ပထမပုလင်း ၏ လည်ပင်းအောက် ရောက်သည်အထိ အရက်လျော့သွားသောအခါတွင် အသောက်သမား များ သည် စိတ်ဝင်စားစရာ အကြောင်းများကို လေးလေးနက်နက် ပြောဆို ဆွေးနွေးတတ်ကြသည်ဖြစ်ရာ ယခု လည်း ပီလွန် သည် ဤအဆင့်ရောက်သည်နှင့် တစ်ပြိုင်နက် သူ့အတွက် ပေါ်လာသည့် အကွက် ကောင်း ကို ရအောင်ယူလေသည်။
" ဒီမယ် ပက်ဘလို"ဟု သူက စကားစသည်၊ "အိမ်ခြေရာခြေလည်းမရှိ၊ သူငယ်ချင်း အပေါင်းအသင်း လည်း မရှိဘဲ အခုလို ရေစိုမိုးစိုခံပြီး လမ်းဘေး ရေမြောင်းတွေထဲ အိပ်နေရတဲ့ဘ၀ကို မင်း စိတ်မပျက် သေးဘူးလား" ဟု မေး သည်။
" ဟင့်အင်း၊ စိတ်မပျက်သေးဘူး"ဟု ပက်ဘလို က ဖြေသည်။
ပီလွန်က ချော့ချော့မော့မော့ လေသံဖြင့်ပြောသည်။ " အေးပေါ့လေ။ ငါလည်းပဲ အဲသလို နေခဲ့ရတာပဲ သူငယ်ချင်း ရဲ့၊ ရေမြောင်းထဲက ညစ်ပတ်ပေရေနေတဲ့ ခွေးလေခွေးလွင့် ဘ၀တုန်းကတော့ ငါလည်းပဲ ကိုယ့်ဘ၀ ကိုယ် ကျေနပ်နေတာပဲ။ အိမ်ကလေးတစ်လုံး နဲ့ နေရတာ ဘယ်လောက်အထိ စိတ်ချမ်းသာစရာ ကောင်းတယ် ဆိုတာ သိမမသိသေးဘဲကိုး။ အမိုးနဲ့၊ အကာနဲ့၊ ဥယျာဉ်ကလေးနဲ့ နေရတဲ့ ဘ၀ဟာ အင်မတန် စိတ်အေးစရာ ကောင်းတဲ့ ဘ၀ ကွ၊ ဒီမှာ ပက်ဘလို၊ အဲသလိုနေတာမှ လူလိုသူလို နေတဲ့ ဘ၀ကွ"
" အေး ဟုတ်တယ်၊ တကယ့်ကို သာယာမှာပဲလ ဟု ပက်ဘလိုက ရေရွတ်သည်။
" ဒီမယ် ပက်ဘလို၊ မင်းငါ့အိမ်မှာ တစ်ခြမ်းငှားမနေချင်ဘူးလား။ ဒါဆိုရင် အလွန်အေးတဲ့ မြေကြီးပေါ်မှာ မင်း ကျောခင်းစရာ မလိုတော့ဘူး။ ဆိပ်ခံတံတားအောက်က သဲပြင်မာတွေပေါ်မှာ ကျောခင်းဖို့လည်း မလိုတော့ ဘူး။ ဘယ်လောက် ဟန်ကျလဲ၊ မင်း ငါနဲ့အတူတူ နေရမယ်ဆိုရင် သဘောမကျဘူးလားဟင်"
" သိပ် သဘောကျတာပေါ့ကွာ" ပက်ဘလို က ပြောသည်။
" ဒီလိုလေကွာ၊ မင်းက အိမ်လခ တစ်လ ကို ဆယ့်ငါးဒေါ်လာပဲပေး၊ ဟုတ်လား၊ ပြီးတော့ ငါ့အိပ်ရာကလွဲပြီး တစ်အိမ်လုံး မှာရှိတဲ့ တခြားပစ္စည်းတွေကို သုံးချင်သလိုသုံးပေါ့၊ ဘယ့်နှယ်လဲ၊ မင်း စဉ်းစားပေါ့၊ တကယ်လို့ မင်း ဆီ ကို လူတစ်ယောက်က စာတစ်စောင် ရေးတယ်ဆိုပါတော့ သူ့အနေနဲ့ စာကို အလွယ်တကူ ထည့် နိုင်ဖို့ နေရပ် လိပ်စာတစ်ခု ရသွားနိုင်တာပေါ့၊ ဟုတ်ဘူးလားကွာ"
" အေး ဟုတ်တာပေါ့ကွ၊ ဒါဆိုရင် သိပ်ကောင်းသွားမှာ"ဟု ပက်ဘလိုက ပြန်ပြောသည်။
ပီလွန်သည် အလွန်စိတ်လက်ပေါ့ပါးသွားဟန်ဖြင့် သက်ပြင်းချသည်။ ဒင်နီကို ပေးရမည့် အိမ်လခကြွေးများ သူ့ ပခုံးပေါ် ၌ မည်မျှလောက် အထိ ပိလာမည်ကိုမူ သူ လုံးဝ သတိမထားမိပေ။ သူ သေချာပေါက် နားလည်ထား သည့် အချက်တစ်ချက်တော့ ရှိသည်။ ယင်းမှာ အခြားမဟုတ်၊ ပက်ဘလို က ဘယ်တော့မှ အိမ်လခ ပေးလိမ့်မည်မဟုတ် ဟူသော အချက်ဖြစ်၏။ ထိုအချက်အတွက် သူ စိုးရိမ်ပူပန်ခြင်း မဖြစ်ပေ။ အကယ်၍ ဒင်နီက အိမ်လခတောင်းခဲ့ပါမူ ပီလွန်အနေဖြင့် " ပက်ဘလို ဆီက အိမ်လခ ရတဲ့ အခါကျမှ ပေးမယ်" ဟု ပြောနိုင်ပြီ မဟုတ်ပါလား။
သူတို့သည် ၀ိုင်အရက်ကို ဆက်သောက်ကြသည်။ ဤသို့ဖြင့် အသောက်သမားတို့ ရင်ဆိုင် ရောက်ရတတ် သည့် နောက်တစ်ဆင့် ဖြစ်စဉ်ဆီသို့ ကူးပြောင်းရောက်ရှိသွားကြ၏။ ထိုအခါ သူ ငယ်စဉ်တောင်ကျေး ကလေး ဘ၀ က မည်မျှလောက် ပျော်ခဲ့ရသည်ကို ပီလွန်သတိရလာသည်။ " အဲဒီတုန်းကများ ငါဘာကိုမှ ဂရုမစိုက် ခဲ့ဘူး၊ နားမလည်ခဲ့ဘူး၊ အိုကွာ ငါသိပ်ကို ပျော်ခဲ့တာကွ"
" ငါတို့အနေနဲ့ အဲဒီတုန်းကလောက် ဘယ်တော့မှ မပျော်ရတော့ပါဘူးကွာ "ဟု ပက်ဘလိုက ၀မ်းနည်းစွာဖြင့် ထောက်ခံ လေသည်။
---------------------------

၅
လူကောင်းတစ်ယောက်ဖြစ်သော ဂျီးဆပ်စ်မေရီယာကော်ကိုရန်
လူကောင်းတစ်ယောက်ဖြစ်သော ဂျီးဆပ်စ်မေရီယာကော်ကိုရန်
ပီလွန် နှင့် ပက်ဘလို တို့၏ ဘ၀သည် အလွန်သာယာဖြောင့်ဖြူးလျက်ရှိသည်။ မနက်ဆိုလျှင် ဘယ်တော့မှ အိပ်ရာ မှ စောစောစီးစီးမနိုး။ ထင်းရှူးပင်များအပေး နေကျော်၍ တက်သွားချိန်နှင့် သူတို့အောက်ဘက်ရှိ ပင်လယ်ကွေ က ရေပြာပြာပေါ် ၌ လှိုင်းဂယက်များ လူးလွန့်လှုပ်ရှားကာ တလျှပ်လျှပ်တောက်ပနေချိန်ကျမှ အေး အေး ဆေးဆေး အိပ်ရာ မှ ထကြလေသည်။
နေသာသော မနက် ဆိုလျှင် အလွန်ပျော်စရာ ကြည်နူးစရာကောင်းသည်။ မြက်ပင်ချုံပင်များပေါ်၌ ကျနေကြသော နှင်းပေါက် များသည် နေရောင်အောက် တွင် ဖိတ်ဖိတ်တောက် နေကြသည်။
သစ်ရွက်များတွင် တွဲလဲခိုနေကြသော နှင်းပေါက်များသည် အဖိုးမထိုက်တန်သော်လည်း အလွန် လှပသည့် ကျောက်မျက် ရတနာ များနှင့် တူသည်။ ဤမျှလောက် သာယာကြည်နူးစရာကောင်းသည့် နံနက်ခင်းတွင် ဘယ် လို ကိစ္စမျိုး ကိုမှ အလျင်စလို မလုပ်သင့်။ ဆူဆူညံညံ လှုပ်လှုပ်ရှားရှားနှင့် ပျာယာခတ်စရာလည်းမလို။ အခုလို မနက်ခင်းမျိုး တွင် အတွေးအခေါ်သည် ဖြည်းဖြည်းမှန်မှန်ဖြစ်ရမည်။ လေးနက်ရမည်၊ အဖိုး ထိုက်တန် ရမည်။
အပြာရောင် ဂျင်းဘောင်းဘီနှင့် အပြာရောင်ရှပ်အင်္ကျီများ ၀တ်ထားသော ပက်ဘလိုနှင့် ပီလွန်တို့သည် အိမ်နောက်ဖက် ရှိ လျှိုကလေးတစ်ခုသဖွယ် ဖြစ်နေသော မြေနိမ့်ပိုင်းပေါ်၌ အိမ်ရှေ့ဆင်ဝင်ဆီသို့ ပြန်ရောက် လာကြပြီး နားအေးပါးအေးထိုင်ကာ နေစာလှုံကြသည်။ မွန်ထရေးမြို့တွင်းရှိ လမ်းများပေါ်မှ တံငါသည် များ၏ ပင်လယ်ပြင်ထွက်ရန် နှိုးဆော်နေသည့် ခရာမှုတ်သံများကိုနားစွင့်ကြသည်။ တော်တီလာဖလက် ရပ်ကွက်တွင်းမှ လူတို့၏ လှုပ်ရှားသံများ၊ အိပ်ချင်မူးတူးဖြင့် ပြောဆိုနေကြသည့် စကားသံ များကို နားစွင့်ကြ သည်။ ကမ္ဘာကြီး မှန်မှန်လည်ပတ်နေသမျှ ကာလပတ်လုံး နေ့စဉ်နေ့တိုင်း ဖြစ်ပျက် နေသည့် ထူးခြားဆန်းကြယ် သော ဖြစ်ရပ်များသည် ရှိနေသည် မဟုတ်ပါလား။
ဆင်ဝင်တွင် ထိုင်နေကြသည့် သူတို့နှစ်ယောက်သည် သာယာငြိမ်းချမ်းလျက်ရှိကြ၏ ကြမ်းပြင်ပေါ်၌ ချနင်းထား သည့် ခြေထောက်များပေါ် ယင်ကောင်များ လာနားသည့်အခါများ၌သာ ခြေချောင်း ကလေး များကို လူးလွန့်လှုပ်ရှားခြင်းပြုသည်။
" နှင်းပေါက် တွေသာ စိန်တုံးကလေးတွေ ဖြစ်မယ်ဆိုရင် သိပ်ကောင်းမှာပဲ" ဟု ပက်ဘလို ပြောသည်။ " ငါတို့ နှစ်ယောက် သိပ် ကို ချမ်းသာ သွားမှာ၊ ချမ်းသာရင် ငါတို့နှစ်ယောက် တစ်သက်လုံး အရက်ကို ကောင်း ကောင်း သောက်သွားနိုင်မှာပဲနော် "
သို့သော်လည်း ယထာဘူတ သမား ပီလွန်က ပက်ဘလို၏ စကားကို လက်မခံ။ " မင်းပြောသလို ဖြစ်ကုန် ရင် လူတိုင်းရဲ့ လက်ထဲမှာ စိန်တွေအများကြီးရှိကုန်မှာပေါ့၊ အဲဒီကျတော့ စိန်တွေဟာ ဘယ်မှာ လာပြီး တန်ဖိုးရှိ တော့မှာလဲ၊ ဒါပေမယ့် ငါထင်တယ်၊ အရက်ကတော့ ဈေးတန်နေဦးမှာပဲ၊ တကယ်လို့များ အခု လောလော လတ်လတ် အရက်မိုး တစ်နေကုန်ရွာလိုက်လို့ မင်းတို့ ငါတို့က သံကန်ကြီးတစ်လုံးစာ ခံထား လိုက်နိုင်ရင် ဘယ် လောက်ဟန်မလဲ"
" ရွာရင်လည်း အရက်ကောင်းကောင်းရွာပါ မှ ဖြစ်မှာကွ" ဟု ပက်ဘလိုက ပြောသည်။ " မင်း နောက်ဆုံး ရလာတဲ့ မြောင်းပုပ်ရေ လို အရက်မျိုးကို ဗုံးပေါလအော သောက်ရလို့ကတော့ အလကားပဲနေမှာပါ"
" အဲဒီ အရက်ကို ငါပိုက်ဆံပေးပြီး ၀ယ်လာတာ မဟုတ်ဘူးကွ" ဟု ပီလွန်က ပြောသည်။ " ဟိုကပွဲ ခန်း ဘေးက မြက်ပင်တွေကြားမှာ တစ်ယောက်ယောက်က လာပြီး ၀ှက်ထားတာတွေ့လို့ ယူလာတာ၊ ဒါမျိုး ကျတော့ အကောင်းစားရချင် လို့ ဘယ်ဖြစ်မလဲ "
သူတို့သည် သူတို့ပေါ်တွင် နားရန် အားထုတ် နေကြသော ယင်များကို သူတို့ လက်များဖြင့် မောင်းကြသည်။ " ဟေ့ ဒီမယ်၊ မနေ့က ကော်နဲလီယာရုဇ် က မက္ကဆီကန် အသားမည်းကောင် ကို ဓားနဲ့ တိုက်လွှက် လိုက်တယ် ကွ သိလား" ဟု ပီလွန်က ပြောသည်။
ပက်ဘလို က မျက်လုံးများကို ပင့်၍ကြည့်လိုက်ပြီး " သူတစ်ပြန် ကိုယ်တစ်ပြန် ချကြတာလား" ဟု မေးသည်။
" မဟုတ်ဘူးကွ၊ အမည်းကောင် က ကော်နဲလီယာ မှာ လူသစ်တစ်ယောက် ရနေတယ်ဆိုတာ မသိဘူး၊ သူ က မသိတော့ အိမ်ထဲဝင်ဖို့ ကြိုးစားတယ်၊ ဒီတော့ ကော်နဲလီယာ က ဓားနဲ့ခုတ်တာပေါ့ "
" အမှန်တော့ ဒီအကောင် သိဖို့သင့်တာပေါ့ကွာ" ဟု ပက်ဘလို က မှတ်ချက်ချသည်။
" ဒီလိုကွ၊ ကော်နဲလီယာ လူသစ်တစ်ယောက် ရချိန်မှာ သူကမြို့ထဲကို ရောက်နေတယ်၊ ပြန်လာတော့ အိမ်ရှေ့ တံခါး သော့ခတ်ထားတာ တွေ့တယ်။ ဒါနဲ့ပဲ သူက ပြတင်းပေါက်က၀င်ဖို့ ကြိုးစားတာ "
" ဒီအမည်းကောင် က အရူးပဲကွာ" ဟု ပက်ဘလိုက ပြောသည်။ " သူသေရောလား "
" ဟာ မသေပါဘူး၊ လက်တွေမှာ ဒဏ်ရာ နည်းနည်းပါးပါး ရသွားရုံလောက်ပါ၊ ကော်နဲလီယာက ဒေါသမှ မကြီးဘဲ၊ သူ့အနေနဲ့က အမည်းကောင်ကို အိမ်ထဲဝင်မလာစေချင်လို့သာ လုပ်တာပါ "
" ကော်နဲလိယာ ဆိုတဲ့ ကောင်မ ကလည်း သိပ်ပြီး သစ္စာရှိတဲ့ မိန်းမတစ်ယောက်တော့ မဟုတ်ပါဘူး ပီလွန်ရာ" ဟု ပက်ဘလိုက ပြောသည်။ " ဒါပေမယ့် ဒီကောင်မဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ယောက်က သေသွား တဲ့ သူ့အဖေ အတွက် ဆုတောင်းပွဲတွေ လုပ်ပေးနေတုန်းကွ သိလား "
" သူ့အဖေ ကလည်း ဆုတောင်းပွဲတွေ များများလုပ်ပေးဖို့လိုတဲ့ လူတစ်ယောက်ပဲကွ" ဟု ပီလွန်က ထင်မြင် ချက် ပေးသည်။ " သူက လူဆိုးကြီး တစ်ယောက် မဟုတ်လား၊ ဒါပေမယ့်ဟေ့ ဒီလူကြီး က သူဆိုးတဲ့အတွက် ဘယ်တော့ မှ ထောင်မကျခဲ့ဘူး၊ ပြီးတော့ သူ့အပြစ်တွေကိုလဲ ဘယ်တော့မှ ၀န်မခံဘူး၊ ဖြောင့်ချက် မပေးဘူး ကွ၊ အဘိုးကြီးရုဇ် သေခါနီးမှာ ဘုန်းကြီးတစ်ပါးက သူအသေဖြောင့်အောင် ဆုတောင်းပေးဖို့ ရောက်လာသတဲ့။ ရုဇ် ကလည်း သူ့အပြစ်တွေကို ထုတ်ဖော်ဝန်ခံသတဲ့၊ ကော်နဲလီယာ ပြောပြတဲ့ အတိုင်းဆိုရင်တော့ အဘိုးကြီးရုဇ်ရဲ့ အခန်းထဲက ပြန်ထွက်လာတဲ့အခါ ဘုန်းကြီးရဲ့ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်ပြီး ဖြူဖွေးနေတာပဲတဲ့၊ ဒါပေမယ့် နောက်ပိုင်းကျတော့ ရုဇ်ရဲ့ ၀န်ခံချက်တွေထဲက တစ်ဝက်လောက်ကို သူ မယုံကြည်ဘူး လို့ ဘုန်းကြီးက ပြော တယ်ဆိုပဲ "
ပက်ဘလိုသည် သူ့ဒူးခေါင်းပေါ်လာ၍ နားသော ယင်ကောင်ကို ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို ခုန်အုပ်လိုက်သည့်နှယ် ဖျပ်ခနဲရိုက်သတ်လိုက်သည်။ " ရုဇ်ဆိုတဲ့ ငနဲကြီးကလည်း လူလိမ်ကြီးတစ်ယောက်ပေါ့ ကွာ"ဟုပြောသည်။ " သူ့လို လူလိမ်လူညာကြီးတစ်ယောက်ရဲ့ ၀ိညာဉ်အတွက် ဆုတောင်းပွဲတွေ များများလုပ် ပေးဖို့ လိုတာကတော့ အမှန်ပဲကွ၊ ဒါပေမယ့် ကော်နဲလီယာရဲ့ အိမ်ထဲမှာ မူးမူးရူးရူးနဲ့ အိပ်ပျော်နေတဲ့ကောင်တွေ ရဲ့ အိတ်ကပ်ထဲက ရလာတဲ့ ငွေနဲ့လုပ်တဲ့ ဆုတောင်းပွဲတစ်ခုမှာ သန့်ရှင်းစင်ကြယ်မှုရှိလိမ့်မယ် မင်း ထင်သလားဟင် "
" ဆုတောင်းပွဲတစ်ခုဟာ ဆုတောင်းပွဲ တစ်ခုပါပဲကွာ" ဟု ပီလွန်က ပြန်ပြောသည်။ " မင်းကို အရက်တစ်ခွက် ရောင်း တဲ့ အကောင် အနေနဲ့ မင်းပေးလိုက်တဲ့ ငွေကို ဘယ်ကရသလဲဆိုတာ ဘုရားသခင်က စိတ်မ၀င်စားပါ ဘူး။ မင်းအနေနဲ့ အရက်ကိုကြိုက်သလို ဘုရားသခင်ကလည်း ဆုတောင်းပွဲကို ကြိုက်တာပါပဲကွ၊ ဘုန်းကြီးမာဖီး ဟာ အချိန်ရှိသမျှ ငါးပဲထွက်မားနေတာပဲ၊ ဒါပေမယ့် သူလုပ်ပေးတဲ့ ဆုတောင်းပွဲက မမြင့်မြတ် ပါဘူး၊ မသန့်စင် ပါဘူးလို့ ပြောနိုင်သလား၊ ဒီဟာတွေက ဘုန်းကြီးတွေ ရှင်းရမယ့် ပြဿနာ တွေပါကွာ၊ ငါတို့က ပူနေစရာ မလိုပါ ဘူး၊ ငါကတော့ ကြက်ဥဘယ်ကရနိုင်သလဲဆိုတာ စဉ်းစား နေတယ်၊ အခုချိန် မှာ ကြက်ဥတစ်လုံးလောက် စား လိုက်ရရင် သိပ်ကောင်းမယ်ကွ"
ဆက်ရန်
.
No comments:
Post a Comment