ခါးသက်ချိုမြိန် သော ပြန်လည် တွေ့ဆုံခြင်း
အားလုံးက ကျွန်မကို ရူးသွားပြီဟု ၀ိုင်းပြောကြ၏။ သည်တုန်းကကျွန်မ၏ ၈၂ နှစ်မြောက် မွေးနေ့ပွဲလုပ်ပြီးစ အချိန် ဖြစ်သည်။ သို့သော် ကျွန်မက ဆုံးဖြတ်ပြီးနေပြီ။ ကံကောင်းထောက်မစွာဖြင့် ကယ်လီဖိုးနီးယားမှ မိတ်ဆွေ စကော့ဟယ်လ်ဖွန်း က ကျွန်မနှင့် အဖော်လိုက်မည်ဟု ဆန္ဒပြုသည်။
၁၉၉၄ ခုနှစ်။ သြဂုတ်လ ၁၀ ရက်နေ့တွင် မိသားစုတွေ၊အပေါင်းအသင်းတွေ ၀ိုင်းတားနေသည့်ကြား၊ အမေရိကန် နိုင်ငံခြားရေး ဌာနကပါ ၀င်ဖျက်နေသည့်ကြားမှ ကျွန်မနှင့် စကော့တို့နှစ်ယောက် ကမ္ဘာပေါ် တွင် အန္တရာယ်အများဆုံးနေရာသို့ ထွက်ခွာခဲ့ကြသည်။
ကီဂါလီလေဆိပ် ကို ပိတ်ထားလိုက်ပြီဖြစ်၍ ကျွန်မတို့ ကင်ညာကိုလာခဲ့ရသည်။ နိုင်ရိုဘီကို သြဂုတ်လ ၂ ရက်တွင် ရောက်၏။ နှစ်ညလုံးလုံး လေယာဉ်စီးလာရသဖြင့် ကျွန်မ အရမ်းပင်ပန်းနေပါပြီ။ သို့သော် ပင်ပန်းချိန် မရလိုက်ပါ။ ကျွန်မတို့ကို အကြီးဆုံး ပြဿနာတစ်ခုက စောင့်ကြိုနေ၏။ ရ၀မ်ဒါ ကို ဘယ်လို ခရီးဆက်မလဲ။
ကံကောင်းလွန်း သဖြင့် သာသနာပြုအဖွဲ့မှ မိတ်ဆွေ ၀ီးလတ်မွန်ဂျာနှင့် တိုက်တိုက်ဆိုင်ဆိုင်သွားတိုးသည်။ ကျွန်မ တို့ အခက်အခဲကို ပြောပြလိုက်၏။ နောက်နှစ်ရက်ကြာတော့ ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းတွေ သွားပို့မည့် ရုရှားကုန်တင်လေယာဉ်ကြီးနှင့် ကျွန်မတို့ လိုက်ခွင့်ရကြသည်။
ကီဂါလီကွင်းကို လေယာဉ်ဆင်းလိုက်သည်နှင့် စစ်ပွဲအလယ်ခေါင်ကို ရောက်လာခဲ့ပြီဟု တန်းသိလိုက်၏။ ကွင်းထဲတွင် အားလုံး စစ်လေယာဉ်တွေချည်း။ ကုလသမဂ္ဂနှင့် ကြက်ခြေနီ လေယာဉ်အချို့လည်း တွေ့ရ၏။
ကီဂါလီသည် မြို့ပျက်ကြီးဖြစ်နေပြီ။ တိုက်တာအိမ်ခြေတွေ ဟိုတယ်တွေ၊ ကုန်တိုက်တွေ အားလုံးလုယက် ဖျက်ဆီးခံထားရပြီးပြီ။
ကျွန်မတို့ကို အမေရိကန်သံရုံးကားဖြင့် မူဂွန်ဂိုသို့ ပို့ပေး၏။ တစ်လမ်းလုံး စစ်ပြေးဒုက္ခသည်တွေကို အတန်း လိုက် အတန်းလိုက် တွေ့ရ၏။ သနားစရာမြင်ကွင်း၊ ရင်ကျိုးချင်စရာမြင်ကွင်းဖြစ်ပါသည်။ ရှိသမျှ ပစ္စည်း ကလေး တွေကို ထုပ်ပိုးပြီး ရွက်သူရွက်၊ ထမ်းသူထမ်း၊ ခနိုးခနဲ့ သစ်သား လက်တွန်းလှည်းတွေပေါ်တင် တွန်းသူတွန်း နှင့်။ ကားကို ကျွန်မ ခြံမြေတွေရှိရာဘက်ကို ချိုးကွေ့လိုက်တော့ တွေ့ရမည့် မြင်ကွင်းကို ကြိုးတွေးပြီး ကျွန်မ တုန်တုန်ယင်ယင်ဖြစ်နေ၏။
ကျွန်မ အိမ်နားရောက်တော့ စိတ်ကို တင်းထားလိုက်သည်။ သို့သော် ခြံဝရောက်ပြီး အိမ်ကို လှမ်းမြင်ရတော့ တင်းထားသည့် စိတ်တွေ ဘယ်ရောက်ကုန်သည်မသိ။ ကျွန်မ ပျော့ခွေကျသွားမတတ် အားပြတ်သွားသည်။
ပြတင်းပေါက် အားလုံး ကြေမွပျက်စီးနေပြီ။ အိမ်နံရံတွင် ဧရာမ အပေါက်ကြီးတွေဖြစ်နေ၏။ အိမ်ရှေ့တွင် အမှိုက် တွေ မြင်မကောင်း၊ ရှုမကောင်း။
အိမ်ထဲရောက်တော့ ပို၍ဆိုးသည့် မြင်ကွင်းကို တွေ့ရ၏။ အားလုံး လုယူသွားကြပြီ။ ဘာဆိုဘာမျှ မကျန် တော့။ ဘိုးစဉ်ဘောင်ဆက်က ငွေထည်ပစ္စည်းတွေ၊ ပန်းကန်ခွက်ယောက်တွေ၊ ပရိဘောဂတွေ၊ အိုးခွက် ပန်းကန် တွေ။ အ၀တ်အစားတွေ၊ ကော်ဇောတွေ၊ ခန်းဆီးတွေ၊ စောင်တွေ။ မျက်နှာသုတ်ပုဝါတွေ ဘာဆို ဘာမျှ မရှိတော့။ နှမြောဖို့ အကောင်းဆုံးမှာ အဖိုးတန်စာအုပ်တွေနှင့် ဓာတ်ပုံတွေဖြစ်၏။
ကြမ်းပြင်ပေါ် တွင် အမှိုက်တွေနှင့်ရောကာ စာရွက်စာတမ်းတွေ နဂ္ဂတစ်တွေ ခြေချင်းဝတ်မြုပ်မတတ်ပြန့်ကျဲ နေ၏။
တစ်ချိန် က ကျွန်မ အလွန်ချစ်ခဲ့သည့် ကျွန်မ၏ ချမ်းမြေ့ရိပ်မြုံအိမ်ကလေးကို ပြန်မြင်ပြီး ရှိုက်ကြီးတငင် ငိုချ လိုက်မိပါတော့သည်။ သည်လို လုပ်ရက်သူများအတွက် သူတို့ကိုယ်စား ကျွန်မ ရှက်မိပါသည်။
ကျွန်မ ၏ မျက်ရည်များသည် ဒေါသကြောင့်ကျသည့် မျက်ရည်များဖြစ်ပါ၏။ ကျွန်မ၏ အိမ်ကလေး ကိုသာမက ကျွန်မချစ်သည့် တိုင်းပြည်ကိုပါ ဖျက်ဆီးပစ်သည့် လူလွန်မသား များအတွက် ကျသည့် မျက်ရည် များပင်ဖြစ်ပါ၏။
ကျွန်မ၏ ထမင်းချက် ဘာရီကိုကို ဘွားခနဲတွေ့လိုက်တော့ ကျွန်မ ချက်ချင်းပျော်သွားသည်။ သူ ပိန်ချုံးကျ သွားသည်။ ၀တ်ထားသည့် အ၀တ်တွေကလည်း စုတ်ပြတ်သတ်နေ၏။ သူ့မျက်နှာမှာ လူမျက်နှာနှင့် မတူ တော့ဘဲ ငရဲပြည်မှ ပြန်ရောက်လာသူတစ်ယောက်နှင့် တူနေ၏။
ခုမှပင် ကျွန်မ အလုံးကြီး ကျသွားပါတော့သည်။ ဆင်ဘာဂါသေသည့်သတင်း မမှန်ကြောင်း၊ သူ့မိသားစုနှင့် အတူ နိုင်ငံခြား သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း အတည်ပြုသည့် သတင်းကို ခုမှရခြင်းဖြစ်၏။
နောက်ရက်များ မကြာမီ ကျွန်မဘ၀တွင် ပျော်စရာအကောင်းဆုံး အဖြစ်တစ်ခုနှင့် ထပ်မံကြုံတွေ့ရပါသည်။
အိမ်ပြင် ဖို့ အိမ်ဆောက်ပစ္စည်းတွေဝယ်ပြီး ပြန်လာသည့် ကျွန်မကို ခြံဝတွင် ဆင်ဘာဂါက ကြိုနေသည် လေ။ သူ့ကြည့်ရသည်မှာ လူရုပ်မပေါ်တော့ပါ။ ကိစ္စမရှိပါ။ သူ့ကိုကျွန်မ အသက်ရှင်လျက် ပြန်တွေ့ ရပါပြီလေ။
အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီးတွင် ၃ ကြိမ်တိုင်တိုင် သူသီသီကလေး လွတ်ခဲ့ကြောင်း ကျွန်မကို ပြန် ပြောပြသည်။ မိသားစုတွေနှင့် တကွဲတခြားစီဖြစ်သွားကြသော်လည်း အသက်မသေဘဲ ပြန်ဆုံကြ သည်ဆို၏။ သို့သော် ခယ်မနှင့် မယားညီအစ်ကိုလုပ်သူ အသတ်ခံရသဖြင့် မိဘမဲ့ကလေး ၈ ယောက်ကို သူ မွေးရတော့ မည့် အကြောင်းလည်း ပြောပြ၏။
ရှုပ်ပွနေသောအိမ်ကြီးနှင့် အခန်းလွတ်များကို ကြည့်ပြီး ကျွန်မစိတ်ထဲ အတွေးတစ်မျိုးဝင်လာသည်။ လွန်ခဲ့ သည့် နှစ်ပေါင်း ၄၀ က ကျွန်မ ဘ၀ဆီကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။
ဘ၀ကို တစ်က ပြန်စရမှာပါလား။ ခုတော့ ပလတ်စတစ် ခွက်တွေ၊ ပန်းကန်တွေ၊ ကုလားထိုင် တွေ နှင့် ပေါ့လေ၊ မွေ့ရာဟောင်းတစ်ခုရှာဝယ်လို့ရသည်။ ပြီးတော့ ဂွမ်းစောင် ၂ ထည်နှင့် ခေါင်းအုံး နှစ်လုံးလည်း ရခဲ့၏။
ဘယ်တုန်းကမှ သည်မျှ မဆင်းရဲခဲ့ဖူးပါ။ သို့သော် ကျွန်မ ပျော်နေသည်။ ကျွန်မ ကိုယ့်အိမ်ကိုယ့်ရာကို ပြန် ရောက် လာခဲ့ပြီပဲ။ ကျွန်မ သံယောဇဉ်ကြီးသူများနှင့် မသေမပျောက် ပြန်တွေ့ရပြီပဲ။
အသက်မရှိတော့သည့်တိုင်းပြည်တစ်ပြည်တွင် ဘ၀ကို အသစ်တစ်ဖန် ပြန်စဖို့ ဖြစ်နိုင်ပါမည်လား။ ကျွန်မ အဖြေရ ခဲ့ပါ၏။ ထာဝရ တည်ရှိနေပြီး အလှိုင်းလှိုင်းထိနေသည့် ထောင်ပေါင်းများစွာသော ရ၀မ်ဒါ တောင် တန်း များဆီက ကျွန်မ အဖြေရခဲ့ခြင်းဖြစ်ပါသည်။ ပြီးတော့ ငြိမ်သက်သော သတ္တိပိုင်ရှင် ဆင်ဘာဂါနှင့် ဆုံးရှုံးခြင်း များစွာ ရင်ဆိုင်ခဲ့ရသည့် ကလေးတို့၏ မျက်နှာများမှ ရရှိခဲ့ခြင်းဖြစ်ပါသည်။
--------------------
မျှော်လင့်ခြင်းဂေဟာ
ကျွန်မနံဘေးတွင် ဆင်ဘာဂါရှိနေလျှင် ကျွန်မစိတ်ကူးယဉ်ခဲ့သည့် မိဘမဲ့ဂေဟာသည် ဖြစ်မလာစရာ အကြောင်း မရှိပေ။ ဟိုတုန်းက ဆေးဂန္ဓမာတွေ အခြောက်လှန်းသည့် အကြီးဆုံးဂိုဒေါင်ကြီးကို ကျွန်မ မျက်စိကျ နေ၏။ ဧရာမအုပ်ညှပ်အဆောက်အအုံကြီးဖြစ်သည်။
၁၉၇၀ ခုနှစ်ကတည်းက ပစ်ထားခဲ့သဖြင့် ပျက်စီးနေပြီဖြစ်သော်လည်း အခြေခံ အဆောက်အအုံက ပကတိ အတိုင်း ခိုင်ခန့်နေသေးသည်။
၁၉၉၄ ခုနှစ်တွင် ကျွန်မနှင့် ဆင်ဘာဂါပေါင်းပြီး သည်ဂိုဒေါင် ဟောင်းကြီးကို မိဘမဲ့ကလေးဂေဟာအဖြစ် ပြုပြင် ဆောက်လုပ်နိုင်ခဲ့ကြသည်။ ဒီဇိုင်းသစ်ထွင်သည့်အနေဖြင့် ဓားကောက်ကြီးတွေ၊ လက်ထိုးလွှတွေကို ထုပ် လျောက် ဒိုင်း မြားနေရာများတွင် ထည့်ထားသည်။ အလင်းရောင်နှင့် လေများများဝင်အောင် ဧရာမ ပြတင်းပေါက်ကြီး တွေ ဖောက်ပေးသည်။
မီးဖိုဆောင်ကို သီးသန့်ဆောက်ပေးပြီး အပြင်တွင် ဧရာမ အုပ်စီမီးဖိုကြီးတစ်လုံး လုပ်ပေးထားသည်။ ရေချိုး ခန်း နှင့် အိမ်သာခန်း ကို အဆင့်မီမီ ဆောက်ပေးထား၏။
ပထမထပ် တွင် စားသောက်ခန်းမနှင့် အားကစားခန်းမဆောင်ဆောက်ထားပေးမည်။ ရုံးခန်းနှင့် ဆေးပေး ခန်း လည်း ပါမည်။ ဒုတိယထပ် တစ်ထပ်လုံးက အိပ်ဆောင်။ မိန်းကလေးဆောင်နှင့် ယောက်ျားလေးဆောင် ခွဲ ထားပေးမည်။
အောက်တိုဘာလထဲတွင် ကျွန်မ၏ တူမ အင်န်ဟာလ်ဆေ ရောက်လာပြီး ကျွန်မကိုကူသည်။ အင်န်က ပျော် ပျော်နေတတ်သူဖြစ်၍ သူရောက်လာတော့ မူဂွန်ဂိုတွင် ပျောက်ဆုံးနေသည့် အသက်ဝင် လှုပ်ရှားမှု မျိုးတွေ ပြန်ဝင်လာသည်။
ကျွန်မ အိမ်ကြီး ပျက်စီးခြင်းမလှ ပျက်စီးသွားကြောင်းကို ဘယ်သူမှ ပြန်မပြောကြခြင်းနှင့် ပတ်သက်၍ တဖြည်းဖြည်း ကျွန်မ နားလည်လာသည်။ ထိုအခါ ပိုပြီး စိတ်မကောင်းဖြစ်ရ၏။ သူတို့၏ မျက်နှာများပေါ်မှ ထိတ်လန့် ကြောက်ရွံ့မှု၊ ၀မ်းနည်းကြေကွဲမှုလွှမ်းနေသည့် မျက်လုံးများတွင် သူတို့ ရင်ထဲမှ ပြောပြချင် နေသည် များ ကို ကျွန်မ မြင်ရပါသည်။
တဖြည်းဖြည်း နှင့် အဆောက်အအုံပုံပေါ်လာသည်။ တစ်ပြိုင်တည်းတွင် ထူးခြားပြောင်းလဲမှုတစ်မျိုးကို ကျွန်မ သတိ ထားမိလာ၏။
အလုပ်သမားများ၏ မျက်နှာတွေ တဖြည်းဖြည်းကြည်လင်လာ၏။ အလုပ်တွင် ပို၍ စိတ်အား ထက်သန် လာကြ၏။ သူတို့ အလုပ်ကို သူတို့ ဂုဏ်ယူတတ်ကြလာ၏။
အိမ်ထဲ မှာရော၊ ပန်းခြံထဲမှာပါ ရယ်သံမောသံများ တဖြည်းဖြည်း ပြန်ပေါ်လာသည်။ မူဂွန်ဂိုသည် လုံခြုံစိတ် ချရသည့် ဗိမာန်၊ ကျွန်မတို့အားလုံးအတွက် မျှော်လင့်ခြင်းသင်္ကေတဖြစ်လာ၏။
ကုလသမဂ္ဂ အဖွဲ့အစည်းများမှ မရေမတွက်နိုင်သော ကျွမ်းကျင်မှု အထောက်အကူတွေရသည်။ သွပ်တွေ၊ သံတွေ၊ ဘိလပ်မြေတွေ အလျှံပယ်ရောက်လာသည်။
ကနေဒါလူမျိုးတွေက ရေစင်နှင့် အပြင်ရေချိုးခန်းဆောက်ပေးသည်။ သြစတေးလျန်တွေက အားကစားရုံ တစ်ရုံ ဆောက်ပေးပြီး ဘောလုံးကွင်းတစ်ကွင်းမြေညှိပြီး မြက်စိုက်ပေးသွားသည်။
အားလုံး ပြီးခါနီးတော့ သည်ဂေဟာကို နာမည်ပေးဖို့ ကျွန်မ သတိရသည်။ နာမည်ရွေးဖို့ သူတို့ကို ကျွန်မ တာဝန် ပေးလိုက်သည်။ " အင်ဘာဘာဇီ၊ မူဂွန်ဂို " ဟု သူတို့အများ သဘောတူနာမည်ရွေးလိုက် ကြသည်။ တိုင်းရင်း ဘာသာစကားအရ " မိခင် ၏ မေတ္တာမျိုး ရနိုင်မည့် မူဂွန်ဂို" ဟု အဓိပ္ပာယ်ရသည်။
၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့။ ကျွန်မ ပြန်ရောက်လာပြီး ၄ လခွဲအကြာတွင် " အင်ဘာဘာဇီ" ကို တရားဝင် ဖွင့်လျစ်နိုင်သည်။ ဆင်ဘာဂါကို ညွှန်ကြားရေးမှူးခန့်လိုက်၏။
ကျွန်မ ၏ လူလရည်ရွယ်ချက်မှာ ပျောက်ဆုံးနေသော မိဘများနှင့် ပြန်မဆုံခင် ကလေးတွေကို ပျော်အောင် ထားပေးမည်၊ ပြည့်ပြည့်စုံစုံ ထားပေးမည်။ မွေးစားမည့် သူရှိလျှင် ခွင့်ပြုမည်။
ဤတွင် မထင်သည့် ပြဿနာနှင့် ရင်ဆိုင်ရပါလေ၏။ ရ၀မ်ဒါတွင် ကလေးမွေးစားခွင့်ကိစ္စမှာ လောလော လုပ်၍ မဖြစ်နိုင်ဟု သိရ၏။ တွတ်စီ မိသားစုက ဟူတူကလေး ကို လက်မခံ။ ဟူတူ တို့ဘက်ကလည်း အလားတူ။ မည်သို့ဖြစ်စေ အင်ဘာဘာဇီ သည် မိဘပျောက်ဆုံးနေသော ကလေးတွေ၊ တကယ် မိဘမဲ့ ကလေး တွေ အတွက် ထာဝရ ကွန်းခိုရာဖြစ်နေပေလိမ့်မည်။
ပထမကလေး ၅၀ အတွက် မှန်းပြီး ကျွန်မ တို့ဆောက်ခဲ့ကြရာမှ နောက်ဆုံးတွင် ဧရာမ အဆောက်အအုံ ကြီးဖြစ်သွားသည်။
၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အင်ဘာဘာဇီ စဖွင့်ပြီးကတည်းက ကျွန်မတို့ ကလေး ၂၀၀ နီးပါးလက်ခံ ခဲ့သည်။ တစ်ဝက်ကျော်ကျော်လောက် မိသားစုနှင့် ပြန်တွေ့သွားကြပြီးဖြစ်၏။
သို့သော် မိဘ နှင့် ပြန်တွေ့သွားသည့် ကလေးတစ်ယောက် နေရာတွင် မိကွဲဖကွဲကလေးတွေ ရာနှင့်ချီ၍ ရောက်လာကြ၏။ ရ၀မ်ဒါတွင် မိဘမဲ့ကလေးတွေ မိဘပျောက်ကလေးတွေ ထောင်နှင့် သောင်းနှင့် ချီ၍ ရှိနေဆဲပင်။
ကျွန်မသည် ကလေးတွေ အများကြီးနှင့် ဆက်ဆံနေရသည်။ သို့သော် ကျွန်မရင်သွေးတစ်ယောက် တစ်လေ မှ မပါသည့်အတွက် ရံခါ တွင်တော့ စိတ်မကောင်းဖြစ်မိသည်။ ကျွန်မ အသက် ၈၇ နှစ်ရှိပြီ။ ၉၀ ဖြစ်လျှင် လည်း ကျွန်မ ပျော်နေဦးမည်ဖြစ်ပါ၏။
မူဂွန်ဂို တွင် ကျွန်မနေခဲ့သည်မှာ ၄၄ နှစ်ရှိပြီ။ ကျွန်မ၏ ကျန်သည့် နှစ်များကိုလည်း သည်မှာပင် ဆက်နေ မည် ဟု ဆုံးဖြတ်ထား၏။ သည်မှာပင် ကျွန်မ ခေါင်းချဖြစ်မည်ထင်ပါသည်။
ညနေတိုင်း မှောင်ရီပျိုးပြီဆိုလျှင် ကလေးတွေကို ကျွန်မ နှုတ်ဆက်သည်။ ပြီးမှ အိမ်မကြီးဆီကို ဖြည်းဖြည်း ချင်း လျှောက်ပြန်သည်။
သူတို့ကလေးတွေ၏ ရယ်မောသံများ သီဆိုသံများသည် အေးမြမြ ညနေခင်း လေညင်းတွင် ပျံ့လွင့်လျက် ရှိသည်။
အလုပ်သမားများနှင့် မိတ်ဆွေများက ကျွန်မကို အော်ဟစ်နှုတ်ဆက်ကြ၏။
" ကွာဟာရီ (မင်္ဂလာညပါ) မဒမ် "
စပျစ်နွယ်တွေ တွားတက်နေသော ကျွန်မ၏ အိမ်ကလေးဆီကို ပြန်လာရင်း လှေကားများကို နင်းတက်ရ သည့် အခါ ကျွန်မ ပင်ပန်းနွမ်းနယ်နေတတ်ပါသည်။ အိမ်ထဲရောက်လျှင် အလုပ်သမားတစ်ယောက်က မီးအိမ် ထွန်းပေးသည်။ တဟုန်းဟုန်းတောက်နေသော မီးလင်းဖိုနံဘေးမှ ကုလားထိုင်တွင် ကျွန်မ၀င်ထိုင် လိုက်၏။
သည်နေ့အဖို့ ကျွန်မ အလုပ်ပြီးပြီ။
မနက်ဖြန် ဘာတွေများ ထူးခြားဦးမလဲ၊ ဘယ်လို အံ့သြစရာအသစ်အဆန်းတွေနဲ့ တွေ့ရဦးမလဲဆိုသည်ကို ရင်ခုန်စွာ ဖြင့် ကျွန်မ ကြိုတင်မှန်းဆနေဦးမည်ဖြစ်ပါသည်။
-------------------------------------
ပြီးပါပြီ
.
1 comment:
အဆုံးထိဖတ်သွားပါတယ် လေးစား၊ဂုဏ်ပြုချင်စရာ အမျိုးသမီးပါပဲ
Post a Comment