ဦးတင်မောင်သန့်က ခေါင်းကို ယမ်းခါပြသည်။
တစ်ခု မှ နားမလည်ပါဘူး မသက်ဇင်
ဒါ....ဒါ....နဲ့
မသက်ဇင်လိုပဲပေါ့။ မသက်ဇင်က စာရင်းဇယား ကျွမ်းကျင်တယ်။ အနုပညာကို နားမလည်ဘူး။ ကျွန်တော် က အနုပညာကို နားလည်တယ်။ စာရင်းဇယားကို နားမလည်ဘူး၊ စိတ်မ၀င်စားဘူး။
ဒါပေမယ့် ကျွန်မတို့ အဖွဲ့ကို လက်ခံရင် ငွေအတော်များများတော့ အကုန်ခံ ရလိမ့်မယ်။
မသက်ဇင်တို့ အဖွဲ့ကိုလဲ ကျွန်တော်စိတ်မ၀င်စားပါဘူး
ဒါဖြင့် ဘာကိုစိတ်ဝင်စားပါသလဲရှင်။ လူတစ်ယောက်ဟာ ကိုယ့်အိတ်ထဲက ငွေကိုသုံးမယ်ဆိုရင် ဘာအတွက် သုံးမယ်ဆိုတာကိုတော့ အရင်စဉ်းစားရပါလိမ့်မယ်။ ဒါဟာ ဘောဂဗေဒ အခြေခံတဲ့ စိတ်ထား ပါ ပဲကျွန်တော်စိတ်ဝင်စားမိတာက မသက်ဇင်ပါ။
အကယ်၍ သည်နေရာမှာ မသက်ဇင် မဟုတ်ဘူးဆိုလျှင် မသက်ဇင်ကိုယ်တိုင်ကလည်း အသက်သုံးဆယ်နှစ် မရှိသေးဘူး ဆိုလျှင်၊ ကလေးနှစ်ယောက်အမေ မဟုတ်ဘူးဆိုလျှင် အခြေအနေမှာ ကျဉ်းကျပ် ရှုပ်ထွေး သွားနိုင်သည်။ ပေါက်ကွုမှုတစ်ခု ဖြစ်သွားနိုင်သည်။
ယခုတော့ မသက်ဇင် မဟုတ်လား။
နှစ်ဆယ်ရာစုထဲမှာ၊ ရန်ကုန်မြို့လို နေနရာမှာ ကိုယ့်ဝမ်းကိုယ်ကျောင်းနေသည့် မိန်းမတစ်ယောက် မဟုတ်လား။ သည်တော့ ဘာပြဿနာမျှ ဖြစ်စရာမလို။
မသက်ဇင်သည် ပြုံးနေလိုက်သည်။ မျက်မှန်ကို ပြန်ဖြုတ်ရင်း ကျေးဇူးတင်ပါတယ်ရှင် တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။ အတက်ချီကေ့စ်ကို ပြန်ပိတ်လိုက်သည်း ဦးတင်မောင်သန့် လေ့လာရအောင် စာရွက်စာတမ်းတချို့ ထားခဲ့ပါတယ်။ ကျွန်မပြန်ပါဦးမယ်။
ဦးတင်မောင်သန့်သည် မသက်ဇင်ကို ငေးကြည့်နေသည်။
မသက်ဇင် ထိုင်ရာမှ ထလိုက်သည်။
ပြီးပြီပေါ့။ အလုပ်တစ်ခုပြီးပြီပေါ့။ ၀ါဏိဇ္ဇ အတွက် လုပ်ငန်းရှာဖွေပေးရခြင်းသည် မိမိ၏အလုပ်၊ အလုပ်က ရခဲ့ပြီ၊ ပြီးပြီ။ သည်သို့သော စိတ်မှာ ထင်မှတ်သည်။
မသက်ဇင် တံခါးရှိရာသို့ လာသည်။
မသက်ဇင်
ဦးတင်မောင်သန့်၏ အသံကို ကျောဆီမှ ကြားရသည်။ ခြေလှမ်းတုံ့ရသည်။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဦးတင်မောင်သန့်သည် ထိုင်ရာမှ ထရပ်နေကြောင်း တွေ့ရသည်။ သူ၏အရပ်သည် ထင်မှတ်သည်ထင်တော့ ပုသည်။ ငါးပေလေးလက်မ ရှိသောမသက်ဇင်နှင့် မတိမ်းမယိမ်း။
ဦးတင်မောင်သန့်သည် မသက်ဇင်အနီးသို့ လျှောက်လာသည်။
မသက်ဇင် လဲ ပြောရဟောရတာနဲ့ အတော်မောသွားရော့မယ်။ ကျွန်တော်ကလဲ ဧည့်သည် ဧည့်ဝတ်ပြုဖို့ မေ့ နေမိတယ်။ ကျွန်တော်တို့ အနီးအနားက ဆိုင်တစ်ဆိုင်မှာ အအေးသွားသောက် ကြရအောင်လား မသက်ဇင်။ အဲ...အဲ ....အဲဒီမှာ ကျွန်တော်တို့စာရင်း ဇယားတွေအကြောင်း ထပ်ဆွေးနွေးကြသေးတာပေါ့။
အသက်သုံးဆယ် ရှိပြီဖြစ်သော၊ တစ်ထောင့်ကိုးရာ ခုနှစ်ဆယ်ခုနှစ်များ အတွင်းမှာ နေထိုင်ကြီးပြင်း လျက် ရှိသော၊ တစ်ကိုယ်ရေတစ်ကာယ ကိုယ်ဝမ်းကိုယ်ကျောင်းနေသော အသက်ဇင်အဖို့ ဦးတင်မောင်သန့် သည် မိမိအား သည့်ထက်မက အလိုရှိနေသည့် အဖြစ်ကို သဘောမပေါက်ဘဲ မနေနိုင်။ မရိပ်စားမိဘဲ မရှိ။
နှစ်ဆယ် ရာစု နှောင်းပိုင်းက မိန်းမကလေးတစ်ယောက်အနေနှင့် သည်လောက်တော့ ပါးသည်။ လျင်သည်။
စစ်စစ် အလုပ် က မပြီးသေး။
ကိစ္စ က မပြတ်သေး။ သို့ပေမယ့် ၀ါဏီဇ္ဇ နှင့်တော့ ပတ်သက်ချင်မှ ပတ်သက်မည်။
ပြိုင်ပွဲ က သည်မှာစသည်။
ဒိုင်သည် စ၍ တာလွှတ်သည်။
ပဆစ်စကားနှင့် ပြောရလျှင် မသက်ဇင်၏ ကြွေ နိုး ပြီ။

အပိုင်းတစ်
မသက်ဇင်၏ ဆယ်စုနှစ်များ
''သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်
ချစ်သူရင်ခွင်ကြား နားနားနေနေ
ရေမြေအလိုက် စိုက်စိုက်ပါလို့
မျောချင်လဲ မျောပါစေ... ''
''ချစ်သူ့ရင်ခွင်သည်သာ ငြိမ်းချမ်းနယ်မြေ
သစ္စာတရား ထွန်းကားရာ
ငြိမ်းချမ်းသာယာသော နယ်မြေ
ငြိမ်းချမ်းသာယာသော နယ်မြေ..... ''
(ကာလပေါ်တေးတစ်ပုဒ်)
နှစ်ပေါင်းတစ်ရာ ကို အလွယ်ခေါ်ရအောင် 'ရာစုနှစ်များ' (centuries) ဟုသတ်မှတ်ကြသည်။ ဆယ့်ရှစ်ရာစု၊ ဆယ့်ကိုးရာစု၊ နှစ်ဆယ်ရာစု စသည်ဖြင့် ဖြစ်သည်။
ရာစု ကို ဆယ်စုကလေးများ ထပ်မံပိုင်းခြားပြန်သည်။ 'ဆယ်စုနှစ်များ(Decades)'ဖြစ်သည်။
ရာစုနှစ် တစ်ခု တွင် နိုင်ငံရေး၊ လူမှုရေး၊ အတွေးအခေါ်၊ ယဉ်ကျေးမှုနှင့် သိပံ္ပရေးရာများ အပြောင်းအလဲ ဖြစ်သည်။
ဆယ်စုနှစ် များတွင် အိမ်ထောင်ရေး၊ အချစ်ရေး၊ တေးဂီတနှင့် စာပေအနုပညာ အပြောင်းအလဲ ဖြစ်သည်ဟု အဆို ရှိသည်။
နိုင်ငံ တစ်နိုင်ငံ လူမျိုးတစ်မျိုးအဖို့ ယင်းပြောင်းအလဲကို 'ခေတ်ပြောင်းခေတ်လဲ' ဟုအဆိုရှိ သော်လည်း....
မသက်ဇင် တို့လို အထက်တန်းစားလည်း မဆံ၊ အောက်တန်းစားလည်း မဟုတ်သော ပညာတတ် လူလတ် တန်းစား မိန်းမသား တို့အဖို့မှာမှု ....ခေတ်ပြောင်းခေတ်လဲ ဆိုသည်မှာ ပဒုမ္မာခေတ်၊ ကြိုးကြီးချိတ် ခေတ်မှ သည် ပါတိတ်ခေတ်၊ ထထရွန်ခေတ်၊ ဖော့ခရစ်ခေတ်၊ ဇာခေတ်၊ လေယာဉ်မောင်နှင့် အလပ်စတိတ်ခေတ် သို့ ပြောင်းလဲသွားခြင်း မျှသာ ဖြစ်လေသည်။
စင်စစ် ဇင် သည် 'အချစ်စစ်အချစ်မှန်' သမားတစ်ယောက်ဖြစ်သည်။ 'တစ်လင်တစ်ယား အိမ်ထောင်ရေး စနစ်' ကို မြတ်နိုးကိုးကွယ်ခဲ့သူ ဖြစ်သည်။
ဆိုလိုသည် မှာ ဇင်သည် လျှပ်ပေါ်သော်လည်သော မိန်းကလေးတစ်ယောက် မဟုတ်။ ဟန်တစ်ခါပြင် ရွှေစင် ဆယ်တင်း ဆိုသလို နေရာတကာ သိက္ခာခံလေ့ရှိသော မိန်းမအမျိုးအစား လည်းမဟုတ်။ ဗိုင်းကောင်း ကျောက်ဖိ ပိပိပြားပြား နေထိုင်တတ်သူသာတည်း။
ထို့ကြောင့် တက္ကသိုလ် ပထမနှစ်အထိ ဇင့်တွင် ရည်းစားသနံဟူ၍ မရှိခဲ့။
လူလတ်တန်းစားမျှသာ ဖြစ်သော ဇင်တို့မိသာစုသည် ဇာတိမြို့၌ ကျော်ကြားခြင်းမရှိလှပေ။ ဖေဖေသည် ရုံးတစ်ရုံး မှ ဌာနခွဲစာရေးကြီးမျှသာ။ မေမေသည် ရိုးရိုးအေးအေး နေတတ်သော အိမ်ရှင်မ ကောင်း တစ်ယောက် ဖြစ်သည်။
ဇင် တို့ မှာ သည်မိသားစု သုံးယောက်သာရှိသည်။ ဇင်တို့ဘ၀သည် ငြိမ်သက်အေးချမ်းသော ဘ၀ဖြစ်ခဲ့သည်။
ဤသည် မှာ ဇင့်ဘ၀အတွင်းသို့ 'မောင်' ရောက်မလာမီ အချိန်ကာလအထိ ဖြစ်ပေသည်။
ဇင့် ကို ၁၉၄၅ ခုနှစ်မှာ မွေးဖွားသည်။
၁၉၄၅ခုနှစ်သည် အစစပြီးဆုံးသောနှစ်၊ ငြိမ်ချမ်းသောနှစ်ဟု ဆိုစမှတ်ပြုကြသည်။
၁၉၃၉ ခု စတင်ဘာလ ၁ရက်နေ့တွင် ဂျာမန်တို့ ပိုလန်ပြည်ကို ၀င်တိုက်သည်။ ဗြိတိန်နှင့် ပြင်သစ်တို့က ဂျာမန် ကို စစ်ကြေငြာလိုက်သည်။ ဒုတိယကမ္ဘာစစ်၏ အစ။
၁၉၄၁ခု ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်တို့က ဟာဝေယံကျွန်း၊ ပုလဲဆိပ်ကမ်း (ပါးလ်ဟားဘား) ကို အရုဏ်တက် အချိန် မှာ ရုတ်တရက် ၀င်တိုက်ခြင်းဖြင့် အရှေ့တောင်အာရှ၏ ပေါက်ကွဲလု ယမ်းအိုး စနက်တံ ကို မီးရှို့လိုက်သည်။
ဒုတိယ ကမ္ဘာစစ်မီး သည် အရှေ့အာရှသို့ ကူးစက်ခဲ့သည်။
လူသန်းပေါင်း ၃၀ ကျော်၏ အသက်ကို စတေးကာ စစ်တိုက်ကြသည်။
၁၉၄၅ခု မေလ ၇ ရက်နေ့တွင် စစ်ရုံးသော ဂျာမန်နာဇီတို့ အကြွင်းမဲ့ လက်နက်ချသွားခဲ့ကြသည်။
၁၉၄၅ခု သြဂုတ်လ ၆ ရက်နေ့တွင် အမေရိကန် ဗုံးကြဲလေယာဉ်များက ဂျပန်ပြည် ဟီးရိုးရှီုးမားမြို့ ပေါ်သို့ အဏုမြူဗုံး တစ်လုံး ကြဲချသည်။ နောက်ထပ် လေးဆယ့်ရှစ်နာရီအကြာတွင် နာဂဆကီမြို့ ပေါ်သို့ ဒုတိယ တစ်လုံး ကို ကြဲချလိုက်ပြန်သည်။
လူပေါင်းလေးသိန်းနှစ်သောင်းကျော် တစ်ပြိုင်နက်တည်း သေကြေပျက်စီးကာ လူပေါင်းတစ်သိန်း သေလု မျောပါး ဒဏ်ရာရခဲ့သည်။
နဂို ကပင် စစ်ရှုံးလုဆဲဆဲ ရှိနေသော ဂျပန်တို့အကြွင်းမဲ့ လက်နက်ချသွားခဲ့ကြသည်။
ဒုတိယ ကမ္ဘာစစ် နိဋ္ဌိတံခဲ့သည်။ နိဂုံးချုပ်ခဲ့သည်။
တိုက်တိုက် ဆိုင်ဆိုင် ၁၉၄၅ခု သြဂုတ်လ ၆ရက်နေ့တွင် ဇင့်ကို မွေးဖွားခဲ့သည်။
ငယ်စဉ် ကတော့ အသက်ထက်ဆုံး အေးချမ်းမည်ဟု နိမိတ်ဖတ်ခဲ့ကြသေးသည်။
ဇင် သည် အများနည်းတူ ကြီးပြင်းကာ အများနည်းတူ ပညာရှာခဲ့သည်။
ဉာဏမထိုင်းလှသလို အတော်ကြီးလည်း မဟုတ်လှသော ဇင်သည် အခြားစာမေးပွဲများ၌ တစ်နှစ်တစ်တန်း အောင်ခဲ့သော်လည်း ခုနှစ်တန်းလို ဆယ်တန်းလို အစိုးရစစ် စာမေးပွဲများ၌ တစ်နှစ်စီ ကျရှုးခြင်းဖြင့် စာသင် နှစ် နှစ်နှစ်ပို ခဲ့သည်။
ဇင်တက္ကသိုလ် သို့ ရောက်သော ကာလ၌ မိန်းကလေးတို့သည် 'ခင်ယုမေဖက်ရှင်' ဟုခေါ်သော လည်ထောင် အကျီင်္၊ ခြေသလုံးသားပေါ် ထမီမျိုးကို ၀တ်ကြသည်။
အောင်လင်း၊ ခင်နှင်းယုနှင့် တက္ကသိုလ်ဘုန်းနိုင်တို့၏ ၀တ္ထုများကို ဖတ်ကြသည်။
ကျော်ဆွေ၊ မောင်သင်နှင့် ကြည်ကြည်ဌေး၊ သီသီ၊ စံရှားတင်တို့၏ ရုပ်ရှင်ကားများကို ကြည့်ကြသည်။
စန္ဒားချစ်ဆွေ၊ ကိုသန်းလှိုင်၊ မင်းနောင်နှင့်ထား၊ တင်တင်မြ၊ ညွန့်ညွန့်စိန် တို့၏ သီချင်းများကို နားထောင် ကြသည်။
ဇင် သည် 'မောင်' နှင့်ပထမနှစ်မှာပင် စတင်တွေ့ဆုံခဲ့လေသည်။
မောင် သည် အောင်လင်း ၏ ၀တ္ထုတွေထဲက ဇာတ်လိုက်များလို မညှိုးမှိန်လှသော်လည်း တက္ကသိုလ် ဘုန်းနိုင် ၏ ၀တ္ထုတွေထဲက ဇာတ်လိုက်များလောက်လည်း မတောက်ပလှပေ။
သို့သော် မောင်နှင့်ဇင်တို့ တွေ့ဆုံပုံကဖြင့် ၀တ္ထုဆံနေလေသလား မသိ။
သစ်တော တို့ စိမ်းမြကာ စိန်ပန်းတို့ ရဲရဲနီအောင် ပွင့်လေ့ရှိသော မိုးနေ့တစ်နေ့တွင် ဖြစ်ပါသည်။
ဇင်သည် လှည်းတန်းဈေးသို့ လာသည်။ ဘီစကွတ်၊ လက်ဖက်၊ ကော်ဖီမှုန့်၊ နို့ဆီ၊ ရေအိမ်သုံးစက္ကူကဲ့သို့ တိုလီနပ်စ များ လာဝယ်ခြင်းဖြစ်သည်။
အဆောင်မှ ထွက်စက မိုးရိမ်မိုးဆင် မမြင်ခဲ့ရ။ မိုးသားမိုးတိမ်ကို မမြင်ခဲ့ရ။
ကိုင်တွယ် စရာ တွေ များသည်နှင့် ထီးကို ချန်ထားရစ်ခဲ့သည်။
ရန်ကုန်မိုး ဆိုသည်က သိကြသည့်အတိုင်း မဟုတ်လား။
မဆင်ဘဲ နှင့်လည်း ရွာတတ်သည်။ မညိုဘဲ နှင့်လည်း ပြိုတတ်သည်။ မအုံ့ ဘဲ နှင့်လည်း စွေတတ်သည်။
ခုပဲကြည့်။
ဈေးမှာ အချိန်အတော်များများ ဖြုန်းကာ ၀ယ်ခြမ်းပြီးထွက်လာခဲ့သည်။ ရာမညဆောင်ရှေ့သို့ ရောက်ပြီ ဆိုသည် နှင့် တစ်ပြိုင်နက်မှာပင် ရေပြည့်အိုးကို မှောက်သွန်လိုက်သလို အုန်းအင်းသရော ရွာချလိုက်သည်။
ဇင့်မှာ အခက်ကြုံရသည်။
အနီးအပါး မှာ မိုးခိုစရာမမြင်၊ အရိပ်အာဝါသ မရှိ။
တမင် ဆင်၍ ရိုက်ကူးထားသော ရုပ်ရှင်ကားတွေထဲကလို ဖြစ်သည်။
လူတစ်ယောက်သည် ဇင်၏ ရှေ့တူရူမှာ လာနေသည်။
သူ့လက်ထဲ မှာ ထီးတစ်ချောင်းပါသည်။
မိုးပေါက် တွေ ကျလာတော့ လက်ထဲမှ ထီးကို ဖွင့်ဆောင်းသည်။
ယင်းအချိန် တွင် ဇင်နှင့် ထိုသူ မှာ လက်တစ်ကမ်းစာအကွာသာ ရှိတော့သည်။
သူသည် အကာကွယ်မဲ့နေသော ဇင့်ကိုမြင်သည်။ ခိုလိုစရာမဲ့နေသော အဖြစ်ကို တွေ့သည်။
ဇင့် ကို သူ့လက်ထဲမှ ထီးဖြင့်မိုးပေးလာသည်။
နှစ်ယောက်သား ပထမအကြိမ်အဖြစ် မျက်နှာချင်းဆိုင်ခြင်း။ သို့မဟုတ် သံယောဇဉ်တစ်ခု၏ အစ ဟု ဆိုနိုင်သည်။
'မိုးတွင်းကြီးပဲ ဗျာ၊ အပြင်ထွင်ရင် ထီးယူခဲ့ဖို့တော့ ကောင်းတာပေါ့'
သူ၏ အပြစ်တင်သံ။
ဇင်ကတော့ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ဘာမျှ ပြန်မပြောတတ်ခဲ့။
သူကိုသာ အကဲခတ်သလို ကြည့်မိသည်။
အသားညို သည်ကိုလည်း မှတ်မိပြီ။ နှာတံပေါ်သည်ကိုလည်း သတိပြုမိသည်။ မျက်ဝန်ကြည်လဲ့ သည် ကိုလည်း တွေ့ရပြီ။
အရွယ်အားဖြင့် ဇင် နှင့် မတိမ်းမယိမ်း။ ပုံစံအားဖြင့် ကျောင်းသားတစ်ယောက်မှန်း သိသာသည်။
'ဘယ်အထိ ပြန်မှာလဲ'
'မာလာ'
'အဝေးကြီးပဲ၊ ကြွက်စုတ်ရေနှစ်သလို ရွှဲကုန်တော့မှာပဲ'
'လူက ကိစ္စမရှိပါဘူး၊ ပစ္စည်းတွေသာ စိုမှာ စိုးတာပါ'
'ကျွန်တော် လိုက်ပို့ပေးရမလား'
'ကျေးဇူး....ဒါ...ဒါပေမယ့်....'
ဇင် ဆုံးဖြတ်ရ ခက်နေသည်။ မိုးစိုမှာလည်း ကြောက်သည်။ သူတစ်စိမ်း ယောက်ျားတစ်ယောက် နှင့် အတူ ထီးတစ်ချောင်းတည်း တွဲဆောင်းရမှာလည်း မ၀ံ့ရဲ။
သူ သည် ခတ်ယဲ့ယဲ့ ပြုံးလိုက်သည်။
'ကျွန်တော် နားလည်ပြီ။ ကဲလေ ထီးကိုပဲ ယူသွားပေါ့။ ကဲ....ရော့....ရော့'
ဇင် ဘာမျှ မပြောလိုင်နိုင်ခင် ဇင့်လက်ထဲသို့ ထီးရောက်လာသည်။
ဇင် ဘာမျှ မပြောလိုက် နိုင်ခင်မှာပင် သူမိုးရေထဲရောက်သွားသည်။
ဇင် ဘာမျှ မပြောလိုက်နိုင်ခင်မှာပင် သူရာမညဆောင်ထဲ ပြေးဝင်သွားသည်။
အတန်ကြာ ကြောင်နေသည်။ ရှာဖွေသော မျက်လုံးများဖြင့် ရာမညဆောင်ဘက် လှမ်းကြည့်သည်။
အား...လား....လား။
ပေါ်တီကိုအောက်မှာ ဇင်တို့အဖြစ်ကို ၀ိုင်းကြည့်နေသူတွေ ဒုနှင့်ဒေး။
ဇင်ရန်တုန်းပန်းတုန်ဖြစ်လာကာ ခပ်သွက်သွက် လှမ်းခဲ့မိသည်။ အဆောင်ရောက်၍ ထီးကိုအသေအချာ ကြည့်မိတော့ ထီး က အကောင်းစား၊ အော်တိုမစ်တစ်ခလုတ် နှင့်။
ဇင့် စိတ်ထဲ မှာ အံ့သြနေသည်။
အဖိုးတန်ထီး ကို ရက်ရောစွာ ပေးလိုက်သည်။ ထီးပြန်ယူ သို့မဟုတ် ထီးပြန်ယူရင်း အသိအကျွမ်း ဖြစ်လာဖို့ တော့ ကြိုးစားကောင်းသည်။ ဇင့်ပြောစကားအရ အဆောင်ကို သိပြီထား၊ အခန်းနံပါတ် မမေးတောင် နာမည် ကလေး တော့ မေးထားလိုက်ဖို့ ကောင်းသည်ထင်သည်။
ယခုတော့ သူက ပီဘိ ဝေဿန္တရာ လက်သစ်။
ခက်သည် က နောက်ရက်များတွင် ဇင်အလုပ်ရှုပ်ရတော့သည်။ ထီးသည်ဇင့်ထံမှာ ရက်ပေါင်းများစွာ သောင်တင် နေတော့သည်။
တစ်နေ့ ပြန်လာယူနိုး မျှော်သည်။ မလာ။
ကျောင်းသားတွေ ထဲမှာ ရှာသည်။ မတွေ့။
စူဋ္ဌလိပ် ရေထဲလွှတ်လိုက်သည့် ပမာ အစပျောက်နေသည်။
မိုးရက် တို့ ကုန်ကျွမ်းခဲ့ပြီ။
နှင်းဝေသော ဆောင်းရက်များ သို့ ရောက်ခဲ့သည်။
ဆောင်းတစ်ရက် မှာတော့ သူ့ ကို ဇင် ဖမ်းမိခဲ့ပါသည်။
ဆက်ရန်
.
3 comments:
မောင်သိန်းဆိုင် အရေးအသားမျိုးကို
သိပ်သဘောကျတာပဲဗျ..။ဘာလို့လဲတော့မသိ.။
နည်းနည်းတော့ ပြန်မှတ်မိလာသလိုလိုပဲ...ခုမှ...။
ဖတ်ပြီး...
မမှီလိုက်တဲ့ ခေတ်တခေတ်ကို ပြန်မြင်ရသလို သိရလို့ ဖတ်ရတာ စိတ်ဝင်စားမိပါတယ်.. :)
Post a Comment