Monday, December 6, 2010

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၂၄) ဇာတ်သိမ်း

အခန်း(၁၈)

ထိမ်းမြားမင်္ဂလာ ဖိတ်ကြားစာ
သ၀ံရည်ဒိစတြိတ် စုစပ်မြို့၊ လည်လှီးပတ်တန်းနေ
ပွဲစားကြီး ဦးကာ+ဒေါ်ရန်လုံတို့၏သား၊ မင်းတိုင်ပင်အမတ် ဦးသာခို၏ အစ်ကို

မောင်အောင်ဝင်း (ခေါ်) ဗိုလ်အောင်ဝင်း ကို
၎င်းမြို့ ဈေးလမ်းနေ ကွယ်လွန်သူ စာရေးကြီး ဦးအေးမော်+ဒေါ်သက်ရွှေတို့၏
တစ်ဦးတည်းသော သမီး

အရီ(ခေါ်) မခင်နီ နှင့်
ထိမ်းမြားမင်္ဂလာ ပြုလိုပါ၍ ၁၃၁၅ခုနှစ် ပထမ၀ါဆိုလဆုတ် ၉ရက် (၅-၇-၅၃)နေ့တွင်
နံနက်၈နာရီမှ ၁၁နာရီအထိ ဖော်ပြပါ ဒေါ်သက်ရွှေ၏ နေအိမ်သို့
ကြွရောက်ရန် လေးမြတ်စွာ ဖိတ်ကြားပါ၏။

ရိုသေစွာ အစီရင်ခံပါသည် အစ်ကိုကြီးရှင့် …

အစ်ကိုကြီး ထီပေါက်တာ မဟုတ်ကြောင်း ဟိုနေ့ကပဲ ကြီးကြီးတို့ဆီက အကြောင်းစုံ သိရ ပါသည်။ အစ်ကိုကြီး အရီကို ပြောခဲ့သော စကားတွေအတွက် မည်သို့မှ စိတ်မကောင်း မဖြစ်ပါနှင့်။ အရီမှာ ဤငွေကို တကယ်မရသော်လည်း အစ်ကိုကြီးရဲ့စေတနာကို သိရ၍ တကယ်ရသည်နှင့် မခြား ကျေးဇူးတင်လှပါသည်။ အစ်ကိုကြီးရဲ့မေတ္တာစစ် မေတ္တာမှန်ကို သိရ၍လည်း ၀မ်းသားလှပါ သည်။ သွေးမစပ်ဘဲလျက် ဒီလို အစ်ကိုမျိုး ရတာကိုလည်း ဂုဏ်ယူမိပါသည်။ တကယ်တော့ လောကတွင် သွေးနှင့်မဆိုင် ခင်ရာသာ ဆွေမျိုး ဖြစ်ပါ၏။

အရီတော့ ဘ၀က ဖန်တီးလာသည့်အတိုင်းပင် အရီ့ကိုယ်ကို ဟိုလူလက်ထဲဝကွက်၍ အပ်ရတော့ မည်။ ၀မ်းမနည်း ပါနဲ့ ကိုကြီးရာ အရီ့ကုသိုလ်ပေါ့။
ဒီမင်္ဂလာဆောင် ဆိုတာကို အစ်ကိုကြီး လာချင်လည်းလာ၊ မလာချင်လည်း နေပါ။ နောက်နောင် ကိုတော့ အရီ့အိမ် ကို စားအိမ် သောက်အိမ် ထားပြီး ၀င်ပါ ထွက်ပါ။ အစ်ကိုကြီး အလိုရှိသမျှ တတ်နိုင်သလောက် အကူအညီ ပေးပါမည်။ အစ်ကိုကြီးတို့ အိမ်သားအားလုံး ကျန်းမာ ပျော်ရွှင်ကြ ပါစေ။

အစ်ကိုကြီးကို ရာသက်ပန်ချစ်မယ့် …
ညီမလေးအရီ

ဖိတ်စာနှင့် ဤစာ တစ်တွဲတည်း ကျွန်တော့်ဆီ လူကြုံနှင့် ရောက်လာပါသည်။
ကျွန်တော် ဖတ်ပြီး ရင်ဆို့သည်။ မျက်ရည်လည်လာသည်။ ကျွန်တော့်စိတ်ထဲ ဘယ်လိုခံစားရသည် ကို အထူး ဖော်ပြစရာ လိုတော့မည် မထင်ပါ။ မိမိ၏ နှမရင်းချာကို ကိုယ်က မနှစ်သက်ဘဲ ညီမလေး ကလည်း အလိုမတူဘဲ အတင်းပေးစားခြင်း ခံရသော အစ်ကိုတစ်ယောက်၏ ခံစားမှုထက် ယုတ်လျော့လိမ့်မည် မဟုတ်ပါ။ ပိုတောင် ပိုဦးမည်။ အကြော်ငးမှာ ကျွန်တော်သည် အရီကလေး ကို ညီမလေးလို ချစ်တာမျှမက တယ်ပြီး အသိဥာဏ်ကြီးတဲ့ မိန်းကလေးပါလားဟူ၍လည်း ကြည်ညို နေသူ ဖြစ်ပါသည်။

ရုပ်ဆင်းအင်္ဂါလည်း ရက်ရက်စက်စက် လှပသည်။ သည်လို ရတနာကလေးမှ လူမသမာ အသက်ချင်း လည်း ကွာလှသည့် မုတ်ဆိုးဖို လက်ထဲ ရောက်ရသည်။ ငွေငွေငွေ စကား ပြောနေသော ခေတ်၌ ကြွေးနှင့် အသိမ်းခံရသည်။
ကျွန်တော်မချိ ကျွန်တော်မချိ။
ကျွန်တော်၏ တစ်သက်တာတွင် စိတ်နှလုံး အထိခိုက်ဆုံးသော အကြောင်းအရာတစ်ခု ဖြစ်ဘိသည်။

သူတို့ မင်္ဂလာဆောင်ကိုလည်း သွားရ ကောင်းမလား၊ မသွားရကောင်းမလား၊ ချီတုံချတုံနှင့် နောက်ဆုံး တွင် လယ်အလုပ် တွေကလည်း ပူလာသည်တစ်ကြောင်းကြောင့် မသွားဖြစ်တော့ချေ။
ကျွန်တော် ပို၍ ခံစားရသည်မှာ မင်္ဂလာဆောင်ပြီးသောည ဖြစ်သည်။ ဟိုလူကိုအောင်ဝင်း (အဲဒီညမှာတော့ သူ့လင်ဖြစ်ပြီပေါ့ခင်ဗျာ) ၏ ရုပ်ပုံသဏ္ဍာန် ပေါ်လာသည်။ အသက် ၃၅နှင့် ၄၀ကြား ကြီးမားကြမ်းတမ်းသော ကိုယ်ခန္ဓာ ရှိသည်။ အသားညိုညစ်သည်။ မျက်နှာတွင် ၀က်ခြံ မှဲ့ခြောက် ထူပြော၍ အဖုအထစ်များသည်။ အရပ်ပုအိုက် ၍ လည်ကုတ်တိုသည်။

ပြုံးရွှင် ဖော်ရွေခြင်း ပြုမူသည်၏ နောက်ကွယ်၌ ရက်စက် ခက်ထရော်သော မျက်နှာ ရှိသည်။ လူထု၏ ရဲဘော် အရေခြုံကာ ဓားပြတိုက်ခြင်း ပြန်ဖမ်းပေးခြင်းဖြင့် စီးပွားစုခဲ့သူ ဖြစ်သည်။ သူကိုယ်တိုင် သော် လည်းကောင်း၊ အမိန့်အာဏာနှင့်လည်းကောင်း၊ လူမည်မျှ သက်ခဲ့သည်ကို ယမမင်း၏ ခုံရုံးကျမှ အတိအကျ သိရပေမည်။

အရီ …

တစ်ခါသော် ကျွန်တော် သတိပြုခဲ့သည်။ သူ့လက်မောင်းပေါ် ပုရွက်ဆိတ်ကလေး တက်နေသည် ကို လက်နှင့် ပွတ်မချဘဲ မြေကြီးနှင့်ကပ်ကာ လေဖြင့် မှုတ်၍ ချသည်။ ခြင်ကိုမှ ရိုက်တတ်သူ မဟုတ်ချေ။
ဟိုဘည ဟိုနွားကလေးကို သူတို့အိမ်အောက် ယူအိပ်စေသည်ကို သတိရလာသည်။ သူကလေးနှင့် ကျွန်တော် နွားအိပ်ရာရအောင် ဟိုသင်း သည်သင်းတွေ ရွှေ့ပြောင်းခဲ့ရပုံတွေ မျက်စိထဲမြင်ယောင် လာသည်။

သူကျွန်တော့် ကို ဘိုင်စံကယ်စီး သင်ပေးသည်။ စာအုပ်တွေ ဖတ်ခိုင်းသည်။ နိုင်ငံရေးနှင့် တောသူ တောင်သား တွေ သနားစရာကောင်းကြောင်းများ ပြောခဲ့သည်။
တစ်ခါတစ်ရံ၌ သူနှင့် ကျွန်တော် ရယ်မောစရာများ အပြန်အလှန် ပြောခဲ့သည်။ သူရေတွင်း နံဘေး မြက်ခင်းပေါ် ၌ တင်ပျဉ်ခွေကြီးထိုင်ကာ ပေါင်နှစ်လုံးပေါ်တံတောင်ဆစ်တင်၍ လက်ဖ၀ါး နှစ်ခုထဲ မေးစေ့ ထည့်ကာ လောကကြီးမှာ တွေးစရာချည်းပေါ့ ကိုကြီးရယ်" ဆိုသံကလေးကို ကျွန်တော့နားထဲ ကြားယောင် လာသည်။

ထို့ကြောင့် ထိုညဥ့် ကျွန်တော် တော်တော်နှင့် အိပ်မပျော်နိုင်။ သန်းခေါင်ကျော်လောက်ကျမှသာ နေ့တွင် နွားနှင့် ဖက်ရုန်းခဲ့ရသော ခန္ဓာကိုယ်၏ ဆန္ဒ ကို မလွန်ဆန်နိုင်၍ အတွေးအဆွေးက ပျောက်သွားပေသည်။ ဤသည်မှာ အိပ်မက်ထဲတွင် သူကလေးအတွက် ဖမ်းချုပ်မရသော သောကဝေဒနာကို ခံစားရသေးသည်။
နံနက်မိုးသောက်၍ ကျွန်တော် အိပ်ရာမှ နှိုးလတ်သော် ချက်ချင်း သူကလေးကိုပဲ သတိရ၍ ဟင်းခနဲ သက်ပြင်းကြီး ချလိုက်လေသည်။

ဘာတတ်နိုင်မည်နည်း။
ဘာတတ်နိုင်တော့သနည်း။
သို့သော် … သို့သော်
လူ့ကံသည် ဆန်းကြယ်၏။ လောက၌ အမှန်တရားသည် ၁ ရှိ၏။
 
ဇာတ်သိမ်း

"ဘယ်အချိန်လဲ ဟင်၊ အရီတို့  အိပ်ရာဝင်ပြီးတော့မှလား"
"အစ်ကိုကြီးမေးတာ အရီ နားလည်ပါတယ်၊ အရီ့ ကိုယ်က သူ့လက်ဖျားနဲ့မှ မထိရသေးဘူး"
"အမယ်လေး … ၀မ်းသာလိုက်တာ အရီရယ်၊ ၀မ်းသာလိုကတာ၊ ရေရှုခရာစ်တွေလို ပြောရရင် ဘုရား စီမံ တာပေါ့၊ ဘယ်သူတွေများပါလိမ့်၊ မနက်ကျတော့ ၀င်းထရံမှာ စာ တွေ့သေးဆို၊ အဲဒီစာ ဂါတ်ကို ယူသွား ရောလား"

"အရီ ကူးယူထားလိုက်သေးတယ်၊ ဟောဒီမှာ"
အများသိစေရန်
သစ္စာဖော်က အောင်ဝင်းကို ငါတို့ စီရင်သည်။ တလောက တော်လှန်ရေးသမား အရေကို ခြုံကာ လက်နက် ကိုင် နောက်လိုက်လူစုနှင့် ဓားပြတိုက် ပြန်ပေးဆွဲနှင့် စီးပွားစုခဲ့သည်ကို အများတကာ သိကြသည် မဟုတ်လား။

ဆ.ဆ.ပ.လ အစိုးရအောက် လက်နက်ချဝင်သည်နှင့် သူ့ပြစ်မှုတွေ ငြိမ်းအေးပြီဟု သူထင်နေသည်။ ငါတို့ကား ဤသစ္စာဖောက်မျိုးတွေကို (အနှေးနှင့် အမြန်) စီရင်ရန် တာဝန်ယူထား ပေရာ၊ ယခုမူ သူသည် သူနှင့် မထိုက်တန်သော အမျိုးသမီးကလေးကိုပင် ငွေနှင့်ပေါက်၍ ယူသည် ဖြစ်သောကြောင့် အချိန်မီ စီရင် လိုက်ရတော့ ကြောင်း။

ကမ္ဘာတွင် သစ္စာဖောက်တွေ ကွယ်ပျောက်ရမည်။
အရေးတော်ပုံ အောင်ရမည်။
"ထုံးစံ အတိုင်း အမှုဖွင့်တာပေါ့"
"သူ့ပစ်သတ်တော့ အိမ်ထဲမှာလား၊ အိမ်ပြင်မှာလား"
"အိမ်ပြင် မှာ သူ့ဧည့်သည်တွေ လိုက်ပို့ပြီး နှုတ်ဆက်နေတုန်း ဟိုက မှောင်ရိပ် က ဂျစ်ကားနဲ့ စောင့်နေတာပဲ၊ ဒိုင်း ခနဲ တစ်ချက်တည်းပစ်ပြီး မောင်းပြေးတာပဲ"

"ကောင်းလိုက်တာ အရီရာ၊ မသာတွေ အမျိုးမျိုး ကြံရပြီ၊ ဒီမသာ ငါဝမ်းသာဆုံးပဲ၊ မသာချရင်တော့ လိုက်ပို့ဦးမှပဲ၊ အရီ ကော ငိုချင်း ကလေး ဘာလေး ဆောင်ဦးမလား"
"ဘာလို့ဆောင်ရမလဲ ကိုကြီးရာ"
"မျက်ခမ်း ကြက်သွန်လေးဘာလေးတိုက်ပြီး နည်းနည်းပါးပါးတော့ လုပ်ဦးလေ၊ တော်ကြာ သူ့ဘက် က ဆွေမျိုး တွေ ပြောနေဦးမယ်"
"ခုပဲ ပြောနေကြပြီ"
"ဘယ်လိုပြောကြသလဲ၊ မငိုကောင်းလားတဲ့"
"မဟုတ်ဘူး၊ အရီ ရဲ့ ရဲဘော်တွေကို ခေါ်ပြီး သတ်ခိုင်းတာတဲ့"

"ဟုတ်များကော် ဟုတ်လားကွာ"
"မဟုတ်ပါဘူး ကိုကြီးရာ၊ အရီ စိတ်ထဲမှာကလေ အခြေအနေက ဖန်တီးလာတဲ့အတိုင်းပဲ ဆိုပြီး သူ့အပေါ် ဘယ်လို မှ စိတ်မရှိတော့ဘူး။ ကိုယ့်လင်ရယ်လို့ ဖြစ်လာမှ ဟိုတုန်းက ဘယ်လိုကပဲ ဆိုးခဲ့ ဆိုးခဲ့ ကိုယ့် လက်ထဲ မှာ လူကောင်းဖြစ်အောင် ပြုပြင်တော့မယ်လို့ စေတနာ ထားရိုးအမှန်ပါ၊ အရီ ကျမ်းကျိန် ပြောရဲ ပါတယ်"
"မကျိန်ပါ နဲ့ အရီရာ၊ ကိုကြီးကတော့ ယုံပါတယ်"

"အဲဒါလေ သူ့ဘက်က ဆွေမျိုးတွေက အရီက ပစ္စည်းလိုချင်လို့ လက်ထပ်ပြီးရုံသက်သက်ကလေး လုပ်တာတဲ့၊ အရီ စိတ်ပေါက်ပေါက်ရှိပြီး ဒီလိုမသာတဲ့နည်းနဲ့ ရခဲ့တဲ့ပစ္စည်းတွေ ဘာလုပ်ဖို့လဲဆိုပြီး တစ်ရွေး မကျန် ပြန်ပေးပစ်လိုက်မယ်လို့ စိတ်ကူးပါသေးတယ်၊ နောက် စဉ်းစားလိုက်တော့ ဒီပစ္စည်း တွေဟာ တကယ်တော့ လူထုရဲ့ပစ္စည်းပဲ၊ သူ့မိဘပြန်ပေးလိုက်လို့ ဘယ်တရားနည်းလမ်းကျမလဲ၊ လူထုပစ္စည်းဟာ လူထု ဆီ အကျိုးရှိတဲ့နည်းနဲ့ ပြန်ရောက်မှသာ အမှန်တရား ဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်၊ အရီ ဒီပစ္စည်းတွေနဲ့ ဘာက စလုပ်မယ်ဆိုတာ အစ်ကိုကြီးကြည့်၊ နောက်လဲ ဆင်းရဲသားတွေအတွက် သုံးမှာပဲ"

လူထုသွားတိုက်ကြတော့


လာကြ … လာကြ … လာပါ ယူပါ အလကား ပလာတာ စမူဆာဝယ်စာ၊ လာကြ လာကြ တစ်ယောက်စီလာ အရမ်းမတိုးကြနဲ့ တစ်ရွာလုံး သွားရှိသူမှန်သမျှ တစ်ယောက်မကျန် ရမှာပဲ၊ ဖြည်းဖြည်း ဖြည်းဖြည်း၊ ဟေး … မှိုနီရိုး အရမ်းမတိုးနဲ့ရော့ … မဂျမ်းဘုံကြီးရော့ … သမီးတော် ဖွတ်ကြီးနင်တကယ်သွားတိုက်နော်၊ ဒီသွားပွတ်တံမှာ ချည်ထားတဲ့ ပိုက်ဆံယူပြီး လွှတ်ပစ်ဖို့ မဟုတ်ဘူး"
အကြောင်းမှာ သူဌေးမလေး မရွှေရီက သွားပွတ်တံတစ်ခု ငွေတစ်ကျပ်စီ ချည်၍ ရွာလုံး ကျွတ်ဝေ သည်။ ကျွန်တော့်အိမ်ရှေ့မှာ ၀ါးလုံးတန်းနှစ်ခုစိတ်၍ တစ်ယောက်စီ ၀င်ပြီး ယူစေသည်။ ကျွန်တော်က ဤတန်းခါးလယ်မှ အခန့်သားထိုင်ကာ သွားပွတ်တံတွေ တောင်းကြီးထဲထည့်၍ ဝေငှနေသည်။

မရွှေရီ အပျိုချောကတော့ ကျွန်တော့်အိမ်ရှေ့ ၀ရန်တာမှ ကျွန်တော့်မယားနှင့် သားကလေးတွေနှင့် အတူ ထိုင်လို့၊ လာကြတဲ့လူတွေကို အားရနှစ်သိမ့်စွာ ကြည့်နေသည်။ ကျွန်တော် ခဏခဏ သူ့ကို လှည့်၍ လှည့်၍ ကြည့်သည်။
တောက် … လှကိုလှတဲ့ ကောင်မလေး။
အောင်မာ … သည်လိုပြင်လိုက် ဆင်လိုက်တော့ ကျွန်တော့် တံမဒါနီမငွေမြိုင်ကြီးကလဲ မခေပါဘူးဗျ၊

မရွှေရီ ၀ယ်ပေးသော နေဗီဆုဆိုလား ဆေးလား ဆုဆိုလား ရေတပ်မတော်သား အ၀တ်တဲ့ဗျာ။
"ယူ … ယူ … ယူ … ယူပြီး သွားတိုက်ကြနော်၊ သွားတိုက်ကြဆိုလို့လဲ ဓားပြတိုက်ခိုင်းတယ် မအောက်မေ့ ကြနဲ့ဦး၊ မီးသွေးနဲ့ ဆားနဲ့ထောင်းပြီး ဒီသွားပွတ်တံနဲ့ ပါးစပ်ထဲကို တိုက်ဖို့ ပြောတာ၊ ခင်ဗျားတို့ဟာ နွားတော့ သွားဖြဲကြည့်ပြီးတော့ ကိုယ့်သွားတော့ ကိုယ်ဂရုမစိုက်ကြဘူး၊ သူဌေးမလေးက ပြောတယ် မဟုတ်လား"
အကြောင်းမှာ အရီသည် သူတို့အား သွားတိုက်ဖို့တရားကို ပြောပြီးလေပြီ။

အင်း လူထု တစ်ဝက်မကျသေးဘူး ပေးရတာ လက်ညောင်းလှပြီ ...လာကြ ယူကြ အောင်မာ မရွှေ နင့်ကလေးပါပေးရအောင် ကလေးသွားပေါက်ပြီလား...ပြစမ်း.. အဲ...အဲ.. နှစ်ချောင်းပေါက်ပြီ ရော့ ယူသွား ဟိုး ဒီ အဘွားကြီးက ခင်ဗျာ့သွားရှိသေးလို့လား ပါးစပ်ဟ စမ်းပါဦး..
ဟဲ့..သုံးလေးချောင်း ရှိပါသေးတယ်..သောက်ဇကောင်ရဲ့ ပေးပါဟ..
..ဟင်း မျက်ခုံးမွှေးတော့မဆွဲနဲ့နော်.. ဒေါ်ဇာနု ..ကွမ်းစားတဲ့ ခင်ဗျားသွား မဟူရာကြီးကို တိုက်စမ်း.. အောင်မာ.. နောက်က စုံထောက်ကြီး ဦးဂန်ဂျား ကြီး ကိုး ရော့ ..ဟာ ဘကြီးဖက်ထုပ် ခင်ဗျားက နှစ်ပတ်ပြန် ကျော့တာ ထင်တယ်..
မဟုတ်ရပါဘူး တက်ပုရယ်
လာ..မဘွားသက်ကလေး ရော့ .. မမြစ်ကလေး ကို ညနေ ထန်းရည်ကောင်းကောင်းထဲက ဖယ်ထား လိုက်စမ်းပါ လို့ပြောလိုက်စမ်းပါဗျာ.. အောင်မာ..အရီးချစ်စုက ဘယ်နှယ့် နှစ်ချောင်းပေးရမလည်းဗျ.. အဂတိ မလိုက်ဘူး.. နောက်မှ အိမ်တိတ်တိတ် ကလေး လာခဲ့ရောပေါ့....။
ဘာဖြစ်လို့လည်း ဆို ကျနော်က သူဌေးမလေးကို ရွာမှာ ရှိတဲ့ လူဦးရေ ထက်ပိုပြောထားတာ..ဟဲ..ဟဲ... ပန်းစုံ နင့်တော့ ငါပိုပေးချင်တယ်ဟယ်..
အမယ်လေး...ပြောရင်း ဆိုရင်း နောက်ပြန်လှည့်ကြည့်လိုက်ရာ ကိုလေး တက်ပု ပေးပါဗျ..ဘယ်နှယ်.. နောက်ပြန်ကြည့် နေတာလည်း အောင်မာ.. ခွေးမသား အင်ဖူး ပန်းစုံ နောက်က ကပ်လို့ ဒီကြက်သူခိုး တော့နင့်ကြက် ငါရအောင် ပြန်ခိုးမယ် မှတ်ထား..
ဤတွင် ဘန္တော ကြက်သူခိုး..ဝတ္ထုကြီး ပြီးပါပြီ ခင်ဗျား...
သိပ်ကောင်းတာဘဲနော်...

ပီးပါပြီ
သော်တာဆွေ

.

2 comments:

မျိုးမင်းစိုး said...

ကောင်းပါ့ဗျား

Anonymous said...

စာအုပ်ကောင်းတွေ တင်ပေးနေလို့ ကျေးဇူးတင်ပါတယ်။ ဘွန္တော ကြက်သူခိုးကို ငယ်ငယ်က ဖတ်ခဲ့တုန်းက စာရေးဆရာပြောတာ အကုန်အဟုတ်ထင်ခဲ့တယ်။ အခုအသက်အရွယ်မှာပြန်ဖတ်တော့ အချို့ ကွန်မန့်ပေးထားတဲ့ သူတွေနဲ့ သဘောချင်းတိုက်ဆိုင်ပါတယ်။ ဥပမာ- ပြည်သူပိုင်သိမ်းတဲ့ကိစ္စ နဲ့ အရီနဲ့ မုဆိုးဖို အသက်ကွာတာ။ အရီနဲ့ မုဆိုးဖိုကိစ္စမှာ ရေးတာက ယောက်ျားဆိုတော့ မသိမသာ gender bias ဖြစ်သွားတာထင်တယ်။