ကဲ .... ဘထွေးလေး မောင်းဗျာ
ဟေ့.... ငါဘယ်မောင်းရမလဲ....။
ဆရာတော့်ကျောင်းပေါ့ဗျ။
ဘထွေး က ကျွန်တော့်အား မျက်လုံးပြူးကြည့်သည်။
ဆရာတော့်ကျောင်းရောက်ရင် မင်းဖင်ပုပ်မှာပေါ့။
ဆရာတော်ရိုက်တိုင်း ဖင်ပုပ်ရရင် ကျုပ်အခုလို ထိုင်တောင်မထိုင်နိုင်ဘူး၊ မောင်းစမ်းပါဗျာ၊ သောက်ရေးထဲ ခင်ဗျား က ၀င်ပူနေပြန်ပြီ။
ရောင်တစောင်းနှင့်လူက မျက်လုံးပြူး၍ ကြည့်သည်။
ငါ့လူရာ မင်းယောက္ခမကိုတော့ မဆဲဘဲနဲ့ ငါ့ကိုဘာလို့ ဆဲနေရတာလဲ၊ မောင်းဆိုမောင်းပါ့မယ်ကွာ၊ ဟဲ့ကောင် ခွေးမသား ငနီနဲ့ ငညို၊ ခွေးလိုပြေးစမ်း ခွေးလိုပြေးစမ်း...။
သူက အော်ရင်းဟစ်ရင်း ဤလောက၀ယ် နှစ်ကောင်တည်း သူ့အမိန့်ကို နာခံဟန်ရှိသည့် နွားနှစ်ကောင်ကို သံဆူးတပ်ကြိမ် နှင့် ဘယ်ပြန်ညာပြန်တို့၍ အပြေးမောင်းသည်။
သူ့ နွားများက ရေရှည်မပြေးနိုင်၊ ၀ါးနှစ်ပြန်လောက် ရောက်သော်ပြန်နှေးသွားကြသည်။ ဆီကင်းသော လှည်းဝင်ရိုး မှာ တအီအီညည်းညူသံပေါ်သည်။ ဤလှည်းအီသံသို့ သူက ဗျစ်တောက်ဗျစ်တောက်နှင့် ဆိုလာသည်။
ငယ်လေးရာ.... ငါ့လူရာ ရာဇ၀တ်အိုးမှ မင်းက တုတ်နဲ့ထိုးပလေကွာ။
ဘထွေးရွှေလွန်း ကလည်း .... ကျုပ်ကဘယ်အိုးကို တုတ်နဲ့ထိုးလို့လဲ။
ဟ..... နင့်ကောင်မလေး ရွှေအိုးပေါ့ ငါ့လူရာ... လုပ်မှလုပ်ပရဲ့ကွာ..။
ကျုပ် ဒီကောင်မလေး ကို တုတ်နဲ့မထိုးပါဘူး၊ ဆီးသီးသွားကောက်တာ။
ကောင်မလေး က မင်းနဲ့ ဆီးသီးကောက်လိုက်တယ်။
မလိုက်ရင် ခင်ဗျား သူ့မြင်ရမလားဗျ။
အေး...... ကောင်းပ။ ငါ့လူရာ၊ ကောင်းပ၊ ကောင်းပ။
ဘထွေးရွှေလွန်းနှင့် ကျွန်တော်သည် စကားမပြောဘဲ ဆက်လာခဲ့ကြသည်။ အတန်ကြာမှ ဘထွေးသည် ဘာကို တွေးမိသည်မသိ၊ ဟီး....ဟီး ဟုရယ်သည်။
ငါ့လူ.....မင်းကောင်မလေးကို တကယ်ဆီးသီးကောက် ခေါ်သွားတာလား။
ဆီးသီး ကောက်မသွားလို့ ကျုပ်တို့က လင်မယား လုပ်တမ်း ကစားမှာလား။
တယ်....ချီး ငါ့လူက အိုးမလုံ အုံပွင့်နေပြန်ပြီ။
ဘထွေးလေးက ကျုပ်ကိုမယုံဘူးလား၊ ကျုပ်ကောင်မလေးကို ဘာမှမလုပ်ပါဘူးဗျ။
ဘထွေးရွှေလွန်း သည် မျက်လုံးများမှိတ်အောင် တဟဲဟဲရယ်သည်။
မင်းမလုပ်ရင်တော့... ညံ့တာပေါ့ ငါ့လူရာ။
ကျုပ်က မယဉ်နွယ်ကို ဘာလုပ်ရမှာလဲ။
မင်း....ကောင်မလေးပါး ကို ဖက်မနမ်းခဲ့ဘူးလား။
ပါးကို ဘာလို့နမ်းရမှာလဲဗျ၊ ကျုပ်သူ့ခြေထောက်တော့ ကိုင်ခဲ့တယ်။
ဟာ.....ဟာ...ဟေ့ဟေ၊ ငါ့လူက ဒီလိုတော့ အဟုတ်သား၊ မင်းခြေထောက်ကိုင်ပြီး ဘာဆက်လုပ်သလဲ။
ဖုန်သိပ်ပေးတာပေါ့ဗျ။
ဘထွေးရွှေလွန်းသည် ခေါင်းကိုခါသည်။
မင်းသိပ်ရှော်တဲ့ကောင်ကွာ၊ အေးလေ....မင်းတော့ ဖင်ပုပ်မှာပဲ သနားလိုက်ပါရဲ့ကွာ...။
ဤသို့ဖြင့် ကျွန်တော်သည် ကိုးဆောင်တွဲကျောင်းသို့ ရောက်လာ၏။
ကျောင်းဝင်းအတွင်း၌ ကျောင်းသားနှင့် ကိုရင်တို့သည် ရေခပ်ပန်းခူး လုပ်နေကြသည်။ ကျောင်းဝင်း အတွင်း ၌ လောကဓာတ်ကျောင်းမှ ကျောင်းသူကျောင်းသားများ အရိပ်အရောင်ကို မမြင်ရသဖြင့် လောကဓာတ် ကျောင်း လည်း တက်ခဲ့ပြီးဖြစ်ကြောင်း ကျွန်တော်ရိပ်မိသည်။ ကျွန်တော်က ရေတွင်းဆီသို့ လျှောက် လာခဲ့၏။
ဧကသီ ကို လည်ပင်း၌ပတ်ထားသော ကိုရင်သာခွေးက တိုင်ပေးသည်။
တုပ်...တုပ်...တုပ်...ဗြုန်း...။
ရေတွင်းကြိုးဆွဲနေသော ကျောင်းသားနက်ကျောနှင့် ကျန်ကျောင်းသားများက သံပြိုင်လိုက်၏။
သန့်ဇင်ကျော ကြီး တ၀ုန်းဝုန်း.....။
ရေခပ်ပန်းခူး ဆိုသော စကားကို ကျွန်တော်ရှင်းလိုသည်။ ကျောင်းရှိသောက်ရေအိုးများနှင့် ဘုန်းကြီး ချိုးရေအိုး မှန်သမျှ ကျွန်တော်တို့ ဖြည့်ရသည်။ ဤသည်ကား ရေခပ်တည်း။ ကျောင်းအတွင်းရှိ ပန်းမန် များကို ခူး၍ညောင်ရေအိုးတို့၌ ထိုးရသည်။ ဤသည်ကား ပန်းခူးတည်း။
ရေခပ်ပန်းခူးအပြီး၌ ဘုရားရှေ့မှောက်၌ ကျွန်တော့်တို့အားလုံးစု၍ ပန်းကပ်ကြရသည်။ နက်ကျောသည် ငယ်သံ ပါအောင် အော်ပေးသည်။
အရဟတ္တာရိ၊ န၀ဂုနေဟိ၊ အရဟံအစိရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမ္ပန္တွာဂတံ၊ ပြည့်စုံတော် မူသော၊ နာထံ၊ လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသေည ဗုဒံ္ဓ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရား ကို၊ ဥဒ္ဒိဿ၊ ရည်မှန်း၍......။
ဘုရားသို့ရေ၊ ပန်းကပ်အပြီး၌ ဆရာတော်၏ လက်ထောက် ဦးပဉ္စင်း ဦးကောဝိဒသည် မေတ္တာတရား ပြည့်ဝစွာ ကြိမ်တုတ်ကိုကိုင်လျက် သပ္ပာယ်ကြည်ညိုဖွယ်ရာ ကြွရောက်တော် မူလာ၏။
ကျောင်းသား များ အားလုံး ငြိမ်နေခိုက် ဦးဇင်း၏ တင်းမာသော စူးရှသောအသံ ထွက်လာသည်။
ငသန့်ဇင်.....။
ဘုရား.......။
ရှေ့ထွက်ခဲ့။
ကျွန်တော်သည် ရှေ့ထွက်၍ ဦးဇင်းအားဦးချ၍ ကြမ်းပြင်၌ မှောက်ပေးရသည်။
ဦးဇင်း ၏ ကြိမ်စကြာသည် ကျွန်တော့်တင်ပါးသို့ မြစ်ရိုးတစ်လျှောက် (ကျွဲကြီးကျွဲကလေး) စက်သေနတ် ပစ်သည့် နှယ် ဆက်တိုက်ကျ လာသည်။
သြော် မယဉ်နွယ် အတွက် ကျွန်တော် ပထမဆုံးရခဲ့သော ဆုလာဘ်တည်း....။

အခန်း (၃)
ဒဏ်ရာဦး
နောက်တစ်နေ့ နံနက် ကိုးနာရီခန့် ဆွမ်းဟင်းခွက်ချရန် ကျွန်တော်ထွက်လာသောခါ တင်ပါးတို့မှာ လမ်း လျှောက်တိုင်း နာနေ၏။ မည်မျှနာစေ၀တ္တရား ပျက်၍မဖြစ်။
ကျွန်တော်တို့ ရွာ ၏ ကိုးဆောင်တွဲကျောင်း ဆွမ်း၊ ဆွမ်းဟင်းခံသည်မှာ တစ်မျိုးဖြစ်သည်။
ဆရာတော် အမှူးပြု၍ ဦးပဉ္စင်း ဦးကောဝိဒ၏တူ ကိုရင်လောစံ၊ သူကြီးတူ၊ မယဉ်နယ်၏ အစ်ကိုဝမ်းကွဲ ကိုရင်သာခွေး နှင့် နောက်ဆုံးမှကိုရင်ကျပ်ခိုးစွဲတို့သည် ရွာတစ်လျှောက် ဆွမ်းကိုသာခံသည်။ ဆွမ်းဟင်း အတွက်မူ ကြွေရေသုတ် သံပန်းကန်ကလေးတို့ဖြင့် အိမ်ပေါက်စေ့ လှည့်လည်ဝေငှ၍ ကျွန်တော်တို့ ဘုန်းကြီး ကျောင်းသား များက တာဝန်ယူရ၏။
ကျွန်တော် တို့ ကျောင်းသားများက ဆွမ်းဟင်းအတွက် သီးသန့်ထွက်သည်။ ဆွမ်းအတွက် ဘုန်းကြီးတို့က သီးခြား ခံယူသည်။
ဆရာတော်အမှူးပြုသော သံဃာများသည် သင်္ကန်းရုံလျက် ရွာလယ်လမ်းမတစ်လျှောက် ကြွသွားကြ သည်ကို ဆွမ်းဟင်းခွက် ဗန်းအားခေါင်းရွက်ရင်း ကျွန်တော်ချေင်းဦးတံတားထက်မှ လှမ်းမြင်ရသည်။ နောက်ဆုံးမှ လိုက်ရသူ ကိုရင်ကျပ်ခိုးစွဲသည် ကျွန်တော့်အား မျက်စိတစ်ဖက် မှိတ်ပြ၍ လက်သုံးချောင်း ထောင်ပြသည်။ ဤနေရာ၌ ကိုရင်ကျပ်ခိုးစွဲ၏ ဘွဲ့တော်ကို ကျွန်တော် ရှင်းထိုက်သည်ဟု ထင်သည်။
ကိုရင်၌ သူ၏သီးခြားဘွဲ့ရှိသည်။ သို့သော် ကိုရင်သည် ဆေးလိပ်အလွန်ကြိုက်၏။ ဆေးလိပ် မည်မျှ သောက်သနည်း ဆိုသော် နှာခေါင်းကျပ်စွဲအောင် သောက်သည်ဟု ဆိုကြသည်။ ထိုကြောင့် ကိုရင့်ကို ကိုရင်ကျပ်ခိုးစွဲ ဟု ခေါ်ကြသည်။ လက်သုံးချောင်းထောင်ပြသည့် အဓိပါယ်မှာ ဆေးပေါ့လိပ်သုံးလိပ် အရ ရှာရမည်။ မရှာမဖြစ်သော အကြောင်းလည်းရှိသည်။
ကျွန်တော်သည် ရွာရိုးလျှောက်၍ အိမ်ပေါက်စေ့ ဆွမ်းဟင်းခွက်စုသည်။ သုံးအိမ်တွင် နှစ်အိမ်က ကန်တော့ဆွမ်း လုပ်ကြသည်။ အိမ်ကြီးအိမ်ကောင်းများက ကန်တော့ဆွမ်းပို၍ လုပ်ကြသည်။
ကျွန်တော် တာဝန်ကျသောအပိုင်းမှာ အိမ်စေ့ဝင်ပြီးသောအခါ ကျွန်တော့်လင်ပန်းထဲ၌ ဆွမ်းဟင်းခွက် လေးခွက် ကျန်နေသေးသည်။ ထုံးစံအတိုင်း ကျွန်တော်သည် ကျွန်တော်နိုင်သော ဘထွေးလေး တို့အိမ် အရင် ၀င်ခဲ့သည်။
ဟဲ့….. ငယ်လေး၊ နင့်ဆွမ်းဟင်းခွက်တွေ မကုန်သေးပါလား။
အရီးလေး ရွှန်းမှုန် က ဗိုင်းငင်နေရာမှ လှမ်းမေးသည်။
အေးဗျ… မကုန်လို့ ခင်ဗျားဆီ နှစ်ခွက်လာပို့တယ်…..။
ငယ်လေး ရေ… တို့အိမ်ဒီနေ့ တော့ ဆူးပုပ်ကြီးဟင်း ပဲ ချက်တယ်။
ဟာ ဟိုအိမ်ကလည်း ဆူးပုပ်ကြီးဟင်း…. ဒီအိမ်ကလည်း ဆူးပုပ်ကြီးဟင်း၊ အရီးလေးတို့ကလည်း တစ်ခါ တလေ ၀က်သားဟင်းလေး ဘာလေးချက်ဦးဗျာ… ဗန်းထဲ ဆူးပုပ်ကြီးဟင်း ချည်းပဲဆိုရင် ကျုပ် မျက်နှာငယ် တယ်ဗျ။
အရီးလေးသည် သက်ပြင်းရှိုက်၍ ကျွန်တော့်အား ခါးထောက်ရင်း ရန်တွေ့သည်။
ဝတ်သား ဘီးစပတ်တုံးကြီး နေ့တိုင်းလောင်းချင်တာပေါ့ ငယ်လေး၊ ဒါပေမယ်… ငါတို့က သူကြီးမဟုတ်ဘူး၊ နင့် ယောက္မမ အိမ်သွားပြီး ဟင်းခွက်ချပါလား၊ ၀တ်သားဟင်း မှန်မှန် ရမှာပေါ့။
ကျွန်တော် သည် အရီးလေးအား မျက်မှောင်ကြုတ်ကြည့်သည်။
ခင်ဗျားကြီး က ဘာလို့ သူကြီးကို ကျုပ်ယောက္မမလို့ ခေါ်ရတာလဲ။
သိပါဘူးတော်…မင်းဘထွေးက မနေ့ကပြောတာပဲ၊ မင်းမနေ့က ကောင်မလေးကို တောထဲခေါ်သွား တယ် ဆို။
“တော်စမ်းပါ အရီးလေးရာ …ဘထွေးလေး သာ သူကြီးကိုသွားပြီး နွားလှည်းအလကားမောင်းပေး…၊ ကျုပ် က သူ့သမီး ကို အလကားပေးတောင် မယူဘူး“
အရီးလေး သည် သဘောကျစွာ ရယ်သည်။ ထို့နောက် ကျွန်တော်ကို နောက်သည်။
“သောက်ပြော ဘယ့်နှယ်ရေးပါ့မယ်၊ သောက် ရေး သောက်၊ ပြော ရေး ပြော သောက်နဲ့ပြောနဲ့ ပေါင်း ငသန့်ဇင်….“
ကျွန်တော်သည် ဒေါပွ ၍ လင်ပန်းကို ခေါင်းပေါ်ပြန်ရွက်သည်။
“တော်ပြီဗျာ… ခင်ဗျားတို့အိမ် ကျွန်တော် ဘယ်တော့မှ ဟင်းခွက် လာမချတော့ဘူး….“
ဤသို့ဆိုပြန်သော် အရီးလေး သည် ကျွန်တော့်အား ပွေ့ဖက်ချော့မော့သည်။
“ငယ်လေး ကလည်း ဒေါသချည့်ပဲ၊ ကဲပါ… ဟင်းခွက်ပေးခဲ့ပါ။ ဒါပဲနော်.. ဆူးပုပ်ဟင်းတစ်ခွက်ပဲ ရှိတယ်“
“တစ်ခွက်တည်း ရှိလည်း တစ်ခွက်ထဲပေါ့ဗျာ၊ ကျန်တဲ့တစ်ခွက်ထဲတော့ ထန်းလျက်ထည့်လိုက်နော်၊ အချိုပွဲ အတွက် ရတာပေါ့“
ဤသို့ဆို၍ ကျွန်တော်သည် ကျန်သော နှစ်ခွက်နှင့်အတူ ကျွန်တော့်အိမ်ဘက်ထွက်လာခဲ့သည်။ ကျွန်တော့် ကို မြင်သော် ကျွန်တော့်အစ်မ(အမေ)သည် နွားစာအတွက် ကောက်ရိုးနှင့် နှမ်းဖတ်နယ်နေရာမှထပြီး ကြိုဆို လာ၏။
“ငယ်လေး…ဒီနေ့ အစ်မ ကြက်သားဟင်း ချက်ထားတယ်၊ မင်းဟင်းခွက်နှစ်ခုလုံး အစ်မ ကြက်သားဟင်း ထည့် ပေးလိုက်မယ်“
ကျွန်တော်သည် ၀ါးလှေကားမှ အိမ်ပေါ်သို့ တက်ခဲ့သည်။ ကျွန်တော်တို့အိမ်မှာ ခြေတံရှည်ဖြစ်၍ အောက်၌ နွားထားပြီး အပေါ်၌ လူနေ၏။
မောမော နှင့် ကျွန်တော်သည် ဘုရားစင်အနီး သောက်ရေအိုးမှ ရေသုံးခွက်ဆင့်၍ သောက်ချ ပစ်လိုက်သည်။ ထို့နောက် ကျွန်တော်သည် အိမ်ခါးပန်းကိုခု၍ ကြမ်းပေါ်ထိုင်သည်။ သို့သော် တင်ပါးမှ ဒဏ်တို့ကြောင့် မချိမဆန့် နာကျင်သဖြင့် ဆတ်ခနဲ ပြန်ထမိသည်။
ဤသည် ကို နောက်မှလိုက်တက်လာခဲ့သော အစ်မမြင်သွားသည်။
ငယ်လေး… ဘာဖြစ်တာလဲ။
ကျွန်တော်သည် တင်းဆည်ထားသမျှ တာရိုးကျိုး၍ အစ်မရင်ခွင်၌ မျက်နှာအပ်ကာ အားရပါးရ ငိုကြွေး မိသည်။
“သား….ငယ်လေး ဘာဖြစ်သလဲ ဆရာတော်ရိုက်သလား“
“ဆရာတော် က ကျုပ်ကို အရမ်းမရိုက်ပါဘူး အစ်မရယ်၊ ဦးဇင်းက ရိုက်တာပါ။ သူကြီးလျှောက်တာနဲ့ ကျုပ်ကို ရိုက်တာ“
အစ်မသည် မနေ့က ကျွန်တော်ဘာဖြစ်ခဲ့သည်ကို သိပြီးဖြစ်ဟန်တူသည်။ ထို့ကြောင့် ဘာမျှဆက်မမေး။ မျက်လုံးများ ၌ မျက်ရည်ဝဲနေသော်လည်း တည်ငြိမ်စွား ဆုံးမသည်။
“ဦးဇင်း က ငယ်လေးကိုရိုက်တာာ ငယ်လေးလိမ္မာအောင်ပေါ့၊ ငယ်လေးကလည်း ဆိုးတာကိုး၊ နောက်မဆိုး နဲ့ ကြားလား၊ ကဲ….ကဲ…အစ်မလက်ဆေးပြီး ဆွမ်းဟင်းခပ်လိုက်ဦးမယ်၊ မင်းအဘလည်း ပြန်လာခါနီးပြီ
အစ်မ ဆွမ်းဟင်းခပ်ရန် ထသွားချိန်၌ ကျွန်တော်သည် ကြမ်းပြင်၌ ကြိုးစားထိုင်ရင်း အတွေးနယ်ချဲ့ နေမိ၏။
အဘ သည် အစက ဤရွာ၏သူကြီးဟု ကျွန်တော်သိရသည်။ မယဉ်နွယ်၏အဖေ ဦသာဇံ နှင့် အဘသည် ဘိုးဘွားများ လက်ထက် ကတည်းက သူကြီးရာထူးပြိုင်ဖက် မတည့်သူများတည်း။
သာယာဝတီ သူပုန်ကြီးထစဉ် အဘသည် ဆရာစံ၏ဂိုဏ်းဝင်လျက် ဤပြင်ခရိုင်တွင် ကုလားဖြူများကို တိုက်ခိုက် ခဲ့ သည်ဆို၏။ အဘသူပုန်ဖြစ်သော် ဦးသာဇံ သူကြီးဖြစ်လာသည်။
ကျွန်တော် သည် လူမှန်းသိတတ်စ လေးနှစ်သားအရွယ်၌ အဘကို သူတို့ဖမ်းသွားသည်။ ထိုအချိန်မှာ အဘ တို့ ခေါင်းဆောင် ဆရာစံကို ကြိုးပေးသတ်ပြီး တစ်နှစ်ကျော် ကြာခဲ့ပြီဆိုသည်။
အစ်မ၊ ဘထွေးလေးတို့နှင့်အတူ ကျွန်တော် မြို့တက် ၍ စက်ရှင်ရုံးသို့ ခဏခဏ ရောက်ခဲ့ဖူးသည် ကို မှတ်မိ ၏။
ဆက်ရန်
.

2 comments:
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဘထွေးလေးဆိုတော့ဦးလူထွေး(ဘလော့ဂါ)
ကိုသတိရလိုက်တာရွှေစင်ရာ။
ဒီလူကြီးသိပ့်ငြိမ်ချက်သာကောင်းနေလိုက်တာတော်တော်
ကြာသွားပြီနော်-
အင်း ကောင်းနေပြီ ... ဖခင်များ က အပြိုင်ရာထူးများ .....
ကောင်မလေးနဲ့ အကြောင်း စပ်စုတာကို ပြန်ပြောခန်းက တော်တော်လေး သဘောတွေ့တယ်..။ နောက်... ဟိုတယောက် သူ့ဘာသာ စဉ်းစားပြီး တဟီး ဟီးနဲ့ သဘောကျတဲ့အခန်းလည်း ကောင်းတယ်..။ ဒါကြောင့် ဆရာဘုန်းနိုင်ရယ်လို့ ဖြစ်တာ ပေါ့နော်..။
စောင့်နေပါသည်... ဖတ်ရတဲ့သူက မြန်သလောက် ရေးသူက ပင်ပန်းတယ်နော်... ကျေးဇူးပါ မရွေစင် ...
ပန်းဗေဒါ
Post a Comment