စိတ်ဆင်းရဲစရာ အကောင်းဆုံးမှာ အဆိုပါကုတ်ကင်းသည် အာနိသင် ပြင်းထန်လှသည်။ တခြား မူးယစ်ဆေး တွေ ထက်ပိုပြီး စွဲလွယ်သည် သည်ဆေးက ကျွန်မတို့ မြို့တွင်းနေ လူထုကို ကောင်းကောင်းကြီး ဒုက္ခပေး နေသည်။ သည်ကုတ်ကင်းက မိန်းမသားတွေကို သိမ်းသွင်းသွားသည်။ မိန်းမတွေဆိုသည်မှာ မိသားစုများကို စုစု စည်းစည်းဖြစ်နေအောင် ဆွဲကပ်ပေးနေသည့် တစ်ခုတည်းသော 'ကော်'မဟုတ်ပါလား။ ကျွန်မ တို့ကျောင်း မှ ကလေးတွေမှာ စားစရာမရှိ၊ ၀တ်စရာမရှိ၊ တည်တည်တံ့တံ့နေစရာ အိမ်ပင်မရှိဘဲ စာသင် နေကြရသည်။ သည်လိုအပ်ချက်တွေကို သူတို့မိဘတွေက မူးယစ်ဆေးနှင့် လဲလှယ်ပစ်နေကြသည်လေ။ ယခု ဆို အချို့သည် ကုတ်ကင်းဖြန့်ချီသူများပင် ဖြစ်နေပြီ။
ကျောင်းစင်္ကြံလမ်းများပေါ်တွင် ကျောင်းမှကလေးတွေ ပြောဆိုနေသံများကို ကျွန်မကြားကြားနေရသည်။ သူတို့ ပြောဆိုနေကြသည်မှာ ကုတ်ကင်းအရောင်းအ၀ယ်လုပ်ငန်းတွင် တစ်စိတ်တစ်ပိုင်းပါဝင် ပတ်သက် နေသည့် ကလေးတွေ သို့မဟုတ် ကောင်မလေးတွေအကြောင်း။ တချို့က အရောင်းအ၀ယ်လုပ်နေချိန်တွင် ဘေးဘီ စောင့်ကြည့် သည့် အစောင့်လုပ်ပေးကြသည်။ တချို့က ကုတ်ကင်း သယ်ပေးကြသည်။ တချို့က ငွေပို့၊ ငွေယူလုပ်ပေးသည်။ တချို့ကတော့ သူတို့ကိုယ်တိုင် ကုတ်ကင်းကို ဖြန့်ချီရောင်းဝယ် နေကြသည်။
ထိုသို့လုပ်နေသည့် ကလေးတွေထဲမှ နှစ်ယောက်ကို ကျွန်မသိသည်။ တစ်ယောက်က အသက်၁၃နှစ်ရှိ ဒင်နီ ဆိုသူကလေး သူက ဘလိန်းကျောင်းမှ ကျောင်းပြီးသွားပြီ။ နောက်တစ်ယောက်ကတော့ ကျွန်မတို့ ကျောင်း မှ တတိယတန်း ကျောင်းသားကလေး သောမတ်ဆိုသူဖြစ်၏။
"မစ္စကတ်ရိုက်၊ ဒင်နီမူးယစ်ဆေးရောင်းတာကို သောမတ် က ကူညီနေတယ်"
ကလေးတစ်ဦးက ကျွန်မကိုတိုင်သည်။
"သောမတ်က လှေကားထစ်မှာ ကုတ်ကင်းပုလင်းတွေနဲ့ ငွေတွေကိုင်ပြီး ထိုင်နေတယ်။ ဒင်နီက လမ်းထောင့်မှာ မတ်တတ်ရပ်နေတယ်။ မော်တော်ကားတစ်စီး ထိုးရပ်လာရင် ဒင်နီက ဒရိုင်ဘကို ငါးဒေါ်လာဖိုး၊ ဆယ်ဒေါ်လာဖိုးရောင်းလိုက်တယ် မော်တော်ကားပြန်ထွက်သွားတာနဲ့ ဒင်နီက သောမတ် ဆီ ကို ရလာတဲ့ ငွေကို ပေးထားပြီး နောက်ထပ်ကုတ်ကင်းပုလင်းတွေ ယူပြီး လမ်းထိပ်ကို ပြန်သွားတယ် အဲဒီလို လုပ်တော့ ဒင်နီတစ်ယောက် ဖမ်းမိသွားရင် ပစ္စည်းနဲ့ငွေတွေ အကုန်မမိတော့ဘူးပေါ့"
ကျွန်မက ကျောင်းသားများ စုဝေးဖို့ဆင့်ခေါ်လိုက်၏။ စုဝေးပွဲတွင် ကျွန်မက မူးယစ်ဆေးအကြောင်း၊ စွန့်စားရခြင်းနှင့် ဘေးအန္တရာယ်အကြောင်း၊ စွန့်စားရခြင်းနှင့် ဘေးအန္တရာယ်အကြောင်းတွေကို ပြောပြမည် ဟု ကလေးတွေကို ကြေညာလိုက်၏။ ထိုကနောက် ကျောင်းသားထုထဲမှ ကလေးနှစ်ဦးကို ရွေးထုတ် သည်။ သူတို့နှစ်ဦးကို စင်မြင့် လှေကားထစ်များတွင် ထိုင်စေသည်။ နှစ်ဦးထဲမှ တစ်ဦးမှာ သောမတ် ဖြစ်၏။
"ကဲ…ကလေးတို့ ဟောဒီမှာ ကောင်းနှစ်ယောက်ရှိတယ်နော်။ ဒီကောင်လေး မူးယစ်ဆေးရောင်းကို သောမတ် ကူညီပေး တဲ့ ပုံစံမျိုး ဟန်လုပ်ကြည့်ကြရအောင်၊ သူ့တာဝန်က အိမ်ရဲ့ ရှေ့လှေကားမှာ ထိုင်ပြီး ကုတ်ကင်း ပုလင်း တွေနဲ့ ပိုက်ဆံတွေကို ကိုင်ထားရမယ်"
ကျွန်မက ရှင်းပြသည်။
"ခု တို့များ ဆက်ပြီး ဟန်လုပ်လိုက်ကြရအောင်၊ လမ်းရဲ့ ရှေ့နားမှာ လူနှစ်ယောက် ရပ်နေတယ်။ သူတို့ က ဆေးသမားတွေ။ သူတို့မှာ ပိုက်ဆံမရှဘူး။ ဒါပေမဲ့ သူတို့က သောမတ်နဲ့ သူငယ်ချင်းကို စောင့်ကြည့် နေတယ်။ ပြီးတော့ တစ်ယောက်က တစ်ယောက်ကို ပြောတယ်။ ဟေ့ကောင်၊ ဟိုမှာကြည့်စမ်း။ ချာတိတ် တွေမှာ ကုတ်ကင်းတွေ အိတ်နဲ့အပြည့်ပဲ ပြီါ်တော့ ပိုက်ဆံတွေလည်းရှိတယ်။ လူကတော့ လက်မလောက် တောင် မရှိသေးဘူးကွ"
ပါးစပ်ကပြောရင်း ကျွန်မက ဆေးသမားနှစ်ယောက်ထဲ မှ တစ်ယောက်အဖြစ် သရုပ်ဆောင်လိုက်၏။ ဆိုင်းမဆင့်ဘုံမဆင့်ဆိုသလို ကျွန်မက လှေကားထစ်ပေါ်သို့ ခုန်တက်လိုက်သည်။ သောမတ်ကို ချုပ်ကိုင် သည်။ သူ့အား ကျွန်မ၏ ချိုင်းအောက်တွင် ညှပ်ကိုင်ပြီး ခန်းမထဲမှ ပြေးထွက်သွားသည်။
ထို့နောက် ခန်းမထဲသို့ ပြန်ဝင်လာသည်။ သောမတ်အား တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားဆဲ။ ပြီးတော့ ပါးစပ်က ပြောသည်။ 'လုရတာ လွယ်လိုက်တာကွာ။ ငါတို့ရင်းရမှာက ဒီငချွတ်လေးရဲ့ အသက်လောက် ပဲ ရှိတယ်ကွ။ ငါတို့ ဒီချွတ်ကို လွှတ်ပေးလို့ မဖြစ်ဘူး။ လွှတ်ပေးလိုက်ရင် ငါတို့ အကြောင်းကို ဖော်ကောင် လုပ်လိမ့်မယ်။ ဒီတော့ ငါတို့ လုပ်ရမှာက ဒီငချွတ်ကို သတ်ပစ်ဖို့ပဲရှိတယ်။
ပြောပြီးသည်နှင့် ကျွန်မက သောမတ်အား လည်ပင်းညှစ်တော့၏။ ဟန်လုပ်ပြီး ညှစ်ခြင်းမဟုတ်။ တကယ် ညှစ်ခြင်းပင်။ 'မစ္စစ်ကတ်ရိုက်၊ ကျွန်တော်လည်ပင်း အစ်နေပြီခင်ဗျ"ဟု သူက အော်ဟစ်သည်။ ကျွန်မ၏ ပါးပြင်ပေါ် သို့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်လိမ့်ဆင်းလာသည်။
ကျွန်မလက်ကို ဖြေလျှော့ပေးလိုက်သည်။ ပြီးတော့ ကလေးတွေဘက်သို့ လှည့်လိုက်သည်။ ကျွန်မ ပါးပြင်ပေါ် မှ မျက်ရည်စတွေနှင့် ကျွန်မမျက်လုံးတွေထဲမှ နာကြည်းရိပ်တွေက သူတို့ သိသင့်သိထိုက် သည်များ ကို ပြောပြပြီး ဖြစ်နေပါသည်။
ထိုကျောင်းသားမျာ စုဝေးပွဲကို သောကြာနေ့တွင် ပြုလုပ်၏။ ကျောင်းပြန်ဖွင့်သည့် တနလာင်္နေ့တွင် သောမတ် ၏ အဖေနှင့်အမေ ကျွန်မရုံးခန်းသို့ ရောက်လာသည်။ သူတို့က ကျွန်မကို ပွေ့ဖက် နှုတ်ဆက် သည်။ ပြီးတော့ သောမတ်အား တခြားပြည်နယ်တစ်ခုရှိ သူ့အဒေါ်နှင့်အတူ နေထိုင်ဖို့ စေလွှတ် တော့မည် ဟု ပြောသည်။ သူတိုကက သောမတ်အား အရောင်းအ၀ယ်ထွန်းကားသည့် နယ်မြေနှင့်ဝေးရာသို့ ပို့လိုက် ခြင်း ပင်ဖြစ်၏။

လမ်းလျှောက် ဒိုင်းနမိုက်
အခြေအနေတွေက ဆိုးသည်ထက် ဆိုးသည်။ ၁၉၈၆ ခုနှစ်လောက် ရောက်သောအခါ ပြုပြင် ထိန်းမတ် လို့ မရလောက်သည့် အကျင့်စရိုက်ရှိသော ကလေးများကို ကျွန်မတို့ ကျောင်းတွင် တွေ့မြင်လာရသည်။ သူတို့သည် ပေါက်ကွဲတတ်သည်။ အကြမ်းဖက်တတ်သည်။ ဘာလုပ်လျှင် ဘာဖြစ်မည်ဆိုသည်ကို တွေးတော မြော်မြင်တတ်ခြင်း အလျှင်းမရှိ။ သည်လိုအကျင့်စရိုက်မျိုးကို ကျွန်မမမြင်ဘူး။ မတွေ့ဖူးခဲ့။ ထိုစဉ် ကတော့ သူတို့ အကြောင်းကို ကျွန်မမသိခဲ့။ သို့သော် မကြာမီအတွင်း သံသယအတွေးတစ်ခု ၀င်လာသည်။ ထိုသို့ ဖြစ်နေသော ကလေးတော်တော်များများသည် ကိုယ်ဝန်ရှိစဉ်အတွင်း ကုတ်ကင်းသုံး သော မိခင်များမှ မွေးဖွားလာသူများဖြစ်နေသည်။
ထိုသို့သော ရောဂါလက္ခဏာမျိုးကို စတင်တွေ့ရှိရသည်မှာ ပထမတန်း ကျောင်းသားကလေး ရစ်ချတ် ဆိုသူထံမှာဖြစ်၏။ သူသည် သူငယ်တန်းမှာကတည်းက အတော်ကြီး ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့၏။ သို့သော် အထိန်း အသိမ်း ကောင်းသည့် ဆရာတစ်ဦးထံတင် အပ်ထားလိုက်လျှင် သူ့အမူအကျင့်တွေ ပျောက်သွား နိုင်သည် ဟု ကျွန်မကမှတ်ယူခဲ့သည်။ သို့ဖြင့် ပထမတန်းသို့ တက်သောအခါ ရစ်ချတ်အား မေရီအီးဖရီးမင်း ထံတွင် အပ်နှံလိုက်၏။
သို့သော် ကျောင်းစဖွင့်ပြီး ဆောင်းဦးသို့ မရောက်တတ်သေး၊ ကျွနမရုံးခန်းသို့ မေရီ ရောက်ချ လာတော့ ၏။
"အဲဒီကောင်လေးဟာ ကျွန်မအတန်းကို စာသင်လို့မရလောက်အောင် ဒုက္ခပေးနေတယ်။ သူက ကတ်တီး ကတ်ဖဲ့ ကလေး ဆရာမကြီးရဲ့။ နောက်ပြီး တခြားကလေးတွေကို ထိုးတယ်ကြိတ်တယ် တခြား ကလေးတွေ ကို နာကျင်အောင် လုပ်တယ်"
ရစ်ချတ်အား စာသင်ခဲ့သည့်ဆရာ ဆရာမအားလုံးခေါ်ပြီး သူ့အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ကြည့်သည်။ သူစိတ်ကြမ်းကိုယ်ကြမ်းဖြစ်ပြီး ပေါက်ကွဲတတ်သည်မှာ ကစားကွင်းထဲ၊ ထမင်းစားခန်းထဲ သို့မဟုတ် ခန်းမထဲတွင် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ထိုနေရာများသို့ ရစ်ချက်မသွားရအောင် ပိတ်ပင် လိုက်သည်။ ပြီးတော့ သူ့အား အချိန်ပြည့် အနီးကပ် ကြီးကြပ်နေဖို့ ဆုံးဖြတ်လိုက်သည်။ ကျွန်မက ရစ်ချတ် အိမ်သို့ တယ်လီဖုန်းဆက်သည်။ မွေးစားမိခင်နှင့် နေထိုင်ရသည်။ သူ့မိခင်ရင်းမှာ ကုတ်ကင်း စွဲ နေသဖြင့် သူ့ကိုကြည့်ရှုစောင့်ရှောက်ခြင်း မပြုနိုင်။ ဤကား ကျွန်မရလိုက်သော ပထမသဲလွန်စဖြစ်၏။
နောက်တော့ တက္ကသိုလ်တုန်းက ကျောင်းနေဖက် ဖြစ်ခဲ့သည့် သူငယ်ချင်းတစ်ဦးထံ တယ်လီဖုန်း လှမ်းဆက် ကြည့်သည်။ သူက ဆန်ဖရန်စစ္စကိုမြို့အနီးအနားတွင် ကျောင်းဆရာမလုပ်နေသည်။ သူတို့ ဘက် တွင် ကုတ်ကင်းသုံးစွဲခဲ့ကြသည်မှာ ကြာပြီ။ ကျွန်မတို့ ဘက်မှာထက် အများကြီး စောကြောင်း ကျွန်မ သိသည်။ ကျွန်မက ကျွန်မကြုံတွေ့နေရသည့် ကလေးအကြောင်း သူငယ်ချင်းအား ပြောပြသည်။
"သူဟာ အသိဥာဏ်မရှိတဲ့ ဖုတ်ကောင်ကြီး တစ်ကောင်လိုပဲ။ တစ်ခုခု လုပ်တော့မယ်လို့ ဆုံးဖြတ် လိုက်တာ နဲ့ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဇွတ်လုပ်တော့တာပဲ။ သူရန်လုပ်ပြီဆိုရင်ဆက်ပြီါ် ရန်လုပ်ရော။ သူအော် နေပြီ ဟစ်နေပြီဆိုရင် တောက်လျှောက်ေ အ်ာနေဟစ်နေရော။ သူ့နိးနားဝန်းကျင်မှာ ဘာတွေပဲ ရှိနေနေ သူမမြင်မကြားမသိတော့ဘူး။ သူ့ကို ဖျောင်းဖျနားချလို့လည်းမရဘူး ငါ့စကားကို နားမထောင် တဲ့ ကလေးမျိုး ငါ့စေတနာ ကို မတုံ့ပြန်တဲ့ ကလေးမျိုးကို ငါမတွေ့ဖူးပါဘူးဟယ်။ ဒီတစ်ယောက်ကတော့ ငါ့ကို အဖက် လုပ်ဖော်တောင် မရဘူးဟဲ့"
"မယ်ဒယ်လင်း…နင့်ဆီကို ငါ စာအုပ်စာတမ်းတချို့ ပို့ပေးလိုက်ပါ့မယ်"
သူငယ်ချင်းက ပြန်ပြောသည်။ ပြီးတော့ ကျွန်မထံသို့ စာအုပ်စာတမ်းတွေ ပို့ပေးလိုက်သည်။ မူးယစ်ဆေး စွဲနေသည့် မိခင်များမှ မွေးဖွားလာသည့် ကလေးများအား လေ့လာဆန်းစစ်ပြီး တွေ့ရှိချက် များကို တင်ပြထားသည့် စာအုပ်စာတမ်းများ၊ အဆိုပါ စာတမ်းကို ဖတ်ရသည်မှာ စာရေးသူသည် ရစ်ချတ် ကိုကြည့်ပြီး ရေးသားထားသည့် အလား စာတမ်းထဲတွင် ဖော်ပြထားသည့် အကျင့်စရိုက်များမှာ ရစ်ချတ် ၏ အကျင့်စရိုက် များနှင့် ကွက်တိတူညီနေသည်။
"ငါတို့ကျောင်းမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အဲဒါမျိုးတွေ ဖြစ်နေခဲ့တာ"
ကျွန်မ တယ်လီဖုန်း ပြန်ဆက်သောအခါ သူငယ်ချင်းကပြောပြသည်။
"အဲဒီလို မွေးဖွားလာတဲ့ ကလေးတွေထဲက တချို့ကလေးတွေရဲ့ ဦးနှောက်တွေကို သူတို့ စစ်ဆေးကြည့် ကြတယ်။ အဲဒီ ကလေးတွေ ရဲ့ ဦးနှောက်တွေဟာ ပြည့်ပြည့်၀၀ မဖွံ့ဖြိုးဘဲ ဦးနှောက်ထဲမှာ အပေါက်တွေ ရှိနေနိုင်တယ် လို့ ပြောတယ်။ အဲဒီကလေးတွေဟာ တစ်ခါတလေမှာ သတိမေ့သလို ဖြစ်နေတတ်တယ်။ တစ်ခါ တစ်လေ ကျတော့လည်း စိတ်လှုတ်ရှား လွန်းတတ်တယ်ဟဲ့"
ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်မလက်လှမ်းသမျှ စာအုပ်စာတမ်းများကို ရှာဖွေဖတ်ကြည့်သည်။ သို့သော် ဆရာဝန်များကိုယ်တိုင်ပင်လျှင် ရှာဖွေဖတ်ကြည့်သည်။ သို့သော် ဆရာဝန်များ ကိုယ်တိုင်ပင်လျှင် သည်ရောဂါ ကို ဘယ်လိုကုစားမည်မှန်း သေချာတပ်အပ်မပြောနိုင်ကြ။ သည်တော့သည်ကလေးတွေကို ကျွန်မတို့ သိ သမျှ၊ တတ်သမျှ၊ ရှိသမျှနှင့်ပင် အကောင်းဆုံးဖြစ်အောင် ပြုပြင်ထိန်းမတ်ပေးနေကြရသည်။
၁၉၈၉ခုနှစ်သို့ ရောက်သောအခါ ရစ်ချတ်၏ အခြေအနေနှင့်တူညီသော ကလေးပေါင်း တစ်ဒါဇင်လောက် ကျွန်မတို့ကျောင်းမှာ ရှိနေလေပြီ။ စိုးရိမ်ထိတ်လန့်စရာ အကောင်းဆုံး အသွင် လက္ခဏာ မှာ ထိုကလေးများ ရုတ်တရက်ပေါက်ကွဲတတ်မှုဖြစ်၏။ ထို့ကြာင့် သူတို့ စိတ်ဖောက် လာနိုင်ခြေ ရှိသည့် ပတ်ဝန်းကျင် အနေအထားများကို စောင့်ကြပ်ထိန်းသိမ်းပေးထားရသည်။ သူတို့ စိတ်ဖောက်မှုတွေ လျော့ပါး လာစေရန်ဖြစ်ပါသည်။
ဆူဆူညံညံနှင့် လှုပ်လှုပ်ရွရွ အနေအထားများ ရှိနေလျှင် ရစ်ချတ်သည် စိတ်ဖောက်တတ်၏။ သည်တော့ ထိုသို့ သော အနေအထားတွေထဲသို့ သူရောက်မသွားအောင် ကျွန်မတို့က ဂရုစိုက်ကြရသည်။ သူ့အတန်း ခေတ္တနားချိန်၊ နေ့လယ်စာ စားချိန်သို့မဟုတ် နံနက်ခင်း စုဝေးပွဲသို့ တက်ရောက်ချိန် များဆိုလျှင် သူ့ကို ကျွန်မအနားသို့ ခေါ်ထားရသည်။ သို့အတွက် ပေါက်ကွဲမှုများကို တားဆီးနိုင်သည်။ သူ့ ဆရာမ လည်း အနားရသည်။
ရစ်ချတ် ကံကောင်းပါသည်။ ဘာကြောင့်ဆို သူ့အား ဂရုတစိုက် ပြုစုစောင့်ေ၇ှာက်သော မွေးစားမိခင် ရှိသည်။ မွေးစားမိခင် က သူ့အား အိမ်မှာလည်း ထိန်းမတ်ပေးဖော်ရသည်။ မူးယစ်ဆေးဒဏ် ကို ခံနေရ သည့် တခြားကလေးတွေဆိုလျှင် ကျောင်းဆင်းချိန်တွင် အိမ်သို့ သာ ပြန်ကြရသည်။ အိမ်မှာသူတို့ကို ဆီးကြို မည့်သူ မရှိ။ သူတို့မှာ နွေးနွေးထွေးထွေးနှင့် စည်းစည်းလုံးလုံးရှိသည့် မိသားစုဟူ၍ မရှိ။ ထိုသို့သော ကလေးများကျတော့ ဆရာ၊ ဆရာမများမှာ တစ်နေ့ကူးလာတိုင်း သူတို့ကလေးတွေကို သွန်သင် ဆုံးမမှု တွေ အသစ်တစ်ဖန် ထပ်မံ လုပ်ဆောင်နေကြရသည်။
ကျွန်မက သူတို့ကလေးတွေကို ကိစ္စကို မြို့နယ်ပညာရေးဌာနမှ ပုဂ္ဂိုလ်များနှင့် ပြောဆိုဆွေးနွေးသည်။ သည်ပြဿနာနှင့် ပတ်သက်၍ တစ်နည်းတစ်ဖုံတော့ အရေးယူ ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း တင်ပြသည်။ သို့သော် ဘာမျှ အကြောင်းပြန်မလာ ဘာစီမံချက်မျှမလာ။ ဘာတုံ့ပြန်မှုမျှ မလာ။ ကျွန်မတို့မှာလည်း သည်အတိုင်း ဆက်ပြီး စခန်းသွားနေရသည်။ သည်အတောအတွင်း တွင် ကျွန်မတို့၏ ပညာရေးစနစ်ထဲသို့ ကုတ်ကင်း ဒဏ်ခံ ကလေးတွေ တဖွဲဖွဲဝင်လာနေကြသည်။ သူတို့သည် ကျွန်မတို့ ကျောင်းတွေထဲတွင် လမ်းလျှောက် ဒိုင်းနမိုက်တွေလို လျှောက်သွားနေကြသည်။ သူတို့၏ ရောဂါကို ရှာဖွေဖော်ထုတ်ပြီ စနစ်တကျ ကုသမပေးလျှင် သည်ဒိုင်းနမိုက်တွေသည် တ၀ုန်းဝုန်းပေါက်ကွဲနေမည်သာ ဖြစ်ပေသည်။
ကျွန်မ ဂုဏ်ယူဝင့်ကြွားရမှာပါ
ကုတ်ကင်း၏နှောင့်ယှက်ဖျက်ဆီးမှုကို ရင်ဆိုင်နေရသည့် ကြားမှာပင် ကျွန်မတို့၏ တပည့်များသည် အောင်ပွဲတွေ ဆက်ကာဆက်ကာ ရနေကြသည်။ ကျွန်မတို့၏ အောင်ချက်တွေ ပို၍ပို၍ကောင်းလာသည်။ ဘလိန်းမှ ကျောင်းဆင်းပြီး အပေါ်ကျောင်းများသို့ တက်သွားသည့် ကျောင်းသားများက ထူးထူးချွန်ချွန် စွမ်းရည်ပြ နေကြသည်။ အပြောအဟော စွမ်းရည်ပြိုင်ပွဲကဲ့သို့သော မြို့နယ်အလိုက် ပြိုင်ပွဲများတွင် အောင်ပန်း ဆွတ်နိုင်သူများကို ကျွန်မတို့ ဆက်ပြီး မွေးထုတ်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် ကလေးတွေ ကျောင်းတက်ချင် စိတ်ရှိအောင် ကျွန်မတို့ ထိန်းထားနိုင်သည်။ သူတို့ကျောင်းမှာ ရှိနေစဉ်အတွင်း တကယ် တတ်မြောက် အောင် သင်ကြားပေးနိုင်သည်။
၁၉၈၈ ခုနှစ်ထဲတွင် 'မယ်ရီးလ်လင့်ခ်ျ ဖောင်ဒေးရှင်'ဆိုသည့် အဖွဲ့အစည်းတစ်ရပ်ပေါ်လာသည်။ ထိုအဖွဲ့အစည်းက အမေရိကပြည်ထောင်စု တစ်နံတစ်လျားရှိ မူလတန်းကျောင်းတွေထဲမှ ကျောင်း ၁၀ကျောင်း ကို ရွေးမည်။ ထို၁၀ကျောင်းရှိ ပထမတန်း ကျောင်းသူကျောင်းသားတွေထဲ တစ်ကျောင်းလျှင် ပထမတန်း ကျောင်းသူကျောင်းသားတွေထဲမှ တစ်ကျောင်းလျှင် ၂၅ဦးကို ရွေးမည်။ သူတို့ကလေးတွေ မူလတန်း မှ တစ်ဆင့် သက္ကရာဇ် ၂၀၀၀တွင် အလယ်တန်းကျောင်းအဆင့် အောင်မြင်ပြီး တက္ကသိုလ် တက်ခွင့် ရသူတိုင်းကို 'တက္ကသိုလ်ပညာသင်စရိတ်' ထောက်ပံ့မည်ဟု ဆုံးဖြတ်ထားသည်။
ဖောင်ဒေးရှင်း၏ အလိုအရ ကျောင်း၁၀ကျောင်းကို ရွေးချယ်ရာ၌ 'စီမံခန့်ခွဲရေးအပိုင်းတွင် ကောင်းမွန်ပြီး ဦးဆောင်နိုင်သော စနစ်ကျနပြီး သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်ရှိသော စာသင်သားနှင့် ဆရာ၊ ဆရာမများ ကျောင်းတက်ရက်နှုန်းမြင့်မားသော ဆရာ၊ ဆရာမများနှင့်အတူ ကျောင်းသားမိဘများ ပူးပေါင်း ဆောင်ရွက်မှုကောင်းသော' ကျောင်းများကိုသာ အဓိကဦးစားပေးမည်ဆိုသည်။
ဖီလဒဲလ်ဖီးယား တစ်မြို့နယ်လုံးတွင် အထက်ပါစံများနှင့် ကိုက်ညီသော ကျောင်းအဖြစ် ဘလိန်း တစ်ကျောင်းတည်း ကိုသာေ၇ွးချယ်ခြင်းခံရသည်။ ထိုနေ့ကား ကျွန်မတို့အဖို့ ဂုဏ်ဝင့်ကြွားရသော နေ့ပင်တည်း။
ကံကောင်းထောက်မစွာပင် တက္ကသိုလ်ပညာသင်စရိတ် ထောက်ပံ့ခရဖို့ အရွေးခံရသည့် စာသင်သား ၂၅ဦးထဲတွင် ရစ်ချတ်ပါဝင်နေ၏။ သူ့ခမျာသူ့မိခင် သုံးစွဲခဲ့သည့် ကုတ်ကင်းဒဏ်ကို ခံနေရဆဲ၊ ရုန်းကန် ကျော်လွှားနေရဆဲပင်။ သူကလေးသည် တက္ကသိုလ်သို့ ဆက်တက်ဖို့ကို အသာထားဦး၊ အလယ်တန်း ကျောင်းကိုမှ ကျော်လွှားနိုင်ပါမည်လားမသိ။ ဘယ်သူမျှ သေချာတပ်အပ်မပြောနိုင်ပါသည်။
သို့ဖြင့် ဆယ်စုနှစ်တစ်နှစ် ကုန်ဆုံးသွားသည်။ ကျွန်မလျှောက်လှမ်းနေသည့်လမ်းမှာ အချိုးအကွေ့ တွေပေါ်လာသည်။ ပထမဦးဆုံး အချိုးအကွေ့အဖြစ် ဘလိန်းကျောင်းနှင့် ခုနှစ်ပြလောက်ဝေးသည့် ကျောင်းတစ်ကျောင်း သို့ ပြောင်းေ၇ွ့သည်။ ထို့နောက် ၁၉၉၁ခုနှစ် ဗဟိုစီမံခန့်ခွဲရေးဌာနသို့ ပြောင်း ရသည်။ ဖီလဒဲလ်ဖီးယားမြို့နယ် တစ်ခွင်လုံးရှိ ကျောင်းများတွင် ကျော်ငးသားမိဘများ၏ ပါဝင်ဆောင်ရွက်မှု တိုးတက် လာအောင် ဆောင်ရွက်ရမည်ဆို၏ ဖီလဒဲလ်ဖီးယား တစ်မြို့နယ်လုံးတွင် ကျောင်းပေါင်း ၂၅၇ ကျောင်း နှင့် စာသင်သားဦးရေ ၂၀၀,၀၀၀ နီးပါးရှိသည်။
ကျွန်မထမ်းဆောင်ရမည့် တာဝန်မှာ မလွယ်ပါ။ သည်တာဝန်က ကျွန်မကို စိန်ခေါ်သည်။ သည်တာဝန်ကို ထမ်းဆောင် အကောင်အထည်ဖော်ရာ ၌ အခက်အခဲဆုံး အစိတ်အပိုင်းမှာ ကျောင်းစီမံခန့်ခွဲရေးအပိုင်းတွင် ကျောင်းသား မိဘများ ပါဝင်ပတ်သက်လာမည်ကို စိုးရွ့နေသည့် ကျောင်းအုပ်ကြီးများနှင့် ပတ်သက် လာမည်ကို စိုးရွ့နေသည့် ကျောင်းအုပ်ကြီးများနှင့် ကျောင်းဝန်ထမ်းများကို ဖျောင်းဖျနားချခြင်းဖြစ်၏။ သူတို့၏ စိုးရိမ်သောကများ လျော့ပါးသွားအောင် စည်းရုံးရသည်။ ကျောင်းသားမိဘများ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာမှ ပညာရေးစနစ်ကြီး အောင်မြင်နိုင်မည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီးတွေ၊ ဆရာ၊ ဆရာမ တွေ၊ ကျောင်းသားတွေ ယုံကြည်သက်ဝင်လာအောင် ဆွဲဆောင် သိမ်းသွင်းရသည်။ ကျောင်းအတော် များများ မှ အာဏာပိုင်များက ကျောင်းကိစ္စများတွင် ကျောင်းသား မိဘတွေ ၀င်ရှုပ်မှာ၊ ဝေဖန်မှာ ကို မလိုလားကြ။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သူတို့က ကျောင်းသားမိဘများ မပါဝင် စေချင်ကြ။
တစ်ချိန်တည်းတွင် ကျောင်းသားမိဘများဘက်က စိုးရိမ်သည့် အချက်လည်း ရှိသည်။ သူတို့၏ သားသမီး များကို ပညာသင်ကြားပေးရာ၌ ပညာရေးဝန်ထမ်းများက စိတ်ဝင်စားမှု အပြည့်မရှိမှာကို စိုးရိမ်ကြသည်။ ပညာရေး ၀န်ထမ်းများက ဆုံးဖြတ်ချက်ချရာတွင် ဟိုဘက်နည်းနည်းပိုပြီး ဒီဘက်နည်းနည်း လျော့နေမှာ၊ သူတို့ ၏ ကလေးများသည် ဟိုဘက်မရောက်ဘဲ ဒီဘက်ရောက်နေမှာတို့ကို စိုးရိမ်ကြသည်။
ဘလိန်းကျောင်းသို့ မကျေမလည်ဖြစ်ပြိး ရောက်လာသည့် မိဘတိုင်းအား ကျွန်မက ပြောပြလေ့ရှိသည်။
"ရှင်တို့နဲ့ တစ်ဖက်တည်းမှာပဲ ရှိပါတယ်။ ကျွန်မတို့အားလုံးရဲ့ ရည်မှန်းချက် ပန်းတိုင်ကလည်း အတူတူ ပါပဲ။ ရှင်တို့ရဲ့ ကလေးပတ်ပတ်နပ်နပ် စာတတ်မြောက်ဖို့ရယ် သူပျော်ပျော်ရွှင်ရွှင် စာသင် နိုင်အောင် ကောင်းမွန် တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖိုကရယ်ပဲ မဟုတ်လား။ ရှင်တို့ ဘ၀င်မကျ ဖြစ်ရတဲ့ ကိစ္စမှန်သမျှဟာ ကျွန်မအတွက်လည်း အရေးကြီးတာပါပဲ"
စီမံခန့်ခွဲရေးအပိုင်းမှ ပုဂ္ဂိုလ်များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့် စာသင်သားများ ကိုယ်တိုင် က သူတို့သည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေသူများ ဖြစ်သည်ဟု သိမြင့်ကြပါမှ ပညာရေး အရည်အသွေးမြင့်လာပါသည်။ သို့မှ နောက်ဆုံးတွင် အမြင့်ဆုံး စွမ်းများကို ထုတ်ပြနိုင် ကြမည် ဖြစ်ပါသည်။
စထရော်ဘယ်ရီမင်းရှင်း၏ အနီးအနားတစ်ဝိုက်သွားဖို့ ကြုံတိုင်း ဘလိန်းကျောင်းရှေ့မှ ကားဖြတ်မောင်း သွားရ သည့် နံနက်ခင်းများ ရှိပါသည်။
ထိုကျောင်းတွင် ကျွန်မရှိစဉ်က ချာတိတ်တွေသည် ယခုတော့ ဆယ်ကျော်သက်ရွယ် ကလေးတွေ ဖြစ်နေကြပြီ။ သူတို့ကလေးတွေက ကျွန်မ၏ ကားနားသို့ ပြေးလာကြသည်။ ကျွန်မနေကောင်းလားဟု နှုတ်ဆက် ကြသည်။
(စာအဆုံးသတ် တရွက် ပျောက်ဆုံးနေလို့ ဒီမှာဘဲရပ်လိုက်ပါတယ် တောင်းပန်ပါတယ် )
ပြီးပါပြီ
.
4 comments:
ဘောပွဲအပြီးလှည့် ဝင်လာခဲ့ တယ်လေ၊
အဆုံးသတ်တစ်ရွက်ပျောက်သွားတယ်ဟုတ်စ.။
အမတို့ လဲမလွယ် ၊ လိုင်းကျန်းမာရေးမကောင်းတာက
တစ်မျိုး...။
ဒီရောက်နေတော့ လဲ ဘာသာပြန်မဖတ်ဖြစ်တာကြာပြီလေ..၊
အမြဲတန်းတင်ပေးနေပေမဲ့  ကြုံသလိုတော့ ဝင်ဝင်ဖတ်ဖြစ်နေတာပါပဲ။
တကယ့်ကို အားကျစရာ၊ အတုယူစရာပါ..။
ဒီလိုဇာတ်လမ်းကောင်းလေးကို အင်တာနက်မကောင်းတဲ့ကြားထဲကနေ အဆုံးအထိ ရိုက်တင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
အမရွှေစင်ရေ သိတ်ကောင်းတဲ့ စာလေးပါ၊ အဆုံးသတ်မပါလည်းဘဲ အတော် အဓိပ္ပါယ်ရှိတဲ့ စာမို့ ၁ကနေ ၇ထိ တခါတည်း မဖြတ်နိုင်ဘဲ ဖတ်သွားတယ် တင်ပေးတဲ့အတွက် ကျေးဇူးပါအမရေ :)
ပြီးပါပြီ...
ကျေးဇူးပဲ အစ်မရေ။
Post a Comment