"မောင် … ပြောင်းလာလို့ မဖြစ်တော့ဘူး"
ဇင်သည် မောင့်မျက်နှာကို ကြက်သေသေကာ ကြည့်နေလိုက်မိသည်။ မောင်သည် ဇင့်အကြည့်ကို မခံနိုင် သလို မျက်နှာလွှဲနေသည်။
"ဒီတော့ … ဇင်တို့ ဘာလုပ်ကြမလဲ"
မောင် က ဇင့်အမေးကို မဖြေ။
"ပြောစမ်းပါ မောင်၊ ဒီတော့ ဇင်တို့ ဘာလုပ်ကြမလဲ"
ဇင့်အသံ အတော်ချည်း ကျယ်လောင်သွားသည်။
"သူက အငယ်အနှောင်း အနေနဲ့လဲ မနေချင်ဘူး၊ သူ့မိဘမျက်နှာကိုလဲ ထောက်ထားစရာ ရှိသေးတယ် မဟုတ်လား"
ဇင် ရင်ထဲ ကျင်ခနဲ နာသွားသည်။
"ဇင်ကလည်း ကိုယ့်ယောက်ျား နောက်မိန်းမ ယူနေတာကို ကြည်ကြည်သာသာ လက်ခံနိုင်မယ် ထင် သလား"
မောင်သည် ငြိမ်နေသည်။ မျက်လွှာချထားသည်။ မောင့်မျက်နှာသည် ဆယ်နှစ်ထက်မနည်း ပိုမို အိုစာ သွား သလို ရှိသည်။
မောင် က အရက်ကို မော့သောက်သည်။ ထပ်မံငှဲ့ရန် နေရာမှ ထမည် ပြုသည်။
ဇင် က မောင့်ပခုံး ကို ဆွဲနှိမ်လိုက်သည်။
"ထိုင်ပါ၊ ဇင် ထည့်ပေးပါမယ်"
မောင် သောက်နေကျထက် ပိုပြီး ထည့်ပေးလိုက်သည်။
"ဇင် သိပါတယ် မောင်ရယ်၊ မောင်ဇင့်ကို လက်ထပ်တုန်းက ဇင်ဟာ အဲဒီခေတ် အဲဒီအခါက မောင်နဲ့ သင့်တော် တဲ့ မိန်းမပေါ့ ဟုတ်လား၊ အခုခေတ် အခုအခါနဲ့ လိုက်လျောညီတဲ့ မိန်းမကို အခု မောင်ရှာနိုင်ပြီ မဟုတ်လား"
"မောင် ပြောပါပကောလား …"
"မိုးကြိုးပစ်ရာ ကို ထန်းလက်နဲ့ ကာမနေပါနဲ့တော့ မောင်၊ မောင်ဘယ်လို ဆင်ခြေဆင်လက်ပေးမယ် ဆိုတာကို ဇင် သိပြီးသားပါ။ ကဲလေ … အခုတော့ သူက အငယ်အနှောင်းအဖြစ်နဲ့ မနေချင်ပါဘူး၊ ရှင့် မယားကြီး နဲ့ ကွာရှင်းပါ၊ ကျွန်မကို လက်ထပ် ပါပေါ့၊ ဒီလိုမဟုတ်လား"
"မောင် ငြင်းလိုက်ရင် သူ့အဖေ အရှိန်အ၀ါ သုံးပြီး မောင်အလုပ်ပြုတ်တဲ့အထိ၊ အရှက်တကွဲ အကျိုးနည်း ဖြစ်တဲ့အထိ လျှောက်လုပ်လာလိမ့်မယ် ဇင်"
"သြော် … အခုတော့လဲ အကြောက်တတ်သားပါလား၊ သိပ်အရှည်အဝေးပြောနေဖို့ မလိုပါဘူး မောင်၊ မောင် ဒီ တစ်ခေါက် လာတာ ဇင်နဲ့ ကွာရှင်းဖို့လား၊ ကလေးတွေကို လာနှုတ်ဆက်တာလား ဟင်"
"သူတို့က မောင့်ကို အဘက်ဘက်က အကြပ်ကိုင်နေကြတယ် ဇင်၊ ပြီးတော့ … သူ … သူ့မှာလည်း မပေါ့မပါး ဖြစ်နေပြီ"
"သူ့ကလေးက အပြင် မရောက်သေးပါဘူး … နော်၊ အပြင်ရောက်နေတဲ့ ဇင့်ကလေးတွေကိုကျ တော့ကော မောင် ဘယ်လို လုပ်မလဲ"
"မောင့်ကလေးတွေကို ပစ်မထားပါဘူး၊ တိုက်ခန်းကို ဇင်နဲ့ ကလေးတွေ ယူထားလိုက်ပါ၊ သူတို့ အတွက် စရိတ်လဲ ထောက်မှာပါ"
"သြော် … ဒီအထိ အပြတ်အသား စဉ်းစားပြီးပြီကိုး …၊ ဒါဖြင့် အဓိက ကတော့ မောင် ဇင့်ဆီက ကွာရှင်း ပြတ်စဲ ကြောင်း လက်မှတ် လိုချင်တာပဲ ဆိုပါတော့၊ မဟုတ်လား ဟင်"
မောင့်ထံမှ တော်တော်နှင့် အသံထွက်မလာ၊ အတန်ကြာမှ …
"မောင် ဘယ်လိုမှ မတတ်သာတော့ဘူး ဇင်"
ဇင်သည် အိမ်ရှေ့ခန်းသို့ ပြေးထွက်ခဲ့သည်။ ကုလားထိုင်ပေါ်မှာ ထိုင်ပြီး တ၀ကြီး ငိုပစ်လိုက်သည်။ တစ်သက် နှင့် တစ်ကိုယ် အားပါးတရ အငိုမိဆုံးပဲ ထင်သည်။
အတော်ချည်းကြာတော့ မောင် အိမ်ရှေ့ခန်းသို့ လိုက်လာသည်။ ဇင့်အပါးမှာ ထိုင်သည်။ ဇင့်ပခုံးကို နှစ်သိမ့်မှု ပေးသလို လှမ်းဆုပ်လိုက်သည်။ ဇင် ရှောင်တိမ်းလိုက်ပါသည်။
"ဇင့်အသားကို မထိနဲ့မောင်၊ အခုအချိန်ကစပြီး ဇင်နဲ့မောင်တို့ဟာ သူတစ်စိမ်းတွေ ဖြစ်သွားကြပြီ။ မောင် ဇင့် ကို စိမ်းရက်နိုင်တယ်နော်"
"ဇင်ရယ်"
မောင်သည် ဇင့်မျက်နှာကိုပဲ စိုက်ကြည့်နေသည်။
ဇင့် မျက်နှာမှာ ဘယ်လို အမူအရာတွေ ဖြစ်ပေါ်နေလဲ ဆိုတာတော့ မသိပါဘူး။ ဇင့် ရင်ထဲမှာတော့ နာကျည်းမှု တွေရော၊ ၀မ်းနည်းခြင်း တွေရော၊ ခံပြင်းမှုတွေပါ ရောထွေးနေသည်။
"ဇင်ရယ် … ဇင့်ကို မောင် တကယ်ချစ်ပါတယ်"
"ဇင်ကလဲ မောင့်ကို အပျက်အပျက် ချစ်ခဲ့တာမှ မဟုတ်တာ"
"ဟုတ်ပါတယ်၊ ကိုယ်တို့အကြားမှာ အမှား တစ်ခုခုတော့ ရှိမယ် ထင်တယ်။ အေးလေ … အမှားက တစ်ခု မကဘူး၊ အမှားတွေ အများကြီး ရှိတယ်။ အဲဒီအမှားကို မောင်လဲ မသိဘူး။ ဇင်လဲ မသိနိုင်ဘူး"
"ဇင်တော့ ထင်တယ်၊ ဇင့်ဘက်က မမှားဘူး။ ဇင် ဘာတစ်ခုမှ အမှားမလုပ်ခဲ့ဘူး။ အခုဟာက အကျပ်ကိုင် ခံရတာ၊ အနိုင်ကျင့် ခံရတာ"
ဆူဆူညံညံ အသံများကြောင့် သမီးနိုးလာသည်။
သမီးဥမ္မာ သည် တင်းမာ ခက်ထန်နေသော ဇင့်မျက်နှာကို ကြည့်ကာ တစ်စုံတစ်ခု ဖြစ်သည်ကို ရိပ်မိဟန် ရှိသည်။
ဇင်သည် သမီးကို အိပ်ရာပေါ်သို့ ပြန်သိပ်သည်။ သမီး အိပ်ပျော်သောအခါ ခေါင်းအုံးတစ်လုံး နှင့် စောင်တစ်ထည် ကို ယူလာသည်။ မောင့်ကို ပစ်ပေးလိုက်ရင်း …
"ဒီည မောင် ဒီနှစ်ယောက်ထိုင် ကုလားထိုင်ပေါ်မှာပဲ အိပ်ပေါ့" ပြောပြီး အိပ်ခန်းထဲ ၀င်ခဲ့သည်။
သို့သော် အဲသည့်ည က နှစ်ယောက်လုံး တစ်ရေးမှ အိပ်မပျော်ကြသည် အမှန်ပင်။
ဇင် သိနေသည်။သည် တစ်ပွဲ မှာ ဇင် "ခံ" လိုက်ရပြီ ဆိုခြင်းကို သိနေသည်။
ဇင်ကပဲ ပူပင်စိတ်နည်းတာလား၊ မောင့်အပေါ် ယုံကြည် စိတ်ချလွန်းတာလား၊ လွတ်လပ်မှုကို ရှာဖွေလွန်းရာ ကျခဲ့ သလား၊ မပြောတတ်။ ဖြစ်နိုင်သည်မှာတော့ မောင့်အပေါ် ယုံကြည်စိတ်ချလွန်း တာပဲ ဖြစ်မည်။
ဖေဖေ သေဆုံးစဉ်က မိမိဘ၀တွင် ဖေဖေ့လို တစ်ကိုယ်ကောင်းဆံသူနှင့် ဆုံဆည်းရလိမ့်မည်ဟု မဟုတ်ဟု အထင် ရှိခဲ့သည်။ မိမိ လက်ထပ်မည့်သူသည် လုံခြုံမှု ပေးနိုင်သူ၊ ချမ်းမြေ့မှုပေးနိုင်သူ၊ ယုံကြည်လောက် သူ ဟု ယူဆခဲ့သည် အမှန်ပင်။
သို့ပေမယ့် … ယခုတော့ သည်ပုတ်ထဲက ထွက်သည့် သည်ပဲပါပဲကလား။
ယောက်ျားထဲက တစ်ယောက်ဖြစ်သော မောင်သည် ယောက်ျားထဲက တစ်ယောက်ဖြစ်သော ဖေဖေ့လို တစ်ကိုယ်ကောင်း ဆံသူ တစ်ယောက်ပါပဲကလား။
နောက်တစ်နေ့ ကျတော့ ဇင်တို့ သားအမိတစ်တွေ မောင့်ကို လေဆိပ်သို့ ဆင်းပို့ကြသည်။ မောင့်မှာ "နှစ်ဦးသဘောတူ ပြတ်စဲကြောင်း သဘောတူညီပါသည်" ဆိုသည့် ဇင့်၏ စာပါသွားခဲ့ပြီ ဖြစ်သည်။ မကြာမီ သတင်းစာ များ ၌ ထိုကြေညာချက် ပါလာပေလိမ့်မည်။
မောင်သည် မျက်ရည် တရစ်ဝဲ၀ဲဖြင့် ကလေးတွေကို နမ်းရှုပ် နှုတ်ဆက်သည်။
ကလေးတွေကတော့ ဘာမျှ မသိရှာ။
"ဖေဖေ မြန်မြန်ပြန်လာနော်" မှာရှာကြသေးသည်။
ဇင် ကတော့ တတ်နိုင်သမျှ ဟန်ဆောင်နေခဲ့သည်။
မောင် စီးနင်းလိုက်ပါသွားသော လေယာဉ် ထွက်ခွာသွားပြီး ဧည့်ခန်းဆောင်ထဲ ပြန်ရောမှ "သမီးတို့ သားတို့ ခဏ နေရစ်ဦးနော်" ဆိုကာ သန့်ရှင်းရေးအခန်းထဲသို့ ၀င်ပြီး ငိုလိုက်သည်။ နောက်တော့ မျက်နှာသစ်သည်။ ကရင်းပတ် ဖြင့် ပေါင်ဒါ ပြန်ဖို့ကာ အပူရုပ်ကို ဟန်လုပ်ဖုံးကွယ် လျက် ပြန်ထွက်လာခဲ့သည်။
ဝတ္ထုတွေ ထဲကလို နှစ်ပေါင်းခုနှစ်ရာ မငိုခဲ့ပေမယ့် ခုနှစ်နာရီလောက်တော့ ဇင် ငိုခဲ့မိသည် ထင်သည်။
ဤသည် မှာ မောင်နှင့်ဇင်တို့၏ ဇာတ်လမ်း နိဂုံးဖြစ်သည်။
ဇင့်ဘ၀ ထဲမှာ မောင် ထွက်ခွာသွားခြင်းပင် ဖြစ်ပါတော့သည်။
ယေဘုယျ ပြောမည်ဆိုလျှင်တော့ သည်တစ်ပွဲသည် ဇင့်အတွက် အရှုံးပွဲ။
မောင်က စွန့်ခွါသွားပြီဆိုသောအခါ ဇင်သည် တိုက်ခန်းတစ်ခန်း၊ ကလေးနှစ်ယောက်၊ အသည်း ဒဏ်ရာ အချို့ သာ အဖတ်တင် ကျန်ရစ်ခဲ့သည်။
ဆက်ရန်
.

5 comments:
အော်..လေယာဉ်ကွင်းကိုတောင်လိုက်ပို့သေးသကိုး..
မိန်းမတွေများ..တယ်လဲသည်းခံစိတ်ကြီးမားကြတာကိုး..
ဒါမျိုးတွေကြောင့်ဒင်းကထင်ရာစိုင်းလို့ရတာနေမှာ...။
ဘယ်သူ့ကို ဒေါကန်ရမှန်းမသိဘူး... ဒေါကန်သွားတယ်...
ဘာမှနားမလည်သေးတဲ့ ကလေးနှစ်ယောက်အတွက် အဖေနဲ့ အမေ ဘယ်သူ့ကို ဒေါကန်ရမှန်းမသိဘူးလို့ပြောတာပါ... ဟိုဘက်က မိန်းကလေးကိုရောပေါ့.... ဒါမျိုး ကေ့စ် လောလောဆယ် အပြင်မှာ တွေ့နေရလို့.... ဟိုဘက်က ၁၀နှစ်သမီးနေရာက ကောင်မလေးကို ရိုက်ပြီး ဆုံးမလိုက်ချင်တယ်... ယောက်ျား အဲလောက်တောင်ရှားလားဆိုပြီးတော့ အပြင်ကတွေ့နေတဲ့ ကောင်မလေးကတော့ ၁၀နှစ်လဲ မဟုတ်ဘူး.. လူမှုပါတ်ဝန်းကျင်မှာ ဒါမျိုးဖြစ်ကြပြီဆို အဓိကကတော့ သားသမီးတွေပဲ အရင်ဆုံး ကြားထဲက မြေစာပင်ဖြစ်ကြရတယ်... ;(
၁၀ နှစ်သမီး မဟုတ်လောက်ပါဘူး ၁၀ကျော်သက် အရွယ် မြီးကောင်ပေါက်မလေးဖြစ်မှာပါ
ဘာပြောရမှန်း မသိသေးဘူး..
Post a Comment