အကျီင်္လက်ပြတ်နှင့်လက်ထိပ်သံခြေကျင်းခတ်ထားသော အဘကိုကီရောင်ဗောင်း ဦးထုပ်ချွန်းနီနီ နှင့် ကုလား ပုလိပ် များ သေနတ်ထမ်းခြံရံလျက် ရုံးထုတ်လာသည်ကို ကျွန်တော် ယခုတိုင် မြင်ယောင် နေသေး သည်။
အဘကို ထုချေကာကွယ်ပေးသူမှာ ရန်ကုန်မှာလာသည့် ဘိလပ်ပြန် ၀တ်လုံတော်ရကြီး တစ်ဦး ဟု မှတ်မိ သည်။ ထိုဝတ်လုံတော်ရကြီး ကျေးဇူးကြောင့် သေဒဏ်မခံရဘဲ တစ်သက်တစ်ကျွန်း ကျသည်။ အစ်မ၌် ရှိပစ္စည်း တို့လည်း ပြောင်သည်ဆို၏။
အဘကို တစ်ကျွန်းပို့မည့်နေ့ ရန်ကုန်ဆိပ်ကမ်း သင်္ဘောဆီ အစ်မနှင့် ကျွန်တော် သွားနှုတ်ဆက် ကြခြင်း ကိုလည်း မမေ့သေး။ အစ်မမှာ ငိုလိုက်သည့်ဖြစ်ခြင်း အစ်မငိုတော့ ကျွန်တော်လည်း ငိုခဲ့သည်။ အဘလည်း မျက်ရည် ကျ၏။
အဘကို ကျွန်တော်တို့ တစ်သက်ပြန်မတွေ့ရဟု ထင်ခဲ့သည် သို့ရာတွင် နှစ်အတန်ကြာ သော် အဘ ပြန်ရောက် လာ၏။ ဂျော့ဘုရင်ကြီးနတ်ရွာစံ၍ သူ့သားကြီးနောက် သမီးနှစ်ယောက်နှင့် သားငယ် ဂျော့ဘုရင် ကလေး နန်းတက်သော အခါ မဲပေါက်သဖြင့် အဘလွတ်လာခဲ့သည်ဆို၏။
လွတ်လာခဲ့သည် ဆိုတော့လည်း အဘသည် ခုနှစ်ရက်တစ်ခါမြို့တက်၍ ဂါတ်၌လက်မှတ် ထိုးရသည်။ တစ်ရွာ တစ်ကျေး လည်း သွားခွင့်မရှိ။ ထိုအခါ အဘ၌ ဘွဲ့တစ်ခု တိုးလာသည်။ ခြေချုပ်ကြီး ဟူသတည်း။
ခြေချုပ်ကြီး ဆိုသည်မှာ ဧရာမလူဆိုးကြီးဟု ကျွန်တော် နားလည်ထားသည်။ အများကလည်း ဤအတိုင်း ပြောကြသည်။ အဘကို လူဆိုးကြီးမဟုတ်၊ မျိုးချစ်ကြီးဟု ခေါ်သူတစ်ဦးရှိသည်။ ထိုသူမှာ မယဉ်နွယ် တို့ လောကဓာတ် ကျောင်းအုပ်ကြီး ဆရာကိုအုန်းဖေ ပင် ဖြစ်သည်။
ဂျပန်ဝင်ပြီးနောက် အဘသည် ခြေချုပ်မဟုတ်တော့ ဆိုသည်။ ဂါတ်သို့လည်း လက်မှတ်သွားမထိုးရတော့။ သို့ရာတွင် အဘသူကြီးပြန်မဖြစ်။ ဤသည်ကို ကျွန်တော်နား မလည်။
အဘ ကို တစ်ကျွန်းပို့ခဲ့သည်မှာ ယခု ဂျပန်တို့နှင့် စစ်ဖြစ်နေသော အင်္ဂလိမ်ကုလားဖြူများ ဖြစ်သည်။ ကုလားဖြူ တွေ ထွက်ပြေးရပေမယ့် ကုလားဖြူလက်ထက်က သူကြီးဦးသာဇံ သည်သူကြီးပင် ဆက်ဖြစ် နေသည်။ ဒါတွင်မက ကုလားဖြူလက်ထက်က ပုလိပ်ဌာနပိုင်ကြီး နှင့်တိုက်ပိုင်ကြီးတို့လည်း ဤအတိုင်း ဤအတိုင်း ပင် ရှိကြသည်။ ဘာကြောင့်နည်း။
အဖြေကို ကျွန်တော်မသိ။ ကျွန်တော်သိသည်မှာ အဘ သာ သူကြီးဖြစ်နေလျှင် ကျွန်တော် ဤမျှ တင်စုတ် အောင် အရိုက်ခံရမည်မဟုတ်၊ ပြီးတော့…မယဉ်နွယ်ကဲ့သို့ပင် လောကဓာတ် ကျောင်း၌ အရုပ်လှလှပါသော စာအုပ်လေး တွေကိုင်၍ နေရမည်။
မကြာမီပင် အဘပြန်လာသည်။ အဘသည် လက်တွင်းမှ ကုလားပဲညွန့်များကို အစ်မအား အောက်မှလှမ်းခေါ်ပေးလိုက်ပြီး အိမ်ပေါ်မတက်သေးဘဲ ခြေလက်ဆေးကြောသည်။ အဘအပေါ်ထပ်သို့ ပြန်တက်ခဲ့သောအခါ ကျွန်တော်က အဘကို မမြင်ချင်ဟန်ဆောင်၍ တစ်ဖက်သို့ မျက်နှာလွှဲနေ၏။ အဘက သူ့ခြေထောက် နှင့် ကျွန်တော့်ပေါင်ကို အသာတို့ခတ် ကျီးစားနှုတ်ဆက်သည်။
"ခွေးငသန့်ဇင်…တိရစ္ဆာန်၊ ကျွမ်းပြန် ကိုလည်း(န)သတ်မည်"
အဘသည် စ,နေကျ စကားဖြင့် ကျွန်တော့်အား လှမ်းနောက်နေသော်လည်း ကျွန်တော်က မျက်နှာစူစူ ထား၍ တည်တည်ကြီး နေလိုက်သည်။
အဘက ရေအိုးစင်မှ ရေသုံးမှုတ်ခန့် ဆက်တိုက်သောက်ချလိုက်ပြီး ကျွန်တော့်အနား ၀င်ထိုင်သည်။
"ဘာစူနေတာလဲ ငယ်လေး …၊ ဦးဇင်း က ဆော်ပလော်တီးလား၊ ဟုတ်လား …"
ကျွန်တော် က မဖြေ၊ အံကြိတ်၍သာ နေသည်။ ဤသည်ကို အဘက သူ့ဘာသာသူ ဘာသဘော ကျသည် မသိ၊ တဟားဟား ရယ်လိုက်သည်။
ထို့နောက် အဘပါးစပ်မှ ကျွန်တော်ကြားနေကျစကား ကြားရပြန်သည်။
"တုတ် နဲ့ အဆော်ခံရတာများ ဒီလောက်ဖြစ်နေသလား ဟား … ဟား … ငါ့သားတဲ့ကွာ၊ မင်း မရှက်ဘူးလား … တုတ် ဆိုတာ အလကားပါကွ၊ ဓား ဆိုတာ ရယ်စရာ …၊ ငယ်လေး က ပျော့သေးတာကိုး …"
"ကျုပ် တုတ်နဲ့ အဆော်ခံရတာ အမှုမထားပါဘူး …၊ အဘကို အရာရောက်တာ တစ်ခု ပြောချင်လို့"
အဘ သည် ကျွန်တော်၏ ကြီးကျယ်သော စကားကြောင့် မျက်လုံးကြီး ပြူးပြီး ကြည့်သည်။
"ဟ … ကျယ်လိုက်တာ ငါ့ကောင်ရ၊ အိမ်း … အိမ်း … အမိန့် ရှိစမ်းပါ …"
"အဘ သူကြီး ဘယ်တော့ပြန်ဖြစ်မလဲ"
ကျွန်တော် မမျှော်လင့်သော စကားကြောင့် အဘသည် ခေတ္တ ငိုင်သွားသည်။ ခဏ၌ မျက်နှာသည် တင်းမာ ၍ သွားသည်။
"ဘယ်တော့မှ ပြန်မဖြစ်ဘူး … ဖြစ်လည်း မလုပ်ဘူး"
"အဘ မဖြစ်ချင်ပေမယ့် ကျုပ်ဖြစ်ချင်တယ်ဗျ"
အဘသည် ကျွန်တော့်အား ဆတ်ခနဲ မော့ကြည့်သည်။ အဘ၏ တင်းမာသော မျက်နှာ၌ ပြုံးရိပ် မသိမသာ ပေါ်လာ သည်။
"မင်းကို ဘယ်သူမြှောက်ပေးလို့ အရူးထရတာလဲ"
"ကျုပ် အရူးထနေသော မဟုတ်ဘူး၊ တကယ်ပြောနေတာ"
"မင်း က ဘာလို့ သူကြီး ဖြစ်ချင်ရတာလဲ"
"အဖေကြီး (အဘိုး) ကလည်း သူကြီးပဲ၊ အဘ လည်း သူကြီးဖြစ်ခဲ့ဖူးတာပဲ၊ အခု သူကြီး ဦးသာဇံကြီးမှာ သားမှ မရှိဘဲ၊ သူသေရင် ကျုပ် သူကြီး လုပ်မယ်"
အဘ၏ တင်းမာသော မျက်နှာသည် အနည်းငယ်လျော့သွား၍ သက်ပြင်းရှိုက်သည်။ ထို့နောက် လေသံ ပျော့ လျက် ဆိုသည်။
"အေးလေ … သူကြီးဖြစ်ချင်ရင် ကြိုးစားပေါ့"
"ကျုပ် ကြိုးစား ပါတယ်၊ ဒါပေမယ့် ဒီဘုန်းကြီးကျောင်း ကျုပ်မနေချင်ဘူး"
"ဘာပြောတယ် ငယ်လေး"
"ကျုပ် လောကဓာတ်ကျောင်း တက်ချင်တယ်ဗျာ"
အဘ ငိုင်သွားပြန်သည်။ အဘသည် နေရာမှထ၍ ကြမ်းပြင်၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။ အဘ ဤသို့ လမ်းလျှောက်လျှင် စိတ်ထိခိုက်၍ဖြစ်ကြောင်း ကျွန်တော် နားလည်သည်။ ထို့ကြောင့် ကျွန်တော် သည် နေရာမှထလိုက်လျက် အဘရှေ့ တွင် ရိုသေစွာ တောင်းပန်သည်။
"ကျုပ် မသိသားဆိုးဝါးတာ မဟုတ်ပါဘူး အဘရယ်၊ အဘတို့မှာ ငွေစ ရှားတာ ကျုပ်သိပါ တယ်၊ ကျုပ် ဒီနွေ ဘုန်းကြီးကျောင်း က ထွက်ပြီး အလုပ်လုပ်ချင်တယ်"
အဘ သည် စူးရှစွာ ကျွန်တော့်အား တစ်ချက် လှည့်ကြည့်သည်။
"ဘာကွ … မင်းက အလုပ် … လုပ်မယ်"
"ဟုတ်တယ် … ကျုပ် အလုပ်လုပ်မယ်၊ မြို့က ကိုညွှန့်မောင်ကြီးတို့ဆိုင်အတွက် ကျုပ်အထည်ကောက် ပေးမယ်၊ အလကပ္ပစက်ကြီးလည်း ကျုပ် စပါးတိုက်ပေးမယ်၊ ကျုပ် ငွေစ ရရင် ကျုပ်ကျောင်းတက်မယ်"
အဘ သည် လမ်းလျှောက်ရာမှ ရပ်လိုက်သည်။ အဘက ကျွန်တော့်အား ငြိမ်၍ စူးစိုက် ကြည်နေ့သဖြင့် နားရင်း အတီးခံ ရတော့မည်လော … ဟု ကျွန်တော် ထိတ်လန့်သွားသည်။
သို့ရာတွင် အဘ၏လက်နှစ်ဖက်သည် ကျွန်တော့်လက်မောင်းများဆီသို့ ယုယစွာ ဆုပ်ကိုင် လာသည်။ အပြုံး နှင့် အမဲ့ရောသော အဘ၏မျက်နှာကြီးသည် ကျွန်တော့်အတွက် စိတ်ထိခိုက်ဖွယ် ဖြစ်နေ၏။
"ငယ်လေးကို အဘ ကျောင်းထားမှာပေါ့၊ ငယ်လေး အလုပ်လုပ်ဖို့ မလိုပါဘူး၊ ဒီတစ်နွေပြီး ရင် အဘ ငွေစ ချောင်မှာပါ၊ ကြားလား … ကဲ သွားတော့သွားတော့ …"
အစ်မကလည်း ဟင်းခွက်များ ယူလာပြီးဖြစ်သဖြင့် ကျွန်တော်သည် ဟင်းခွက်များကို လင်ပန်းတွင် ထည့်ရွက် လျက် ရွာစဉ်တစ်လျှောက် လာလမ်းအတိုင်း ပြန်ထွက်ခဲ့သည်။
ဟင်းခွက်အားလုံး ပြန်သိမ်းပြီးသော် ကျွန်တော်သည် ကျောင်းဆီသို့ အမြန်ပြန်ခဲ့သည်။
ဆွမ်းစားချိန် ကျလျှင် ကျွန်တော်တို့ကျောင်းမှ ကြေးစည်နှင့် သားရေစည်ကြီးအသံသည် နောင်ဒိုးသံ မြည်ဟိမ်း ၍ တစ်ရွာလုံး ကြားနိုင်သည်။
ဆွမ်းစား စည်သံထက် နောက်ကျမှ ကျောင်းပြန်ရောက်သူအတွက် ကြိမ်စကြာသည် အဆင်သင့် စောင့် နေတတ်၏။ ထို့ကြောင့် ကျွန်တော် အမြန်ဆုံး သုတ်လာခဲ့သည်။
အရှေ့ဘက် သို့ မျက်နှာမူသော ကျယ်ဝန်းသည့် ကျွန်တော်တို့၏ ကိုးဆောင်တွဲ ကျောင်းဝင်းအတါင်း၌ လက်ယာဘက် တွင် သွပ်မိုးပျဉ်ထောင်နှင့် ဆရာကိုအုန်းဖေ၏ လောကဓာတ်ကျောင်း ရှိသည်။
ကျွန်တော် သည် ဗန်းကိုရွက် ၍ ခပ်သုတ်သုတ် ကျောင်းဝင်းအတွင်းသို့ ၀င်လာစဉ် လောကဓာတ် ကျောင်း နောက်ဖေး စောင်းခြမ်းပင် အကွယ် မှ အသံတစ်သံ ကြားရ၏။
"သန့်ဇင် …"
ကျွန်တော် လှည့်ကြည့်သောအခါ စောင်းခြမ်းပင်အက်ွမှ ခိုးကြောင်ခိုးဝှက်နှင့် ကျွန်တော့် အား လှမ်းခေါ် နေရှာ သော မယဉ်နွယ်ကို တွေ့ရသည်။
ကျွန်တော် သည် ဘေးပတ်ဝန်းကျင်ကို ကျီးကန်တောင်းမှောက် ပျာပျာသလဲ စုံစမ်းကြည့်ပြီး မယဉ်နွယ် အနီး သို့ ကပ်လိုက်၏။
စောင်ခြမ်းပင်ခြား သော ဟိုမှာဘက်မှ မယဉ်နွယ်၏ မျက်သားပြာသော မျက်လုံးဝိုင်းဝိုင်း ကလေးကို ရင်ဆိုင် ရသည်။
"သန့်ဇင် … ငါ အိမ်သာ ထွက်ချင်ယောင်ဆောင်ပြီး နင့်ကို စောင့်နေတာ"
"ငါ့ ကို စောင့်နေတယ် … ဘာလုပ်ဖို့လဲ"
မယဉ်နွယ် ၏ မျက်လုံးထဲတွင် မျက်ရည်ဝဲသွားသည်။
"ဘာလုပ်ဖို့ရမလဲ … နင် ငါ့ကြောင့် မနေ့က အရိုက်ခံရတယ်ဆို"
"နင့်ကြောင့် မဟုတ်ပါဘူးဟယ် …၊ ငါ ရေခပ်ပန်းခူး နောက်ကျလို့ပါ"
"အေးလေ .. ငါ့ကြောင့်လဲ နင်နောက်ကျတာ မဟုတ်လား"
ကျွန်တော် မဖြေနိုင် …၊ ကျွန်တော်ကြောင့် မယဉ်နွယ်လည်း စိတ်မကောင်း မဖြစ်စေလို။
"မဟုတ်ပါဘူး မယဉ်နွယ်ရယ် …၊ ပြီးတော့ တို့ဘုန်းကြီးကျောင်းသားတွေအတွက် အရိုက်ခံ ရတာ အဆန်း မဟုတ်ပါဘူး"
မယဉ်နွယ်သည် နောကိသု့ တစ်ချက်လှည့်ကြည့်၍ ကျွန်တော့်ဘက်ပြန်လှည့်ကာ ချစ်စဖွယ်ပြုံးသည်။
"သန့်ဇင်၊ နင့်ကိုငါ ဘာပေးရမှန်း မသိဘူး၊ ဒါပေမယ့် ဟောဒီမှာ လက်ကိုင်ပ၀ါကလေး တစ်ထည် ယူလာ ခဲ့တယ်၊ ငါ့ခါးကြား မညှပ်ရသေးပါဘူး၊ မီးပူတိုက်ပြီး အသစ်စက်စက်၊ ရော့ … ယူ"
ကျွန်တော် က လက်ကိုင်ပ၀ါကလေးကို လှမ်းယူလိုက်သည်။
ပိတ်သားဖြူဖြူဝယ် အပြာရောင် နှုတ်ခမ်းသပ်ထား၍ ထောင့်တစ်ထောင့်၌ လက်ပန်းထိုး ထားသော အစိမ်းရောင် ပန်းပွင့် နှင့် အ၀ါရောင်လိပ်ပြာကလေး ပါသည်။
ကျွန်တော် သည် လှပသော လက်ကိုင်ပ၀ါကလေးကို ကြည့်ရင်း ရိုးသားစွာ ပြန်မေးမိ သည်။
"ငါ အဲဒီ လက်ကိုင်ပ၀ါ ကို ဘာလုပ်ရမှာလဲ"
မယဉ်နွယ် သည် မျက်လုံးကလေးပြူး၍ ကျွန်တော့အား ကြည့်သည်။ ထို့နောက် အမျိုးမည် မသိသော အပြုံး ကလေး တစ်ရပ် ပေါ်လာသည်။
"ဘာလုပ်ရမယ်ဆိုတာ နင်မသိဘူးလား၊ နောက်တစ်ခါ နှပ်ညှစ်ရင် ပုဆိုးနဲ့မသုတ်နဲ့၊ အဲဒီ လက်ကိုင်ပ၀ါနဲ့ … သုတ်၊ သိလား"
ကျွန်တော် က လက်ကိုင်ပ၀ါကလေးကို သေချာစွာ ပြန်ကြည့်သည်။ ထို့နောက် ရင်တွင်း ရှသမျှ အမှန် ပြောသည်။
"နင့်လက်ကိုင်ပ၀ါကလေး ကို ငါ နှပ်မညှစ်ရက်ပါဘူး မယဉ်နွယ်ရာ၊ ငါ့အိတ်ထဲမှာ ထည့်သိမ်းထားပါ့မယ်"
ကျွန်တော် သည် လက်ကိုင်ပ၀ါကလေးကို အင်္ကျီအိတ်အတွင်း ထည့်ရာ အင်္ကျီအိတ် အတွင်း၌ ခိုးလိုးခုလု အရာ များ ကို စမ်းမိသည်။ ထိုအခါမှ ကျွန်တော် ၀မ်းသာအားရ ထုတ်ယူမိသည်။
"မယဉ်နွယ် မနေ့က နင့်အဖေကြီး ဂြိုဟ်နှောက်လို့ နင့် ဆီးသီးတွေ ပစ်ထားခဲ့ရတယ်၊ အတော်ပဲ ငါ့အိတ်ထဲ မှာ သုံးလုံးကျန်သေးတယ်၊ ရော့ … ရော့ … နင်စားဖို့"
ကျွန်တော် သည် လှမ်းပေးနေရာမှ သတိရလျက် လက်ပြန်ဆုတ်ကာ ဆီးသီးများကို မယဉ်နွယ်ပေးသော လက်ကိုင်ပ၀ါလေး နှင့် ပွတ်သုတ်လိုက်သည်။
"ရော့ … အင့် … စားတော့"
မယဉ်နွယ် ဆီးသီးများကို ပါးစပ်တွင်း ထည့်ထားသည်။ စားရင်းလည်း ပါးခွက်ကလေးပေါ် အောင်ပြုံးရင်း … ကျွန်တော့် အား စိုက်ကြည့်နေသည်။ ကျွန်တော်ကလည်း ပြန်စိုက်ကြည့် နေမိသည်။
မယဉ်နွယ် ၏ ပါးကြောကလေးများ စိမ်းနေရုံမက ပါးမို့ကလေးများကလည်း နီနေသည်။ ပထမဦးစွာအဖြစ် ဘထွေးရွှေလွန်း ပြောသကဲ့သို့ ဤပါးကလေးများအား နမ်းလိုက်ရလျှင် အလွန် ကောင်းလိမ့်မည် ဟု ကျွန်တော် စဉ်းစားမိသည်။
ဤသို့ ကြည်နူးစွာဖြင့် ကျွန်တော်နှင့် မယဉ်နွယ်သ်ည တစ်ဦးမျက်နှာ တစ်ဦးကြည့်နေခိုက် မယဉ်နွယ်၏ မျက်လုံးကလေး များ ပြူးကျယ်သွားသည်။
"ဟော ဟိုမှာ …"
ပြောပြောဆိုဆို မယဉ်နွယ်သည် နောက်ဖက် သို့ ငုံ့လျှိုး၍ ထွက်ပြေးသွားသည်။
နောက် သို့ ကျွန်တော်လှည့်လိုက်သောအခါ ဆွမ်းခံမှ ပြန်လာသော ဆရာတော်အမှူးပြု သည့် ကျောင်းရှိ ဦးဇင်းကိုရင် များကို မြင်ရသည်။
ဆရာတော် နှင့် ဦးဇင်းများမူ ဆွမ်းခံကြွလျှင် ဘေးဘီနှင့် ရှေ့သို့ သုံးတောင်ခန့် ပို့မကြည့် သဖြင့် ကျွန်တော်တို့အား မြင်ဟန်မတူ။ သို့ရာတွင် လောစံ၊ သာခွေး၊ ကျပ်ခိုးစွဲတည်း ဟူသော သုံးပါးသော ကိုရင် တို့၏ ပြောင်လက်သော ဦးပြည်းများသည် ဆရာခိုကြီး၏ ရုပ်သေးစင်မှ သမင်ခေါင်းများ သဖွယ် ပြန်လည်၍ ကျွန်တော့် အား ကြည့်သွားကြသည်။
ကျွန်တော်သည် သက်ပြင်းရှိုက်၍ ကျောင်းဆီသို့ ကိုရင်တို့နောက်ပါးမှ ကုပ်ကုပ်သုတ်သုတ် ပြန်လိုက်ခဲ့၏။
ကျွန်တော် တို့ ကျောင်းကြီးသည် မြင့်မားသော ကျွန်းတိုင်ကြီးများဖြင့် မြေမှ ဆင်တစ်ရပ်စာ မြှင့်ဆောက် ထားသည်။ ကိုးဆောင်တွဲကျောင်းဟူသော အမည်ပီပီ အဆောင်ကိုးဆောင် ရှိသည်။ လက်ဝဲဘက် (မြောက်ဘက်) အစွန်းဆုံးအဆောင်သည် ဆွမ်းစားဆောင် ဖြစ် သည်။ ဆွမ်းစားဆောင်အောက်၌ ကပ္ပိယ ကိုစံကွန့် အပိုင်စားသော မီးဖိုချောင် ရှိသည်။ ဆွမ်းစားဆောင်၏ အနောက်ဘက်ထောင့်မှ တံတားသဖွယ် သွယ်တန်း လျက် ရှိသော စင်္ကြံသည် ကိုက်ငါးဆယ်ခန့်ရှိ ဘုန်းကြီးကုဋီများဆီသို့ ဦးတည်ပြေးနေသည်။
ဆွမ်းစားဆောင်၌ ကျွန်တော်၊ နက်ကျော၊ သောင်းဟန်၊ ဂွေးကျား၊ ပါစိနောင်၊ တိမ်တစ်လုံး၊ ကြက်ရိုး၊ ပန်းနာချောက်စောင်း၊ ငထစ် အမှူးပြုသော ဆွမ်းဟင်းခွက်တာဝန်ခံ ဘုန်းကြီး ကျောင်းသားတို့ ဆောင့်ကြောင့် ထိုင်လျက် လက်အုပ်ချီရင်း တန်းစီရသည်။
ဆက်ရန်
.

No comments:
Post a Comment