ဘယ်လိုလဲဆိုရင် ကျွန်တော်က ကိုယ်စားရရင် သူကြီးလဲ ရှယ်ယာပေးတယ်၊ အက်စေအင်ဘီက စပါးဒိုင်က လူတွေလဲ ကြက်ပေး အရက်ပေး လုပ်ထားတော့ စပါးပုံခွဲ ၃၊ ၄၊ ၅တွေ ဘာတွေ ရတယ် ဗျ။ နို့ပြီး ကျွန်တော့် ယောက္ခမ ကိုလဲ ငွေထုတ်လက်မှတ် အချောင်ရအောင် ဆွယ်ဆွယ်ပေးသေး တယ်ဗျ။
အေးလေ စပါးပေါ်ချိန်ကျမှ အဲသည် ကလိမ်ကျတဲ့ နည်းတွေနဲ့ပဲ ယောက္ခမငွေ ၇၅ကျပ် ဆပ်ရ တော့မှာပဲ။
ကဲ … ခုတော့ ကျွန်တော် လယ်ထဲသွားလိုက်ဦးမယ်ဗျာ။ ပျိုးခင်းလေး ထွန်နေရပြီဗျ။
"ဟေ့ … လူကလေးရေ ဟစ်တလုံး"
"ဘာတုံး"
"အဖေ ထွန်ထယ်သွားမယ်ဟေ့၊ ပဇောက်ကွန်ရအောင်လိုက်ခဲ့"
"မနှိုက်ချင်ဘူး၊ ခညားကြီးက ခညားကြီး ကောက်ခဲ့"
"ဟ … ငါလယ်ထွန်ရင်း တန်းလန်း ပုစွန်ဖမ်းနေနိုင်ပေါ့မလားကွ"
"ဂျကားညားမနေဲ့၊ အပြန် ဘဂျွန်ပါရင်ပါ မပါရင် ခင်ညားကြီး အသိပဲ"
"အေး … ကောင်းပါပြီ မောင်ရာ၊ ခွေးမသားလေး"
"ရှင့်သားရှင် ဆဲချင်ချင်ရင် ခွေးထီးသားလို့ဆဲရှင့်"
"ဟော … သူ့အမေက ကြားသွားတာကိုး"
"ဟ … ခွေးထီးသားလို့ဆဲရိုးထုံးစံ မရှိတာဘဲ မိန်းမရ၊ ဒါနဲ့ စကားမစပ် မင်းအခု ပဉ္စင်အစ်မ၊ ဘုရားအစ်မ ဖြစ်ချင်စိတ်များ ရှိသေးလား"
"တော်စမ်း၊ သေချင်းဆိုး၊ ကာလနာ၊ မြွေပွေးကိုက်"
"ဟဲ့ … မြွေပွေးကိုက် လို့တော့ မပြောစမ်းပါနဲ့၊ အခု လယ်ထဲသွားမလို့"
"ရှင်သေရင် ကောင်းမယ်"
"ဒါလောက်ဘဲ ချစ်တယ်လား"
"ရှင့် အခု ကျွန်မ ချစ်တယ်များ အောက်မေ့နေလား"
"ဟို ထီပေါက်တာသာ အမှန်ဖြစ်ရင် ချစ်လိုက်မယ့်အမျိုး မိုးထိုးနေမှာပဲနော်၊ တကတဲ လက်ထဲ ငွေမရောက်သေးဘူး ပဉ္စင်းအစ်မ ဖြစ်ချင်လိုက်တာနဲ့ ဘုရားအစ်မ ဖြစ်ချင်လိုက်တာနဲ့"
"တော်စမ်း ကာလာနာ၊ ရှင့်ဦးကြီးဖြိုးတော့ ကျုပ်အမေက သတိရတိုင်း ကျိန်ဆဲနေတာပဲ"
"သြော်ကွာ သူ့ခမျာ တို့လင်မယား ပြန်ပေါင်းရအောင် ကြံရတာ"
"ကြံပုံကလဲတော် အရပ်ထဲ အရှက်ကွဲရအောင်ပဲ"
"မင့်အမေ ငွေမက်မှန်း သိတာကိုး"
"တော် … ကျုပ်အမေကို ငွေမက်တယ် မပြောနဲ့"
"မပြောပါဘူးဗျာ … မပြောပါဘူး၊ ကဲ … ငါ လယ်ထဲ သွားမလု့၊ ခမောက်မှာ ဆေးပေါ့လိမ် ထိုးလိုက် ပါကွာ"
"အဆင်သင့်ပဲတော့ အဆင်သင့်ပဲ၊ တော်မျို့ဖို့ဆို့ဖို့"
"ဖိန်းနွှဲခါ ပျိုးကြဲနိုင်မယ်ဟေ့၊ ကောက်စိုက်ချိန်းတော့"
ပျိုးကြဲရင် တစ်လပြည့်သော နေ့ကိုတွက်၍ ကြိုကြိုတင်တင်က ကောက်စိုက်သင်းကို ရက်တောင်း ထားရပါသည်။
"ဘယ်အသင်းချိန်မလဲ"
"ကိုယ့်အနီးအနား မမြတ်ထွန်းတို့အသင့်ပဲ ချိန်းပေါ့ကွာ"
"အောင်မာ … ဘာလဲ တော်က ပန်းစုံပါတဲ့ အသင်းကိုလား"
"အဟီး … ဟီး"
"ကာလာနာကြီးနော် … ဘာရမလဲ၊ ဒေါ်ရွှေခအသင်းချိန်းမယ်"
"မင့်သဘောပါပဲကွာ"
"သေနာဟာ ကမြင်းကြောထချင်တဲ့စိတ်ကို မပျောက်သေးဘူး … ဟင်း"
"ဒါတော့ မင်းအထင်လွဲတာပါကွာ"
"အောင်မယ် တော် မဟုတ်ဘူးလား"
"ဟုတ်သားပဲ"
"သေနာ … သွား … သွား လယ်ထဲ မြန်မြန်သွားစမ်း၊ ရှင့်ကျော်တော့ ဗြောတင်မိတော့မယ်"
ကျွန်တော် တင်းကုပ်ထဲ ရောက်ခဲ့ပါပြီ။
သြော် … ဒီနွားတော့ ခက်ပါတယ်၊ ဒီကောင်ကို ချူချာချင်တယ်၊ နွေတုန်းမှာ ခွာနာ လျှာနာ ဖြစ်သည်။ ယခုကလူမူ စွဲပြန်ပြီ၊ "ကလမူ" ဆိုသည်မှာ နွားနားရွက်ထဲ၌ ဖြစ်သော ဝေဒနာကို ခေါ် သည်။ ဤရောဂါစွဲ လျှင် နားရွက် ရောင်ရမ်းကာ အောက်သို့ ကုပ်နေပြီး တဖျပ်ဖျပ်ခါ၍ နေသည်။ လူတွေ နားကိုက်တာနှင့် တူလိမ့်မည်။
"ဟေ့ … မနော်ရေ၊ ဒီနေ့ ငါးပိရည် ပိုပိုလျှံလျှံ ကျိုထားဦးဟေ့၊ လယ်ထွန်အဖြုတ်မှာ ဒီနွားနားရွက် ထဲ လောင်းထည့်ဦးမှပဲ"
ကုလားမူစွဲလျှင် ငါးပိရည်လောင်းထည့်ရသည်။
"ဒီနွားကိုပဲ ချူချာပါတယ်တော် … မိုးနှောင်းတော့ သူ့ရောင်းပစ်ပြီး နွားပြောင်းမှပါပဲ"
"အေးဟာ … ငါလဲ ဒီလို စိတ်ကူးထားတာပါပဲ"
အင်း … တင်းကုပ်ထဲထားတဲ့ ထွန်သွား ငါးချောင်းဟာ နှစ်ချောင်း မရှိပြန်ဘူး။
"ဟ … ကောင်လေး ထွန်သွားတွေ ယူဆော့ပြန်သလားဟ၊ မအေကြီရေ … မင့်သား မေးစမ်းပါဦး"
"ဟော့ဒီမှာ နှစ်ချောင်း ကိုတက်ပု၊ သူ နွားလုပ်ဆွဲပြီး ပစ်ထားတာ"
"အင်း … ဒီကောင် လုပ်ပုံနဲ့ တစ်နေ့နေ့တော့ ပျောက်ဦးမယ်၊ လယ်ထဲထားခဲ့ သူများ ချွန်ယူမှာစိုးလို့၊ အိမ်ယူလာကာမှ ခက်တော့တာပါပဲ"
အကြောင်းမှာ ကျွန်တော်သည် ထွန်ကို လယ်ထဲ၌ အမြဲတမ်း ထားခဲ့၍ ထွန်သွားကိုသာ လူခိုးမှာ စိုး၍ ချွတ်ချွတ်ယူခဲ့ပါသည်။ ကျွန်တော့် ထွန်ကိုကား မည်သူမှ မခိုးချေ။ ကျွန်တော့် ထွန်နာမည်ကို "ရန်ကင်း" ဟုခေါ်၏။ အကြောင်းမှာ ကျွန်တော်သည် ထွန်တံ ထွန်ကိုင်းကို လူများနည်းတူ ဘယ်တော့မှ သေသေ သပ်သပ် မလုပ်ချေ။ ဖြစ်ကတတ်ဆန်း အကြမ်းသာ တွယ်ထား၏။ ကျွန်တော့်ထွန်ကို မြင်လျှင် လူတွေ က "ဟင်" ကြ၏။ ကဲ့ရဲ့ကြ၊ ရယ်မောကြ၏။
အမှန်က ကျွန်တော် ပျင်းလို့ ဖြစ်၏။ သို့သော် လူများတွေက "တက်ပု မင့်ထွန်ကလဲကွာ" ပြောလျှင် …
"အို … ခင်ဗျားတို့ ဘာနားလည်လို့လဲ၊ ကျုပ်ထွန်ကို မိုးဦးက စပြီး မိုးနှောင်းအထိ လယ်ထဲမှာ ထားတယ်၊ ဘာမှ အန္တရာယ် မရှိဘူး ခင်ဗျားတို့ထွန်ကောင်းထွန်လှတော့ ဟင် … တစ်ရက် မထားခဲ့ ၀ံ့ဘူး။ တကတဲ ရွာရိုးစုံပြီး အသွားအပြန် ရွှံ့ဗွက်ထဲ မောင်းမောင်းနေ၇တယ်။ ဟော … ကျုပ်ကတော့ နွားချည်းဆိုတော့ ရွာနောက် လူသွားလမ်းက ဖြတ်ဝင်လိုက်ရုံပဲ၊ ဘယ်လောက် သက်သာသလဲဟင်၊ ဒါကြောင့် ကျုပ်ထွန်ကို ရန်ကင်းလို့ ခေါ်တာဗျ"
မိတ်ဆွေ မှတ်ထား၊ လူပျင်းတာဟာ နာမည်သာ ဆိုးတယ်။ သက်သာတယ်ဆိုတာတော့ တကယ်ဗျ။ ယခု ကြည့်လေ၊ ကျွန်တော် လယ်ထွန်းသွားတယ် ဆိုတာတောင် အိမ်က ထွန်ကြီး တပ်သွားရတာ မဟုတ်ဘူး။ ထွန်သွား ငါးချောင်းပြူးကို နွားတစ်ကောင် လည်ပင်းမှာ ချည်ပြီး ရှေ့တစ်ကောင်၊ နောက်တစ်ကောင် မောင်း ထွက် ခဲ့ရုံပဲ။
"တောက် … ဟ နွား"
"ကိုတက်ပုရေ"
"ဟေး"
"ရှင်ပြန်ရင် ကန်စွန်းရွက် ခူးခဲ့ဦးနော်၊ ဘာမှ ငါးပိရည် တို့စရာ မရှိဘူး"
"အေး … အေး"
"ကျနော့်ကို ပဂျွန်လုံးလဲပဲဗျ"
"အေး … အေး"
ဆက်ရန်
.

1 comment:
ကလေး မိုက်ရိုင်းပုံကြီးကလဲဗျာ။
ကိုယ့်သားသမီးသာဆို အဲဒီလို မိုက်ရိုင်းရင် သည်းခံမလား တွေးကြည့်တယ်။ ဘယ်လောက်ချစ်ချစ် ဒါမျိုးကြီးတော့ တော်ရုံမိဘ သည်းခံမှာမဟုတ်ဘူး။ သူခိုးဓားပြ မုဒိန်းကောင်ဘဝက ဝင်စားလာလို့ ဒီလောက် မိုက်ရိုင်းနေတာဆိုလဲ ဘဝဟောင်းက ညာဉ်တွေ ပျောက်သွားအောင် နားရင်းလေးငါးချက် ပိတ်တွယ်လိုက် ပြီးရော။
Post a Comment