Wednesday, December 22, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၁)

နေက်ပိုင်းတွင် ဤဖယောင်းတိုင်သည် ပီလွန်၊ ပက်ဘလို နှင့် ဂျီးဆပ်စ်မေရီယာတို့ကို လူအများလိုက်နာ ကျင့်သုံး အပ်သည့် သင်ခန်းစာတစ်ခုကို ပေးသည်။ အလယ်တည့်တည့်မှ ကြိုးကလေးတစ်ချေင်း ထည့်ထား သည့် ဖယောင်းတိုင် ဟု ခေါ်သော အရာဝတ္ထုသည် အပူဓာတ် ပေးခြင်းနှင့် မီးလောင်ခြင်းကို ဖြစ်စေ တတ်သော သဘောရှိ၏။ မီးစာကို ထွန်းညှိလိုက် သည့် အခါဖယောင်းတိုင်သည် အရည်ပျော်ပြီး မီးစာကို ရှင်သန်စေသည်။ ဤသို့ဖြင့် ဖယောင်းတိုင် သည် မီးစာကုန် ဆီခန်းမဖြစ်သေးသမျှ နာရီပေါင်းများစွာ လောင်ကျွမ်း တတ်သည်။

ယနေ့ည ပီလွန်တို့ အိမ်ထဲ၌ ထွန်းကားသော ဖယောင်းတိုင်သည် မြင့်မြတ်သော ရည်ရွယ်ချက်ရှိသည့် ပက်ဘလို က သူတော်စင်စိန့်ဖရစ်စစ် ကို အတွက် ရည်စူး၍ ထွန်းညှိပူဇော် ထားခြင်းဖြစ်ရာ ဘာသာရေး ဆိုင်ရာ မြင့်မြတ်သော ဦးတည်ချက် ရှိသည်ဟု ဆိုရမည်။

ပထမတော့ ဖယောင်းတိုင် မီးတောက်သည် အထက်ကောင်ကင်ဘုံ အထအလင်းရောင် ပေးသည်။ အပြင်ဘက် တွင် ဝှေ့ယမ်းတိုက်ခတ်လျက်ရှိသောလေသည် အိမ်ထရံ၏ ပျဉ်ကြို ပျဉ်ကြားအပေါက်ကြို အပေါက်ကြား မှ အိမ်တွင်းသို့ တိုးခွေ့ ၀င်ရောက်လာသည်။ ဖယောင်းတိုင် မီးတောက်သည် ဘယ်ယိမ်း ညာနွဲ့ ဖြစ်လာသည်။ နံရံတွင်ထားသည့် ပြက္ခဒိန် သည် ပိုးသားသဖွယ် နူးညံ့၍ ပျော့ပျောင်းလှ၏။ ပြက္ခဒိန် ပေါ်ရှိ ချစ်စရာအလွန်ကောင်းသော မိန်းမပျို၏ အလှသည် ပြတ်ပြတ်ထင်ထင် ရှိလှပါဘိသည်။ သို့သော်လည်း ပြက္ခဒိန် စာရွက်များသည် လေယူရာ တိမ်း၍ ယိမ်းနွဲ့လှုပ်ရှားကြသည်။ နံရံထက်တွင် ငြိမ်ငြိမ် ဆိတ်ဆိတ် မနေ၊ ကွာလာလိုက် ပြန်ကပ်သွားလိုက်နှင့် ဆောင်တည်ရာမရ ဖြစ်နေသည်။ ထိုအခါ ပြက္ခဒိန် စာရွက် နှင့် ဖယောင်းတိုင် မီးတောက်တို့ ထိတွေ့မိကြသည်။ ဤတွင် မီးတောက်သည် ကြီးမားလာပြီး နံရံ တစ်လျှောက် စွဲလောင်ကာ မျက်နှာကြက်အထိ တက်သည်။

မိုးကောင်းကင်ထက်ဆီမှ ပုဂ္ဂိုလ်ကြီးများသည် ခွင့်မလွှတ်နိုင်သော မျက်နှာထားများဖြင့် မီးတောက်မီးလျှံ များ ကို ငုံ့ကြည့်နေသည်။ အမှန်တော့ ဖယောင်းတိုင်သည် သူတု့ထံမှ တစ်ဦးသော ပုဂ္ဂိုလ်ကို ရည်ညွှန်း၍ ပူဇော် ထားခြင်း ဖြစ်ရာ ထိုဖယောင်းတိုင်ကို စိန့်ဖရန်စစ် သည် ပိုင်ဆိုင်ရမည်ဖြစ်၏။ သို့သော်လည်း ယနေ့ည အဖို့ ထိုဖယောင်းတိုင်ထက် အဆများစွာပို၍ ကြီးမားသော ဖယောင်းတိုင်တစ်တိုင် ပိုင်ဆိုင်နေပုံ ရလေသည်။

အကယ်၍ အိပ်မောကျခြင်း၏ အတိမ်အနက်ကို တိတိကျကျတိုင်းထွာ၍ ရမည်ဆိုပါက မီးလောင်မှုအတွက် တာဝန် ရှိသည်ဟု အပြစ်ဆိုထိုက်နေသော ပက်ဘလို ၏ လုပ်ဆောင်ချက် ကိုတရားမျှတစွာ စဉ်းစား ဆုံးဖြတ် နိုင်ဖွယ်ရာ ရှိ၏။ သို့သော်လည်း အိပ်ပျော်ခြင်းကို တိုင်းထွာနိုင်သည့် အတိုင်းအတာ နည်းစနစ် တိတိ ကျကျ မရှသဖြင့် ထိုည က ပက်ဘလို သည် ကုလားသေ ကုလားမော အိပ်မောကျနေသည် ဟုသာ ပြောရ ပေတော့မည်။

နံရံတစ်လျှောက် လောင်သွားနေသော မီးတောက်များသည် ခေါင်မိုးရှိ အပေါက်ကလေးများ ကြားမှ ထိုးထွက်ကာ ပတ်ဝန်းကျင် ညအမှောင်ထုကို အလင်းရောင်ပေးသည်။ တစ်အိမ်လုံးမှာ မီးတောက်မီးလျှံ များ ဖြင့် သောသောညံ လျက် ရှိ၏။ ဂျီဆပ်စ်မေရီသည် မျက်စိများကို မဖွင့်ဘဲ အိပ်ချင်မူးတူးဖြင့် သူ့ကိုယ်ပေါ်မှ ကုပ်အကျီကို ချွတ်ပစ်ရန် တစ်ဖက်သို့စောင်းသည်။ ထိုအခါ မီးစွဲနေပြီဖြစ်သာ ခေါင်မိုးမှ အစအန တချို့ သည် သူ့မျက်နှာပေါ်သို့ ကျသည်။ သူသည် တစ်ချက်မျှ အလန့်တကြား အော်ဟစ်လိုက်ပြီး ကြမ်းပေါ်မှ ခုန်၍ ထလိုက်ကာ သူ့ပတ်ပတ်လည်လည်၌ စွဲလောင်နေသည့် မီးတောက်မီးလျှံများကို ကြောက်ရွံ့ တုန်လှုပ်စွာ ဖြင့် ရပ်ကြည့်နေသည်။

ပီလွန်၊ ပက်ဘလို သူသည် အသံကုန်ဟစ်၍ အခန်းထဲသို့ ပြေးဝင်ပြီး သူ့သူငယ်ချင်း နှစ်ယောက်ကို အတင်း ဆွဲထူကာ အိမ်အပြင်သို့ တွန်းထိုး၍ ထုတ်သည်။ ပီလွန်သည် ထိုအချိန် အထိ ပန်းရောင် ဘရာစီယာ ကို လက် ဖြင့် ဆုပ်ကိုင်ထားဆဲ။

သူတို့သည် မီးတဟုန်းဟုန်း လောင်နေသည့် အိမ်ကို အပြင်မှ ရပ်ကြည့်နေကြသည်။ တံခါးကို မီးစွဲ နေပြီ ဖြစ်၏။ ၀ိုင်အရက် နှစ်လက်မခန့် ကျန်နေသေးသည့် စားပွဲပေါ် မှ ၀ိုင်အိုး ကို အတိုင်းသား မြင်တွေ့ နေကြရလေသည်။
အသိဥာဏ် အလွန်ခေါင်းပါးသ့ည့် သူရဲကောင်း အပြုမူမျိုး လုပ်ရန် ဟန်ပြင်နေသော ဂျီဆပ်စ်မေရီယာ၏ အရိပ်အကဲ ကို ပီလွန်က သတိထားသည်။ ဟေ့ကောင်မလုပ်နဲ့ ဟုအော်၍ ဟန့်ထားသည် သူ့ကို ပစ်ထားခဲ့တဲ့ အတွက် ငါတို့ကို အပြစ်ပေး တဲ့ အနေနဲ့ ဖြစ်သွားတာ သူ့ဘာသာသူ လောင်ပါစေတော့...

မီးသတ်ကားသံများသည် သူတို့ဆီ ရောက်လာကြသည်။ မွန်ထရေးမြို့တွင်းရှိ မီးသတ်စက်ရုံမှ အပြေးအလွှား ထွက်လာကြသော မော်တော်ကားကြီးများသည် စက္ကင်းဂီယာထိုးကာ တောင်ကုန်း ပေါ် တက်လာ နေကြပြီ။ မီးသတ်ကားအနီကြီးများသည် အိမ်ဖက်သို့ နီးလာသည်။ သူတို့ထံမှ ထွက်လာနေသော ဆလိုက် မီးရောင် များသည် ထင်ရှူးပင်များပေါ်သို့ ဖြန့်၍ဖြန့်၍ ကျလာလျက်ရှိလေသည်။

ပီလွန်က ဂျီးဆပ်စ်မေရီယာကို လှည့်ကြည့်သည်။ ဒင်နီဆီကို ပြေးပြောကွာ။ သူ့အိမ်မီးလောင် နေတယ်လို့ ပြေးပါကွ၊ မြန်မြန်ပြေးပါ။
ဟာ မင်းကတော့ ဘာပြုလို့ မသွားတာလဲ။

နားထောင်စမ်းပါကွာ ဟု ပီလွန်က ပြောသည်။ မင်းသူ့အိမ်ကို တို့ဆီကတစ်ဆင့် ငှားနေတယ်ဆို တာ ဒင်နီ မသိဘူးကွာ၊ ငါနဲ့ ပက်ဘလို ကျတော့ သူသိနေတာ၊ ငါတို့သွားပြောရင် သူ စိတ်ဆိုးချင်ဆိုးမှာ။
ပီလွန်၏ စကားသည် သဘာဝကျသည်ဟု တွေးမိသော ဂျီဆပ်စ်မေရီယာသည် ဒင်နီ၏ အိမ်ဖက်သို့ ဒုန်းစိုင်း ၍ ပြေးသည်။ တစ်အိမ်လုံးမှောင်မည်းလျက် ရှိ၏။ ဒင်နီရေ၊ ဟေး ဒင်နီ ဟု ဂျီးဆပ်စ်မေရီယာ အသံကုန် ဟစ် ၍ အော်သည်။ ဟေး ဒင်နီ၊ မင်းအိမ်ကို မီးလောင်နေပြီကွ၊ အိမ်ထဲမှ ဖြေသံမကြားရ၊ ဒင်နီရေ ဟု ကျုံး၍ အော်ပြန်သည်။

အိမ်နီးချင်း မစ္စက်မော်ရေး၏ အိမ်ပြတင်းပေါက် တစ်ခုပွင့်သွားသည်။ အထဲမှ အလွန်စိတ်တိုနေ သော ဒင်နီ ၏ အသံကိုကြားရသည်။ မင်းက ဘာလိုချင်လို့ ဒီလောက် အော်နေရတာလဲ။
မင်းအိမ် မီးလောင်နေပြီ၊ ပက်ဘလို နဲ့ ပီလွန်တို့ ငှားနေတဲ့အိမ်လေကွာ။
တစ်ခဏမျှ ဒင်နီ ငြိမ်ဆိတ်နေသည်။ ထို့နောက် မီးသတ်ကား ရောက်နေပြီလား ဟုမေးသည်။

ရောက်နေပြီ ဟု ဂျီးဆပ်စ်မေရီယာက အော်သည်။
ယခုအခါတွင် ကောင်းကင်တစ်ခွင်လုံး မီးရောင်ဖြင့် လင်းနေပြီဖြစ်၏။ မီးစွဲနေသော သစ်ဝါးများ၏ ပေါက်ကွဲသံ များနှင့် ဖြိုးဖြိုးဖျစ်ဖျစ် မြည်သံများကိုပင် ကြားနေရလေပြီ။ ဒါဆိုရင် မီးသတ်ကားကတောင် ဘာမှ မလုပ်နိုင်တာ ငါက ဘာလုပ်နိုင်တော့မှာလဲ။ ပီလွန် က ငါ့ကို ဘာများလုပ်ပေးနိုင်မယ်လို့ ထင်နေပါလိမ့်။

ပြတင်းပေါက်တံခါး ဆောင့်ပတ်သံကို ဂျီးဆပ်စ်မေရီယာ ကြားလိုက်ရသည်။ သူသည် ချက်ချင်းပင် နောက်ပြန် လှည့်ပြီး မီးလောင်နေသည့် အိမ်ဘက်သို့ ကဆုန်စိုင်း၍ ပြေးလာခဲ့သည်။ အမှန်တော့ အခုလို အချိန်အခါ မျိုးတွင်ဒင်နီကို သွား၍ နှိုးရသည်မှာ မကောင်းမှန်း သူသိသည်။ သို့သော်လည်း ဖြစ်လာသည့် ကိစ္စက ဆုံးဖြတ်ရ ခက်သည်။ အကယ်၍ မပြောမိ၍ ဒင်နီမသိခဲ့သော် စိတ်ဆိုးကောင်း ဆိုးလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အခုလိုလာပြီး အသိပေးလိုက်ရသည့်အတွက် သူဝမ်းသာသည်။ သူ့ဘာသာသူ လာချင်လည်း လာ၊ မလာချင် လည်းနေ။

ဤပြဿနာကတော့ မစ္စမော်ရေး၏ တာဝန်သာ ဖြစ်သည်။
အိမ်မှာ အိမ်ငယ်တစ်လုံးမျှဖြစ်ပြီး မီးလောင်စာများကလည်း အစုလိုက်အပုံလိုက် ရှိနေသည်။ ပြီးတော့ နံရံများ ကလည်း ခြောက်သယောင်းနေသည်။ ဤအိမ်ကို မီးလောင်ပြီး ပြာကျသွားပုံမှာ လျင်မြန်လွန်းလှ၏။ တရုတ်တန်း၌ လောင်သောမီးပြီးလျှင် ယခုမီးသည် လောင်ပုံအမြန်ဆုံးဟု သတ်မှတ်ရလိမ့်မည် ဖြစ်သည်။ မီးသတ် သမား များသည် မီးတဟုန်းဟုန်း တောက်လောင်နေသော နံရံများကို ကြည့်ပြီးအိမ်ပတ်ပတ်လည်မှ ချုံများ၊ သစ်ပင်များနှင့် အနီးအနားမှ အိမ်များကို ရေဖျန်းပေးကြသည်။ တစ်နာရီ မပြည့်မီမှာပင် တစ်အိမ်လုံး ပြာပုံ အတိ ဖြစ်သွားသည်။ မီးသတ်ပိုက် များ အနေဖြင့် မီးတရဲရဲ ဖြစ်နေသော ပြာပုံနှင့် ကျောက်မီးသွေး အနည်းငယ် မျှကိုသာ ရေဖျန်းပေးရလေသည်။

ပီလွန်၊ ပက်ဘလိုနှင့် ဂျီးဆပ်စ်မေရီယာတို့သည် ပခုံးချင်းယှဉ်၍ ရပ်ကာမီးလောင်နေပုံကို အစအဆုံး ကြည့်ကြသည်။ ဒင်နီနှင့် မစ္စက်မော်ရေးတို့ နှစ်ယောက်မှလွဲ၍ မီးလောင်နေပုံကို လာ၍ကြည့်နေကြသော မွန်ထရေးမြို့ ၏ လူဦးရေ တစ်ဝက်ခန့်နှင့် တော်တီလာဖလက် ရပ်ကွက်အတွင်းမှ ရှိရှိသမျှ လူအားလုံးသည် တပျော်တပါး ရပ်ကြည့်နေကြသည်။ တစ်အိမ်လုံး ပြာကျပြီး ကောင်းကင်တွင် မည်းနက်သော တိမ်လိပ် တိမ်ခိုး များ ဆိုင်းနေသည့် အခါကျမှပင် ပီလွန်သည် ရပ်ကြည့်နေရာမှ ငြိမ်ဆိတ်စွာ ထွက်ခွာသွားလေသည်။
မင်း က ဘယ်သွားမလို့် လဲ ဟု ပက်ဘလို က နောက် မှ စ၍ အော်ပြောသည်။

ငါတောထဲသွားပြီး အိပ်ရေးဝအောင် ပြန်အိပ်မလို့၊ မင်းတို့လည်း ငါနဲ့လိုက်လာရင် ကောင်းမယ် ငါတို့ကို အခု အခိုက်အတန့် အတွင်းမှာ ဒင်နီမတွေ့တာ အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်တယ် ဟုပီလွန်က ပြောသည်။ ထိုအခါ သူတို့က ခေါင်းညိတ်ကြပြီး ပီလွန် ၏ နောက်မှ လိုက်သွားကြသည်။ အခုအဖြစ်ဟာ ငါတို့ အတွက် တော့ သင်ခန်းစာတစ်ခု ပဲကွ ဟု ပီလွန်က ပြောသသည်။ ဒီအဖြစ်ကို ကြည့်ပြီး ငါတို့အနေ နဲ့ ညပိုင်း အရက် သောက်ရင် ၀ိုင်အိုး ကို အိမ်ထဲမှာ စိတ်ချလက်ချ ဘယ်တော့မှ ထားလို့မဖြစ်တော့ဘူးလို့ မှတ်ကြရမယ်။
အေးပေါ့လေ ဟု ပက်ဘလိုက မလိုတမာသံဖြင့် ရေရွတ်သည်။ နောက်တစ်ခါကျတော့ မင်းကိုယ်တိုင်ပဲ ၀ိုင်အိုးကို အိမ်အပြင်ဘက် သွားထားပေါ့။ အဲဒိကျတော့ မင်းဝိုင်အိုးကို တခြားတစ်ကောင်က တိုသွားမှာပဲ၊ စိတ်သာချ။

ဆက်ရန်
.

No comments: