Monday, January 17, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁)

ဖြစ်ရပ်မှန်
လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီးကိုလှမ်းခဲ့တယ်
ဘာသာပြန် - တင်မောင်မြင့်

ထုတ်ဝေသူ၏အမှာစာ

ငွေကြေးအင်အားနှင့် ပစ္စည်းကိရိယာစသည်တို့ ပေါကြွယ်သော ဖွံ့ဖြိုးပြီး နိုင်ငံကြီ်းအချို့ရှိ ဆယ်ကျော်သက် ရွယ် ကျောင်းသားလူငယ်အချို့၏ အရွယ်နှင့် မလိုက်သော စွန့်ဦးတီတွင်မှုများကို ကြားရသောအခါ ၀မ်းသာ ချီးမွမ်း ကြရသည်။ ဖွံဖြိုးပြီးတို့ကဲ့သို့ ပေါကြွယ်မှုမရှိသော ဖွံဖြိုးဆဲနိုင်ငံများမှ ဆယ်ကျော်သက်တို့၏ တီတွင်မှု များ အပေါ်တွင်မူ ၀မ်းသာချီးမွမ်းကြရုံတင်မက ချို့ငဲ့သည့်ကြရုံတင်မက ချို့ငဲ့သည့်ကြားမှ ထွင်နိုင်စွမ်း ရှိသည့် အပေါ် အံ့သြခြင်းများပါ ဖြစ်ကြရသည်။

ဤစာအုပ်ဇာတ်လိုက် ဖြစ်သော ၀ီလျံကွမ်ဘာ ၏ အကြောင်းကို ဖတ်ရလျှင်မူ ချီးမွမ်း အံ့သြရုံတင်မဟုတ်၊ ရှာမှ ရှားသော အာဂလူငယ်ကလေးပါတကားဟု ရင်သတ်ရှုမော ဖြစ်ကြရပါလိမ့်မည်။ လွဲမှားသော စီမံ အုပ်ချုပ်မှု၊ မဆင်မခြင် သစ်တော ခုတ်လှဲခြင်း၏ အကျိုးဆက်ဖြစ်သော ဆင်းရဲငတ်မွတ်မှု စသည့် တို့ကြောင့် ကပ်ဘေး နှင့် ကြုံခဲ့ရသော အာဖရိကတိုက် မာလာဝီနိုင်ငံသား ၀ီလျံကွမ်ဘာ သည် ကျောင်းလခ မပေးနိုင်၍ ကျောင်း မှ ထွက်ခဲ့ရသော်လည်း ကျေးရွာ စာကြည့်တိုက်မှ စာအုပ်များကို ဖတ်ရှု၍ လေရဟတ် တည်ဆောက်ကာ လျှပ်စစ်ဓါတ်အားထုတ်ယူပြီး ရွာကိုလင်းထိန် စေသောအချိန်တွင် သူ၏အသက်မှာ၁၄ နှစ် သာ ရှိသေးသည်။

ကျွန်တော်သည် အာဂချာတိတ်ကလေး ၀ီလျံကမ်ကွန်ဘာ ၏ အကြောင်း ကို ဆောင်းပါးရေး၍ မဂ္ဂဇင်း တစ်စောင် တွင် ဖော်ပြခဲ့ဖူးသည်။ သူ့အကြောင်းကိုအကျယ်သိလိုလှသည်နှင့် ဆက်လက်ရှာဖွေရာ The Boy who Harnessed the Wind အမည် နှင့် စာအုပ် ထုတ်ဝေထားကြောင်း သိရသည်။ ယင်းစာအုပ် ကို စင်ကာပူ စာအုပ်ဆိုင်ကြီးများတွင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ရှာသော်လည်း မတွေ့သဖြင့် amazon.com အွန်လိုင်း စာအုပ် မှ မှာယူကာ ဖတ်ရှုရသည်။

လက်ထဲ သို့ စာအုပ် ရောက်ရောက်ချင်း အစပိုင်း နှစ်ခန်း မျှ မြည်းကြည့်ပြီးသည့်နောက် အထူးနှစ်သက်လှ၍ လူငယ်များ ကို အမြန်ဆုံး မျှဝေ အသိပေးလိုလှရကား ပြီးစီးအောင်ပင် မဖတ်တော့ဘဲ ဆရာဦးတင်မောင်မြင့် ထံသို့ ဘာသာပြန်ပေးပါရန် မေတ္တာရပ်ခံ တိုက်တွန်းချက်ဖြင့် ပို့ပေးလိုက်သည်။ ဆရာ ကလည်း ယင်းစာအုပ်ကို ဖတ်ပြီး သဘောကျလှသဖြင့် အားသွန်ခွန်စိုက် ပြန်ဆိုပေးမှု ကြေင့် ဤစာအုပ် ဖြစ်ပေါ်လာပါသည်။ မြန်မာပရိသတ် လက်သို့ စာအုပ်ကောင်းတစ်အုပ် အဖြစ် ပေးအပ်နိုင်ရန် မူရင်းစာအုပ် တွင် မပါသော မြေပုံနှင့် ဓာတ်ပုံများကိုပါ ကြိုးစား ရှာဖွေ ဖော်ပြ ထားပါသည်။

မာလာဝီ နိုင်ငံသား ဆယ်ကျော်သက်ကလေး ၏ စွမ်းရည်ကို ဖော်ကျူးသော ဤစာအုပ် သည် မြန်မာ စာဖတ်ပရိသတ် နှင့် သဘာဝပတ်ဝန်းကျင် ကို ချစ်မြတ်နိုးသူများအတွက် သုတ ရသ နှစ်ထွေကို ပေးစွမ်းမည့် အပြင် အခက်အခဲများ ကို ကျော်လွှား၍ စွန့်ဦး တီထွင်လိုသူ အာဂ မြန်မာလူငယ်များ ပေါ်ထွန်းလာရေး ၌ အထောက်အကူ ဖြစ်မည်ဟု ယုံကြည်ပါသည်။
ကျော်ဦး
ပါရမီစာပေ
နိဒါန်း

အားလုံး ပြင်ဆင်ပြီးပြီ။ ဒီတော့ ကျွန်တော်အနေ နဲ့ ဒီခြေအနေကို စောင့်ကြည့်ဖို့ပဲ ရှိတော့တယ်လေ။ ပင်ပန်းလွန်း လှပါပြီ။ ကျွန်တော့် လက်မောင်းကြွက်သားတွေ နာကျင်ကိုက်ခဲနေပြီ။ လက်အံတွေ သေနေပြီ။ ဒါပေမယ့် ကျွန်တော်အလုပ် ပြီးသွားပြီ။ စက်ပစ္စည်းအစိတ်အပိုင်းတွေကို တုတ်ချောင်းတွေနဲ့ သေသေချာချာ ပိုင်ပိုင် နိုင်နိုင် စွဲထားပြီးပြီ။ ကျွန်တော် ဆောက်ခဲ့တဲ့လေရဟတ်မျှော်စင် စတီးချောင်း အတွန့်အလိမ်တွေ ၊ ပလတ်စတစ် ပန်ကာ ရွက်ကြီး တွေ အောက်မှာ မလှုပ်မယှက် ငြိမ်သက်နေပါတယ်။ ကြည့်ကြစမ်းပါ။ ကျွန်တော် အိပ်မက် တွေ တကယ်ဖြစ်လာတဲ့ လေရဟတ်မျှော်စင် လေ။

ကျွန်တော် ဆင်တဲ့စက် လည်ပတ်တော့မယ့်အကြောင်း ရွာနီးချုပ်စပ်တွေဆီကို သတင်း ပျံ့လွင့် သွား ပါတယ်။ လူတွေ တဖွဲဖွဲ ရောက်လာပါတယ်။ ရွာကို ရောက်လာ တဲ့ ဈေးသည်တွေကို သူတို့ရောင်းကုန် ပစ္စည်းကလေး တွေကို ထုပ်ပိုးပြီး လာကြည့်ကြပါတယ်။ ကားသမားတွေကလည်း သူတို့ကားတွေ ကို လမ်းပေါ် ရပ်ခဲ့ပြီး လေရဟတ် ကို လာကြည့်ပါတယ်။

သူတို့အားလုံး တောင်ကြားလမ်း အတိုင်း လျှောက်လာခဲ့ကြရတာပါ။ သစ်ပင်ရိပ်တစ်ခုမှာ စုဝေးပြီး သူတို့ တစ်တွေ တီးတိုးတီးတိုး သဖန်းပိုး လုပ်နေကြပါတယ်။ သည်မျက်နှာတွေကို ကျွန်တော် မြင်ဖူးတာပေါ့။ လပေါင်း များစွာ ကျွန်တော် ကို သရော်လှောင်ပြောင်ခဲ့ကြတဲ့ မျက်နှာတွေ။ ခုအချိန်ထိ သူတို့ ကျိတ်ရယ် နေကြတုံး။ သို့သော် လူတွေက ထပ်ရောက်လာနေဆဲ။ အင်းအချိန်ရောက်ပြီပေါ့။
ဘယ်ဘက်လက် က ၀ါယာကြိုးပတ်ထားတဲ့ ကျူပင်လေးကို ကိုင်ပြီး မျှော်စင် ပထမ လှေကားထစ်ကို ကျွန်တော် တက်လိုက်တယ်။ သစ်သားချောင်း က ကျွန်တော့်ကိုယ်အလေးချိန်ကြောင့် ကျိုးကျိုးကျွတ်ကျွတ် မြည်သွားတော့ လူတွေ အသံတိတ်သွားတယ်။ ကျွန်တော် တစ်ထစ်ချင်း ခပ်ဖြည်းဖြည်း တက်လာခဲ့တယ်။

စိတ်ချ လက်ချ နဲ့၊ ယုံကြည်မှု အပြည့်နဲ့ပေါ့။ အပေါ်ရောက်တော့ လက်ရာခပ်ြကမ်းကြမ်း လုပ်ထားတဲ့ စက်နဲ့ မျက်နှာချင်း ဆိုင်လိုက်တယ်။ စက်ရဲ့ ပလတ်စတစ် လက်တန်းတွေက မီးလောင်ထားလို့ ညိုမည်းနေတယ်။ သံထည် ပစ္စည်း တွေကို ဘုတ်ချောင်းတွေနဲ့ စုတ်ပြီး တချို့တော့ သံဂဟေ ဆော်ထားတယ်။ ဆေးသုတ် ထားပေမယ့် အောက် က သံချေးမပြောင်တော့ ဘယ်ဆေးစွဲ မလဲ။ အကွက်တွေ ထလို့ပေါ့။ ဒါပေမယ့် ကျွန်တော့် လေရဟတ်မျှော်စင်ဟာ ယာခင်းစိမ်းစိမ်းတွေနဲ့ နောက်ခံတောင်တန်းညို့ညို့မှာ ကျက်သရေ ရှိနေတယ်လို့ ကျွန်တော်ထင်တယ်။

မျှော်စင်နဲ့ မျှော်စင်ပေါ်က စက်ကိရိယာပစ္စည်းတစ်ခုတိုင်းမှာ ဇာတ်လမ်းကိုယ်စီရှိကြပါတယ်။ အဲဒီ ဇာတ်လမ်း ကလေးတွေ ကို သူတို့က ကျွန်တော့်ကို တီးတိုးပြောပြ နေကြသလိုပဲ။ ဒီပစ္စည်းကလေးတွေက ပျောက်ဆုံး သွားလိုက်၊ ပြန်တွေ့လိုက်နဲ့ပဲ။ သူတို့တစ်ခုခုစီမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ထိတ်လန့် တုန်လှုပ်စရာ တွေလည်းပါရဲ့။ နောက်ဆုံးတော့ အားလုံးစုစည်းမိကြပြီ။ ဒါတွေအားလုံး ပေါင်းစပ် လိုက်တဲ့ အခါ စက်တစ်လုံး အသစ်တဖန် ပြန်လည်မွေးဖွားလာခြင်းမျိုး ဖြစ်လာခဲ့တယ်။

စက်ထဲ က ထွက်ကျနေတဲ့ ကြိုးစကလေး နှစ်ပင်ဟာ လေအဝေ့မှာ လှုပ်ရှားဆော့ကစားနေကြတယ်။ သည်နှစ်ပင် ကို ကျွန်တော်လက်ထဲ က နှစ်ပင်နဲ့တစ်စစီ ပူးချည်လိုက်တယ်။ ကျွန်တော် အမြဲတမ်း စိတ်ကူးယဉ် ခဲ့တဲ့ အဆင့် ကို ရောက်ခဲ့ပါပြီ။ ဟိုးအောက်ဘက်ဆီမှာတော့ လူတွေ ကျွတ်စီ ကျွှတ်စီနဲ့ပေါ့။
တစ်ယောက် ရဲ့ ပြောသံ ကို ကျွန်တော်အပေါ်က ကြားလိုက်တယ်။

''ဟေ့---တိတ်တိတ်နေကြပါ။ ဒီကောင်လေး ဘယ်အထိ အရူးထမလဲ စောင့်ကြည့်ကြစမ်း''
လေကပြင်းတော့ ကျွန်တော်ဝတ်ထားတဲ့ တီရှပ် တဖျတ်ဖျတ် လှုပ်ခါသွားတယ်။ မျှော်စင်ရဲ့ လှေကားဆန် တွေကို လေတိုးတဲ့ အသံ က လေချွန်သံ ပေါက်လာသည်။
အပေါ်ဆုံး အထစ်အထိ ကျွန်တော် ဆက်တက်လာခဲ့ပြီး လေရဟတ် ဘီးနဲ့ သံစင် ပေါင်ကို တွဲဖမ်းထားတဲ့ ကြိုးကို ဖြေပေးလိုက်တယ် ဟော့ချက်ချင်း လေရဟတ်ဘီး စလည်ပြီ။ ပထမတော့ တစ်ပတ်ချင်း။ နောက် တဖြည်းဖြည်း မြန်လာတယ်။ အရှိန်ပြင်းလာတော့ မျှော်စင် သိမ့်သိမ့်တုန်လာတယ် ။ကျွန်တော်ဒူးတွေပါ တုန်လာပြီ။ဒါပေမယ့် ကျွန်တော် မြဲမြဲ ကိုင်ထားတယ်။

ဘုရား ဘုရား၊ လူပုံအလယ်မှာ ကျွန်တော် အရှက်မကွဲပါရစေနဲ့။ လက်ထဲက ဆိုင်းကြိုးကို တင်းတင်းဆုပ်ပြီး ကျွန်တော် စက်ကလေး တန်ခိုးပြချိန် ကို ရင်တမမ စောင့်ကြည့်နေတယ်။
ဟိုက်  လာပြီ၊ ဟောဒီမှာ ကျွန်တော်လက်ဝါးထဲမှာ အလင်းရောင်ကလေး လက်လာတယ်။ ပထမတော့ မှိန်မှိန် ကလေး ။ ခဏနေတော့ လင်းထိန်လာတယ်။
အောက်က လူတွေ ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။ တချိုတော့ ကြက်သီးမွေးညင်း ထနေကြတယ်။ ကလေး တွေ ရှေ့တိုးလာကြတယ်။

''ဟာ တကယ်ပါလား''
တစ်ယောက်ရဲ့ အသံ။
''ဟုတ်တယ်ဟေ့ ကောင်လေး ပြောတဲ့အတိုင်း ပါလား''နောက်တစ်ယောက်ရဲ့ ထောက်ခံသံ။

ဆက်ရန်
.

4 comments:

မေဓာဝီ said...

ဒီတခါတော့ ၁ ကစဖတ်မယ်လို့ စိတ်ကူးထားတယ် အမကြီးရေ .. ။ ခါတိုင်းဆို အပိုင်းအများကြီး ရောက်ရောက်သွားတော့ ပြန်မဖတ်ဖြစ်တော့ဘူး။
ဘာသာပြန်ဆိုရင် မြန်မာဝတ္ထုလောက် မစွဲလမ်းတာ။ မူရင်းကျတော့လဲ အင်္ဂလိပ်လိုတွေမို့ ဖတ်ရတာ ပျင်းပြန်ရော ... ခုတော့ ကြိုးစားဖတ်နေပါ၏။ :)

ahphyulay said...

အင်း...
သူ့ ရဲ့ တီထွင်မှုက ခလေးတစ်ယောက်ကို
မွေးဖွားလိုက်သလို၊ အုန်းသီးတစ်ပုဒ်ကို
ရေးပြီးတင်လိုက်မိတဲ့  ဘလော့ ဂါတစ်ယောက်ရဲ့ 
ခံစားမှုလိုမျိုးပါ.. လို့ ဆိုရင် လွန်မယ်မထင်ပါဘူး
မမရွှီစင်ရေ့ ...၊
လိုရင်းကတော့  ရင်ခုန်စွာနဲ့  တုန့် ပြန်မှုတွေကို
မျှော်လင့် နေမိတယ်ပေါ့ ဗျာ..။

ခင်တဲ့ 
အဖြေးလူ

vivi said...

ကောင်းခန်းရောက်မှ ရပ်သွားသလိုပဲ။ အင်တင်တင်ကြီး ကျန်ခဲ့တယ်။ ဆက်လက်စောင့်မျှော်နေပါသည်။ :P

ချော(အစိမ်းရောင်လွင်ပြင်) said...

အားမရဘူး
တိုလိုက်တာ ဟွန့်
ညီမက တင်မောင်မြင့် ဘာသာပြန်တွေကြိုက်တယ်..
အဲဒါလေးတွေကိုတော့အားလုံး ဖတ်နိုင်အောင် ကြိုးစားတယ်..
ဒါလေးလဲ လာလာဖတ်မယ်