၁၃
ဗိုလ်ကျော်ရှိန်ပြန်လာပြီ
ဗိုလ်ကျော်ရှိန်ပြန်လာပြီ
မိုးကျသောအခါ အဘနှင့်တကွ ရွာသားအားလုံး လယ်ထွန်ကြပြန်သည်။
ခါတိုင်း ၌ မိုးကျသောအခါသည် အလွန် ပျော်စရာကောင်းသည်။
ပက်ကြားအက်သော လယ်တို့၌ ရေ၀ါဝါတို့ ထင်နေသည်။ ဖားလတက် များကလည်း အော် ကြသည်။ ငွေဗျိုင်းဖြူ တို့လည်း ပျံလာကြ၏။
စိမ်းနုသော မြက်ခင်းတို့ လယ်ကန်သင်းများထက်၌ ဖုံးလွှမ်းသည့် နည်းတူ ပျိုးခင်း၌ စပါးပင် စီစီရီရီ ညီညီ ညာညာ မြကမ္ဗလာ ခင်းသည်သို့ ရှိနေ၏။
ထိုအခါမျိုးတွင် ကျွန်တော့်ရွာပတ်ဝန်းကျင်မှာ စိမ်းစိုနေသည်။ လယ်ကွင်းတို့ စိမ်းစိုသကဲ့သို့ အင်တိုင်းတော သည်လည်း စိမ်းစိုသည်။ ဤအစိမ်းတို့ထက် ပို၍ မှိုင်းကာ ရိုးကလေးသည် လည်း နက်နက်စိမ်းနေ၏။
မိုးကျသော် ကျွန်တော့်မြေသည် အလွန်စိမ်းပါသည်။
ပျိုးပင် တို့ကို နှုတ်၍ ကောက်စိုက်ပြီးစအချိန်၌ လယ်တောတွင် ပုစွန်လုံးတို့လည်း အတော် ကြီးကုန်ကြပြီ။
အဘ တို့က ပုစွန်လုံးပေါက်စလေးများ ပျိုးပင်ပျို တို့ကို လက်မ ယား၍ ကိုက်ဖြတ်ကြသည်ကို လိုက်လံ နှိမ်နင်း ခိုက် ကျွန်တော် တို့က ပုစွန်လုံးကြီး များ ဖမ်းကြသည်။
ပုစွန်လုံး ဖမ်းရသည်မှာ နည်းမသိလျှင် မလွယ်ပါ။ တွင်းမှ ဝေးသွားသော ပုစွန်လုံး ကို နောက်ကျောဘက်မှ လက်ညိုး၊ လက်မခွ၍ ဖမ်းသော် အလွန်မိလွယ်သည်။ မိသော ပုစွန် လုံး၏ လက်ချောင်းအသေးတစ်ခုမှ လက်သည်း ကို ချိုး၍ လက်မကြီးကြား သို့ စိုက်လိုက်ပါ။ ဤသည်ကို လက်ထိပ်ခတ်သည်ဟု ကျွန်တော်တို့ ခေါ်ကြသည်။ အကြောင်းမှာ လက်မကြီး အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်၏။
တွင်းဝ တွင် တစ်လစ်လုပ်နေသော ပုစွန်လုံးကိုဖမ်းရန်မူ ၀ါးခြမ်းပြားတစ်ခု လိုသည်။ တွင်းဝ၌ ပုစွန်လုံး တွေ့သည်နှင့် တစ်ပြိုင်နက် ၀ါးခြမ်းပြား ကို တွင်းအောက်ခပ်နက်နက် ၌ ဖြစ်စေအောင် ဘေးမှထိုးရသည်။ လူမြင် ၍ ပုစွန်လုံး တွင်းထဲသို့ ဆင်းပြေးသောအခါ လမ်း၌ ၀ါးခြမ်းပြား ကန့်လန့်ခံနေ၍ ပုစွန်လုံး ခရီးမဆက် နိုင်တော့။ ထိုအခါ ပုစွန်လုံး ကျွန်တော် တို့ လက်ထဲရောက်သည်။
ပုစွန်လုံး ကို မီးဖုတ်လျှင်လည်း အရသာရှိသည်။ ငရုတ်၊ ကြက်သွန်နှင့်လူး၍ ဆီပြန်ချက်စား လျှင်လည်း ကောင်းသည်။
ပုစွန်လုံး အပြင် အလွန်အခုန်အပျံကောင်းသော စားဖားတို့လည်း မိုး၌ပေါ်၏။ စားဖားအစိမ်း ကို မွှေစားလျှင် ငါးဖတ်မွှေ ကဲ့သို့ အရသာရှိသည်။ ကင်ပြီး မှ ချက်စားသော် ကြွက်ကင်၊ ပုတက်ကင်ကဲ့သို့ပင် အရသာ ရှိသည်။
ကျွန်တော် တို့ ကလေးတစ်သိုက်မှာ ပုစွန်လုံးရိုက်၊ ဖားရိုက်နှင့် ပျော်မြဲပျော်ကြသည်။ သို့ရာတွင် လူကြီးများ မှာမူ ရန်မအေး။
ဂျပန် သည် အချိန်မရွေးလာ၍ နွားသိမ်းသည်။ လယ်ထွန်ဆဲ နွားကိုပင်မရှောင်။ ထိုအခါ ဂျပန်ဟုကြားလျှင် နွား တို့ကို ထွန်မှဖြုတ်၍ တောအတွင်းသို့ မောင်းပို့ကြရသည်။ ဂျပန်ပြည်မှ နွားတို့ကို ပြန်ရှာ၍ ထွန်ကြ ရပြန်သည်။ နောက်တစ်ခါ ဂျပန်လာသည်ကြားလျှင် နွားတို့ကို တောတွင်းမောင်းထုတ် ရပြန်သည်။ ထို့နောက် ပြန်ရှာ ၍ ထွန်ကြရပြန်သည်။
တစ်နေ့ တွင် ဂျပန်လာပြီးနောက် ကျွန်တော်သည် အဘနှင့်အတူ တောတွင်းလွှတ်ထားသော နွားတို့ကို လိုက်ရှာ ၏။ အတန်ကြာရှာမိသည်အထိ နွားတို့၏ အရိပ်အယောင်မတွေ့။
အင်တိုင်းတွင်း ၌ မိုးကျ ၍ ကိုင်းမြက် တို့လည်း ရှည်နေသည်။ ကိုင်းမြက်ထူသော် ကျား လာတတ်၏။
တထိတ်ထိတ်နှင့် အဘကိုလမ်းခွဲ၍ ကျွန်တော်သည် အင်တိုင်းစပ်ကိုင်းတောကြားမှ လှုပ် လှုပ်လှုပ်လှု့် သတ္တ၀ါ တစ်ကောင်ကို မြင်ရသည်။ ပထမသော် ကျားမှတ်၍ ကျွန်တော် လန့်ဖျပ်သွား၏။ သို့ရာတွင် ကျား ဆိုသည် မှာ လူကငြိမ် လျှင် မကိုက်ဟုကြားသဖြင့် ကျွန်တော် မလှုပ်ဘဲရပ်နေသည်။
ကိုင်းတော ထဲက ထွက်လာသော သတ္တ၀ါမှာ ကျားမဟုတ် မျောက်ကြီး တစ်ကောင် ဖြစ်သည်။ လူလောက်ကြီး သော မျောက်ကြီးတည်း။
" အဘရေ ... လာပါဗျ။ ဟောဒီမှာ မျောက်ကြီး ... "
ကျွန်တော် က ထိတ်လန့်တကြား အော်သည်။ သို့ရာတွင် ကျွန်တော့်ထက် မျောက်ကြီးက ပိုထိတ်လန့် သွားဟန် ရှိသည်။ သူသည် ကိုင်းတောတွင်း လှည့် ပြန်မည် လုပ်၏။ သို့ရာတွင် ချက်ချင်းပင် ဘာစိတ်ကူး ရသည် မသိ ရပ်လိုက်ပြီး ကျွန်တော့်ကို စကားပြော သည်။
" ငယ်လေးရာ ... ငါပါကွ၊ မျောက်မဟုတ်ပါဘူး "
မျောက်ကြီးက စကားစပြောသည်။ စကားပြောရုံမက ကျွန်တော့် နာမည်ကိုပါ သိနေပါ ပကော။ ကျွန်တော် ၏ ထိတ်လန့်ခြင်းမှာ ပိုခဲ့သည်။ ဧကန္တ မျောက်မဟုတ်၊ တစ္ဆေခြောက်ခြင်း ဖြစ်ရမည်။
" အဘရေ .... မြန်မြန်လာပါ .... မျောက်မဟုတ်ဘူး၊ တစ္ဆေဗျ၊ တစ္ဆေ ... "
ကျွန်တော် သည် တစ္ဆေကိုပစ်ရန် ခဲလိုက်ရှာသည်။ ကိုင်းတောထဲ၌ ခဲမရှိ။ ထိုစဉ် ... သူက သနားစဖွယ် တောင်းပန်၏။
" ငယ်လေးရာ သေသေချာချာကြည့်ပါဦး၊ တစ္ဆေမဟုတ်ပါဘူး၊ ငါပါ ..... "
" ဘယ်က ငါလဲ ..... "
" ငါပါကွ ..... ကျော်ရှိန်ပါ ..... "
" ကျော်ရှိန် " ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွား၏။
ထိုအခိုက် တွင်ပင် အဘလည်း အနီး ရောက်ခဲ့သဖြင့် သူက ဆက်ရှင်းသည်။
" ကျွန်တော်ပါ ဦးလေးရာ .... ကျော်ရှိန်ပါ၊ ငယ်လေးက လန့်အော်တာပါ "
အဘ က သူ့ကို သေသေချာချာ ကြည့်သည်။
" ဟ ..... အေး ..... ငကျော်ရှိန် နင်ဘယ်လိုဖြစ်လာတာလဲ "
ထိုအခါကျမှ ကိုကျော်ရှိန်သည် စိတ်အေးဟန် ရှေ့တိုးထွက်လာခဲ့၏။
ကျွန်တော် သည် သူ့ကိုကြည့်ရင်း ရယ်ချင်ငိုချင် ဖြစ်မိသည်။
ကိုကျော်ရှိန် ..... နေမျိုးသူရိန် ...... ကိုဗိုလ်ငကျော်ရှိန်။ ရွာမှ အကြီးအကျယ် ဂုဏ်ပြုလွှတ် လိုက်သော သူရဲကောင်းကြီး ဗိုလ်ငကျော်ရှိန် ..... ယခုမူ ကြည့်ပါဦး။
သူ့မျက်နှာ နှင့် ကိုယ်မှာ ဖောသွပ်သွပ် ဖောင်းပွပွ ဖြစ်နေ၏။ ဤ ကိုယ်ခန္ဓာအထက်ပိုင်း၌ အင်္ကျီမရှိ ဗလာ။ အောက်ပိုင်း ကို ဂုန်နီအိတ် အစုတ်တစ်တောင် ခန့် ပတ်ထားသည်။ တစ်ကိုယ်လုံးအနှံ့ ၀ဲစွဲထားသဖြင့် အကွက်ကွက် ဖြစ်နေသည်။
အသားတွေမှာဝါ၍ ခေါင်း၌ ကျိုးကျိုးကျဲကျဲ ဆံပင်တစ်ပင်နှစ်ပင်သာရှိတော့၏။
" နေစမ်းပါဦး ကျော်ရှိန် ရာ ..... နင် ဘယ်လိုဖြစ်လာတာလဲ "
" ပြောပါမယ်ဗျာ၊ ကျွန်တော် ထမင်းမစားရတာ ကြာလှပြီ၊ ထမင်းပါရင် ကျွေးကြပါဦး ..... "
နွားရှာ ရသည်မှာ တစ်ခါတရံ တစ်နေကုန်သဖြင့် ကျွန်တော်တို့၌ ထမင်းထုပ်များ အဆင် သင့်ပါလာသည်။
အဘ သည် ထမင်းတစ်ထုပ် ဖြည်ကျွေးသော အခါ ကိုငကျော်ရှိန်သည် ပလုတ်ပလောင်း အငမ်းမရ စား တော့သည်။ သူစားနေသည်ကို ကြည့်ပြီး အတန်ကြာမှ အဘကမေးသည်။
" နင် အခု ဘယ်ကလာတာလဲ "
" သံဖြူဇရပ် က "
" ဘာ ... ၊ သံဖြူဇရပ် "
" ဟုတ်တယ်၊ ယိုးဒယားနယ်စပ်က "
" နင် ..... အဲဒီဘာသွားလုပ်ပြီး အခု ဘာဖြစ်လာတာလဲ "
ကိုငကျော်ရှိန်သည် ထမင်းနင်နေ၍ ရုတ်တရက် ပြန်မဖြေနိုင်။ ကျွန်တော်က လှမ်းပေး လိုက်သော ကျည်တောက် ထဲမှ ရေ ကို မော့သောက်ပြီးမှ စကားဆိုနိုင်ရှာ၏။
" ကျွန်တော် ၀င်သွားတဲ့ ဟဲဟိုးတပ် ဆိုတာ ..... ၊ စစ်တပ်မဟုတ်ဘူးဗျ ကူလီတပ် "
''ဟေ..... ''
''တစ်ပြည်လုံး လျှောက်အလုပ်လုပ် ရတာပဲဗျာ...၊ ငတ်ကလည်း ငတ်သေးတယ်၊ ပါးရိုက်လည်း ခံရသေး တယ်''
ကိုငကျော်ရှိန် သည် ပြောရင်း ထပ်ဆာလာဟန် ထမင်း ကို ကုန်းလွေးနေပြန်သည်။
''နောက်တော့ အဲဒီသံဖြူဇရပ် ရောက်တာပဲ''
''အဲဒီမှာ ဘာလုပ်ရလဲ''
''မီးရထားလမ်း ဖောက်ရတယ်၊ ငှက်တောခွေးတောကြီးဗျာ၊ သေလိုက်တာ အလောင်းချင်း ထပ်နေတာပဲ၊ ငှက်နဲ့ရော၊ ၀မ်းနဲ့ရော၊ ဂျပန်သတ်လို့ရော... ''
အဘ သည် ငိုင်သွား၏။ စကားပြောသောအခါ အဘအသံ၌ စိုးရိမ်မှုတို့ ၀င်နေသည်။
''ငကျော်ရှိန် ဒီလိုဆိုရင်တော့ ဒုက္ခပဲ၊ အခု ဂျပန်က ပိုက်ဆံပေးပြီး အလုပ်သမားတွေ လိုက်ခေါ်နေတာ၊ လယ်မလုပ်ချင် တဲ့ ကောင်တွေ တော်တော်များများ လိုက်ကြတယ်၊ တို့ရွာကတောင် သုံးယောက် ပါသွား လေရဲ့''
''အဲဒီလူတွေ မပြန်လမ်းသွားတာပဲ''
ကိုကျော်ရှိန် က ခေါင်းခါရင်းဆိုသည်။
''ဒါနဲ့ ဆက်ပါဦး...မင်းဘယ်လိုပြန်လာရလဲ''
''ကျွန်တော်ဖျား လို့ သတိလစ်နေတုန်း သေပြီဆိုပြီး သူတို့က တခြားအလောင်းတွေနဲ့ တောထဲပစ်ထားတာ၊ သတိရတော့ ကုန်းထပြီး ရွာစဉ်တစ်လျှောက် တောင်းစား ပြန်လာခဲ့တာ''
အဘ သည် သက်ပြင်းရှိုက်၍ ခေါင်းခါသည်။
''မင်းဘာလို့ ရွာထဲမ၀င်တာလဲ''
ကိုငကျော်ရှိန် သည် ဘာမျှပြန်မဖြေဘဲ သူ့ကိုယ်သူ ငုံ့ကြည့်သည်။ အတန်ကြာမှ သနားဖွယ်ဆို၏။
''ဒီရုပ်ဒီရည်နဲ့ ကျွန်တော် ရွာထဲဘယ်ဝင်ရဲမလဲ''
မှန်သည်။ သွားစဉ်က သူရဲကောင်းကြီးအဖြစ် ရွာအပျိုချောတွေဝိုင်း၍ ရတုရွတ် ဂုဏ်ပြုလွှတ် လိုက်သည်။ ယခု ဂုန်နီအိတ် ပတ်၍ ၀ဲစွဲသောကိုယ်နှင့် ကိုငကျော်ရှိန် အဘယ့်နှယ် ရွာတွင်းဝင်ဝံ့ရှာမည်နည်း။
ထို့ကြောင့် အဘက နွားဆက်ရှာသည်။ ကျွန်တော်က ရွာပြန်အ၀တ်အစားယူ၍ ကိုငကျော်ရှိန် ကို ပေးရ သည်။
သည့်တိုင်အောင် နေ၀င် မှ ကိုငကျော်ရှိန် ရွာတွင်းဝင်ဝံ့သတည်း။
ရွာ၌ အခြေအနေတွေမှာ ကြာလေဆိုးလေ ဖြစ်ခဲ့သည်။ ကိုငကျော်ရှိန် သတင်းကြောင့် ဂျပန် အလုပ်သမား လာစု လျှင် လိုက်ရဲသူမရှိကြ။ ကိုငကျော်ရှိန်ပြောသကဲ့သို့ ယခင်က လိုက်သွားသူများလည်း မပြန်လမ်း သွားသည့် နှယ် တစ်ဦးမှ မပေါ်လာတော့။
တောင်ရွာ မြောက်ရွာ တို့၌ တစ်ခါတရံ ပြန်လာကြသူများ ရှိကြသည်။ သူတို့အားလုံးမှာ ကိုငကျာ်ရှိန် ကဲ့သို့ပင် ဗိုက်စူနံကား အသားဝါ၀ဲစွဲ နှင့် ချည်း ဖြစ်သည်။
ပိုက်ဆံပေး ခေါ်၍ မရသောအခါ ဂျပန်သည် စစ်တပ်နှင့် ရွာဝိုင်း၍ ချွေးတပ်ဆွဲတော့သည်။
တစ်ရွာလုံး မှာ ဘယ်အချိန် ဂျပန်နွားလာဆွဲ၍ ဘယ်အချိန် လူလာဆွဲမည်ကို အစဉ်ကြောက်ရွံ့နေရသည်။
ကျွန်တော် တို့ ကလေးတွေက နွားကျောင်းရင်း၊ မြက်ရိတ်ရင်း၊ မျက်စိရှင်ရှင် ထားကြသည်။
ဆက်ရန်
.
1 comment:
မမရွှေစင်..
ကျွန်တော် ဖောက်ပြီးဖတ်သွားတော့ ..၊
ပက်ကြားအက်က ရေဝါဝေါမှာ ဖားလတက်တို့ ကအော်နေချိန်
ငွေဗျိုင်းဖြူတို့  ပျံလာ တာကို မြင်လာမိတယ် တကယ်ပါ။
ကျွန်တော်က တောသားဗျ၊မြို့ မှာမွေးပြီးတောမှာ
ကြီးတာလေ၊ စားဖားအစိမ်းကို မွှေစားရင် ငါးဘတ်လို
မွှေးပြီးကောင်းတာသိပေမဲ့  စားဖားကို ကြောက်လို့ 
သူများလုပ်ပေးမှ စားခဲ့ တာလေ၊ မတော် ကိုယ့် ဆီ
ခုန်ပြီး လာကပ်နေရင်ဘယ့် နှယ် လုပ်ရပါ့  ။
Post a Comment