၃
ပစ္စည်းများ ပိုင်ဆိုင်ခြင်းတည်းဟူသော အဆိပ်၏ ဒဏ်ကို ပီလွန်ခံရခြင်းနှင့်မကောင်းစိတ်က သူ့အပေါ် ယာယီ အောင်ပွဲခံ သွားခြင်း
နောက်တစ်နေ့ တွင် ပီလွန်သည် ဒင်နီပိုင် အခြားအိမ်သို့ ပြောင်းရွှေ့နေထိုင်သည်။ ထိုအိမ်သည် ဒင်နီ နေသော အိမ်ထက် ငယ်သော်လည်း ကျန်အရာအားလုံးအတူတူပင်ဖြစ်သည်။ ၀ရန်တာတွင် ပန်းရောင် ကတ်စတီလီ နှင်းဆီပင် ရှိ၍ ခြံဝင်းတစ်ဝင်းလုံး မြက်ပင်ပေါင်းပင်များ ဖုံးလွှမ်းနေသည်။ ပြီးတော့ မသီးနိုင် မပွင့်နိုင် တော့သည့် အိုမင်းလှပြီဖြစ်သော သီးပင်များ၊ အနီရောင် ရေမွှေးပန်းများနှင့် အိမ်နှင့် ကပ်လျက် ရှိသော မစ္စက်ဆိုတို၏ ကြက်ခြံ။
အိမ်တစ်လုံး အငှားချထားသော ဒင်နီသည် ချက်ချင်းပင် အလွန်ကြီးကျယ် ထင်ရှားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သွားသည်။ အိမ်တစ်လုံးငှား၍ နေထိုင်သော ပီလွန်လည်း လူမှုဆက်ဆံရေးနယ်ပယ်တွင် အတော် ကြီး မြင့်မားသော အဆင့်သို့ ရောက်သွားသည်။
ဒင်နီဘက်မှ အိမ်လခရရန် မျှော်လင့်ချက် ထားမထားနှင့် ပီလွန့်ဘက်မှ နှစ်ဦးသဘောတူ သတ်မှတ် ထားသည့် အိမ်လခ ကို မှန်မှန်ပေးသွင်းရန် ရည်ရွယ်ခြင်း ရှိမရှိဟူသော အချက်ကိုမူ ပြောရခက်သည်။ အကယ် ၍ သူတို့ နှစ်ယောက်သည် တစ်ယောက်က အိမ်လခကို တောင်းပြီး တစ်ယောက်က အိမ်လခကို ပေးခဲ့သည့် ရှိသော် နှစ် ယောက်စလုံး စိတ်ညစ်ကြရမည်ဖြစ်၏။ ဤသို့ဖြင့် ဒင်နီကလည်း အိမ်လခ ကို လုံးဝ မတောင်း၊ ပီလွန် ကလည်း အိမ်လခ ကို လုံးဝမပေး။
သူငယ်ချင်း နှစ်ယောက်သည် လူချင်းမကြာခဏ ဆုံကြသည်။ တစ်ခါ တစ်ရံတွင် ပီလွန်သည် ၀ိုင်အရက် တစ်အိုး ထမ်း၍ ဒင်နီ ထံ ရောက်လာတတ်သည်။ တစ်ခါတစ်ရံကျတော့လည်း အမဲကြော် တစ်တုံး နှစ်တုံးနှင့် ပေါက် လာတတ်သည်။ ထိုနည်းတူစွာပင် ဒင်နီကလည်း ပီလွန်ထံသို့ အလည်လာတတ်၏။ ကံကောင်း ထောက်မ ၍ ဒင်နီ၏ လက်ထဲ၌ ငွေစကြေးစရွှင်သည့်အခါများတွင်လည်း ပီလွန်သည် ဒင်နီထံ ရောက် လာပြီး တစ်ညတာ မျှ ဆူပူ သောင်းကျန်း တတ်သည်။
သနားစရာ ကောင်းသည့် ပီလွန်ခမျာ သူ့လက်ထဲ၌ သာ ငွေကြေးရှိပါက သူကချည်း ဒိုင်ခံ၍ အကုန်အကျ ခံချင်စိတ် ရှိပါ၏။ သို့သော်လည်း သူ့လက်ထဲတွင် သူ့ သူငယ်ချင်း ဒင်နီကို ကျွေးမွေးပြုစုရလောက်အောင် ငွေကြး မကပ်သည် က ခက်၏။ ပီလွန် သည် ရိုးသားဖြောင့် မတ်သူ တစ်ဦးဖြစ်သည့်အားလျော်စွာ တစ်ခါ တစ်ရံ တွင် သူ့အပေါ် ကောင်းရှာသည့် ဒင်နီ၏ အကြောင်းနှင့် သူ၏ ဆင်းရဲမှုကို ဆက်စပ်တွေးတောကာ စိတ်မကောင်း ဖြစ်လေ့ရှိသည်။
တစ်ညတွင် ပီလွန်လက်ထဲသို့ ငွေတစ်ဒေါ်လာ ရောက်လာသည်။ ထိုငွေတစ်ဒေါ်လာ ရောက်လာပုံမှာ အံ့သြ ဖွယ် ကောင်းလွန်းလှသဖြင့် ချက်ချင်း မေ့သွားအောင် အားထုတ်သည်။ သူ့အနေဖြင့် ထိုအကြောင်းကို သတိရ နေမိပါက ရူးသွားမည်ကို ကြောက်၍ ဖြစ်၏။ ထိုညက ဆန်ကာလိုစ် ဟိုတယ်ရှေ့၌ ရပ်နေသော လူတစ်ယောက် က သူ့လက်ထဲသို့ ငွေတစ်ဒေါ်လာကို ထိုးထည့်ကာ " မြန်မြန်ပြေးပြီး ဘီယာလေးလုံး ၀ယ်ပေး စမ်း" ဟု ခိုင်းသည်။ ဤအဖြစ်မျိုးသည် အံဖွယ်သရဲ ထူးကဲလှသည့် ကြုံတောင့်ကြုံခဲ အဖြစ်မျိုးဟု ပီလွန် က တွေးသည်။ ဤအဖြစ်မျိုး နှင့် ကြုံရသော လူတစ်ယောက်သည် ဤအဖြစ် ကို အလေးအနက် စဉ်းစားပြီး ပူပန်ကြောင့်ကြနေစရာလည်း မလို။
ပြန်၍ မေးခွန်းထုတ်ကာ စောဒက တက်နေစရာလည်းမလို။ သစ္စာရှိစွာဖြင့် သူခိုင်းသည့်အတိုင်း လုပ်ပေး ဖို့သာ လိုသည်ဟု သူထင်သည်။ ထို့ကြောင့်လည်း သူသည် ထိုလူပေးသော တစ် ဒေါ်လာကိုယူ၍ ဒင်နီ့ လက်ထဲ ထည့် ရန် ထွက်လာခဲ့သည်။ သို့သော်လည်း လမ်းခုလတ်အရောက်တွင် ၀ိုင် တစ်ဂါလန်ဝယ်သည်။ သူ့ လက်ထဲ ၀ိုင်ရောက်လာချိန်တွင် ၀၀တောင့်တောင့် မိန်းကလေးနှစ်ယောက်၏ ဆွဲဆောင်မှုကို သူ ခံရသည်။ ဤတွင် ပီလွန် သည် ထိုမိန်းကလေးနှစ်ယောက်ကို ခေါ်ယူ၍ သူ့အိမ်သို့ ပြန် လေသည်။
ထိုအနီးအနားသို့ လမ်းလျှောက်ထွက်လာသော ဒင်နီသည် အိမ်တွင်းမှ အသံဗလံများကို ကြားရသည့်အခါ ရွှင်လန်း ၀မ်းမြောက် စွာဖြင့် အိမ်ထဲသို့ ၀င်လာသည်။ ပီလွန်က သူ့ကိုဆီး၍ မက်လဲတကင်း ကြိုဆိုပြီး အရာရာ တိုင်းကို ဒင်နီ သဘောကျပြုရန် ပေးအပ်သည်။ ထို့နောက် ဒင်နီက မိန်းကလေးနှစ်ယောက်တည်းမှ တစ်ယောက် နှင့် ၀ိုင်တစ်ဝက်ကို သူ့စိတ်တိုင်းကျ သုံးတော့မည်ဟု ကြံစည်အားထုတ်သောအခါ အလွန် ကြည့် ကောင်း သည့် ရန်ပွဲတစ်ပွဲ ပေါ်ပေါက်လာလေတော့သည်။
ဒင်နီ၏ သွားတစ်ချောင်း ထွက်သွားပြီး ပီလွန်၏ ရှပ် အင်္ကျီတစ်ထည်လုံး ရစရာမရှိအောင် စုတ်သွားသည်။ မိန်းကလေး နှစ်ယောက် က ဘေးမှ ရပ်ကာ သံသေးသံကြောင်ဖြင့် အော်ဟစ်ကြပြီး ရှုံးလိမ့်မည်ဟု ထင်သူကို မည်သူမည်ဝါဟု ရွေးမနေတော့ဘဲ ခြေ ထောက်များဖြင့် ၀ိုင်း၍ ကန်ကြကျောက်ကြသည်။ နောက်ဆုံး တွင် ဒင်နီသည် ကြမ်းပြင်ပေါ်၌ လဲနေရာမှ ကျုံးထကာ မိန်းကလေးတစ်ဦး၏ ဗိုက်ကို ခေါင်းဖြင့် ပြေးဆောင့် လိုက်သည်။ မိန်းကလေးသည် ခါးကိုကုန်း၍ ဗိုက်ကိုနှိပ်ကာ ဖားတစ်ကောင်ကဲ့သို့ ညည်းညူပြီး အိမ်ပြင် သို့ ထွက်သွားသည်။ ကျန်တစ်ဦးက ဟင်းအိုးတစ်လုံးကို ခိုးယူပြီး သူ့အဖော်နောက်သို့ လိုက်သွား လေသည်။
ဒင်နီ နှင့် ပီလွန်တို့သည် မူးမူးရူးရူးဖြင့် မိန်းမများ၏သစ္စာမဲ့မှုကို ပြောကာ တစ်ခဏမျှ ငိုလိုက်ကြသေးသည်။
လ မိန်းမ တွေဟာ ခွေးမတွေနဲ့ အတူတူပဲ။ အဲဒါကို မင်းမသိဘူး"ဟု ဒင်နီက ပညာရှိကြီး လေသံဖြင့် ပြောသည်။
" ငါသိပါတယ် သူငယ်ချင်းရာ" ဟု ပီလွန်က ပြန်ပြောသည်။
" မင်းမသိပါဘူး "
" ငါသိပါတယ် "
" ငလိမ်ကောင် "
နောက်တစ်ကြိမ် ဆော်ကြပြန်သည်။ သို့သော်လည်း ယခုဆော်ပွဲမှာ စောစောကပွဲလောက် ကြည့် မကောင်း ပေ။
ထို့နောက် ပီလွန်သည် သူ့အိမ်လခ မပေးရသေးသည့်အဖြစ်ကို စဉ်းစားမိသည်။ သူ့အိမ်ရှင်ကို ယခုကဲ့သို့ ဆက်ဆံခြင်း သည် သူဧည့်ဝတ်မကျေပွန်ခြင်းကို ပြသည်ဟု တွေးမိသည်။
လပေါင်း တော်တော်များများ ကုန်လွန်လာသည်။ ပီလွန်သည် အိမ်လခအတွက် စိတ်ပူစပြုလာပြန်သည်။
အချိန် များကုန်လာသည်နှင့်အမျှ သူ့စိတ်သည် သောက၏ ဖိစီးမှုဒဏ်ကို မခံမရပ်နိုင်အောင် ဖြစ်လာသည်။ နောက်ဆုံး တွင် စိတ်ပျက်လက်ပျက်နှင့် ချင်ကီးထံသွား၍ ဗီလာငါးများ ကိုင်ပေးရသည့် အလုပ်ကို တစ်နေကုန် ၀င်လုပ်ရာ လုပ်ခငွေ နှစ်ဒေါ်လာရသည်။ ညနေပိုင်းတွင် သူသည် သူ၏လက်ကိုင်ပ၀ါ နီရဲရဲကို လည်ပင်း ၌ စည်းကာ သူ အမြတ်တနိုးထားသော သူ့အဖေ၏ ဦးထုပ်ကိုဆောင်း၍ သူရလာသည့် လုပ်ခ နှစ်ဒေါ်လာ ကို ဒင်နီအား အိမ်လခ အရစ်ကျပေးသည့်အနေဖြင့် ပေးထားလိုက်မည်ဟု စိတ်ကူးပြီး တောင်ကုန်း ပေါ် သို့ တက်လာခဲ့လေ သည်။
သို့သော်လည်း လမ်းခုလတ်တွင် စိတ်တစ်မျိုးပြောင်းကာ ၀ိုင်နှစ်ဂါလန် ၀ယ်ပြီး " ဒီလိုလုပ်တာက အကောင်းဆုံး ဖြစ်မယ် ဟုတွေးသည်။ " တကယ်လို့ ငါ့အနေနဲ့ သူ့ကို ငွေနှစ်ဒေါ်လာ ပေးမယ်ဆိုရင် ကိုယ့် သူငယ်ချင်း တစ်ယောက် အပေါ်မှာ ကိုယ်ဘယ်လောက်အထိ ခင်မင်လေးစားတယ်ဆိုတာ ပြရာမရောက်ဘဲ နေလိမ့်မယ်။ အခုလို လက်ဆောင်ပေးလိုက်ရင် ပိုပြီးကောင်းတာပေါ့။ ပြီးတော့လည်း ၀ိုင်နှစ်ဂါလန်ကို ငါးဒေါ်လာ ပေးခဲ့ရတယ်လို့ ပြောမယ်" သူ့လုပ်ရပ်သည် မိုက်မဲမှုတစ်ရပ်သာဖြစ်သည်ကို ပီလွန် ကောင်းစွာသိသည်။ သို့ပါလျက်နှင့် စိတ်အလိုလိုက်ကာ သူ့ကိုယ်သူ လှည့်စားနေခြင်းမျှသာဖြစ်၏။ တကယ်တော့ မွန်ထရေးမြို့ပေါ်တွင် ဒန်နီလောက် ၀ိုင်ဈေးနှုန်းကို သိသူတစ်ဦးမျှ မရှိပေ။
ပီလွန် သည် ရွှင်လန်းတက်ကြွစွာနှင့် ဆက်၍ လျှောက်လာသည်။ သူ့စိတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ် ထားပြီးဖြစ်၍ သူ့ခြေထောက် များကို ဒင်နီအိမ်ဘက်သို့ တည့်တည့်မတ်မတ်ပင် ဦးတည်ထားသည်။ သူ့ခြေထောက် များသည် လှုပ်ရှားလျက် ရှိကြ၏။ မြန်မြန်ဆန်ဆန်တော့ မဟုတ်၊ ခပ်လေးလေး ခပ်မှန်မှန် ဖြစ် သည်။ သူ့လက်များ သည် ၀ိုင်တစ်ဂါလန်စီ ထည့်ထားသော စက္ကူအိတ်နှစ်လုံးကို တစ်ဖက်တစ်လုံးစီ ဆွဲလာ သည်။
နေ၀င်ဖျိုးဖျအချိန်ဖြစ်၏။ ကောင်းကင်ပြင်ဝယ် ခရမ်းရောင်သမ်းလျက်ရှိလေသည်။ တစ်နေ့တာ ကုန်ဆုံးပြီး သာယာပျော်ရွှင် မှု များ အစမပြုသေးသည့် ချစ်စရာ ညနေခင်းဖြစ်သည်။ မည်းနက်နေသည့် ထင်းရှူးပင် များ သည် ကောင်းကင်ပြင်ကို နောက်ခံပြုကာ မားမားမတ်မတ် ရပ်လျက်ရှိကြသည်။ အမှောင်ရိပ်များ သမ်းလျက် ရှိသဖြင့် မြေပြင်ထက် ရှိ အရာဝတ္ထုများ ကို သဲသဲကွဲကွဲ မမြင်ရပေ။ မိုးကောင်းကင်ကတော့ အလင်းရောင် ဖြင့် ကြည်လင်တောက်ပနေဆဲ။ မွန်ထရေးမြို့၏ ငါးစည်သွတ်စက်ရုံများဆီသို့ တစ်နေကုန် သွားရောက် ကျက်စားခဲ့ ကြသော စင်ရော်ငှက်များသည် အုပ်လိုက် သင်းလိုက် ဖွဲ့ကာ သူတို့ ဂေဟာကျောက်တောင် ကျောက်စွန်းများဆီသို့ ရှေးရှူပျံသန်းသွားနေကြလေသည်။
ပီလွန် သည် အလှကို ချစ်တတ်သူ တစ်ဦးဖြစ်သည်။ အလျ၏ သဘာဝကို အလေးအနက် ဆင်ခြင်ပြီး အရသာ ခံတတ်သူတစ်ဦးလည်းဖြစ်၏။ သူသည် လင်းလက်နေသော ကောင်းကင်ကို မော့ကြည့်သည်။ သူ့ဝိညာဉ် သည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီး ဆည်းဆာ၏ အလှဆီသို့ ရောက်သွားသည်။ မကောင်းစိတ်မွေးတတ်သော၊ ရန် လိုတတ်သော၊ အရက်မူးပြီး ဆဲရေးတိုင်းထွာတတ်သော၊ ပုထုဇဉ် တစ်ဦး မျှသာဖြစ်သော ပီလွန်သည် ပင်ပန်း ကြီးစွာဖြင့် ခပ်ဖြည်းဖြည်း ခပ်မှန်မှန် လျှောက်သွားလျက်ရှိသည်။ ဤအချိန် တွင် ပတ်ဝန်းကျင်အလှ၏ ရောင် ပြန်ဟပ်မှုကြောင့် ပီလွန်၏ စိတ်သည် နူးညံ့သိမ်မွေ့လာသည်။
သူသည် ဆည်းဆာ၏ နေရောင်အောက်တွင် အတောင်များကို ဖြန့်၍ ရေချိုးနေကြသော စင်ရော် ငှက်များ ဆီသို့ သွားကာ စိတ်ဝင်တစားကြည့်သည်။ ထိုအခါ ပီလန်၏ ရုပ်သွင်သည် ချောမောလှပလာသည်။ ကျက်သရေ ရှိလာသည်။ သူ့အတွေးများသည်လည်း အတ္တအားကြီစးခြင်းနှင့် အလိုရမ္မက်ကြီးခြင်းများ ကင်းလျက် ရှိသည်။ သူ့အတွေးများထဲတွင် အစွန်းအထင်း အညစ်အကြေးများ ကင်းစင်လျက်ရှိသည်။
" ငါတို့ရဲ့ အဘဘုရားသခင်ဟာ ညနေခင်း အလှနဲ့အတူ ရှိနေပါလား" ဟု သူတွေးသည်။ " ဒီငှက်တွေဟာ အဘဘုရားသခင် ရဲ့ နဖူးပေါ်ကဖြတ်ပြီး ပျံနေကြတာပဲ၊ ချစ်လှစွာသော ငှက်ကလေးတွေရယ်၊ ချစ် လှစွာသော စင်ရော်ကလေးတွေရယ်၊ ငါမင်းတို့ကို သိပ်ချစ်တယ်ကွယ်၊ အလွန်သဘောကောင်းတဲ့ သခင်ကလေး တစ်ယောက်က အစာဝလို့ အိပ်မောကျနေတဲ့ သူ့ခွေးရဲ့ ဗိုက်ကို အသာအယာကလေး ပွတ်သပ် ပေးနေသလို၊ ယေရှူသခင်က ကလေးတွေရဲ့ ခေါင်းကို သူ့လက်နဲ့ ထိတွေ့ပွတ်သပ်ပေးနေသလို၊ မင်းတို့ ရဲ့ အတောင်ပံတွေက ငါ့နှလုံးသားကို ရိုက်ခတ်နေပါတယ်။ ချစ်တဲ့ ငှက်ကလေးတွေရယ်၊ ရိုးသား ပွင့်လင်း နေတဲ့ ငါ့နှလုံးသားကို မင်းတို့နဲ့အတူ သယ်ယူသွားပါလားကွယ်"
လူဆိုးပီလွန်၏ ခြေထောက်များသည် လှုပ်ရှားခြင်း ကင်းမဲ့နေသည်။ ဤအခိုက်အတန့်တွင် လူဆိုး ပီလွန် ဆိုသောသူသည် မရှိတော့။ ယခုလောလောဆယ်တွင် ပီလွန်၏ စိတ်ထားလောက် ဖြူစင်သန့်ရှင်း သော စိတ်သည် ဤကမ္ဘာလောက၌ ရှိအံ့မထင်။ ဂဲလ်ဗင်၏ ခွေးဆိုးတစ်ကောင်ဖြစ်သော ခွေးဘီလူးသည်ပင်လျှင် မှောင်ထဲ ၌ ရပ်နေသော ပီလွန်၏ ခြေထောက်များအနီးသို့ ရောက်လာပါလျက်နှင့် တစ်ခဏမျှ အနံ့ခံ ကြည့်ပြီး မကိုက်ဘဲအသာပြန်လှည့်ထွက်သွားသည်။
သန့်ရှင်းစင်ကြယ်သွားအောင်ဆေးကြောသုတ်သင်ပေးပြီး ကယ်တင်ထားသော ၀ိညာဉ်တစ်ခုသည် အန္တရာယ် နှစ်ဆတိုး၍ ရှိနေတတ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကအတွင်းရှိ အရာရာတိုင်း သည် ယင်းကဲ့ သို့သော ၀ိညာဉ်မျိုးကို ဖျက်ဆီးရန် အမြဲတစေ စောင့်ဆိုင်း ကြံစည် နေကြသောကြောင့်ပေတည်း။ " ကျွန်ုပ်၏ ဒူးခေါင်းများအောက်ရှိ ကောက်ရိုးများကပင်လျှင် ကျွန်ုပ်၏ စိတ် ပျံ့လွင့် ပြီး ဖြောင့်ဖြောင့်တန်းတန်း ဘုရားမရှိခိုး နိုင်အောင် အနှောက်အယှက်ပြုကြပါသည်" ဟု စိန့်သြဂတ်စတင်း က ပြောခဲ့ဖူးသည် မဟုတ်ပါလား။
တကယ်တော့ ပီလွန်၏ ၀ိညာဉ်သည် အတိတ်ဘ၀က ကြုံခဲ့ဖူးသည့် ဖြစ်ရပ်များ၏ မှတ်ကျောက် တင်ခြင်း ကိုပင် ခံနိုစွမ်းရှိသည် မဟုတ်ပေ။ ရေချိုးနေကြသည့် ငှက်များကို မျက်ခြည်မပြတ် ကြည့်နေရင်းမှပင် မစ္စက်ပက်စတာနို သည် အသားစင်းကောသွတ်မုန့်များ ပြုလုပ်သည့်အခါ တစ်ခါတစ်ရံ စင်ရော်ငှက်သားများ ထည့် တတ်သည်ကို ပြေး၍သတိရသည်။ ယင်းသတိရ မှုကြောင့် သူ့ဗိုက်သည် ဆာလောင် မွတ်သိပ်ခြင်း ဖြစ်လာသည်။
ယင်း ဆာလာင်မွတ်သိပ်မှုသည် ကောင်းကင်ပြင်၏အလှတွင် ကျက်စားနေသော သူ့စိတ်အာရုံကို အခြား တစ်နေရာ သို့ ရွှေ့လျားသွားအောင် ဖန်တီးလိုက်သည်။ ပီလွန်သည် ရှေ့သို့ ဆက်သွားသည်။ ကုသိုလ်စိတ် နှင့် အကုသိုလ်စိတ် သို့မဟုတ် စိတ်ကောင်း နှင့် စိတ်ဆိုး ပေါင်းစပ်နေသော ကောက်ကျစ်စဉ်းလဲမှုသည် တစ်ဖန် ပြန်၍ ဖြစ်ပေါ်လာသည်။ ထိုအခါ ဂဲလ်ဗက်၏ ခွေးဘီလူးသည် မာန်ဖီကာ ဒေါသတကြီး ဟိန်းသည်။ ပီလွန် ၏ ခြေသလုံးသားကို အားရပါးရ ခဲနိုင်သည့် အခွင့်ကောင်းကြီးတစ်ရပ် လက်လွှတ်လိုက်ရသဖြင့် စိတ်ထိခိုက်ခြင်း ဖြစ်သွားပုံလည်းရသည်။
ပီလွန် သည် ဆွဲလာသော ၀ိုင်ပုလင်းများ၏ အလေးချိန်မှ သက်သာရာရစေရန် လက်များကိုလှုပ်ကာ နေရာ ပြင် သည်။
အမြင့်မြတ်ဆုံးသော သုစရိုများကိုပြုနိုင်စွမ်းရှိသည့်စိတ်သည် အယုတ်ညံ့ဆုံးသော ဒုစရိုက်များကိုလည်း ပြုနိုင်စွမ်း ရှိသည်ဟူစောာ အဆိုပြုချက်တစ်ချက် ရှိနေသည်ဖြစ်ရာ ယင်းအဆိုပြုချက် မှန်ကန်ကြောင်း ရှိနေပေသည့် သာဓကများသည် လူ့သမိုင်းဖြစ်စဉ်များထဲတွင် အများအပြား ရှိနေပေသည်။ မွန်မြတ်သော တရား များကို အားထုတ်၍ သူတော်စင်ဘ၀သို့ ရောက်နေရာမှ အကျင့်ပြန်လည်ပျက်ပြားသွားရသော ဘုန်းတော်ကြီး သည် ဘုရားသခင်နှင့် ဘုရားသခင်၏ တရားတော်များအပေါ်၌ အခြား သာမန်ပုဂ္ဂိုလ် များထက် ပို၍ အကြည်အညို ကင်းမဲ့တတ်၏။ အပျိုရည်ပျက်စ မိန်းမများထက် ပို၍ ငမ်းငမ်းတက်ဖြစ်တတ် ၏။
ပီလွန် သည် တဒင်္ဂမျှ ကောင်းကင်ဘုံသို့ ရောက်သွားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ရောက်သွားသည့် အဖြစ် ကို သတိမထားမိချေ။ကောင်းကင်ဘုံ မှလောလောလတ်လတ်ပြန်ရောက်စ ပီလွန်သည် ပြင်းထန်စွာ တိုက်ခတ် လျက်ရှိသော လေဒဏ်ကို ကြံ့ကြံ့ခံလျက်ရှိသည်။ အခုလိုညမျိုးတွင် သူ့အား ၀န်းရံ နေလေ့ ရှိသော မကောင်းစိတ်များ၏ ဖြားယောင်းသွေးဆောင်မှုကိုလည်း ကြံ့ကြံ့ခံလျက်ရှိ၏။ သူ့ခြေထောက်များသည် ယခုချိန်ထိ ဒင့်နီအိမ်ဘက်သို့ ဦးတည်ကာ လှုပ်ရှားလျက်ပင်ရှိကြသေးသည်။ သို့သော် လည်း သူ့ခြေထောက်များ ထဲတွင် စေတနာရော စိတ်အားထက်သန်မှုပါ ရှိတော့သည်မဟုတ်ပေ။
သူ့ ခြေထောက်များသည် အခြားတစ်ဖက်သို့ ကွေ့သွားရန် အချက်ပြမည့်အချိန်ကို စောင့်မျှော် လျက် ရှိကြသည်။ ထိုအချိန်တွင် ပီလွန်သည် သူသယ်ဆောင်လာသည့် ၀ိုင်နှစ်ဂါလံကို တစ်ယောက်တည်း ကုန်အောင် သောက်ရလျှင် ထူးကဲပြောင်မြောက်စွာမူးသွားမည့် အဖြစ်နှင့် နာရီပေါင်းများစွာမူး၍ နေနိုင်မည့် အဖြစ် များကို တွေးတောနေခဲ့လေပြီ။
အခုဆိုလျှင် မှောင်မိုက်နေပြီဖြစ်၏။ ဖုန်ထူလွန်းလှသော လမ်းမနှင့် လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်ရှိ ရေမြောင်း များကို ကောင်းစွာ မမြင်နိုင်တော့ပေ။ လောလောဆယ်တွင် ပီလွန်သည် သူ့စိတ်သူ ပိုင်ပိုင် နိုင်နိုင် ဆုံးဖြတ်၍မရသေး။ သူ့စိတ်သည် အလွန်နူးညံ့ပျော့ပျောင်းသည့် ငှက်တောင်လေးတစ်ခုသဖွယ် ရက်ရောခြင်း နှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတည်း ဟူသော စေတသိက် နှစ်ခု ကြားတွင် တလှုပ်လှုပ်ဖြစ်လျက် ရှိ သည်။
ထိုအခိုက်တွင် ပက်ဘလိုဆန်ချက်ဇ်သည် လမ်းဘေးမြောင်းထဲ၌ ထိုင်ကာ စီးကရက်တစ်လိပ်နှင့် ၀ိုင်တစ်ခွက် လောက် သောက်ရ လျှင် မည်မျှလောက် ကောင်းပါမည်နည်း ဟု တွေးတောကာ ဆန္ဒ ပြင်းပြ စွာဖြင့် တောင့်တလျက်ရှိလေသည်။
ပထမ တွင် ပက်ဘလိုသည် ခြေသံများကို ကြားသည်။ ထို့နောက် တလှုပ်လှုပ်လာနေသော လူပုံသဏ္ဍာန် ခပ်ဝါးဝါး မြင်ရသည်။ အနီးသို့ ရောက်သောအခါ ပီလွန်မှန်းသိသွားသည်။ " ဟေး သူငယ်ချင်း" ဟု ပက်ဘလို က ၀မ်းသာအားရ အော်၍ နှုတ်ဆက်သည်။ " သယ်လာတဲ့ ၀န်ထုပ်ဝန်ပိုး တွေက များလှချေလားကွာ၊ ဘာတွေ များတုံး"
ပီလွန် သည် တန့်ခနဲရပ်လိုက်ပြီး မြောင်းဘက်သို့ မျက်နှာချင်းဆိုင်လိုက်သည်။ " ငါက မင်း ထောင်ကျ နေတုန်းပဲ လို့ ထင်တာ" ဟု လှမ်းပြောသည်။ " မင်း ငန်းတစ်ကောင် ခိုးတာ ငါ ကြားတယ်ကွ "
" ဟုတ်တယ် ပီလွန်။ ငါ ငန်းတစ်ကောင် ခိုးခဲ့တယ်" ဟု ပက်ဘလို က ပြောင်ချော်ချော်လေသံဖြင့် ပြော သည်။
" ဒါပေမယ့် ဘယ်သူကမှ ငါ့ကို ကြည်ကြည်ဖြူဖြူနဲ့ လက်မခံကြဘူး၊ တရားသူကြီးက ပြောတယ်၊ သူပေးတဲ့ အပြစ်ဒဏ် က ငါ့ကို ပြုပြင်မပေးနိုင်ဘူးတဲ့၊ ပုလိပ်ကလည်း ထောင်ထဲမှာ ငါစားနေတာဟာ လူ သုံးယောက်စာ မကဘူးလို့ ပြောတယ်။ ဒါနဲ့ပဲ ငါ့ကို နောက်ထပ်ရာဇ၀တ်မှု မကျူးလွန်ပါဘူးဆိုတဲ့ ခံဝန်ချုပ်နဲ့ လွှတ်လိုက်တယ်" ပက်ဘလိုက သူစကားကို ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် အဆုံးသတ်သည်။
ပီလွန်သည် တစ်ကိုယ်ကောင်းဆန်ခြင်းဟူသော မကောင်းစိတ်မှ လွတ်မြောက်သွားသည်။ သူ ၀ယ်လာသည့် ၀ိုင် ကို ဒန်နီ ထံ ယူမသွားသည်မှာ မှန်သော်လည်း သူသည် ပက်ဘလို ကို သူ့အိမ်သို့လိုက်၍ ၀ိုင်သောက်ရန် ဖိတ်သည်မဟုတ်ပါလား။
ပီလွန် နှင့် ပက်ဘလိုတို့သည် အိမ်ထဲသို့ ပျော်ပျော်ပါးပါး ၀င်ရောက်သွားကြသည်။ ပီလွန်က ဖယောင်းတိုင် တစ်တိုင် ကို ထွန်းကာ အရက်ထည့်သောက်ရန် သစ်သီးထည့်သည့် ခွက်နှစ်ခွက်ကို ထုတ်၍ချသည်။
" ကြွက်တွင်း ကို ရေလောင်းကြစို့" ဟု ပက်ဘလိုက ပြောသည်။
အရက်ကို ရေလိုသောက်နိုင်ပါသည် ဆိုသော ပီဆာနိုးနှစ်ယောက်အတွက်ပင်လျှင် ၀ိုင်နှစ်ဂါလန်သည် များလွန်း လှ၏။ ၀ိုင်နှစ်ဂါလန်ကို သောက်သူများ၌ ဖြစ်ပေါ်လာတတ်သည့် ဖြစ်စဉ်အဆင့်ဆင့်ကို ခွဲခြမ်း စိတ်ဖြာ၍ ကြည့် မည်ဆိုပါကလည်း အောက်ပါအတိုင်း တွေ့ရလိမ့်မည်ဖြစ်၏။
ပထမပုလင်း ၏ လည်ပင်းအောက်နားအထိ အရက်လျော့သွားချိန်တွင် အသောက်သမားများသည် စိတ်ဝင်စား ဖွယ်ကောင်းသည့် အကြောင်းအရာများကို အလေးအနက်ထား၍ ပြောဆိုတတ်ကြသည်။ ပုလင်း လည်ပင်း အောက် နှစ်လက်မထိ လျော့သွားသောအခါ ကြည်နူးနှစ်သိမ့်ဖွယ်ကောင်းသည့် ရှေးဟောင်း နှောင်းဖြစ် အချစ်ရေးရာများကို တမ်းတမိကြ၏။ နောက်ထပ် တစ်လက်မတိုး၍ လျော့သွားချိန်တွင်မူ စိတ်နှလုံး မသာယာဖွယ်ကောင်းသည့် အတိတ်က ချစ်ပုံပြင်များဆီသို့ ရောက်သွားကြ၏။
ပထမပုလင်း ကုန်သွားသည့်အခါတွင်မူ မရေမရာ နိုင်လွန်းလှသော ကြေကွဲဝမ်းနည်းမှုများ ၀င်လာသည်။ ဒုတိယပုလင်း ၏ လည်ပင်းအောက်နားအထိ လျော့သွားသောအခါ စိတ်ပျက်ခြင်း၊ အားလျော့ခြင်း၊ တွေဝေ ငေးမောခြင်း များဖြစ်လာသည်။ ထို့နောက် လက်နှစ်လုံးခန့်ထပ်၍ လျော့သွားသည့်အခါ အလွန်စိတ်ပါ လက်ပါ ဖြင့် သီချင်းဆိုမိကြသည်။ နောက်ထပ်လက်တစ်လုံးလျော့သွားသည့်အခါမူ လူကြိုက်များသည့် သီချင်း တိုင်း ကို ဟိုတစ်စ သည်တစ်ပိုင်း ဆိုမိကြပြန်သည်။
အရက်နှစ်ဂါလန် ၏ အဆင့်ဆင့် ဖြစ်စဉ်သည် ဤနေရာအရောက်တွင် ရပ်သွားသည်။ ထို့နောက် ဆက်လက် ဖြစ်ပေါ်လာမည့် ဖြစ်ရပ်များသည် ဖရိုဖရဲနှင့် မရေမရာနိုင်လွန်းလှ၏။ စည်းကမ်းတကျနှင့် အဆင့်ဆင့် ဖြစ်ပေါ်လာနိုင်သည့် အနေအထားမရှိတော့။ စည်းလွတ်ဝါးလွတ် ဘာမဆိုဖြစ်နိုင်သော အနေအထား သို့ ဆိုက်ရောက်သွားပြီးဖြစ်၏။
ဆက်ရန်
.
1 comment:
အင်းးး ၊ ငါမဖြစ်လိုက်ရလေခြင်း နော်
Post a Comment