Wednesday, December 22, 2010

ပဆစ်အိမ် အပိုင်း (၁၄)

အံ့သြစရာတော့ မဟုတ်ပါ။
မဟာ ရန်ကုန် လို နေရာမျိုးမှာ ဇင့်လို လွတ်လပ်သော မိန်းကလေးတစ်ယောက်အဖို့ လူတွေ လိုချင်စရာ အများအပြား ရှိနေသည်မှာ မဆန်းကြယ်ပါ။

ပြောရလျှင်တော့ အစိမ်းအရိုင်း ဆိုသည်ကမှ ခက်လျှင် ခက်ဦးမည်။ အတွေ့အကြုံရှိသူများ ကတော့ လွယ် တတ်သည်။ သာဓကတွေကလည်း အများသား မဟုတ်လား။ အချို့သော ကြွက်ပျင်းများဆိုလျှင်တော့ ဒါမျိုး ကိုပင် တမင်သက်သက် ရှာဖွေနေတတ်ကြသည်။

လက်ထဲမှ ခဲတစ်လုံး ရှိနေသည်ဆိုလျှင် ငှက်မြင်သမျှကို လက်တည့်စမ်းချင်ကြမည်။ နှံပြည် စုတ်ကိုပင် ချွင်းချန် ထားမည် မဟုတ်။ ဇင်က နှံပြည်စုတ်ထက် အကောင်ကြီးသည့်ငှက်။ ပြီး … လူယဉ်သည်။ ရဲသည်၊ အနီးကပ် ခံသည်။ လူယဉ်သလို၊ ရဲသလို အနီးကပ်ခံရလျှင် ခံဖို့လိုသည် ဆိုခြင်းကိုလည်း ဇင်က ခံယူ ထားပြီးသား ဖြစ်သည်။
သားရဲ ပေါသည့် တောတွင် သမင်လာဖြစ်မှတော့ မျက်စိလျင်ပြီးသား ဖြစ်ရမည်။ နားပါးပြီးသား ဖြစ်ရမည်။ ဒါကို သဘာဝအရ နားလည်ထားပြီးသား။ ဒါကြောင့်ပင် မဆန်းကြယ်ပါဘူး ပြောရ ခြင်း ဖြစ်သည်။

ရုံးပိတ်ရက်ကုန်ပြီး နောက်တစ်နေ့ ဇင် "ပဒေသရာဇ" သို့ လာသောအခါ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်ပါသည်။ အေးအေး ဆေးဆေးပင် ဖြစ်ပါသည်။
ဦးတင်မောင်သန့်သည်သာ အနည်းငယ် အမ်းသလို ဖြစ်နေသည်။ ဇင်ကို ရှောင်ကွင်းနေသည်။
သြော် … ရယ်စရာ ကောင်းလေသား။ ကောက်ညှင်းက မစေးရဘဲ ဆန်ကြမ်းကများ စေးရ သည်ရှိသေး။
နေ့လယ်ပိုင်း ရောက်လာတော့ ဦးတင်မောင်သန့်ကို ဇင်ပင် စတင် စကားပြောရသည်။

"ခုနှစ်ဆယ့်ခြောက် ရဲ့ စက်ရိုက်မှတ်တမ်းတွေ ရနိုင်မလား ဦးတင်မောင်သန့်"
"ဟုတ် … ဟုတ်ကဲ့၊ ရနိုင်လိမ့်မယ် ထင်ပါတယ် မသက်ဇင်"
အလုပ်ချိန် ပြီးသောအခါ ထုံးစံအတိုင်း ဇင် နောက်ကျ ကျန်ရစ်သည်။ အစပိုင်းကတော့ ဘာမျှ မပြော။ ဇင် "ပဒေသရာဇာ" က ထွက်ခဲ့ပြီး ဘတ်စ်ကားဂိတ်သို့ လျှောက်လာသောအခါ နောက်မှကားဖြင့် လိုက်လာ သည်။ ဇင့်ဘေးတွင် သူ၏ ဗေါ့စက်ဝက်ဂင်ကားကို ယှဉ်ရပ်သည်။

"ကျွန်တော် လိုက်ပို့ပါရစေ မသက်ဇင်"
"နေပါစေ … ဇင့် ဘာသာပဲ ပြန်ပါ့မယ်"
"မဟုတ်တာပဲ၊ လာပါဗျာ၊ ကားပေါ်တက်ပါ"
ဇင် မငြင်းပယ်ခဲ့တော့ပါ။ ကားပေါ်သို့ တက်ခဲ့သည်။
သည်တစ်ခါ မှာတော့ သူက ဇင့်ကို ဘိုတထောင်ဆိပ်ကမ်းဆီသို့ ခေါ်သွားသည်။ လူရှင်းသော ဗော့တံတား ထိပ် ၌ မြစ်ကို မော်တော်ကားဦးထိုးကာ ရပ်လိုက်သည်။

မြစ်သုံးခွဆုံ ဆီမှာ ရေလှိုင်းကလေးတွေ တလိမ့်လိမ့် တလူးလူး ပြေးနေသည်။ ကျ နေတွင် မွေ့နန်းစံရာ သန်လျင်ကျွန်း သည် ရေးရေးပျပျ၊ မှိုင်းမြမြနှင့်။ လွမ်းစချင့်ဖွယ်ပင်။
ဆားငံဓာတ် ပါသော လေသည် နွေးနေလေသည်။
"မသက်ဇင့် အကြောင်း ကျွန်တော့်ကို ပြောမပြနိုင်ဘူးလား ဟင်"
ဆိုင်းမပါ ဗုံမဆင့်ဆိုသလို ဦးတင်မောင်သန့်က မေးလိုက်သည်။ သူ့မျက်နှာသည် လေးနက်ဟန်ဖြင့် တည်ကြည် နေသည်။ သူ့မျက်ဝန်းများသည် ယခင်ကလောက် မတောက်ပ တော့ဟု ထင်သည်။
"ပြောမပြနိုင်စရာ မရှိပါဘူး။ ဇင့်အဖြစ်အပျက်တွေက ဘာမှ မဆန်းကြယ်ပါဘူး။ အများတကာ တွေလို နေထိုင် လာပြီး ဇင် တက္ကသိုလ် ရောက်ခဲ့ပါတယ်။ ဒုတိယနှစ်မှာ မောင်နဲ့ တွေ့ပါတယ်။ လက်ထပ်ခဲ့တယ်။ ကလေးနှစ်ယောက် ရတော့ မောင်က ပစ်သွားတယ်၊ ဒါပါပဲ"

"မသက်ဇင် ပြောပုံက ဘာခံစားချက်မှ မရှိသလိုပဲ"
"ဒါတွေကို တွေးပြီး ဆွေးနေရရင် သည်ခေတ်တွင် မယ်ကြည်အောငေ် ဆယ်ပြည်ထောင် ချော့တော့ မပြုံး ဆိုတာလို ဖြစ်နေတော့မှာပေါ့။ ဘာပဲပြောပြော ယောက်ျားနဲ့ မိန်းမဆိုတာ ခန္ဓာ ဗေဒအရ တည်ဆောက်ပုံ ကွာပေမယ့် ရင်ထဲက ခံစားချက်တွေကတော့ အတူတူပါပဲ။ ဖြစ်စတုန်းကတော့ အများကြီး ခံစားခဲ့ ရတာ ပေါ့ရှင်"
"မသက်ဇင် လို မိန်းမတစ်ယောက်ကို ပစ်ခွာသွားရက်တဲ့လူကို ကျွန်တော် အံ့သြတယ်"
"သူ့မှာ ဇင့်ထက်သာ တဲ့ မိန်းမကို ရှာတွေ့ခဲ့လို့ နေမှာပေါ့။ လူတွေဟာ ဒီလိုပဲ တစ်ဆင့်ထက် တစ်ဆင့် သာတာ ကို ရှာကြတာ ဓမ္မတာပါ"

"ယောက်ျားအားလုံးတော့ ဒီသဘောအတိုင်း ရှိကြှာ မဟုတ်ပါဘူးဗျာ"
သူ က ခုခံကာကွယ်သောအခါ ဇင် ရယ်မောလိုက်မိသည်။
ဦးတင်မောင်သန့်သည် ဘာမပြော ဘာမဆို ကားကို စက်နှိုးလိုက်သည်။ ဂီယာထိုးကာ မောင်းထွက်ခဲ့သည်။ ကုန်သည် လမ်းပေါ်ရောက်မှ "တစ်ခုခု စားပြီးမှ ပြန်ပါလား မသက်ဇင်" ဆို သည်။
"နေပါစေတော့ ဇင် အဆာင်ကိုပဲ ပြန်ချင်ပါတယ်"
အဆောင် သို့ ရောက်တော့ သည်တစ်ခါ သူက အလျင် နှုတ်ဆက်သည်။

"ကျွန်တော် ပြန်မယ် မသက်ဇင်"
ဇင် ခေါင်းညိတ်ပြလိုက်သည်။ အရှိန်ပြင်းစွာ မောင်းထွက်သွားသော ကားနောက်ပိုင်းကို ငေးကြည့်ရင်း ဇင် အဆောင်အတွင်း နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် ၀င်ခဲ့သည်။
"နတ်သျှင် သူ့ကြောင့် တရေးမှောင့်ခဲ့" ဆိုသလိုပါပဲ။
သည်တခါမှာတော့ ဇင် တွေးရပါပြီ။
ဇင် ပြောခဲ့သော စကားက သူ့ကို တိုက်ရိုက်ထိခိုက်သွားလေသလား။ သူ စိတ်ဆိုး၍များ သွားလေပြီလား။

သူ့ကို ကြည့်ရသည်မှာ သိပ်လေးနက်လွန်းနေသည်။
ဇနီးရှိသော ယောက်ျားတို့ ဖောက်ပြန်ကြခြင်းမှာ အိမ်တွင်းရေး မသာယာမှုများကြောင့်လည်း ဖြစ်သည်။ ဇနီး အပေါ် အလိုမကျနိုင်ခြင်းက စသည် ထင်ပါ၏။ စင်စစ် ဇင်နှင့် မောင်တို့ ကွဲကွာခဲ့ခြင်းကပင်လျှင် သည် အကြောင်း တွေကြောင့် ဖြစ်နိုင်သည်။
ကလေး နှစ်ယောက် ရလာချိန်မှာ လူကွဲလက်ကွဲ မရှိသည်နှင့် ဇင်သည် ဖြစ်သလိုနေခဲ့သည်။ အသန့်အပြန့် ကြိုက်သော မောင့်အလိုကျ မဖြစ်ခဲ့။ ဇင့်ခေါင်း မှာ မလျှော်အားသဖြင့် ဂျပ်ခဲဖြစ် ကာ နံစော်နေတတ်သည်။ ဇင့်အနီး သို့ ကပ်လျှင် ကလေးနို့စော်နံ နေမည်မှာ အမှန်။ ကလေးသေးစော် လည်း နံချင်နံနိုင်သေးသည်။

ပြီး … တစ်ခါတစ်ရံ ခက်ရာခက်ဆစ် လာတွေ့ရသော မောင့်ကို ဇင်က "ရာသီခွင်ဇယား" အရ နေထိုင် ပြလိုက် တော့ မောင့် မှာ အလိုမကျ ရှိခဲ့ရသည်။
သည်လို မထင်မှတ်သော အဖြစ်အပျက်ကလေးတွေက စကာ ပြဿနာကြီးထွားလာတတ်ခြင်း ဖြစ်သည်။ အမှိုက် က စ နန်းတော်တစ်ခုလုံး မီးလောင်ရသည့်ကိန်း ကြုံရခြင်း ဖြစ်သည်။
သူတို့ မှာ ဘာပြဿနာများ ရှိပါလိမ့်။

သူတို့ အိမ်ထောင်ရေးမှာ "သေ" နေပြီဆိုတော့ ကြာမြင့်သော အချိန်ကတည်းက ပြဿနာ အထွေထွေ ရှိခဲ့ လေမည် ထင်ရသည်။
သူ့ဇနီး သည် သူစိတ်ချမ်းသာအောင် မစွမ်းဆောင်နိုင်လောက်အောင် မမာမကျန်း ဖြစ်နေ သလား။ သူတစိမ်း နှင့် ဖောက်ပြန်ခဲ့သလား၊ အပြင်မှာ ပျော်စရာ ရှာလေသလား။ ငွေကြေး ချမ်းသာသူတွေမှာ ဖြစ်ပေါ် တတ်သော အဓိကပြဿနာကတော့ မရောင်ရဲနိုင်ခြင်းပင်။ ဖောက်ပြန်လွယ်ခြင်းပင်။

နောက်တစ်ခု တွေး၍ရသည်မှာတော့ သူ့ဇနီးသည် ဓနဂုဏ်မောက်ကာ သူ့အပေါ် အနိုင်ယူလေ သလား၊ အခွင့်အရေး ယူသလား။
အို … သည်အကြောင်းတွေ တွေးရတာ စိတ်ညစ်ဖို့ ကောင်းလိုက်တာ။
ဇင် သည် လှဲလျောင်းရာမှ ဆတ်ခနဲ ထလိုက်သည်။ အခန်းထဲမှ ပြေးထွက်ခဲ့သည်။
"နော်ရာ ရေ ရုပ်ရှင်သွားကြည့်ရအောင်ကွယ်၊ ကိုယ်ဒကာခံပါ့မယ်"
သည်လို နှင့် လေးနက်လာသော အတွေးများကို ဖျောက်ဖျက်ပစ်ခဲ့ရသည်။

၇၈၊ မတ်လဆန်းတွင် "၀ါဏိဇ္ဇ"သည် "ပဒေသရာဇာ" ကို အပြီးသတ်ပေးခဲ့သည်။ ဇင်တို့ အဖွဲ့ကတော့ အလုပ်တစ်ခု ပြီးစီးပြီမို့ ၀မ်းသာကြသည်။ ပျော်ရွှင်ကြသည်။
သည်ကပြီးလျှင်တော့ အခြား သည်လိုပဲ စာရင်းတွေ အင်းတွေ မနိုင်မနင်း ဖြစ်နေသည့် လုပ်ငန်းကိုင်ငန်းကြီး တစ်ခု သို့ ၀င်ကြရဦးမည်။
ဇင့် အဖို့ ကတော့ ဦးတင်မောင်သန့်ကို ခွဲခွာပြီးနောက် အခြား ဦးတင်မောင်သန့်နှင့် အလား တူသော  လုပ်ငန်းရှင်ကြီး တစ်ဦးဦး နှင့် တွေ့ဆုံရပါဦးမည်။

ဇင်တို့က ပျော်နေသလောက် ဦးတင်မောင်သန့်၏ မျက်နှာကတော့ ခပ်ညှိုးညှိုးပင်။ ဇင်တို့ အဖွဲ့ ထွက်ခွာ သွားမည် ကို လိုလားဟန် မပြလှ။
"နောက်နောင် ဦးချိုကို နို့ညှစ်တဲ့ လူတွေနဲ့ တွေ့ရင် ဦးတင်မောင်သန့် ဘာမှ ကြောက်စရာ မလို တော့ ဘူးပေါ့"
ဇင်က ရယ်စရာ ပြောသည်။ သူ မရယ်နိုင်။
ဇင်တို့အဖွဲ့ကို ဦးတင်မောင်သန့်က ကရ၀ိတ်တွင် ညစာကျွေးသည်။

သည်တော့မှ သူ အတော် အရက်သောက်နိုင်ကြောင်းကို ဇင် တွေ့ရသည်။
အဖွဲ့သားများ ကို လိုက်ပို့ပြီး နောက်ဆုံးမှ ဇင့်ကို အဆောင်သို့ ပြန်ပို့ပေးသည်။
သည်တစ်ခေါက် မှာတော့ ဇင်သည် သူ့ကို ဘိုဆံဆံပင် နှုတ်ဆက်မိသည်။
"ဂွဒ်ဘိုင် … ဦးတင်မောင်သန့်"

စင်စစ် ဇင့်အနေနှင့် နောက်ဆုံး နှုတ်ဆက်ခြင်းပင် ဖြစ်ပါသည်။ ခွဲခွာမှုသည် နောက်ဆုံး ဖြစ်သည် ဆိုသည့်အနေနှင့် "ဂွဒ်ဘိုင်" ဟု သုံးခဲ့ခြင်း ဖြစ်သည်။
ဦးတင်မောင်သန့်သည် ဇင့်လက်ကို ဆွဲယူဆုပ်ကိုင်ပြီး တော်တော်နှင့် လွှတ်မပေးခဲ့။
"နောက်နေ့တွေ မှာ မသက်ဇင်ဆီကို ကျွန်တော် ဖုန်းဆက်လို့ရမလားဟင်"
"အလုပ်ကိစ္စ နဲ့ ပတ်သက်ပြီး မကျေလည်တာ၊ အခက်အခဲ ဖြစ်တာဆိုရင် အချိန်မရွေးဆက်လို့ ရပါတယ် ဦးတင်မောင်သန့်"
"အလုပ်ကိစ္စ နဲ့ ပတ်သက်မှပဲလား မသက်ဇင်ရယ်"

အမှန်ပင် သူ့မျက်နှာသည် ညှိးနေကာ သူ့အသံက တိမ်နေသည်။
ဇင် ဘာပြောရမည် မသိတတ်ခဲ့။
"ကျွန်တော် က ကိုယ်ရေးကိုယ်တာကိစ္စအတွက် ဆက်ချင်တာ"
ဇင် သည် သူ့လက်ထဲမှ မိမိလက်ကို နှုတ်ယူလိုက်သည်။

"မသက်ဇင် သိမှာပါလေ။ ၀ါဏိဇ္ဇကို လက်ခံခဲ့တာဟာ စင်စစ် ကျွန်တော့်အဖို့ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ သူတို့တောင်းသလောက် ကျွန်တော်ပေးလိုက်နိုင်တာကိုလဲ မသက်ဇင် သဘော ပေါက်မှာပါ"
"ဇင် သိပါတယ်၊ ဦးတင်မောင်သန့်မှာ ဘောဂဗေဒ အခြေခံတဲ့ စိတ်ထားမရှိတာ စောစောကတည်းက ဇင် သိခဲ့ပါတယ်။ နောက်တစ်ခုကလဲ ၀ါဏိဇ္ဇကို လက်ခံခဲ့တာဟာ သက်သက် ပိုက်ဆံဖြုန်းခဲ့တာပဲ ဆိုတာကိုလဲ ဇင် သဘောပေါက်ပါတယ်"
"ဒါဆိုရင် ကျွန်တော် ကိုယ်ရေးကိုယ်တာအတွက် ဖုန်းဆက်တာကိုလဲ မသက်ဇင် လက်ခံဖို့ ကောင်းတာ အမှန် ပဲ ပေါ့နော်"

ဇင်က အင်းမလှုပ်၊ အဲမလှုပ်။
"ကျွန်တော် ပြန်ပါဦးမယ် မသက်ဇင်"
ဇင်သည် အရှိန်ပြင်းစွာ မောင်းထွက်သွားသော သူ့ကားနောက်ပိုင်းကို ငေးကြည့်နေခဲ့သည်။ တိတ်တခိုး သက်ပြင်း ရှိုက် လိုက်သည်။
ဇင် အ၀တ်လဲ၍ မပြီးသေးမီမှာပင် အဆောင် ဧည့်ခန်းမှ တယ်လီဖုန်း ခေါင်းလောင်းသံ ညံလာ သည်။

တယ်လီဖုန်းနှင့် နီးသူတစ်ယောက်က ကောက်ကိုင်လိုက်ဟန် တူသည်။ ခေါင်းလောင်းသံ ပျောက် သွားသည်။
"ဇင် ရေ မင်းအတွက် တယ်လီဖုန်း"
"နော်ရာ ၏ အသံကို ကြားရသည်။
လာပြီ နော်ရာ"
ဇင် အ၀တ်ဝတ်ရင်း တစ်ဝက်တစ်ပြတ်နှင့်ပင် ဧည့်ခန်းကို ပြေးထွက်ခဲ့သည်။ "ဟယ်လို" ဆိုသော အသံကို ကြားရသောအခါ ဇင် မျက်လုံးပြူးသွားသည်။

"ဘုရား … ဘုရား … ဦးတင်မောင်သန့် မဟုတ်လား"
"ဟုတ်ပါတယ် မသက်ဇင်"
"ဒါ … ဒါထက်"
"သိပ် အံ့သြသွားသလား၊ ကျွန်တော် ဘယ်မှ မရောက်သေးပါဘူး၊ မသက်ဇင်တို့ လမ်းထိပ်မှာ တင် ရှိပါ သေးတယ်၊ အသိတစ်ယောက် အိမ်ကနေ ဆက်တာပါ"
"သြော် … ဦးတင်မောင်သန့်ရယ်"

"ကျွန်တော် ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခု ပြောချင်လို့ပါ" လေသံသည် တိုးသွားကာ "ကျွန်တော် … မသက်ဇင် ကို … ချစ်တယ်"
စကားပြောခွက်ကို အလျစ်စလို ချသွားသည်။
ဇင်သည် စကားပြောခွက်ကို ကိုင်ရင်း ငိုင်နေမိလေသည်။

ယေဘုယျ ပြောရလျှင်တော့ ဇင်၏ စိတ်ဓာတ်မှာ ကျောက်စာတိုင်လို မခိုင်မြဲသော်လည်း သစ်ငုတ် လောက် တော့ ခိုင်သည် အမှန်။
နောက်ပိုင်းရက်များတွင် အဆောင်မှာရော၊ ၀ါဏိဇ္ဇအဖွဲ့ ရုံးခန်းမှာပါ တယ်လီဖုန်းလာလျှင် အမည်ကို ပထမ မေးပေး ဖို့ မှာကြားထားသည်။ ဦးတင်မောင်သန့်ဆိုလျှင် ကြည့်လိုက်ပါဦးမယ်၊ အပြင် ထွက်သွားပါတယ်" ပြောဖို့ မှာထားသည်။

သည်လိုနှင့် ရက်ပေါင်းများစွာ ရှောင်ကွင်း နေနိုင်ခဲ့သည်။
တနင်္လာနေ့ တစ်နေ့မှာ ဇင်မြို့သို့ ပြန်သည်။ မေမေက မှာ၍ ဖြစ်သည်။ အင်္ဂါနေ့ အဆောင်ပြန် ရောက်တော့ နော်ရာ က ဆီး၍ ညည်းသည်။
"ဇင့် ဆီကို ဖုန်းဆက်ဆက်နေတာ ဘယ်"
"လူတွေ အများကြီးက ဆက်နေကြတာပဲ"

"မဟုတ်ဘူးလေ တစ်ယောက်တည်း ဇွဲကောင်းကောင်းနဲ့ ဆက်နေတဲ့လူ"
"ဦးတင်မောင်သန့်လား"
"ဟုတ်မယ်၊ ဒီလူကို ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ရွှေတံဆိပ်ဆုချဖို့ ကောင်းတယ်"
"ဘာကြောင့် လဲ နော်ရာ ရဲ့"
"ဘာကြောင့် ရမလဲ၊ တစ်နေ့တည်း သူတစ်ယောက်တည်း အခါ သုံးဆယ်တိတိ ဆက်တယ်"
"မြတ်စွာဘုရား"

"မနေ့ကပေါ့၊ မြို့ကို ပြန်သွားပါတယ်ဆိုတာလဲ မယုံဘူးတဲ့။ ငါးမိနစ်တစ်ကြိမ်လောက်ကို ဆက်ခဲ့တာပဲ ဇင်။ ဒီလို လူမျိုးတွေကြောင့် ဖုန်းတွေ ဟိုခေါ်မရ ဒီခေါ်မရ ဖြစ်ကုန်တာ ထင်တယ်"
သည်တော့လည်း ကျောက်စာတိုင် မဟုတ်သည့် ဇင်သည် အနည်းငယ် လှုပ်ချင်လာသည်။
သည်အဘယ်မျှ ဆန္ဒပြင်းထန်နေသည်။ လေးနက်နေသည်၊ စိတ်စောနေသည်ဆိုခြင်းမှာ သိသာလှသည်။ လူတစ်ယောက် ကို သည်အထိ ညှဉ်းရက်သော မာကျောသည့် နှလုံးသား ကို ဇင် မပိုင်ဆိုင်ပါ။
ပြောမည့်သာ ပြောရသည်။

ဆက်ရန်
.

1 comment:

ကိုဇော် said...

ဒီအခန်းမှာ စကားပြောတွေ နည်းနည်း ကြမ်းတယ် ပြောရမယ် ထင်တယ်။ ဒါပေမဲ့ သူတို့ ခေတ်က ဆိုတော့လည်း မပြောသာဘူးပေါ့လေ။