်ပြည့်ပေ တော့မည်။
ကျမနှင့်အတူနေခဲ့သော နှစ်အနေဖြင့်ကိုကျ နှစ်ပေါင်းလေးဆယ့်နှစ် နှစ်ရှိပေပြီ။
ကျမ ငါးနှစ်သမီးအရောက် လူမှန်းသိတတ်စပြုသောအခါ ဖေဖေမှာ နားမကြားတော့ပြီ။ သာမာန်လူတို့ ဖြစ်သကဲ့ သို့ နားလေးရုံ လေးနေခြင်း မဟုတ်ပါ။ လုံးဝမကြားခြင်းဖြစ်၍ တစိမ်းတို့အဖို့၊ ဖေဖေ့ကို စကားပြော ရသည် မှာ အလွန်ဝန်လေးရှာကြမည်သာဖြစ်ပါ၏။ ရှည်လျားသော စကားများအတွက် စက္ကူ ပေါ် စာရေး၍ ပြခြင်း မှာ ဖေဖေနှင့် စကားပြောရ အလွယ်ကူဆုံး သင်္ကေတတခုပင် ဖြစ်ပါသည်။
အိမ်သားများ နှင့် သားသမီးများအတွက် တော်ရုံတန်ရုံစကားမှာ လက်ဟန်ခြေဟန်နှင့် ပါးစပ်လှုပ်ဒါကို ကြည့် ၍ နားလည်ကြသော နည်းလမ်းကိုသာ အသုံးပြုလိုက်ကြပေသည်။
လွန်ခဲ့သော (၄၂)နှစ်ကျော် ညတညတွင် ဖေဖေသည် အိပ်ရာဝင်အိပ်သွားပြီး နောက်တနေ့နံနက် မိုးလင်းချိန် တွင် လုံးဝနားမကြားတော့ခြင်းဖြစ်သည်ဟူ၍လောက်သာ ကျမသိပါသည်။
နားမကြား သည်မှတပါး ဖေဖေသည် ၀ဖြိုး၏။ အသားဖြူ၏။ ကျန်းမာတောင့်တင်း၏။ သူ့တွင် ကျောက် ပေါက်မရာ များ ရှိ၍ သူ့အစ်ကို(ကျမ၏) ဘဘတို့လို အသားဆွတ်ဆွတ်ဖြူ၍နေသည်မှာ မထင်ရှားပေ။ သို့သော် ဖေဖေ တို့ အမျိုးများသည် အသားဖြူကြ၏။
ကျမခပ်ရွယ်ရွယ်သို့ရောက်ပြန်တော့ ဖေဖေသည် လေငန်းရောဂါပါ ယှဉ်လာပြီး စကားပြောလျှင် မပီမသနှင့် လေး၍ လာသည်။ လမ်းလျှောက်လျှင်လည်း ခြေဖျား အနည်းငယ်ဆွဲနေပုံရ၏။
သို့သော် သူသည် မနက်စောစောတခါ ညနေထမင်းစားပြီးတခါ ၀ါးခယ်မမြို့ကို တပတ် ပတ်မိအောင် တော့ လျှောက် ရမှ အိပ်ပျော်စားဝင်ပုံရပါ၏။
ကျမတို့မိသားစုမှ ကျမသည် ၀ါးခယ်မမှ ရန်ကုန်သို့ ပထမခွဲထွက်လာခဲ့၏။ ကရင်သောင်းကျန်းများ သောင်းကျန်းစ တွင် မေမေနှင့်မမသည် ရန်ကုန်သို့ ခေတ္တလာယင်း နယ်အခြေအနေမှာ တဖြေးဖြေး ဆိုး ၀ါးလာတော့ရာ နောက်ပိုင်းတွင် ရန်ကုန်နှင့်ဝါးခယ်မ အဆက်အသွယ်လုံးဝပြတ်သွားပြီး ရန်ကုန်တွင် ပင် သောင်တင် နေကြပါတော့သည်။
ညီမလေး နုနုမှာ မြို့မကျောင်းတွင် ကျောင်းတက်နေရသော တခြေသို့ရောက်ရပြီး၊ ညီမအလတ်ဖြစ်သူ အကြွယ် မှာမူ ရန်ကုန်တွင်ပင် အိမ်ထောင်ကျ၍ နေပေပြီ။
ဝါးခယ်မ အိမ်အိုကြီးတွင် ဖေဖေသည် ဇနီးနှင့်သားသမီးများနှင့် အတူမနေရသော်လည်း ဆွေမျိုး သားချင်း များ နှင့် ကျန်ရစ်ခဲ့ပါ၏။ တခြားဆွေမျိုးများရှိသော်လည်း ကျမတို့မိသားစုအနေနှင့်ဆိုလျှင် ဖေဖေ ''တယောက်ထီး'' ကျန်ရစ်ခဲ့သည်ဟု ဆိုရပေမည်။
ဝါးခယ်မနှင့်ရန်ကုန်မှာ လေကြောင်းအဆက်အသွယ်တခုတည်းသာရှိတော့သည်။ တခုတည်းဆိုသော် လည်း တိုက်ရိုက် မဟုတ်ပါ။ ၀ါးခယ်မမှ ပုသိန်ကိုလာရသည်။ ပုသိန်မှ လေယျဉ်ပျံနှင့် ရန်ကုန်ကိုလာရ သည်။
ဖေဖေ့တွင် တခါတခါ စိတ်ဖေါက်ပြန်တတ်သော ရောဂါရှိသော်လည်း စာရေးဆရာဖြစ်မည့်သူ၏ ဖခင်ဖြစ်၍ လားမသိ၊ ဖေဖေသည် တခါတရံ လွမ်းဆွတ်ကြေကွဲဘွယ် စာကိုရေးတတ်သေး၏။
သမီးယုရေ...
ဧရာဝတီသင်္ဘောကြီးတွေ ဆိုက်ချိန်ရောက်ရင်လေ ဖေဖေ သင်္ဘောဆိပ်ကို ဆင်းသွားတတ် တယ်။ သင်္ဘောကြီး တွေကလဲမလာ သမီးတို့မေမေတို့ကိုလဲ မမြင်ရတော့ ဖေဖေမြစ်ကမ်းပါးမှာ ငိုမိတယ်။
ကျမသည် ဤစာပိုဒ်ကို ဖတ်လိုက်ရကတည်းက မျက်ရည်ကျမိ၏။ မေမေနှင့် မမတို့ကလည်း ခေတ္တခဏ ရန်ကုန် လာယင်း သင်္ဘောလမ်း ယုတ်တရက်ပိတ်သွားသောကြောင့် အစောပိုင်းက အစီရင် ခံခဲ့ပြီးအတိုင်း ၀ါးခယ်မ ကို မပြန်နိုင်ကြတော့ပါ။ အမှန်တော့ ခေတ်ပျက်လိုက်ရသည်မှာ ခဏလောက် သာဖြစ်ပြီး နောင်တွင် မူလအတိုင်းပြန်ဖြစ်မည်ဟုသာ သဘောပေါက်ခဲ့ကြပါသည်။ သို့ဖြင့် တနေ့ပြန် မည်၊ တနေ့ပြန်မည် နှင့် စောင့်နေသည့်အထဲမှ သောင်းကျန်းမှုအခြေအနေမှာ စောစောက ကျမတို့ သဘောပေါက် နေကြသကဲ့သို့မဟုတ်ဘဲ ပိုမိုအခြေအနေဆိုးဝါးလာသောကြောင့် ရန်ကုန်တွင်မကြံ့ကြာ သင့် ဘဲ ကြံ့ကြာနေကြရပါတော့သည်။
ကျမက ဖေဖေထံမှစာကို မေမေအားပြသောအခါ မေမေလည်း မျက်နှာမကောင်းရှာပါ။ ဖေဖေသည် မေမေ ကို တခါတရံသာ ''တင်တင်''ဟူ၍ မေမေ၏မူရင်းအမည်ဖြစ်သော ဒေါ်သိန်းတင်အမည်ကို အဖျား ဆွတ်ခေါ် တတ်သော်လည်း များသောအားဖြင့် သားတွေ သမီးတွေနှင့်ရောပြီး ''မေမေ''ဟူ၍သာ အခေါ် များသည်။ မေမေ သည် တရပ်တကျေးသို့ အလည်အပတ်သွားရာမှ မူလခန့်မှန်းထားသည်ထက် ရက်များ ကြံ့ကြာ နေပါလျှင် သင်္ဘောဆိပ်သို့ နေ့တိုင်းလိုလိုဆင်းပြီး စောင့်တတ်သည်။ မေမေပြန်လာ သောအခါများဆိုလျှင် ၀ါးခယ်မ ဘုရားကြီးလမ်းထိပ် (ကမ်းနားလမ်းနှင့်ဆုံရာ) နေရာလောက်မှစ၍ ''တို့ မေမေပြန်လာဘီ၊ တို့မေမေ ပြန်လာဘီ'' ဟူ၍ လက်နှစ်ဘက်ကိုမြှောက်ယင်း လက်ခုတ်တီးပြီး ၀မ်းသာ အားရ အော်သွားသည် ကို ကိုက်တထောင် လောက်ဝေးသော ကျမတို့အိမ်က အတိုင်းသားကြားနေရပေ သည်။
ရန်ကုန်တွင် ဖော်ပြထားသည့်အတိုင်း သားတွေ သမီးတွေနှင့် မေမေသည် သောင်တင်နေဆဲ ရက်ပိုင်း အတွင်း ဖေဖေ တယောက်ထီး သင်္ဘောဆိပ်သို့ အိမ်မှ ဘုရားကြိးလမ်းတလျှောက် ခေါက်တုံခေါက်ပြန် လျှောက်နေမည် ကို မြင်ယောင်သောအခါ ရင်နင့်ရပြန်ပါသည်။
''ဘာဘဲဖြစ်ဖြစ်ပေါ့ မေမေရာ၊ ရန်ကုန်မှာဘဲ ရတဲ့အိမ်ငှားပြီး နေကြပါစို့၊ ဖေဖေ့ကိုလဲ လေယာဉ်ပျံနဲ့ လိုက်လာ ဘို့ အခေါ်လွှတ်လိုက်မယ်လေ''
ကျမ ၏ စိတ်ကူးကို မေမေအားပြောပြမိပါ၏။
''အေးပေါ့... ဒါပေမင့် ရန်ကုန်က လူတွေက သမီးအဖေအကြောင်း ဓါတ်မသိကြတော့ သမီးဖေဖေအတွက် အိမ်နီးချင်း တွေကို မေမေက အားနာလှတယ်...''
''နောက်တော့ ကြည့်လုပ်ရတာပေါ့ မေမေရာ....''
သဘောတူကြပြီးသည့်နောက်တွင် ကျမသည် အခေါ်လွှတ်ဖို့ လေယာဉ်ပျံ နေရာရဘို့စသည်များကို စီစဉ်ရ၏။ သွားခေါ်ပေးသူမှာ ၀ါးခယ်မသား စစ်ရဲတပ်ရင်းမှ ရဲဘော်လေးတဦးဖြစ်သော တကျောင်း ထည်းထွက် ဖြစ်သည့် မောင်ကြင်အောင်ဖြစ်ပါ၏။
ထိုစဉ်က လေယာဉ်ပျံ အသွားအလာမှာလည်း လွယ်ကူသည်မဟုတ်ပေ။ သို့သော် မောင်ကြင်အောင် သည် ဖေဖေ့ ကို ချောမောစွာပင် ရန်ကုန်ကိုရောက်အောင် ခေါ်လာနိုင်ခဲ့၏။ ရန်ကုန်လေဆိပ်သို့အ ရောက်တွင်မူ အဘ၏ ထူးချားချက်ကလေးများနှင့်ပတ်သက်ပြီး ဦးနှောက်ချောက်ခဲ့ရသော အဖြစ်အ ပျက်များကို ဟာသ နှောပြီး ပြောပြပါတော့၏။
''အဘဖြစ်ပုံကတော့ မပြောချင်တော့ပါဘူး မမယုရယ်၊ ကျောက်ရေစစ် ငရုတ်ဆုံကြီးမပါရင် မလိုက်ဘူး ဆိုလို့ ဦးနှောက် ကို ချောက်သွားတာဘဲ.... လေယာဉ်ပျံကလဲ နောက်ဆုံးအကြိမ်ပြန်မဲ့ လေယာဉ်၊ အချိန် ကလဲ ကပ်နေပြီ၊ နေရာကလဲမပေးနိုင်၊ နေရာမပေးနိုင်ယင်လဲ မလိုက်ဘူးလားဆိုနေ၊ စဉ်းစား ကြည့်ပေတော့.... နောက်ဆုံးတော့ စွန့်ပြီး အတင်းတင်ရတဲ့ဘ၀ရောက်တာဘဲ....''
ကျမကတော့ မောင်ကြင်အောင် ညွှန်ပြသောပစ္စည်းများကို ကြည့်ရင်း ပြုံးရယ်မိပါသည်။ မောင်ကြင်အောင် ကိုသာ ကျေးဇူးတင်စကားပြောရ၏။ ကျောက်ရေစစ်ဆိုသည်မှာ ရိုး ကုမ္ပဏီတိုက်တွင် ရောင်းသည့် လက်တဖက် နှင့် သွန်ငဲ့၍ ရသော ခပ်သေးသေးရေစစ်အိုး လေးမျိုး အပေါ့စားမဟုတ်ပါ၊ ကျမ တို့ မြစ်ဝကျွန်းပေါ် တွင် သုံးလေ့သုံးထရှိသောသစ်သားရေစစ်အိမ် ၏ ထိပ်အပေါက်တွင်တင်ထားပြီး၊ နံရံ လေးဘက် သစ်သား ကာထားရသည့် ကျောက်သားအစစ်ကိုထွင်းထားသော ကျောက်ရေစစ်ဖြစ်ရာ တယောက်ထီးအား နှင့်မ၍ မရတတ်ပေ။ ဒန်အိုးကြီးက အ၀ နှစ်တောင်လောက်ကျယ်သည်။ ငရုပ်ဆုံ ကြီး ကလည်း အ၀ တထွာ နှင့် လက်နှစ်လုံးလောက်ရှိကာ ဇောက် တထွာလောက်နက်ခြင်းက သူ၏အ ထောင်း ခံခဲ့ ရသော သက်တန်းကို ဖေါ်ပြနေလေသလား အောက်မေ့ရ၏။
''သမီး တို့ အမေကြီးလက်ထက်ကတည်းက ပစ္စည်းတွေ သမီးတို့ထက်တောင် အသက်ကြီးသေးတယ်... ဒါကို ရဲဘော် က မယူရဘူးတဲ့လေ....''
ဖေဖေ့အော်သံ သည် လေယာဉ်ရုံးတခုလုံးကို ဖုံးသွားပါ၏။
ကျမက ပြရိုးပြစဉ် သင်္ကေတဖြစ်သော လက်ဟန်ခြေဟန်နှင့် သူသယ်ယူလာသည်ကို ကြေနပ်ပါ ကြောင်း ပြောပြ ရသည်။
ကျမတို့ငှားထားသော အိမ်ကလေးမှာ ၀ါးထရံကာ အိမ်ငယ်လေးပင်ဖြစ်သော်လည်း ကျမတို့ စိတ်ချမ်း သာသည်။ ဖေဖေသည် လုံးဝနားမကြားသူဖြစ်၍ သူ့အသံ ကို ထိန်း၍မရ။ တိုးတိုးမပြော၊ ခုနစ်သံချီနှင့် ဟစ်၍ ပြောတတ်သည်။ ယခုအိမ်ရှင်မှာ ၀ါးခယ်မအဆက်အနွယ်ထဲကဖြစ်သဖြင့် ဖေဖေ့ဓါက်ကိုလည်း သိပြီး ဖြစ်သည်။ ဖေဖေ့ ကို နားလည်မှုရှိသူဖြစ်သည်။ ကပ်နေသောအိမ်မရှိသဖြင့် ဖေဖေ့အော်သံကို လည်း အိမ်နီးနားချင်း ကြားရမှာ ကို အားမနာရပါ။ ခြံလေးမှာ ကျယ်ပျံ့၍ တာဝါလိန်းအတွင်းပိုင်းထဲမှာ ဖြစ်သော ကြောင့် အိမ်ချင်းညပ်နေသော အရပ်ထဲမှာလို စိတ်မရှုတ်ရတော့ပေ။ ဖေဖေကလည်း မြေလွတ်ကလေးတွင် စိုက်ရ ပျိုးရ ၍ ကြေနပ်နေပုံရသည်။
မကြာခင် သူ့တွင်ရောဂါတခုဖြစ်လာပြန်ကြောင်း သူပြောပြသဖြင့် သိရပြန်ပါ၏။ သူ့ရောဂါမှာ ပေါင်ရင်း နှင့် ဆီးစပ် တွင် အကြိတ်မှ အနာကြီးတခုဖြစ်လာသည်ဟု ဆိုပါသတည်း။ သွေးအမြဲထွက်ကျနေသဖြင့် သွေးအား ယုတ်လျော့ နေပြီဖြစ်ကြောင်း ကိုလည်း လက္ခဏာပြနေသည်။ ခွဲစိတ်ကုသပါရာဂူဆရာဝန်ကြီး ဒေါက်တာကြီးပေါ သို့ ပြသောအခါ ခွဲစိတ်ကုသရမည်ဆိုပါ၏။ ရောဂါအခြေအနေက မကောင်းလွန်းပါ၊ သို့ဖြစ်ရာ ခွဲစိတ်စဉ် တွင် အသက်ရှင်မည်၊ မရှင်မည်ကို ကြိုတင်ပြောမပြနိုင်ပါကြောင်း၊ အကယ်၍ ခွဲစိတ် ကုသခြင်းမပြုပါလျှင်လည်း ကံအကြောင်းတရားကိုတော့ မပြောလိုပါ။ ရောဂါအနေဖြင့်ကတော့ နောက်ခြောက်လ ထက်ပို၍ အသက်ရှည်နိုင်ဘွယ်အကြောင်း မမြင်တော့ဟုဆိုပါသည်။
ကျမတွင် လူနာတယောက်ကို ဆေးရုံတင်တိုင်း၊ ငွေကြေးကုန်ကျခြင်း၊ ပြုစုရခြင်းများအတွက် မည်သို့မျှ ကျမ စိတ်မမော တတ်ပေ၊ မမျှော်လင့်သောအချိန်တွင် သေရေးရှင်ရေးကိစ္စဆိုပါက တရားခံဝင်လုပ်ရ သည် ခေါ်မလား၊ မျက်စေ့မှိတ်ပြီး ဆုံးဖြတ်ချက်ချရခြင်းခေါ်မလား၊ ဤအဖြစ်မျိုးကို လုပ်ရတတ်သည့်အ ခါ အလွန် စိတ်မောမိ၏။ အမြဲလိုလိုလည်း လုပ်ရပါ၏။ ဘာ့ကြောင့် စိတ်မောရသည်ကို နောက်တွင် တင်ပြပါဦးမည်။
ခွဲစိတ်ကုသခံပါက ခွဲစိတ်ခန်းထဲတွင်ပင် သေချင်လည်းသေမည်၊ အခွဲမခံပါက နောက်ခြောက်လတွင် ဖေဖေ သည် အသက်ရှင်တော့မည်မဟုတ်။ တခုခုကိုတော့ စွန့်စား၍လုပ်ရပေမည်။
''ခွဲစိတ်တာ အောင်မြင်ရင်တော့ နောက်ခြောက်နှစ်၊ ခြောက်နှစ် အသက်ရှင်ဖို့၊ ကျွန်တော်အာမခံ တယ်...''
ဒေါက်တာကြီးပေါသည် ခြောက်နှစ် ခြောက်နှစ်ဆိုသော စကားလုံးကလေးကို သုံးသည်အချိန်တွင်၊ လက်ချောင်းကလေး ခြောက်ချောင်းထောင်၍ပြယင်း အသက်ရှုပေါက်ကလေးရသွားသည့် အမူအယာ ကလေး ဖြင့် ပြောပါ၏။
ကျမမှာ အတော်လေးပင် ခေါင်းရူတ်သွား၏။
ကျမ တို့ မိသားစုလိုပင် တခြားမိသားစုတွင်လည်း အဖြစ်တူများရှိလေမည်လားမသိ။ တယောက် ယောက် နေမကောင်း၍ ကုသရတိုင်း တညအိပ်မည်သူ၊ သစ်သီးတလုံးကျွေးမည့်သူ၊ ငွေတကျပ်ပေး မည့်သူ၊ ဘာသူ၊ ညာသူ စသည်ဖြင့် ပိစိညှောက်ကပ်ကလေး ကူညီမည့်သူ၊ တဖဲ့တလေကလေးမှပင် မရှိတတ်ပါသော်လည်း လူနာ သည် ကုသရင်းမှ အကြောင်းမညီညွှတ်သဖြင့် ဖိတ်စင်သွားခဲ့ပါသော်၊ ထို လူနာကို စောင့်ရှောက် ဆေးရုံတင်သည့် သူ၊ ပြုစုသူအပေါ်တွင် တရားနည်းလမ်းအရ တရားခံအစစ်ဖြစ် မည် မဖြစ်မည်ကိုပင် ထည့်မတွက်တော့ ဘဲ တချိုးထဲ နှင့် တရားခံအဖြစ်သို့ သွတ်သွင်းချီးမြှင့်တော်မူကြ ပါတော့သည်။
ထိုအဖြစ်မျိုးကို ကျမသည် ဆယ့်လေးနှစ်သမီးလောက်ကတည်းက (သို့မဟုတ်) လူ့ဘ၀ဇာတ်ခုံ၏ ရှေ့ ပိုင်းအမြင်နှင့် နောက်ပိုင်းအညစ်အပတ်ဆိုသည်ကို ဘာမှန်းမသိရကတည်းကပင် ကြုံခဲ့ရ၏။ တင်ပြရ မည်ဆိုလျှင် ကျမ၏အကိုအလတ် ဆုံးသွားစဉ်က တကြိမ်ဖြစ်ပါသည်။ ထိုအကြိမ်မှာ ပထမအကြိမ်ဖြစ် ပြီး၊ ဒုတိယအကြိမ်မှာ ကျမတို့မိသားစု ရန်ကုန်ကို ပြောင်းလာစ ညီမအငယ်ဆုံး နုနု လည်ပင်း ခွဲစိတ်ကု သ ခံရစဉ်က တကြိမ်ဖြစ်သည်။ တညလုံးမေ့ဆေးမပြေမခြင်း လူနာအပါးတွင် ကျမတယောက်ထီးစောင့် နေ၏။ ထိုနေ့ နေ့လယ်ပိုင်းက လူနာကို ခွဲစိတ်ခန်းထဲမှ ထုတ်လာခဲ့ကြသော်လည်း ယခုထိ သတိမရ သေးပေ။ သွေးများ ကလည်း ပတ်တီးကိုပေကျံနေပေရာ မြင်မကောင်းပေ။
နောက်နေ့ နံနက်မိုးလင်းလျှင် ဆွေမျိုးများဝင်ခွင့်တောင်းပြီး ၀င်လာကြပါ၏။ သူတို့ဝင်လာ၍ အဖွား၏ ညီမဖြစ်သူ အဖွားလေး(ဦးနု-မိခင်) မှာ နုနုကို မြင်လိုက်သည့်တပြိုင်နက် ''အမလေး သမီးလေးသေပါဘီ သူ့ဟာသူ နေရင် အကောင်းသား၊ မိခင်ယု ဆတ်ဆော့လို့၊ သမီးလေး သေပါဘီ''ဟု အော်၍ငိုပါလေ တော့ သည်။
မေမေသည် ချက်ခြင်းပင် သူ့အဒေါ်အား အပြင်သို့ခေါ်ထုတ်သွားပါ၏။ နုနုမှာ မသေသေးကြောင်း၊ မေ့ ဆေးဆိုသည်မှာ ဒီလိုပင်ဖြစ်တတ်ကြောင်း၊ လူနာရှေ့တွင် အော်ဟစ်မငိုရကြောင်းကို အပြင်တွင်မနဲ ကြီး ရှင်းပြ လိုက်ဘူးသည်။ ကျမတို့ဖွားလေးကို ကျမတို့က အမဟုခေါ်သည်။ တအိမ်ထည်း တစီးပွား ထည်းနေလာခဲ့ကြ သဖြင့် ဖွားအေအရင်းလိုပင် ဖွားအေနှင့်အတူ ကျမတို့ကို သူကပြုစုစောင့်ရှောက်လာ ခဲ့သည်။
ကျမစိတ်ထဲမှာတော့ ''ငါ့ဘ၀ကုသိုလ်ကိုက သူများမလုပ်တာကို အမိုက်ခံပြီးလုပ်လဲလုပ်ရသေး၊ လုပ် သာလုပ်ရတယ် တရားခံဖြစ်ရမဲ့ ကုသိုလ်ကံပါတယ်ထင်ပါရဲ့''ဟူ၍ စိတ်ဖြေရပါသည်။ အသက်ကြီးကြီး လာသည်နှင့်အမျှ တွေ့တွေ့လာသည်ကတော့ ကျမလိုပင် လုပ်ပင် လုပ်ကြရပါသော်လည်း တရားခံ ဖြစ်ကြရသော သူများကိုမြင်ရသောအခါ စာနာစိတ်ဖြင့် သနားမိ၏။ လုပ်ပုံလုပ်နည်း၊ လုပ်ဟန်ကဘဲ မှားလေ ၍ ငါဘဲတရားခံပြန်ဖြစ်ရလေသလားဟု တခါတရံ ကိုယ့်ကိုကိုယ်ဆန်းစစ်မိ၏။
အကြောင်းများ သည် တခါတရံမလုပ်ဘဲနေ၍ ဖြစ်သောအကြောင်းများမဟုတ်။ မလုပ်၍မဖြစ်၊ ငါသာ လူစွမ်းကောင်း ကြီးကွလို့ ရင်ကော့ပြစားချင်လွန်းလို့ စွန့်စားချင်လွန်း၍ သူရဲကောင်းကြီး လုပ်ချင်လွန်း၍ လုပ်ရသည် မဟုတ်။ အခြေအနေက ဖန်တီးလာသောအခါ လုပ်ရပြန်သည်သာဖြစ်ပါ၏။ ယခု ဖေဖေ့လို ကိစ္စမျိုးတွင် အဆုံးအဖြတ်ပေးရန် အတော်ခက်၏။ ဒုတိယဘ၀၊ တတိယဘ၀တို့တွင်သာ အကျိုးပေး တတ်သည်ဆို သော ဟိုတဘ၀က လုပ်ခဲ့တဲ့ကံသည် ဘာကံဖြစ်မည်တော့မသိ။ အမြဲတန်း အကြပ်အတည်း သို့ ရောက်ရောက်သွား၏။
ဆက်ရန်
.
6 comments:
ဆရာမကြီးရဲ့ဟိုတုန်းကစာတွေကိုအတော်များများဖတ်ခဲ့၊
ကြိုက်ခဲ့တယ်အဖေနဲ့ပတ်သက်ပြီးရေးခဲ့တဲ့.."ရေချိုတွင်း" ဆိုတဲ့စာအုပ်တော့ဖတ်ဖူးတယ်..ခုလိုစာဟောင်း..စာ
ကောင်းတွေကိုရှာဖွေတင်ပေးတဲ့မရွှေစင်ကိုကျေးဇူးအထူးတင်ပါတယ်..။
(ဒေါ်) ခင်နှင်းယုနဲ့ ၁၉၉၁ ခုနှစ်လောက်က ချမ်းမြေ့ရိပ်သာမှာ ဆုံခဲ့ဖူးတယ်။ သူ့စာတွေဖတ်ပြီး သူ့ကို လေးစားရင်းစွဲရှိပေမဲ့ အနေတည်လို့ မခေါ်ရဲ နှုတ်မဆက်ရဲခဲ့ဘူး။ တလလုံးလုံး သူ့ကို မြင်ရုံနဲ့ ကျေနပ်ခဲ့ရတာ။
သူ့စာ တော်တော်များများ ဖတ်ဖူးပေမဲ့ အခုတင်တဲ့ စာတော့ မဖတ်ဖူးသေးဘူး။ အဖေအကြောင်းရေးတဲ့ စာမို့ အချစ်ဝတ္ထုတွေထက် ပိုသဘောကျတယ်။ ကျေးဇူး အမကြီးရေ ...
ဒေါက်တာကြီးပေါ .....
May be ဒေါက်တာ ကြည်ပေါ
မကြီးရေ...ညီမလေးလဲ မမေဓာဝီပြောသလိုပဲ အချစ်ဝတ္ထုမဟုတ်ဘဲ အဖေအကြောင်းရေးထားတာမို့ ပိုကြိုက်တယ်...။ ဆရာမရဲ့ ပျားရည်ဆိုတဲ့စာအုပ်တော့ တော်တော်ကြိုက်တယ်...။ အဆက်တွေကို စောင့်ဖတ်ပါဦးမယ်...။
ခင်တဲ့
မိုးငွေ့
အမရွှေစင်ရေ...ဆရာမကြီးလက်ရာတွေကို အရမ်းကြိုက်တာ။ အဖြစ်ကလည်းတူပါ့...လူမိုက်လုပ်ရမဲ့ ဆုံးဖြတ်ရမဲ့ ကိစ္စတွေဆို ကိုယ်ပဲ၊ ကောင်းလာရင်သာ မပြောပေမဲ့ ဆိုးသွားရင် ကိုယ့်အပြစ် ဖြစ်ရော၊ လူ့သဘာဝ များလား....:))
စာအုပ်ထဲမှာတော့ ဒေါက်တာကြီးပေါ ဘဲလို့ ရေးထားပါတယ် စာဖတ်သူ မင်း ရေ ၁၉၆၈ ဇွန်လ ပထမအကြိမ်ထုတ်တဲ့ စာအုပ်မှာပါ
ကျေးဇူးပါဗျာ
ရွှေစင်ဦး
Post a Comment