Wednesday, January 26, 2011

ခင်ခင်ထူး ၏ တောဈေး အပိုင်း (၂)

''တော့် ဆန် ကလည်း အရင်ဈေးတစ်ပတ်တုန်းကမှ ရှစ်ရာကို ခုတစ်ပတ် ဘယ့်နှယ် ရှစ်ရာငါးဆယ်တုံး ကိုဂျိုးတူး ရဲ့၊ ချက်ချင်း ငါးဆယ်ခုန်တက်ရောလား၊ ကြည့်လည်း လုပ်ပါဦး''
''ခင်ဗျား တို့က ဂင့်ဂဲဈေးထဲ ဆန်ရောက်အောင် သယ်လာသာကို ကျေးဇူးမတင်ကြဘူး၊ ငါးဆယ် မမြင် ကြနဲ့ဗျား။ ကျုပ်ဖြင့် စရိတ်စက ထောင်းသာနဲ့တင် ဆန်ရောင်းချင်စိတ်ကုန်သယ် အဟုတ်ပြောသာ''
ဈေးတန်းထိပ် က ကျူလယာခေါ်ကြသည့် စုံစီနဖာ ကုန်သေးကုန်နုတ် ဆိုင် မှာလည်း လူတွေ ကြိတ် ကြိတ်တိုး။

အပ်ကအစ သိကြားမင်းနကင်းအထိ တောသုံးရွာသုံး ပစ္စည်းကလေးတွေ စုံအောင်ထားရ တာဆိုတော့ ပစ္စည်းဗူလိနတ်စ တို့လို တွဲလောင်းတွေက ဈေးဝယ်တောင်းနှင့်ပင် မလွတ်ချင်။ တောင်း ညိပါသွားတာ ဖြုတ်ဖို့၊ လူတစ်ယောက်က ဆိုင်ရှေ့မှာ မိုးတိုးမတ်တတ် ရပ်နေရသေး၏။
''င်္နှစ်ထောင် သုံးထောင်ဘိုး ၀ယ်သာတောင် အပ်ချည်တစ်လုံး မေတ္တာလက်ဆောင်မပေးချင်ဘူး''

''အပ်ချည်က အပ်ချည်ဈေးတော်ရေ၊ သူ့ဈေးနဲ့ သူ့ပစ္စည်း ရောင်းနိုင်သဲ့ ဈေးနဲ့ ရပြီးမှပဲ''
သို့သော် ပေးလိုက်ရတာပါပဲ။ လက်ထဲရောက်နှင့်ပြီကိုး။ ဈေးဝယ်ပြီး သည်လိုမေတ္တာလက်ဆောင် တောင်းသူ တွေကို အ၀တ်ချုပ်အပ်ကလေးဖြစ်ဖြစ် ပေးရတာမျိုးကိုလည်း ဈေးသည်က နှမြောလို့မဖြစ် ပါ။ ပေါက်စိမ်း ရွာ ထွက် ထန်းလျက်ပျော့တောင်းကြီးတွေကလည်း ယင်တွေတလောင်းလောင်းဆိုတော့ ဈေးသည် ခမျာ လက်တစ်ဖက်က ယင်ရမ်းရင်း ချိန်ခွင်တစ်ဖက်ချိန်ရသည်။ ပေါက်စိမ်းထန်းလျက် က ဖယောင်း လို အပျော့ကလေးဖြစ်သည်။ သည်ထန်းလျက်ပျော့ကို စဥ့်ခွက်ကလေးထဲထည့်ကာ မြေပဲဆီ မွှေးမွှေး ကလေးဖြင့် စိမ်ကာစားကြသည့်အလေ့ သည်ဘက်ရွာတွေမှာ ရှိကြသည်။

ပေါက်စိမ်းထန်း လျက်က နာမည်ကြီး။ အသားတန်း၊ ငါးတန်းဘက်ကို ကျွန်မ လျှောက်လာခဲ့သည်။ အမဲသား လျှော်တွဲ များ၊ ၀က်သား၊ ကြက်သားသည်များနှင့် မြစ်ငါးသည် တွေ ကလည်း ဈေးနေ့တိုင်း အမြဲရှိသည်။ အသား တွေ ငါးတွေ ကလည်း မလတ်မှာမပူရ။ လောလောလတ်လတ်တွေချည်း။ ကျွန်မတို့ရွာတွေဘက်မှာ ဧည့်သည် ထမင်းကျွေးချင်ပြီဆိုလျှင် ဂင့်ဂဲဈေးပတ် နှင့် ချိန်ညှိပြီး ကျွေးကြရပါသည်။ ဈေးပတ် နှင့် မတိုက် လျှင် ဟင်းစား အရှာရခက် တတ်တော့ ဧည့်သည်ကို ဈေးပတ်မိအောင် တားထားရမလို ဖြစ်နေ တတ်သည်။

နေကလေးရင့်လာတော့ ဈေးကလေးကွဲစပြုလေပြီ။ တောသူတောင်သားတွေဆိုတော့ ရောင်းသူ ကလည်း ၀ီရိယ နှင့် ၀ယ်သူကလည်း ၀ီရိယနှင့်၊ တောအလုပ်ဝင်ကြရဦးမှာ မဟုတ်လား။ ကုန်ကျန်တော့ လည်း ဈေးပေါင်ကျိုး ဖြင့် ပါသမျှကုန် အစွံထုတ်ကြရပြီ။ ရသမျှဈေး နှင့် တွန်းတိုက်ရောင်းချနေသူတွေ လည်း ရှိပါ၏။ ၀ယ်ပြီး သမျှလေး ခေါင်းတစ်တင်ရွက်ကာ ပြန်သူကပြန်ကြပြီ။ ခေါင်းတစ်တင်ဆိုသည်မှာ ခေါင်းပေါ် တင်နိုင်သမျှ ဆင့်တင်ကာ ရွက်ခြင်းကို ခေါ်ခြင်းဖြစ်၏။

တောင်းကြီးပေါ် တောင်းလေးဆင့် တင်ရွက်ကြတာ၊ အိုးဝယ်ပြီး အိုးထဲပစ္စည်း တွေထည့် အိုးသုံးလုံးဆင့် ရွက်ကြတာ မျိုး ကလည်း ဈေးပြန် မြင်ကွင်းဖြစ်သည်။ တချို့ကလည်း လက်ထဲကျန်သမျှ ငွေကလေး ဈေးထဲ ရသမျှ ၀ယ်လိုက်ချင်သေးပုံ ပေါ်သည်။ ဟိုဟာ ၀ယ်ရကောင်းနိုးနိုး၊ သည်ဟာ ၀ယ်ရကောင်းနိုးနိုး ဈေးထဲ တယောင် လည်လည် ပတ်နေကြသူတွေ။ ဈေးနေ့ကြုံခိုက် အသုံးတည့်တာလေး ကျန်ခဲ့မှာ စိုးကြသည်။

ဂတ်စ်မီးခြစ် ဂတ်စ်ဖြည့်သည့်သူတွေကလည်း လက်မလည်ပါ။ ဂတ်စ်မီးခြစ်ကလည်း ၀ယ်ပြီးကတည်း က အကြိမ်ပေါင်း များစွာ ဂတ်စ်ထည့်သုံးတာဆိုတော့ ကချိုးကချောင်။ ဈေးတစ်ပတ်မှာ တစ်ခါ ဓာတ်အား သွင်းကြ ရသော ဘတ်ထရီဆိုင်ကလေးရှေ့မှာတော့ အရွာရွာက ဘတ်ထရီအိုးဟောင်း တွေ တင်းကြမ်း။ ဘတ်ထရီအိုး က ကျေးရွာတွေမှာ မရှိမဖြစ်ပစ္စည်းဖြစ်သည်။ ဇာတ်ထုပ်၊ သီချင်းနားထောင် ရသည်။ နဖားပွင့် သေးသေး မီလုံးကလေး တွေ ထွန်းကြရသည်။ အဟောင်းအပ်၊ အသစ်ရွေး၊ နှစ်လုံး လောက်ရှိမှ လက် လည်သည်။ လေးရက် တစ်ခါ ချွေချွေတာတာသုံရသော ဓာတ်အိုးမည်းမည်းတွေက ဆိုင်ခန်းထဲမှာ ခြေချ စရာ မရှိအောင် မွစာတက်နေသည်။

“သည် ၀ါးထမ်းပိုးထမ်းနဲ့ တစ်ထမ်းဆိုရင် ဘတ်ထလီအိုးက အလုံးနှစ်ဆယ် အစိတ်ပါသယ်၊ မနက်ဖြန် ဈေးနေ့ ဆိုရင် ကျုပ်က သည်နေ့လို ညနေ အိမ်ပေါက်စေ့ ဘတ်ထလီအိုးလည်စု၊ မနက်ဈေးထမ်းပို့၊ အရင် တစ်ပတ် က သွင်းထားသဲ့ အိုးတွေပြန်ထမ်းလာ၊ ရွာထဲက အိမ်တွေလည်ပို့၊ ကျုပ်ရသာ တစ်အိုး နှစ်ရာ၊ ဘတ်ထလီ သွင်းခ က တစ်အိုးတစ်ရာဆိုတော့ ကျုပ်အတွက် တစ်အိုးပေါ်မှာ တစ်ရာကျန်သယ်”

ကွမ်းချိုးတွေ တက်နေသော သွားမည်းမည်းကြီးတွေပေါ်အောင် အားရပါးရကြီးပြောနေသော ဘကြီးက သူ့မြေး သန်သန်နှစ်ယောက် ထမ်းသွားသော ဘတ်ထရီအိုးတွေကိုပြရင် ကျွန်မကို ပြောခြင်းဖြစ်၏။ သည်ခေတ် ကျေးတောရွာ တွေ မှာ ရေနံဆီမီးခွက် အလင်းမှိတ်တုတ်ကလေးတွေနှင့် မဟုတ်ကြတော့ပါ။ ဘတ်ထရီ မီးသီးကလေး တွေ ဖြာနေကြပြီ။ အချိန်ပြည့် ထွန်းကြတာတော့မဟုတ်။ ညဘက် စကား ကောင်းသူ က ကောင်းကြတုံး ဘတ်ထရီကလစ် ဖြုတ်ချင်သူက ငေါက်တော့သည်။

“ကဲ... ကဲ ညည်းတို့ ပစိပစပ်တွေ ပြီးပလား၊ ပြီးရင် ဘတ်ထရီကလစ်ဖြုတ်လိုက်တော့မယ်။ ဈေးပတ် ကျမှ အားသွင်းရမှာအေ့၊ အားကုန်သွားလို့ မဖြစ်ဘူး”
မြို့က ဧည့်သည်ဖြစ်သော ကျွန်မတို့မှာ အိပ်ရာခင်းစရာရှိတာ ကပျာကသီခင်းကြရသည်။ ပြီးလျှင်တော့ ကြီးတော် က ဘယ့်သူမှ အားမနာပါ။ ဘတ်ထရီကလစ် ဖြုတ်လိုက်သည်။ သည်တော့လည်း ကျွန်မတို့ မှာ အမှောင်ထဲ ငုတ်တုတ်ထိုင်ကာ စကားပြောကြရသည်။ အရေးအကြောင်း တစ်စုံတစ်ရာ ရှိလာလျှင် တော့ ဘက်ထရီကလစ် ပြန်တပ်။ သည်လိုနှင့် လေးညပြည့်တော့ ဘက်ထရီမီးရောင်က ကျချင်ပြီ။ ကက်ဆက်က အသံ အီချင်ပြီ။ သည်တော့ ဈေးပတ်နေ့အကြိုညမှာ သွားပို့ထားရသည်။ ဘတ်ထရီပြည့် လာသည့် နေ့ ကတော့ တစ်ရွာလုံး ကက်ဆက်သံ ညံလေတော့သည်။

“ပြန်ကြစို့အေ နေမြင့်ရင် ပူသယ်”
ဈေးကလေးထိပ်က လှည့်ချွတ်သည့်ကွင်းမှာ ဈေးပြန်လှည်းတွေက ကုန်တွေနင့်နေအောင် တင်ထား ကြပြီ။ စဥ့်အိုးစဥ့်ခွက်တွေ၊ မြေသောက်ရေအိုးကြီးတွေ၊ တောင်းပလုံး၊ ဆန်ကော ဆန်ကာတွေ၊ အိတ် တွေ၊ တောင်းတွေ တင်းနေအောင် တင်ထားသော လှည်းတွေကတော့ အဝေးရွာတွေက ဖြစ်လိမ့်မည်။ ဈေး ရက်တိုင်း မှန်မှန်မလာနိုင်ကြသူတွေကတော့ ဈေးလိုက်ရသခိုက် စုံအောင်စေ့အောင် ၀ယ်ကြရခြင်း ဖြစ်ပါ၏။ လှည်း တွေက အရပ်အသီးသီး ကို အီသံပေးကာ ထွက်ခွာကြလေပြီ။

“ဟော... မမှတ်ကြီးတို့လှည်းပါလား၊ များလှချည်လားတော့်”
“များဆို လာသခိုက် ၀ယ်ရသာကိုအေ့၊ ငတို့ရွာက ဈေးဝေးသယ်ဟဲ့၊ မရှိလည်း ရှာပြီး ၀ယ်ခြမ်းထားရ သယ်၊ ဈေးလိုက် ရသာ ကလည်း ပြောသာပြောသာ နေ့ဝက်ကျိုး ကရောပဲ၊ တောအလုပ်တစ်ဖက်နဲ့ ဈေး ပတ်တိုင်း လည်း မလိုက်နိုင်ပေါင်အေ။ လူကြုံမှာတွေလည်း ပါသေးသာ အေရဲ့။ ကိုယ့်တုံးကလည်း သည်လိုမှာ ရသာကိုး”

ကိုယ်မလိုက်နိုင်လျှင် လူကြုံမှာတတ်ကြတာကလည်း အလေ့မဟုတ်လား။ မှာသူက မှာကြသလို ၀ယ် သူ ကလည်း တင်စီးလေခြင်း မမြင်ကြပါ။ ဆောင်ကြဉ်းပေးတတ်ကြသည်ချည်း ဖြစ်၏။ တောသူတောင် သားများ ပီပီ ၀တ်စရာမရှိလို့ အစုတ်နှင့်ထိုင်နေချင်နေကြလိမ့်မည်။ အိမ်မီးဖိုချောင်မှာတော့ နေ့ဖို့ညစာ စုဆောင်းထားတတ်ကြမြဲ။ ဧည့်သည်သောင်သည်လာလို့ မရှိမဖြစ်စေရ။ တောဈေးကလေးဆိုသော် လည်း ဆန် အိတ်လိုက်၊ ဆီပုံးလိုက် ရောင်းကြချကြ ၀ယ်ကြခြမ်းကြရှိကြသည်။ တချို့ကလည်း ရွာအိမ် ဆိုင်ကလေး တွေမှာ ပြန်ရောင်းဖို့ဖြစ်သည်။

“ကိုယ့်အိမ်က ဇလားထဲ အိုးထဲ ဆန်နဲ့ဆီ ပြည့်စုံနေမှ ဆေးတစ်လိပ် စိတ်ချလက်ချ ထိုင်သောက်နိုင်ပါ သာပါတော၊ နို့မို့ဖြင့် မနေတတ်ချက်တော့”
ကျေးလက်အိမ် တွေမှာ တောင်သူသုံးပစ္စည်း ပြည့်ပြည့်စုံစုံနှင့် မီးဖိုချောင်ရိက္ခာ တင်းတောင့်နေမှ သောင်သာ သူ ဟု ဆိုတတ်ကြသည်။ အိမ်မှာ မပြည့်မစုံသည့်ကြားက ၀တ်ကောင်းစားလှ တရွရွရှိတတ် ကြသူတွေ မဟုတ်။ စားနိုင်မှ လုပ်နိုင်မည်။ လုပ်နိုင်မှ စားကြရမှာ မဟုတ်လား။ စားဖို့လုပ်၊ လုပ်ဖို့စား။ သည့်ထက် မပိုရှာကြပါ။

ဈေးကလေးထဲမှာ ခင်းကျင်းရောင်းချသမျှ စားကုန်သောက်ကုန်တွေကတော့ ဈေးတစ်ပတ် တစ်ခါ ပါသမျှ အရောင်း သွက်သော်လည်း အထည်ဆိုင်တွေကတော့ ပုံမှန်လောက်တောင် အရောင်းမသွက် ချင်ကြ။ သည်ကြား ထဲ ပွဲကလေး လမ်းကလေး ရှိလျှင်တော့ ကတ်ကြေးလက်မချရောင်းကြပေရော့။ ပဲပေး၊ နှမ်းပေး၊ ကြက်သွန်ပေး၊ အကြွေ နှင့်လည်း ကင်းလို့မရ။

ဈေးထဲက ကျွန်မတို့ ထွက်လာတော့ ရွာပြန်လမ်းတွေပေါ်မှာ ဈေးပြန်ကြသူတို့ ဘုရားပွဲပြန်ကြသလို တဟိုဟို တဟေးဟေး။ ခေါင်းပေါ်မှာ အချိန်တစ်ဆယ်ဝင် တောင်းကြီးတွေ ရွက်ကာ သုတ်သုတ်ပါ အောင် ပြန်ကြသူ တွေချည်း။ ခေါင်းပေါ်က အလေးချိန်နှင့် ခြေလှမ်းချိန် ကိုက်ထားသလား မှတ်ရသည်။ မသုတ်လို့ကလည်း မဖြစ်။ အိမ်မှာ လုပ်စရာတွေ ပြည့်လို့။ မနက်က ခေါက်ဆွဲသုတ်ကလေးပင် နံကြိုနံကြား ညပ်ကုန်ကြပြီ ထင်ပါ၏။

နေက မြင့်သထက် မြင့်လာပြီ။ သဲကုန်းပေါ်က ဈေးကလေးပင် အပူငွေ့တွေ ဖုန်ငွေ့တွေ လှိုင်လှိုင်ထ လို့လာပြီ။ ဈေးတစ်ပတ်လည်အောင် လေးရက်စောင့်ကြရဦးမည်။

ပြီးပါပြီ
.

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

တောဈေးလေး သဘောတကျလာဖတ်သွားတယ် အစ်မရေ။
တောဓလေ့ကို နှစ်သက်သဘောကျသူမို့ ဖတ်ရတာလဲ သဘောကျမိတယ်

ချမ်းလင်းနေ said...

ဆရာမ ခင်ခင်ထူး ဆိုတော့ ကြိုက်ပြီးသားဗျ။