အဖေက အရောင်းအ၀ယ်ကိစ္စနဲ့ ခရီးတွေ ထွက်လိုက်၊ သောက်လိုက်၊ မူးလိုက် လုပ်နေတုန်းမှာ သူ့အစ်ကို ဂျွန် က အလုပ်အကိုင်ကောင်းပြီး ချမ်းသာနေပြီ။ ၆၀ ပြည့်လွန်၊ ၇၀ ပြည့်နှစ်ဝန်းကျင်မှာ သမ္မတ ဘင်ဒါက ၀င်ဘီ နဲ့ ကာစန်ဂူ တစ်ဝိုက်မြို့တွေတည်၊ လမ်းတွေဖောက်လုပ်နေတယ်။ အန်ကယ်ဂျွန်က အဆက်အသွယ် ကောင်းတော့ ကန်ထရိုက်တွေရပြီး ငွေတွေ သဲ့ယူသလို ရနေတယ်။
ဒါပေမဲ့ အန်ကယ်ဂျွန်ရဲ့အဓိကအလုပ်က လယ်ယာစိုက်ပျိုးရေးပဲ။ တစ်ဖက်မှာလည်း လယ်သမားတွေကို ဓာတ်မြေသြဇာ ရောင်း၊ လယ်ယာထွက်ပစ္စည်းတွေ ပြန်ဝယ်တဲ့အလုပ်လည်း လုပ် သေးတယ်။ ဈေးပိုင်းမှာ ကုန်တိုက် တစ်တိုက် တောင် ဖွင့်ထားနိုင်နေပြီ၊ သူ ပိုင်မြေတွေပေါ်က ဆေးရွက် ကြီးနဲ့ ပြောင်းကလည်း သိပ် အောင်မြင်တယ်။
ကျွန်တော် တစ်နှစ်သားအရွယ်၊ ၁၉၈၉ ခုနှစ်မှာ ဒိုဝါကို အန်ကယ်ဂျွန် ရောက်လာပါတယ်။ အဲဒီမှာ သူက အဖေ့ ကို စည်းရုံးတယ်။
''ငါ့ဆီလာပြီး ဘာလို့ မင်း တောင်ယာ မလုပ်ချင်တာလဲ။ ဟိုမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ပဲ''
"စိုက်ပျိုးရေးလုပ်ရတာ သိပ်အချိန်ကုန်တယ်ကွာ၊ အလုပ်ပြောင်းချင်တယ်၊ ဘာလုပ်ရရင် ကောင်းမလဲ''
''စိုက်ပျိုးရေး က အရင်းနည်းပြီး အမြတ်များများ ရတယ်လေ''
အဖေက သူ အရက်လည်း ပြတ်သွားပြီဖြစ်ကြောင်း ပြောတော့ ကျွန်တော့်ဦးလေးက သူ့ကို ၀မ်းပန်း တသာ ခေါ်ပါ တော့တယ်။
အဲဒီအချိန်မှာ အဖေက ကလေးသုံးယောက်အဖေ ဖြစ်နေပြီ။ (ညီမအငယ် အီရှာမွေးတာ သိပ်မကြာ သေးဘူး) ချက်ချင်း ပဲ ဆိုင်ကိုရောင်း ပစ္စည်းတွေထုပ်ပိုးပြီး ဘတ်စ်ကားကြီးနဲ့ ကျွန်တော်တို့ မိသားစု ထွက်လာခဲ့ကြတယ်။
''၀င်ဘီ'' ဈေးမှာ အမျိုးတွေ စောင့်နေကြတယ်။ မာစီတာလာ ရွာကလေးအထိ လိုက်ပို့ကြတယ်။ ဦးလေးဂျွန် ရဲ့ အိမ်နားက အိမ်ကလေးတစ်လုံးမှာ ပစ္စည်းတွေ ၀ိုင်းချပေးကြတယ်။
ကျွန်တော်တို့ရောက်ပြီး မကြာခင်မှာပဲ အန်ကယ်ဂျွန်က ၀င်ဘီအကြီးအကဲဆီမှာ မြေတစ်ဧကတောင်း ပြီး အဖေ့ကို ပေးတယ်။ အိမ်နဲ့ နှစ်ကီလိုမီတာလောက်ဝေးတယ်။ အဲဒီမှာ ကျွန်တော်တို့ ဆေးရွက်ကြီး၊ ဂျုံ၊ ပြောင်း နဲ့ သစ်သီးဝလံတွေ စိုက်ကြတယ်။
အန်ကယ်ဂျွန်ရဲ့ အဓိကစိုက်ပျိုးပင်က ဆေးရွက်ကြီးပါ။ ဆေးခင်းစိုက်ဖို့ အဖေက သူ့ကို ကူရတယ်။ အဖေက မနက်မနက်ဆို ကြက်ဦးမတွန်ခင်ထပြီး တောထူထူနဲ့ တောင်ကြားဆီကို ထသွားရတယ်။ တောရှင်းပြီး ပထမဆုံး ပျိုးခုံတွေ လုပ်ရတယ်။ ပြီးတော့မှ ဆေးရွက်ကြီး မျိုးစေ့တွေချရတယ်။ ပျိုးခုံကို ရေနိုင်နိုင် လောင်းရတယ်။ ယာသမားတိုင်းမှာ ပျိုးခုံတွေ ရှိရတယ်။ ရေလည်းပေါတော့ ဆေးတွေ အကြီး အကျယ် ဖြစ်ကြတယ်။ တော်တော်တော့ ပင်ပန်းတဲ့အလုပ်ပါ။ အဖေဟာ နေ့လယ်ထမင်းစားပြန်တဲ့အခါ ခဏ တစ်ဖြုတ် လောက်ပဲ နားချိန်ရတယ်။ တရေးတမော မှေးချိန်ရတယ်။ အစ်ကိုနဲ့ လိုက်လာတာ မှားပြီ လို့ ထင်စရာပဲ။ ဒါပေမဲ့ အဖေက ဇွဲကောင်းကောင်း ဆက်အပင်ပန်းခံပြီး အလုပ်လုပ်နေတယ်။
''သိပ်လည်း အပင်ပန်းမခံပါနဲ့ကွာ၊ နားနားနေနေ လုပ်ပါ'' လို့ အစ်ကိုက ပြောရင် ''ရပါတယ်ကွာ'' လို့ ရွှံ့တွေ၊ ရေ တွေ အလူးလူး နဲ့ အဖေက ပြန်ပြောတတ်တယ်။
အန်ကယ်ဂျွန်က ဒိုဝါကို လိုက်ခဲ့ဖို့ခေါ်တုန်းက လုပ်စရာမြေတွေက အများကြီး၊ နေစရာ အိမ်က အကျယ်ကြီး လို့ ပြောခဲ့ပေမယ့် ခုတော့ ဒီအကြောင်း စပ်လို့တောင် မပြောတော့ဘူး၊ ကျွန်တော်တို့ မိသားစု ငါးယောက် ဟာ အိမ် ကျဉ်းကျဉ်းကလေးထဲမှာ ကြုတ်ထဲ ကျွဲသိပ်နေနေရတယ်။
အဲဒီမှာ တောင်ယာလုပ်ငန်းတစ်ဖက်နဲ့ အဖေ အိမ်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ မြက်နဲ့ ရွှံ့ရောပြီး အုတ် လုပ်တယ်၊ ယာခင်းနံဘေးမှာ အုတ်ခဲတွေပုံရိုက်၊ အခြောက်လှန်းပြီး နှစ်ကီလိုမီတာ ဝေးတဲ့ရွာကို ထမ်းထမ်း ပြန်လာတယ်။ အဲဒါ သူ့ရဲ့ နိစ္စဓူဝအလုပ်ပဲ။ အုတ်ခဲတွေ အလုံအလောက်စုမိတဲ့အခါ မြက်ပင် ရှည်တွေ ရိပ်ပြီး သက်ငယ်ပျစ် တယ်။ အိမ်ဆောက်တော့ အန်ကယ်ဂျွန်က သူ့အလုပ်သမားအချို့ လွှတ် ပြီး အဖေကို ကူဖော် ရပါတယ်။
နှစ်လကြာတော့ နှစ်ခန်းတွဲအိမ်ကလေး ပြီးသွားတယ်။ အဖေ့ခမျာလည်း ဖတ်ဖတ်မျောနေပြီ။
အန်ကယ်ဂျွန် က ရယ်သလို မောသလိုနဲ့ ပြောတယ်။
''အေး နိပ်တယ်ဟေ့။ လူဆိုတာ အိမ်ကောင်းကောင်းနဲ့ နေဖို့ လိုတယ်ကွ'' တဲ့။
အဲဒီအိမ်မှာ ကျွန်တော်တို့ နေလို့ သုံးနှစ်ကြာတဲ့အခါ မိသားစုက ပိုကြီးလာတယ်။ အဖေနဲ့ အမေမှာ သားသမီး ငါးယောက်ဖြစ်လာတယ်။ ယောက်ျားလေးက ကျွန်တော် တစ်ယောက်တည်း။ အဖေ့ စီးပွား ရေး လည်း ကောင်းလာလို့ လူတွေငှားပြီး အိမ်နှစ်လုံး ထပ်ဆောက်တယ်။ ပထမတစ်လုံးက အိပ်ခန်း၊ ဧည့်ခန်းနဲ့ ကျကျနန ပါပဲ။ ကျီတစ်လုံးလည်း ဆောက်လိုက်သေးတယ်။
နောက်အိမ်တစ်လုံးက သီးသန့်အိပ်ခန်းတွေနဲ့ မီးဖိုဆောင်ပါတယ်။ ကျွန်တော်တို့ မောင်နှမတွေ အတွက် ပေါ့။ မိန်းကလေး တွေက အမြဲတမ်း ကြွက်စီ ကြွက်စီနဲ့မို့ အများအားဖြင့် ကျွန်တော်က အခန်းအောင်းပြီး ကိုယ့်အတွေး နဲ့ ကိုယ် တစ်ယောက်တည်း နေတာများတယ်။ ကျွန်တော့အခန်းက အိမ်ဘေးမှာ ချထားတဲ့ အဖီ ကလေးပါ။
ကြာတော့ ကျွန်တော်ဟာ စိတ်ကူးယဉ်သမားသက်သက် ဖြစ်လာပါတော့တယ်။ ငယ်ငယ်တုန်းကလို ပုံပြင် ဆန် တဲ့ စိတ်ကူးမျိုးတွေ မဟုတ်တော့ဘူး။
အန်ကယ်ဂျွန် စိုက်ပျိုးရေးလုပ်ငန်းအတွက် ငှားထားတဲ့အထဲမှာ ဖီရီဆိုတဲ့ လူတစ်ယောက်ပါတယ်။ ဧရာမ ဗလကြီး၊ ခွန်အားလည်း အင်မတန်ကြီးမားတဲ့လူကြီး၊ အန်ကယ်ဂျွန်က တောရှင်းရာမှာ မြေထိုး စက်တွေ ဘာတွေ မ၀ယ်ဘူး။ ဖီရီက တော်ရုံတန်ရုံသစ်ပင်တွေကို ကျူပင်နုတ်သလို ဆွဲနုတ်ပစ်နိုင် တယ်။
သူ့မှာ ရိုးရိုးခွန်အားအပြင် မှော်အတတ်နဲ့ရတဲ့ စွမ်းအားတစ်မျိုးလည်း ရှိသတဲ့။ အဲဒီခွန်အားကို သူက သူ့ ကိုယ်သူ ကာကွယ် ဖို့ထားတယ်လို့ ပြောကြတယ်။ သည်နယ်တစ်ဝိုက်မှာ အစွမ်းထက်ဆုံး မှော်ဆရာ ကြီးတွေ သာ သူ့အပေါ်လွှမ်းမိုးနိုင်တယ်။
ဖီရီကို ဘယ်လူသား၊ ဘယ်တိရစ္ဆာန်မှ စိန်မခေါ်ရဲကြဘူး။ တစ်ခါတုန်းက ကွင်းထဲမှာ သူ အလုပ်လုပ်နေ တုန်း မြွေဆိုး တစ်ကောင်က သူ့ခြေထောက်နားမှာ ပေါက်ဖို့အသင့်ဖြစ်နေတယ်။ သူပ လုံးဝမကြောက် ဘူး။ အနား က မြက်ပင်တစ်ပင် ကို ဆွဲဖြတ်ပြီး မြွေဆိုးရဲ့ကျောပေါ်ကို တင်လိုက်တယ်။ မြွေ မလှုပ်နိုင် တော့ဘူး။ ဒီတော့ မှ ခေါင်းကကိုင်ပြီး မြွေရဲ့ခါးကို ချိုးပစ်လိုက်တယ်။ တစ်ခါမှာလည်း အဲဒီလို မြွေဆိုး တစ်ကောင်ကို ဖမ်းပြီး အိတ်ထဲ ထည့်ထားသတဲ့။
အဲဒီလို တန်ခိုးတွေနဲ့ ဖီရီဟာ အမြဲတမ်း တိုက်ချင်ခိုက်ချင်နေတယ်။ အဲဒီတော့ အဖေ သူ့ကို ဆုံးမရ တော့တာပေါ့။
တစ်နေ့မှာ ဂျိမ်းဆိုတဲ့ လူတစ်ယောက်နဲ့ ဖီရီ ထိပ်တိုက်တွေ့တယ်။ ဖီရီက ဂျိမ်းကို စားတော့ဝါးတော့ မလို ဒေါသ အမျက် ချောင်းချောင်းထွက်ပြီး စပျစ်ချုံတွေကို လက်သီးနဲ့ လျှောက်ထိုးနေတယ်။ သူ့လက် မောင်းမှာ စပျစ်နွယ်တွေ ပတ်လို့။
ရန်ပွဲကို ကျွန်တော်တို့ပြေးကြည့်ကြတာပေါ့။ ဂျိမ်းက ဖီရီထက် အရပ်မြင့်တယ်။ သူလည်း လူသန်တစ် ယောက်ပဲ။ နှစ်ယောက်သား ဘတစ်ပြန် ကျားတစ်ပြန် ထိုးကြိတ်နေကြတယ်။ ဒါပေမဲ့ ဖီရီက မှော်ဆရာ မို့ သူပဲ နိုင်လိမ့်မယ်လို့ ကျွန်တော်တွက်ထားတယ်။
အဲဒီအချိန် မှာ အဖေ ရောက်လာတယ်။ ဖီရီက အော်တယ်။
''မစ္စတာကမ်ကွမ်ဘာ၊ ကျွန်တော့ခေါင်းပေါ်က စပျစ်နွယ်တွေကို ဖယ်ပေးပါ။ မဟုတ်ရင် ဒီလူကို ကျွန်တော် သတ်မိ လိမ့်မယ့်''
သူ့ ခေါင်းပေါ်မှာ ဘာမှမရှိဘူး။ အဖေက သူ့လက်မောင်း နှစ်ဖက်ကို ဖမ်းချုပ်လိုက်တယ်။ ဖီရီဟာ ထောင်ချောက် မိ နေတဲ့ ကျားတစ်ကောင်လို ဒေါသတကြီး အော်ဟစ်နေတယ်။
အဖေ က သူ့ကို ဖမ်းချုပ်ပြီး ကျွန်တော်တို့ ခြံထဲအထိ ဆွဲခေါ်လာတယ်။ ပြီးမှ နွယ်ပင်ရှည်တွေနဲ့ သူ့လက်မောင်း တွေကိုရော၊ လည်ပင်းကိုပါ တုပ်ထားလိုက်တယ်။ စက္ကန့်ပိုင်းအတွင်း ဖီရီ ပျော့ခွေကျ သွားတယ်။ သူ့ ပါဝါတွေ သူ့ခန္ဓာကိုယ်ထဲက ထွက်သွားကြပြီထင်ပါရဲ့။ အဲဒီကစပြီး စုန်းတွေ ကဝေတွေ မှော်တွေ ကို သံသယရှိလာတယ်။ တစ်ပြိုင်တည်းမှာ အဲဒါတွေထက် အဖေက ပိုပြီး ခွန်အားကြီးမား တယ် ဆိုတာ သိလာတယ်။
နောက်နေ့မှာ ဖီရီက ဣနြေ္ဒမပျက် အလုပ်ဆင်းနိုင်တယ်။ ဂျိမ်းကတော့ တော်တော်နဲ့ ပြန်မဆင်းနိုင်ဘူး။ တချို့က ပြောကြတယ်။ ဂျိမ်း ဒါလောက်ခံရတာ ဖီရီရဲ့ လက်သီးချက်တွေကြောင့် မဟုတ်ဘူး။ ဖီရီက မှော်အတတ် နဲ့ ပြုစားတာတဲ့။
ဖီရီမှာ တူတစ်ယောက်ရှိတယ်။ သူ့ဦးလေးကို ခွန်အားမျိုး သူ့မှာရှိတယ်တဲ့။ မှော်လည်း အောင်ထား တယ်တဲ့။ ကျွန်တော် နဲ့ ဂီးလ်ဘတ်က သိပ်မယုံဘူး။ ဒီကောင် လျှောက်လေထွားနေတာလို့ ထင်တယ်။ ဒီကောင်က ကျောင်းမနေ ဘူး၊ သူ့ဦးလေးနဲ့အတူ ကွင်းထဲမှာ အလုပ်လုပ်တယ်။ သူ့နာမည်က ရှာဘာနီ တဲ့။ ကျွန်တော် တို့ နဲ့ ရွယ်တူလောက်ပဲ။ အဲဒီတုန်းက ကျွန်တော်က ကိုးနှစ်သား။ လူဗလန်လေးပေါ့။ ဘောလုံးကန်ရင်လည်း အတွန်း အတိုက်မခံနိုင်ဘူး။ လဲပြီ ကွဲပြီဆို ကျွန်တော်ချည်းပဲ။
အဲဒီမှာ ရှာဘာနီက ကျွန်တော့်ကို မှော်ပညာသင်ပေးမယ်လို့ ပြောလာတယ်။''မင်းဟာ ကျောင်းမှာ ခွန်အား အကြီးဆုံး ဖြစ်လာစေရမယ်။ တစ်ကျောင်းလုံး မင်းကို ဖြုံသွားလိမ့်မယ်'' တဲ့။
စိတ်ဓာတ် ကလည်း ကျနေ၊ ဒီပညာကို ငယ်ငယ်က ယုံကြည်ဖူးတာကလည်း ရှိနေတော့ ကျွန်တော် စိတ်ပါ သွားတယ်။ ကိုယ့်ကိုကိုယ် ဂိုးလီယက်လို ခွန်အားပိုင်ရှင်ဖြစ်ချင်နေတယ်။ ကျွန်တော် ကန်လိုက် တဲ့ ဘောလုံး ဟာ ဒုံးပျံလောက် အရှိန်ပြင်းစေချင်တယ်။
အဖေကတော့ ပဉ္စလက်တွေကို မယုံဖို့ ခဏခဏ သတိပေးတယ်။ အဖေနဲ့ ယေရှုသခင်ရဲ့ပုံတော်ကို မြင်ယောင်လျက်က ''အေး ငါသင်မယ်'' လို့၊ ရှာဘာနီ့ကို ကတိပေးလိုက်တယ်။
''အေး ဒါဆို ဂျက်ဖရီတို့ အိမ်နောက်က တောထဲမှာ လုပ်မယ်၊ မင်း တစ်နာရီအတွင်းလာခဲ့၊ ပိုက်ဆံ နှစ် ဆယ်လည်း ယူခဲ့နော်'' တဲ့။
တောထဲကို ကျွန်တော်အရင်ရောက်သွားတယ်။ သစ်ပင်ရိပ်တွေနဲ့ မှောင်နေပြီ။ ပြီးမှ ရှာဘာနီရောက် လာတယ်။ အိတ်မည်းတစ်လုံး ဆွဲလို့။ အိတ်ထဲမှာ လေးလံတဲ့ ပစ္စည်းတစ်ခုခုပါလာပုံပဲ။ တန်ခိုးရှိတဲ့ မှော်ပစ္စည်း တစ်မျိုးမျိုးဖြစ်မယ်ထင်တယ်။
သူက မေးတယ်။
'မင်း အသင့်ဖြစ်ပြီလာ'
'အသင့်ပဲ'
'ဒါဆို ထိုင်'
ကျွန်တော်တို့ နှစ်ယောက် ဖုန်တွေတတ်နေတဲ့ သစ်ရွက်တွေပေါ်မှာည ထိုင်ချလိုက်ကြတယ်။ သူက အိတ်ကို ဖွင့်တယ်။
'ပထမ မင်းရဲ့ ဘယ်ဘက်လက်က စမယ်၊ လက်ဆစ်ကလေးတွေကို ခွဲပြီး ဆေးသွင်းရမယ်၊ ပြီးမှ ညာလက် ကို လုပ်မယ်'
'ဘာဖြစ် လို့ ဘယ်ဘက်လက်က စတာလဲ'
'မင်းက ညာသန်လေ။ ဒီတော့ ဘယ်ဘက်ကို သန်အောင်လုပ်မျ အားညီသွားမယ်။ ပြီးမှ နှစ်ဖက်စလုံးကို အားဖြည့်ပေးမယ်၊ မင်းလက်သီးချက်ကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်တော့ဘူး'
'ဟုတ်လား'
သူက မီးခြစ်ဘူးကလေး ထုတ်လိုက်တယ်။
'ဒီအထဲမှာ ခြသေ့င်္ ရိုးနဲ့ ကျားသစ်ရိုးပါတယ်။ သိပ်အစွမ်းထက်တဲ့ ဆေးမြစ်တွေလည်း ပါတယ်'
သူက စက္ကူ ထုပ်ကလေး တစ်ထုပ်ကို ဖြေတယ်။ အထဲက ပြာမှုန်လိုလို မည်းမည်းအမှုန်တွေ၊ ပြီးတော့ တစ်မျိုးနဲ့တစ်မျိုး ရောတယ်။
"ဟောဒီ ပစ္စည်းက သိပ်ရှားတယ်။ ပင်လယ်ရေအောက်မှာပဲ ရနိုင်တယ်"
"မင်း ဘယ်လိုလုပ်ပြီးရသလဲ"
"ဒီမယ် ဟေ့ကောင်၊ ငါက သာမန်လူတစ်ယောက် မဟုတ်ဘူး။ ပင်လယ်ရေအောင်က ငါယုလာတာပေါ့ကွ"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ"
"ရေအောက်မှာ ငါ သုံးရက်လုံးလုံး နေနိုင်တယ်သိလား"
မင်းတို့တစ်ရွာလုံးကို ဟောဒီ ပုဝါနဲ့ချည်ပြီး ငါ ထမ်းခေါ်သွားနိုင်တယ်၊ နားလည်လား။ ငါ့ကို မင်းအူကြောင်ကြောင် မလုပ်နဲ့။ ဒီပညာ တတ်ချင်ရင် ငွေတွေ သိန်းချီကုန်တာ။ မင်းမို့ ငါက မဖြစ် စလောက် နဲ့ လုပ်ပေးတာ"
သူ့အိတ်ထဲ နှိုက်တာ ကျွန်တော် မမြင်လိုက်ဘဲ သူ့လက်ထဲမှာ မုတ်ဆိတ်ရိတ်ဓားလေ ရောက်လာ တယ်။ ဘာမှန်းမသိလိုက်ခင် သူက ကျွန်တော့် လက်ကိုဆွဲပြီး ဓားနဲ့ ခွဲချလိုက်ပါတော့တယ်။
"အား"
ကျွန်တော် အလန့်တကြား အော်လိုက်တယ်။
"ဟေ့ ... ငြိမ်ငြိမ်နေကွ၊ မအော်ရဘူး။ အော်ရင် ဆေးမအောင်ဘူး"
"အေးပါကွာ၊ ငါ မအော်တော့ပါဘူး"
ကျွန်တော့် လက်ကလေးတွေ တစ်ချောင်းပြီး တစ်ချောင်း သွေးချင်းချင်း နီးနေပါတော့တယ်။ သွေးစီး ကြောင်းတွေဟာ လက်ဖ၀ါးက တစ်ဆင့် လက်ဖျံတွေ စီးကျနေပါတယ်။ လက်ချောင်းတွေဟာ တစ်ချောင်းပြီး တစ်ချောင်း ပျားတုတ်သလို ခံနေရပါတယ်။ လက်နှစ်ဖက်စလုံး စီရင်ပြီးတော့ သူက သက်ပြင်းချတယ်။ ခုမှ ကိစ္စပြီးတော့တယ်ပေါ့။
"ဟေ့ကောင်၊ ငါ မအော်ဘူးနော်။ ဆေးအောင်မယ် မဟုတ်လား"
"ဒါပေါ့ကွ၊ သိပ်သေချာတာပေါ့"
"ဘယ်တော့လဲ၊ ဘယ်တော့ ငါ ပါဝါတွေ ရမှာလဲ"
ဒီနေရာမှာတော့ သူ ခဏ စဉ်းစားတယ်။
"သုံးရက်တော့ မင်း စောင့်ရမယ်။ အဲဒီတော့မှ ဆေးတန်ခိုးတွေ ပြမှာ။ သွေးကြောတွေထဲ ကို ဆေးပျံ့ သွားပြီ ဆိုရင် မင်းကိုယ်မင်း သိလာလိမ့်မယ်"
"သုံးရက် ဟုတ်လား"
"ကန်းစွန်းဥနဲ့ ကန်စွန်းရွက် မစားရဘူးနော်"
"အေး၊ ငါသတိထားပြီး ရှောင်ပါ့မယ်"
"နောက်ဆုံး အရေးကြီးတာ တစ်ခု ရှိသေးတယ်၊ မင်း ဘယ်သူ့ကိုမှ မပြောရဘူး"
တောထဲကနေ ကျွန်တော်တို့ ပြန်ထွက်လာခဲ့ကြတယ်။ ကျွန်တော့် လက်တွေ ညိုမည်းယောင်ကိုင်း နေပြီ။ ဒါပေမဲ့ ယုံကြည်မှုအပြည့် နဲ့ မို့ အံကို တင်းတင်းကျိတ်ပြီး မနာဘူး၊ မနာရဘူးလို့ စိတ်တင်းထား တယ်။
အဲဒီညမှာ ဘယ်သူနဲ့မှ စကားမပြောဘဲ အခန်းအောင်း နေလိုက်တယ်။ စိတ်ထဲမှာ ကျေနပ်နေတယ်။ ကျွန်တော် လူသန်ကြီး ဖြစ်တော့မယ် ဆိုတဲ့အသိနဲ့ အိပ်ပျော်သွားတယ်။
အင်း သုံးရက်ကြီးနဲ့တောင် စောင့်ရဦးမှာပါလား။ ကိစ္စ မရှိဘူး၊ ကျွန်တော့်တွက် ကိန်းနဲ့ ကျွန်တော် စီစဉ် ပြီးသား။ နွေရာသီ ကျောင်းပိတ်ရက်မို့ အဘိုးအဘွားတွေရှိရာ ဒိုဝါကို သွားနေမယ်။ အဲဒီမှာ ကျွန်တော် အားအင် တွေ ပြည့်ဖြိုးပြီး ဆေးတန်ခိုးတွေ ပြလာလိမ့်မယ်။
သုံးရက်ကို သေမလောက် စောင့်ရတယ်။ အဘွားက ကျွန်တော့်ကို ချစ်ပေမယ့် အလုပ်လုပ်ခိုင်းတယ်။ သူ ကိုယ်တိုင် အုတ်လုပ်တဲ့ အဘွားလေ။
စတုတ္ထနေ့ ရောက်တော့ အိပ်ရာက နိုးတာနဲ့ စိတ်ထဲမှာ ထူးခြားနေတယ်။ ကျွန်တော့် လက်မောင်း ကြွက်သား တွေဟာ ကျောက်တုံးလို မာနေတယ် ထင်ရတယ်။ အပြင်ထွက်လာပြီး ပြေးကြည့်တယ်၊ ပိုမြန်လာ သလား၊ စမ်းကြည့်တာလေ။ မျက်နှာကို လေးတိုးပုံက ခါးတိုင်းနဲ့ မတူသလိုပဲ။
ဦးလေးလုပ်တဲ့ မာဒါက ကျွန်တော့်ကို မြို့နယ်ဘောလုံးပွဲ ခေါ်သွားတယ်။ ဆေးရုံအသင်းနဲ့ စိုက်ပျိုးရေး အသင်း ကစားမယ့်နေလေ။ ဘောလုံးပွဲက လူတွေ ပြည့်ကျပ်နေတယ်။ ထုံးစံအရ အမျိုးသမီးတွေက တစ်ဖက် မှာ သပ်သပ် နေရာယူကြတယ်။ အမျိုးသားတွေက တစ်ဖက်ပေါ့။ အမျိုးသား ပွဲကြည့်စင်ဘက် က ဆေးလိပ်မီးခိုး တွေ တလူလူနဲ့ ဆူညံနေတယ်။
ဆက်ရန်
.

No comments:
Post a Comment