Saturday, December 11, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၂၂) ဇာတ်သိမ်း

ကိုစိန်းမောင်သည် မည်မျှပင် သတိ ကို ထိန်းချုပ် ပြောစေကာမူ သူ့ အသက်တမျှ ချစ်မြတ်နိုးသူ မခင်ရွှေကို သူ့ အသည်းနှလုံးထဲက တစ်ဘ၀တာလုံး ပယ်ထုတ်လိုက်ရတော့မည့်အတွက် သူ့အသံ သည် ကွဲအက်သံ ပါနေသည် ကို မခင်ရွှေ က ကောင်းကောင်း သတိပြုလိုက်မိသည်။

မခင်ရွှေ ကိုယ်တိုင်ပင် စိတ်ထဲမှာ မကောင်းဘဲ ဖြစ်သွားသည်။ သို့သော် သူ့ရည်မှန်းချက် အောင်မြင် သွားသည့် အတွက် စိတ်မကောင်းခြင်းကို ဖြေဖျောက်လိုက်ကာ ...
'' ကျေးဇူးတင်လိုက်တာ ကိုစိန်းမောင်ရယ်၊ ကျွန်မ စိတ်သဘောနဲ့ ထပ်တူ ကိုယ့်တိုင်းရင်းသူကို ကာကွယ် စောင့်ရှောက် တဲ့ ကိုစိန်းမောင် သဘောထားကို ကြည်ညိုတယ် ဆိုတာကိုတော့ ယုံပါ''
ဟုပြောလိုက်သည်။

ကြင်ကြင်၏ မိဘနှစ်ပါးသည် သူတို့၏ သုံးပွင့်ဆိုင် ဇာတ်လမ်းကို သိခဲ့ပြီ ဖြစ်သောကြောင့် မခင်ရွှေကို ကြည်ညိုခြင်း၊ ကိုစိန်းမောင်ကို အားနာခြင်းဖြင့် ဘာပြန်ပြောရမှန်းပင် မသိဘဲ ဖြစ်နေကြသည်။ မည်သို့ ဖြစ်စေ။ သူတို့မွေးထားသော သမီးသည် မသင့်တော်သော အဖြစ်မှ လွတ်ကင်းကာ သူတို့သဘောတူသည့် ကိုစိန်းမောင် လက်ထဲသို့ ပြန်ရောက်သွားခြင်းအတွက်ကိုမူ ၀မ်းသာလှပါသည်။
မင်္ဂလာ ကိစ္စအတွက် အမြန်ဆုံးစီစဉ်ကြရန် သူတို့လူစု တစ်ချိန်လုံး စကားပြောကြ တိုင်ပင်ဆွေးနွေး နေကြသည့် အချိန်ဝယ် စမ်းမြိုင်ညခံကြီးထဲမှာ ဘာဖြစ်နေကြပါသနည်း။
ကိုစိန်းမောင် ၏ အထိန်းတော် အမျိုးသမီးကြီးသည် ဦးဆံဖားလျား၊ ထဘီကို စွန်တောင်ဆွဲလျက် ထိတ်လန့် စွာ အော်ဟစ် ပြေးလွှားလာသည်။

'' လာကြပါဦး ကိုစိန်းမောင်ရေ ... သတ်ကုန်ကြပါပြီ ''
ဟု အသံကုန် ဟစ်ပြေးလာသည့်အတွက် ရွာသူရွာသားတွေက ဘာမှန်းမသိသောကြောင့် မေးကြ မြန်းကြရင်း အမျိုးသမီးနောက်က ပြေးလိုက်လာကြသည်။ အမျိုးသမီးကြီးသည် ကိုစိန်းမောင်၏ ခရီးစဉ်ကို သိသည်။ မြို့ပေါ်တက်မည့်အခါ ရွာနီးချုပ်စပ်သိုပ ကိစ္စရှိ၍ သွားသည့်အခါမှာ အထိန်း တော် အမျိုးသမီးကြီး ကို မည်သည့်နေရာကို သွားမည်ဟု အသိပေးမြဲဖြစ်သည်။ မည်သည့်နေရာဟု အတိအကျမပြောဘဲ ရွာထဲကို သွားမည်ဟု ပြောသွားလျှင် မခင်ရွှေရှိရာ ဘွားရွှေအိမ်တို့ အိမ်ကို သွားကြောင်း အတပ်သိသည်။

ထို့ကြောင့် ရွာသူရွားတွေ မေးမြန်းသည်ကို အချိန်ကုန်ခံ မဖြေဘဲ၊ ရပ်ဆိုင်း တန့်နားခြင်းမပြုဘဲ၊ နှုတ်မှ အော်ဟစ်ရင်း ဘွားရွှေအိမ် တို့ရှိရာသို့ အရောက်ပြေးလာသည်။
နောက်က လိုက်လာသည့် ရွာသူရွာသားတွေကလည်း မနည်းပေ။
'' ဘာဖြစ်လို့လဲ ဒေါ်ဒေါ်ကြီး ''
သူ ငယ်စဉ်ကပင် ထိန်းကျောင်းလာသည့် အမျိုးသမီးကြီးကို နှစ်ကာလ ကြာရှည်စွာ ခွဲခွာနေခဲ့ပြီး။ ရေပြာအိုင်ရွာ စမ်းမြိုင်ခြံကြီးကို မခင်ရွှေ ကျေးဇူးကြောင့် ပြန်လည် ပိုင်ဆိုင်လိုက်ရသောအခါမှ အထိန်းတော်ကြီး နှင့် ပြန်လည် ပေါင်းစည်းမိသည်။ ထိုအခါမှစပြီး ကိုစိန်းမောင်က ဒေါ်ဒေါ်ကြီးဟု ခေါ်လာခဲ့သည်။

အထိန်းတော်ကြီးသည် ကိုစိန်းမောင်ရှိရာသို့ ရောက်သောအခါ ကရားထဲက ရေသွန်ချသလို ပြော လိုက်သည်။
'' ကြင်ကြင် စမ်းမြိုင်ခြံကြီးကို အမြဲလာတယ်။ ကိုစိန်းမောင် မရှိတဲ့အခါ ဆိုရင် ဟိုဧည့်သည်နဲ့ အမြဲ ရည်းစား စကား ပြောကြတယ်။ ဧည့်သည်ရဲ့ တပည့်က အပေါက်စောင့် လုပ်တယ်။ ဒီနေ့လည်း ကိုစိန်းမောင် မရှိခိုက် ရောက်လာပြီး ထုံးစံအတိုင်း ဧည့်ခန်းထဲမှာ ရည်းစားစကားပြောကြတာပေါ့''
အထိန်းတော်ကြီး စကားမဆုံးမီ ကိုစိန်းမောင်က ဖြတ်မေးလိုက်သည်။

သူတို့ ဒီလိုနေတာ ကြာပြီလား ''
'' သိပ်တော့ မကြာသေးဘူး၊ ဆယ့်ငါးရက်လောက်ပဲ ရှိသေးတယ် ''
'' ဘာကြောင့် ကျွန်တော့်ကို မတိုင်လဲ ''
ကိုစိန်းမောင် အသံက ဒေါသသံ ပါသွားသည်။ ကြင်ကြင်ကို မြတ်နိုး၍ ဆံတစ်ပင်တင်းခြင်းကား မဟုတ်၊ သူ့အိမ်မှာ ယခုလို ကိစ္စကို မလုပ်ထိုက်ဘဲ လာရောက် စတည်းချနေသည်ကို ဒေါသ ဖြစ်သွားခြင်းဖြစ်သည်။ ကြင်ကြင် ၏  မိဘနှစ်ပါးကား မျက်နှာမည်းသွားသည်။ ဦးခေါင်းငုံ့နေကြသည်။
အထိန်းတော်ကြီးကဖြေသည်။

'' မပြောဝံ့ဘူးလေ၊ ကိုစိန်းမောင်နဲ့ ကြင်ကြင်က လက်ထပ်ကြတော့မယ့်လူတွေ မဟုတ်လား၊ ဒေါ်ဒေါ်ကြီး ပြောစကား ကို ယုံရင် ကောင်းတယ်။ မယုံရင် လက်ထပ်ကြမယ့် လူနှစ်ယောက်အကြား ကုန်းချောသလို ဖြစ်နေမှာပေါ့။ နောက်ပြီး ကြင်ကြင့်မိဘနဲ့ ဆွေမျိုးတွေက ကြင်ကြင်ကို သက်သက် အရှက်ခွဲတယ်လို့ ရန်မူ မှာလည်း ကြောက်ရသေးတယ်လေ ''
'' ဆက်ပြောပါ။ ဆက်ပြောပါ ''
ကိုစိန်းမောင်က စိတ်တိုတိုဖြင့် ဆက်ပြောခိုင်းလိုက်သည်။

'' ကိုစိန်းမောင်ကို မပြောဝံ့ပေမယ့်၊ ဆရာမရဲ့ တပည့်လေး တစ်ယောက်ကိုတော့ ဒီအကြောင်းတွေ ဆရာမ ကို တိုင်လိုက်ပါလို့တော့ ပြောခိုင်းလိုက်ပါတယ်။ အဲ ... ဒီနေ့တော့ ဒါတိုင်းလိုပဲ၊ ကြင်ကြင် လာပြီး ရည်းစား စကားကို ဧည့်ခန်းထဲမှာ ပြောတယ်။ တပည့်က အပေါက်စောင့်လုပ်တယ်။ ဘာဖြစ် ကြတယ်တော့ မသိဘူး။ ကြင်ကြင့် အော်သံကို ကြားလိုက်တယ်။ အပေါက်စောင့်က ချောင်းကြည့် နေရာက ပြေးဝင်သွားတယ်။ နောက် သတ်ကြပုတ်ကြတဲ့ အသံတွေကြားလို့။ ဒေါ်ဒေါ်ကြီး ချောင်းကြည့်လိုက်တော့ ကြင်ကြင်နဲ့တပည့် သွေးအိုင်ထဲ မှာ လဲနေကြတာကို တွေ့လို့ ပြေးလာ ခဲ့တာပဲ ''
အထိန်းတော်ကြီး စကားဆုံးလျှင် ကြင်ကြင်၏ မိဘနှစ်ပါးသည် အိမ်ထဲက လွှားခနဲထွက်ကာ စမ်းမြိုင်ခြံကြီး သို့ တစ်ရှိန်ထိုး ပြေးလေတော့သည်။

မည်မျှပင် သမီးကို ဒေါသဖြစ်သည် ဆိုစေကာမူ မိဘမေတ္တာကား ကြီးမားလှပါသည်။ ဘွားရွှေအိမ်တို့ သားအမိ သာလျှင် သက်ကြီး ရွယ်အိုဖြစ်သောကြောင့် ကျန်ရစ်ခဲ့ကြသည်။ ကိုစိန်းမောင် မခင်ရွှေနှင့်တကွ ကြားသိသမျှ သော ရွာသူရွာသားတွေသည် စမ်းမြိုင်ခြံကြီးရှိရာသို့ ခြေကုန်သုတ်ကာ အပြေးအလွှား သွားကြသည်။
ကိုစိန်းမောင်၏ အိမ် ဧည့်ခန်းထဲတွင်မူ ကိုမျိုးနှစ်၏ တပည့်ကျော်သည် မည်သူက မည်ကဲ့သို့ လက်ဦး သွားသည်ကိုမူ မည်သူမျှ မသိသော်လည်း မောင်းပြန်ဓားဒဏ်ရာဖြင့် သေဆုံးနေလေပြီ။
ကြင်ကြင်ကား အသက်မသေသေးချေ။ ကြီးမားသော မေတ္တာဖြင့် ပွေ့ပိုက်ထားသော မိခင်၏ရင်ခွင်မှာ အသက် ကို ခဲခဲယဉ်းယဉ်း ရှူနေသည်။

ကိုစိန်းမောင်သည် မြတ်နိုးနှစ်သက်သောစိတ် မရှိခဲ့သော်လည်း ရင်ဝမှာ သွေးတွေ တသွင်သွင်စီး ထွက် နေသော ဒဏ်ရာကြီးကို မချိမဆံ့ ခံစားနေရသည်ကို မြင်သောအခါ သနားသောစိတ် မလွှဲ မကင်းသာသော အကြောင်း ကြောင့် လက်ထပ်ရတော့မည့် ဇနီးလောင်းတစ်ယောက်ဖြစ်ခြင်း စသည်တို့ကြောင့် မေးမြန်းရမည့် တာဝန်ရှိနေသည်။ ထို့ကြောင့် ကြင်ကြင့် အနားမှာ ထိုင်လိုက် သည်။ သို့သော် ကြင်ကြင်၏ အခြေအနေကို မြင်ရသောအခါ စကားပြောရန် တော်တော်ပင်ပန်းမည့် အခြေအနေကို အကဲခတ် မိသောကြောင့် စိတ်ဓာတ်အရ ဝေဒနာသက်သာစေရန် ကြင်ကြင်၏ လက်ကို ကိုင်လိုက်ပြီး ...
'' စိတ်ကို တင်းနော်။ ကြင်ကြင်နဲ့ ကိုစိန်းမောင် လက်ထပ်ကြဖို့ စီစဉ်ပြီးနေပြီ ''

ဟု တုံးတိတိ ပြောလိုက်သည်။ ကိုစိန်းမောင်သည် သူ့ဧည့်သည်ကိုမျိုးနှစ်နှင့် ကြင်ကြင်တို့ သူပအိမ်ဧည့်ခန်းတွင် သစ္စာတိုင်နေကြသည်ကို သိလာရပြီးသည့် နောက်မှ ကြင်ကြင်ကို စိတ်ထဲမှာ မသန့်ရှင်း တော့ဘဲ ဖြစ်မိသည်။ သို့သော် မခင်ရွှေ တရားချသည့်အတိုင်း ကိုယ့်အမျိုးတူ မိန်းကလေးကို စောင့်ရှောက် ရန် တတ်နိုင်သမျှ တာဝန်ယူသည်ဟူသော တာဝန်သိစိတ်ဖြင့်သာ ဖြေသိမ့်သည့်သဘောဖြင့် လက် ကို ကိုင်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

ကြင်ကြင်သည် ကိုစိန်းမောင် စကားကို ကြားရသောအခါ ကြေကွဲဝမ်းနည်းလှစွာဖြင့် ဦးခေါင်းကို ခါလိုက်သည်။ မျက်ရည်တွေ ဖြိုင်ဖြိုင်စီးကျလာသည်။
'' ကြင်ကြင် မှားခဲ့မိုက်ခဲ့တာတွေကတော့ ဆည်လို့ မရတော့ပါဘူး ကိုစိန်းမောင်၊ ဒီမိုက်ပြစ်ကြီးကို လည်း ကြင်ကြင် ခံရပါပြီ။ မကြာခင် သေရတော့မှာပါ။ မသေခင် ကြင်ကြင် အပြစ်တွေကို ဖွင့်ဟ ၀န်ခံသွားပါရစေ ''

ကြင်ကြင်က အားယူပြောလိုက်သောအခါ ကြင်ကြင်ကို ပွေ့ပိုက်ထားသော မိခင်သည် မချုပ်တည်း နိုင်တော့ဘဲ တစ်ကိုယ်လုံး သိမ့်သိမ့်ခါအောင် ငိုကြွေးလိုက်တော့သည်။ ဖခင်ဖြစ်သူကား အံကြိတ် ထားလိုက်သည်။ နှစ်ယောက်စလုံး စကားအသံပင် မထွက်နိုင်အောင် စိတ်ထိခိုက်နေကြသည်။

မခင်ရွှေသည် ကြင်ကြင် အနားကို မကပ်ဘဲ ပြောစကားကို ကြားရရုံ အကွာအဝေးမှာသာ အခြား လူတွေနှင့် ရောနေလိုက်ပြီး ရွာဆေးကုခန်းမှ ဆေးဆရာကြီးကို အမြန်ဆုံးကြွလာရန် အပင့်ခိုင်း လိုက်သည်။ ဆေးဆရာကြီး ရောက်လာပြီး ကြင်ကြင်၏ ဒဏ်ရာကို အစွမ်းကုန် ကုသပြုစုပေးသော် လည်း အသက် ရှင်နိုင်ဖွယ် မရှိတော့ကြောင်း၊ အလွန်ဆုံးနေရလျှင် ဆေးအစွမ်းအားဖြင့် တစ်နာရီ လောက်မျှသာ နေရတော့မည် ဖြစ်ကြောင်း မခင်ရွှေကို တီးတိုးပြောလိုက်သည်။ ကြင်ကြင်သည် သူ့ဒဏ်ရာမှ ခံစားချက်ကို သူကိုယ်တိုင် သိပြီးဖြစ်သောကြောင့် သူ့မိုက်ပြစ်တွေကို ဖွင့်ဟ၀န်ခံချက်ကို သူကိုယ်တိုင် သိပြီး ဖြစ်သောကြောင့် သူ့မိုက်ပြစ်တွေကို ဖွင့်ဟ၀န်ခံရန်အတွက် စိတ်တင်းအားယူကာ ပြောနေသော ကြင်ကြင် ၏ စကားတွေကို ကြားကြားရသောအခါ လူတွေ အားလု့းသည် တအံ့တသြ ဖြစ်ကုန်ကြတော့၏။

ကိုစိန်းမောင်ကို နာကြည်းစိတ်ဝင်၊ မခင်ရွှေကို မုန်းတီးစွာ လက်စားချေလိုသော ကြင်ကြင်သည် ဧည့်သည် ကိုမျိုးနှစ်၏ ဆွဲဆောင်မှု စက်ကွင်းမိကာ ချစ်သူရည်းစား ဖြစ်ခဲ့ကြသည်။ မခင်ရွှေကို အရှက်ကွဲသော အဖြစ်ဖြင့် ရေပြာအိုင် တစ်ရွာလုံးကရော၊ ကိုစိန်းမောင်ကရော စက်ဆုပ်ရွံရှာစွာ မောင်းထုတ်လိုက်အောင် ကြံပြီး၍ မခင်ရွှေ မရှိသောအခါ။ ကိုစိန်းမောင်သည် သူမှားကြောင်းကို ကြင်ကြင်အား တောင်းပန်မည် ထင်သည်။ ထိုအခါ ကြင်ကြင်က ကိုစိန်းမောင်ကို လက်စားချေလို သော စိတ်ဖြင့် ကိုစိန်းမောင်ကို ရှေ့မှာ ထားပြီး ကိုမျိုးနှစ်နှင့် လက်ထပ်လိုက်မည်။ မိဘတွေ သဘောမတူလျှင် ခိုးရာလိုက်မည်။

မိဘတွေ လက်ခံသောအချိန်မှာ သူတို့ မြုပ်လာမည်။ ကိုမျိုး နှစ်၏ ဆွေမျိုး အသိုက်အ၀န်းတစ်တွေပါ ရေပြာအိုင် သို့ ပြောင်းရွှေ့လာပြီး အခြေစိုက်ကြမည်။
မခင်ရွှေကို တစ်ရွာလုံးကရော ကိုစိန်းမောင်ကရော စက်ဆုပ်ရွံရှာစွာ မောင်းထုတ်ရမည့် စီမံကိန်းတွင် တစ်ရွာလုံး က ဘိုးစဉ် ဘောင်ဆက် မြတ်နိုးစွာ ထိန်းသိမ်းကိုးကွယ်လာကြသည်။ သူကြီးမင်း ဦးရွှေဇင်၏ ဆင်းတုတော် မှ စိန်နှင့်မြနှစ်လုံးကို ခိုးယူကာ မခင်ရွှေ၏ ကျောင်း အလုပ်ရုံးခန်း ဗီရိုထဲမှာ တိတ်တဆိတ် ထည့်ထားမည်။

မခင်ရွှေကို သံသယဖြစ်ခြင်းခံရအောင် သတင်းလွှင့်ပြီး ရွာလူကြီးတွေက မခင်ရွှေ၏ ကျောင်းရုံးခန်း ဗီရိုထဲ မှာ ရှာဖွေစေရန် ဥာဏ်ဆင်မည်။ သော့တွဲနှင့်တကွ ဆင်းတုတော်မှ ရတနာတွေကိုတွေ့လျှင် မခင်ရွှေသည် မည်သည့်နည်းဖြင့်မဆို အရှက်ကွဲပြီး ထွက်ပြေးရမည်သာ ဖြစ်သည်။
ဤစီမံကိန်းကိုချပြီး သော့တွဲနှင့် ဆင်းတုတော်က ရတနာတွေကို ယူရန် ကြင်ကြင်က တာဝန်ယူရ မည်။ ရခဲ့လျှင် နှစ်ယောက်အတူ မခင်ရွှေ၏ ဗိရိုထဲ သွားထည့်မည်။ ထို့ကြောင့် ဘုန်းတော်ကြီး သည် သော့တွဲကို မည်သည့် နေရာမှာ သိမ်းသည်ကို ကြင်ကြင်က ပါးနပ်စွာ ကြည့်နေရပေမည်။

ကျောင်းဝိုင်းအတွင်း ဇရပ်ကို မီးလောင်သည့်နေ့က ဘုန်းတော်ကြီးထံက သော့တွဲကျခဲ့သည်ကို စောင့်ကြည့် နေသော ကြင်ကြင်က တွေ့လိုက်သည်။ မီးလောင်သည့် နေရာကို လူတွေမဲနေခိုက်မှာ ကြင်ကြင်သည် သော့တွဲ ကို ကောက်ယူပြီး ဆင်းတုတော်တိုက်ခန်းကို လျင်မြန်စွာ ဖွင့်ဝင်သည်။ တိုက်ခန်းထဲမှာ သန့်ရှင်းရေး လုပ်စဉ်ကပင် တွေ့ထားခဲ့သည့် လေးလက်မ အိမ်ရိုက်သံချောင်းကို ယူကာ ဆင်းတုတော်၏ မျက်မှောင်တော် နှစ်ခု အကြားမှ စိန်ကို လည်းကောင်း၊ မျက်လုံးတော် နှစ်ဖက်မှ မြနှစ်လုံးကို လည်းကောင်း အားစိုက် ကော်ထုတ်လိုက်သည်။

စိတ်ဇောအဟုန် ကြီးမားလွန်း၍ ထင်သည်။ လျင်မြန်စွာပင် ထုတ်ယူရရှိလိုက်သည်။ ထို့နောက် တိုက်ခန်းကို ပြန်ပိတ်လိုက်ပြီး၊ သော့တွဲကိုရော၊ ရတနာတွေကိုရော ဘော်လီ အင်္ကျီအိတ်ထဲသို့ ထိုးထည့်လိုက်ပြီး။ မီးလန့်သည် ကို ကြောက်လန့်ဟန်ဖြင့် အိမ်ပြန်ပြေးလာခဲ့သည်။

ကြင်ကြင်၏ ပြုမူပုံသည် လျင်မြန်ဖျတ်လတ်လွန်းသည့်အတွက် အချိန်ကြာရှည်ခြင်းမရှိခဲ့ချေ။ ထို့ကြောင့် မီးလောင်ရာ ကို မဲနေကြသည့် လူတွေက မည်သူမျှ မမြင်လိုက်ဘဲ ဖြစ်ခဲ့သည်။
ကြင်ကြင်သည် မီးလောင်သည့်နေ့က စမ်းမြိုင်ခြံကြီးမှာ ကိုစိန်းမောင်ရှိနေသည့်အတွက် မသွားခဲ့ချေ။ နောက် နှစ်ရက်ဆက်ပြီး ကိုစိန်းမောင်က ခြံထဲမှာသာ အလုပ်လုပ်နေသောကြောင့် ကိုမျိုးနှစ်ထံ မသွားဖြစ်ခဲ့ဘဲ၊ ယနေ့မှာ မိဘနှစ်ပါးက မခင်ရွှေ ဖိတ်ခေါ်ထားကြောင်း၊ ကိုစိန်းမောင်လည်း လာလိမ့်မည် ဖြစ်ကြောင်း ပြောသည့်အတွက် စမ်းမြိုင်ခြံကြီးသို့ လာခဲ့သည်။
ကိုမျိုးနှစ်က ဆီးကြိုပြီး အကြံအောင်သည် မအောင်သည်ကို မေးသည်။ ကြင်ကြင်က အကြံ အောင်ကြောင်း ၀မ်းသာ အားရ ပြောသည်။ ရတနာတွေကို ထုတ်ပြသည်။ ညအချိန် တိတ်တဆိတ် ကျောင်းဝင်းထဲဝင်ရန်မှာ မလွယ်ကြောင်း၊ ကျောင်းစောင့် အင်းခွေးကြီး သုံးကောင်ရှိနေကြောင်း၊ ထို့ကြောင့် ရတနာတွေကို ကြင်ကြင် ကပင် နေ့အချိန် ကျောင်းသို့သွားပြီး မခင်ရွှေထံ စကားဝင်ပြော ပြီး အလစ်မှာ ထည့်ခဲ့မည်ဖြစ်ကြောင်း ပြောသည်။

ကြင်ကြင် ပြောသော စကားကိုသာ ကြားခဲ့ရပြီး ရတနာတွေကို မမြင်ရမီက ဤမျှ အဖိုးတန်လိမ့် မည်ဟု ကိုမျိုးနှစ် မခန့်မှန်းမိခဲ့ချေ။ ယခု မျက်မြင်ဖြစ်သောအခါမှ မြရတနာ နှစ်လုံးကား တန်ဖိုးဖြတ် ရန်ပင် ခဲယဉ်းသော ပြည်တန်ရတနာမျိုးဖြစ်နေသည်ကို တွေ့ရသောအခါ ကိုမျိုးနှစ်သည် ၀င်းဝင်း တောက်သော မျက်လုံး များဖြင့် ရတနာတွေကို ကြင်ကြင်၏ လက်ထဲက ဆတ်ခနဲ ဆွဲယူလိုက်သည်။
ကိုမျိုးနှစ် ကို ချစ်မြတ်နိုးနေပြီဖြစ်သော ကြင်ကြင်က ကိုမျိုးနှစ်ပြုမူပုံကို သတိမထားဘဲ ဆက်ပြော လိုက်သည်။ သူကြီးမင်း ဦးရွှေဇင် လှူသွားသည့် တစ်ရပ်တစ်ရွာသားကိုမျှ အမြင်မခံခဲ့ကြောင်း။ ထို့ ကြောင့် ဤမျှ အဖိုးတန်သော ဆင်းတုတော် ရေပြာအိုင်ရွာမှာ ရှိနေသည်ကို အပြင်အပမှာ မသိဘဲ ဖြစ်နေကြ ကြောင်း။

ကြင်ကြင်၏ စကားတွေကို ကြားရသော ကိုမျိုးနှစ်၏ ၀င်းဝင်းတောက်နေသော မျက်လုံးတွေက ပြူးကျယ် လာသည်။
ဆင်းတုတော် တိုက်ခန်းသော့ကို သူ့လက်ထဲထည့်ပါဟု ဆိုသည်။ ဆင်းတုတော်ကိုပါ အရယူနိုင်လျှင် ကောင်းမည် ဟု အကြံပေးသည်။ ဆင်းတုတော်နှင့်တကွ ရတနာကိုပါယူပြီး ကြင် ကြင်ပါ တစ်ခါတည်း သူ့နောက် လိုက်ခဲ့စေလိုသည်။ ကြင်ကြင်၏ မိဘတွေ စိတ်ပြေသောအခါမှ သူ့ဆွေမျိုး တစ်သိုက်တစ်ဝန်း လုံးကိုပါ ခေါ်လာပြီး ရေပြာအိုင်ရွာမှာ ပြန်လည် အခြေစိုက်မည်။ ထိုအခါုမျ မခင်ရွှေကို ရေပြာအိုင်ရွာမှ မောင်းထုတ် နိုင်ရန် တစ်မျိုးတစ်မည် ကြံမည်ဟု အစီအစဉ်ကို ပြောကာ သော့ကို အတွင် တောင်း တော့သည်။

ကြင်ကြင်သည် ထိုအခါမှ ကိုမျိုးနှစ်၏ ပြောင်းလဲသွားသော စိတ်ထားကို စဉ်းစားမိလာသည်။ ဆင်း တုတော် ကိုလည်း မဖျက်ဆီးလို၊ ရတနာတွေကိုလည်း ရေပြာအိုင်ရွာ အပြင်ဘက်ကို မထွက်သွား စေလိုပေ။ မခင်ရွှေ ကို အရှက်ခွဲပြီးလျှင် ရတနာတွေကို သူ့နေရာမှန်သို့ ပြန်ရောက်သွားစေလိုသည်။ မခင်ရွှေကို ကြီးမားသော မုန်းတီးမှုကြောင့်သာလျှင် ထိုအကြံကို ကြံမိခြင်းဖြစ်သည်။ ဘိုးစဉ် ဘောင်ဆက်က အမြတ်တနိုး ကိုးကွယ် လာသည့် ဆင်းတုတော်နှင့် ရတနာတွေကို ပျက်စီးပျောက်ဆုံးသွားမည့် အလုပ်ကိုကား ကြင်ကြင် မလုပ်ရက်ချေ။

ကိုမျိုးနှစ် ၏ အစီအစဉ်ကို ကြင်ကြင် သဘောပေါက်သွားပါသည်။ ဆင်းတုတော်နှင့် ရတနာတွေကို ရော ကြင်ကြင် ကိုရော အပိုင်ကိုင်ပေတော့မည်။ သူ့အကြံအတိုင်း လိုက်နာကာ ဆင်းတုတော်ကိုပါ ခိုးသွားပြီး သူ့နောက် လိုက်သွားပါက ထိုရတနာတွေကြောင့် နှုတ်ပိတ်သည့် သဘောမျိုးဖြင့် ကြင်ကြင်ကို အစဖျောက် လုပ်လိုက်လျှင် ...
ကြင်ကြင်သည် ဆက်မတွေးတော့။ သူ့ အမှားကို သူ ယူကျုံးမရဖြစ်ကာ ကိုမျိုးနှစ်လက်ထဲ ရောက်နေသည့် ရတနာတွေကို ပြန်တောင်းသည်။ ကိုမျိုးနှစ်က မပေးတော့ပေ။ လုယူသော ကြင်ကြင်ကို ကြမ်းတမ်းစွာ ဆောင့်တွန်းပစ်လိုက်သည်။

ဖြစ်ချင်ရာဖြစ် ရတနာတွေကို အဆုံးမခံတော့ပေ ဟူသော စိတ်ဖြင့် ကြင်ကြင်က အကူအညီရလိုရငြား အော်လိုက်သည်။
ကြင်ကြင် အော်လိုက်သည်တွင် ကိုမျိုးနှစ် သူ့ဘောင်းဘီအိတ်ထဲက မောင်းပြန်ဓားကို ယူထုတ်ကာ ကြင်ကြင် ကို အားပါးတရ ထိုးစိုက်လိုက်သည်။
ထိုအခိုက် အပေါက်စောင့် တပည့်ကျော်က ပြေးဝင်လာသည်။ ရင်ဝကို လက်ဖြင့်ဖိကာ ခွေလဲသွားသော ကြင်ကြင် ကို အကူအညီမပေးဘဲ သူ့ဆရာလက်ထဲမှာ ဆုပ်ကိုင်ထားလျက်ပင် ရှိနေသေးသော ရတနာတွေ ကို လောဘဇောတိုက်ကာ အတင်းဝင်လုလေတော့သည်။

ထိုအခါ ကြင်ကြင်၏ ရင်အုံကို စိုက်ခဲ့သော ဓားဖြင့်ပင် ကိုမျိုးနှစ်သည် သူ့တပည့်ကျော်ကို အားပါးတရ ထိုး လိုက်သည်။ ထို့နောက် ထွက်ပြေးသွားလေသည်။
ဆင်းတုတော် တိုက်ခန်းသော့ကိုမူ ကြင်ကြင်သည် သူ့အခန်းအ၀တ်သေတ္တာထဲမှာ ထားခဲ့သော ကြောင့် ကိုမျိုးနှစ် လက်သို့ မပါသွားပေ။
ကြင်ကြင် စကားဆုံးသောအခါ ...
'' အမိုက်မရဲ့ ... လုပ်ရက်လေခြင်းဟဲ့''
ဟူသော စကားကို မိခင်က ပြောသည်။

'' ဒါလောက်တောင် သစ္စာမဲ့ရ၊ မိုက်ရသလား ဟဲ့ အမိုက်မရဲ့''
ဟူသော စကားကို ဖခင်ဖြစ်သူက မချိတင်ကဲ အံကြိတ်ပြောသည်။ ဦးရွှေဇင်လို စိတ်သဘော မရင့်ကျက် နိုင်ကြရှာသည့် အားလျော်စွာ ကြင်ကြင်၏ မိဘနှစ်ပါးသည် တစ်ယောက်တစ်ခွန်း ပြိုင်တူပြောရင်း မျက်ရည် မဆည်နိုင်ဘဲ ဖြစ်နေကြရှာသည်။

ကြီးမားသော နောင်တဖြင့် သူ့မိုက်ပြစ်ကို ဖွင့်ဟ၀န်ခံသော ကြင်ကြင်သည် အကြောင်းမှန်ကို ရွာသူ ရွာသားတွေ သိမှသာလျှင် ထွက်ပြေးသွားသည့် ကိုမျိုးနှစ်ကို တွေ့အောင် ကြိုးစားရှာကြပြီး ရတနာ တွေပြန်ရအောင် ဆောင်ရွက်နိုင်ကြမည်ကို စဉ်းစားမိသဖြင့် သူ့ကို မည်မျှ ရွံမုန်းပါစေ၊ သူ့အဖို့ သေတော့မည်ဖြစ်၍ အကြောင်းမထူး။ ကိုမျိုးနှစ်ကို မိအောင်ဖမ်းနိုင်စေရန် ရည်ရွယ်ပြီး သူ့ အပြစ်တွေကို စုံလင်အောင် အားခဲကြိုးစားပြောနေခြင်း ဖြစ်သည်။

ပြောချင်သည့် စကားတွေ ပြောပြီးသောအခါ ကြင်ကြင်သည် နောက်ဆုံးစကား တစ်ခွန်းကို မှတ် လောက် သားလောက် ပြောသွားရွာသည်။
'' ကိုယ့်စေတနာ ကိုယ့်ကို ပြန်ပြီး အကျိုးပေးတယ် ဆိုတာ လက်တွေ့ပါပဲ ခွင့်လွှတ်ကြပါ ''
ဟူသော စကားလုံးကို တစ်လုံးချင်း အားယူပြောပြီး လှပသော နှုတ်ခမ်းလေးသည် အပြီးအပိုင် ပိတ်သွား လေတော့သည်။
ကြင်ကြင်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သန်သန်မာမာ ရွာသားများသည် တစ်ယောက်နှင့် တစ်ယောက် ပြောဆိုခေါ်ငင်တိုင်ပင်နေရခြင်း မပြုလုပ်ရဘဲနှင့် ညီတူညာတူတစ်ပြိုင်တည်း အိမ်ထဲ က ထွက်လိုက်ကြသည်။ လျင်မြန်သော ခြေလှမ်းများဖြင့် ရွာပြင်ကို အပြေးအလွှားထွက်ကြသည်။ လူစုခွဲကာ ကိုမျိုးနှစ် ကို ရှာကြသည်။

တပင်တပန်းရှာစရာပင် မလိုတော့ချေ။ ရွာနှင့် မိုင်ဝက်သာသာမျှဝေးသော ကမူကြီးတစ်ခုစောင်း ကြီးမားသော ချုံကြီးတစ်ချုံနားမှာ ကိုမျိုးနှစ်ကို တွေ့ကြသည်။ သို့သော် အသက်ရှင်လျက် တွေ့ ခြင်းကား မဟုတ်၊ စပါးကြီးမြွေတစ်ကောင်၏ ရစ်ပတ်လိမ်ညှစ်ထားသဖြင့် သေဆုံးနေသည့် ရုပ်အ လောင်းအဖြစ်သာ တွေ့ကြရသည်။
မြွေကြီး က ကိုမျိုးနှစ်၏ ခြေထောက်ကိုပင် စတင်မြို့နေလေပြီ။ ရွာသားတွေက အော်ဟစ် ခြောက်လှန့် ရိုက်နှက်ကြခြင်းဖြင့် စပါးကြီးမြွေကြီးက မျိုစပြုနေသည့်အစာကို လွှတ်ကာ တောချုံ ထူရာကို ထွက်ပြေး သွားတော့သည်။ အရိုးတွေ ကျိုးကြေကာ ဖွဲအိတ်ကြီးလို ဖြစ်နေသည့် ကိုမျိုးနှစ်၏ ဘောင်းဘီအိတ်တွင် လက်ကိုင်ပ၀ါဖြင့် သေချာစွာ ချည်နှောင်ထားသော ရတနာတွေကို သုံးမျိုးလုံး ပြန်လည်ရရှိလိုက်သည်။

ကိုမျိုးနှစ် တို့ ဆရာတပည့် နှစ်ယောက် အလောင်းကို ရွာသူကြီးမင်းနှင့် ကိုစိန်းမောင်တို့ကပင် ကမကထ ပြုကာ ကိုစိန်းမောင် မော်တော်ကားဖြင့်တင်၍ မြို့သို့ ယူသွားရလေသည်။ သက်ဆိုင်ရာ ကို အလောင်း အပ်ခြင်း၊ ဖြစ်ပုံကို အစီရင်ခံ တိုင်ကြားခြင်းများ ပြုလုပ်လိုက်ကြရသည်။

မည်မျှပင် မိုက်မဲသည်ဆိုရစေကာမူ ကိုယ့်ဇာတိချက်မြှုပ် ရေပြာအိုင်ရွာ တစ်ရွာလုံး၏ အထွတ်အမြတ်ဆုံး၊ အရိုသေဆုံး၊ အမြတ်နိုးဆုံးဖြစ်သော ဆင်းတုတော်နှင့် ပတ်သက်ပြီး သတိတရားရသွားသော ကြင်ကြင်ကို ရွာသူရွာသားတွေသည် ကရုဏာဒေါသ မျက်ရည်ကျလျက်နှင့်ပင် ကြင်ကြင်၏ နောက်ဆုံးခရီးစဉ်ကို စည်ကား သိုက်မြိုက်စွာ ဖြစ်အောင် ၀ိုင်း ၀န်းဆောင်ရွက်လိုက်ကြသည်။
မြတ်စွာဘုရား ကို လှူထားသည့် ပစ္စည်းကို မလုပ်အပ်သည့် အလုပ်မျိုး လုပ်လိုက်ကြသည့် ကြင်ကြင်၊ ကိုမျိုးနှစ် နှင့် သူ့တပည့်ကျော်တို့ ခံစားရသည့် အကုသိုလ် ကြောက်စရာကောင်းပုံကို ရေပြာအိုင် ရွာသူရွာသား တွေ မည်သည့်အခါမျှ မေ့နိုင်တော့မည် မဟုတ်ချေ။
------------------------
ပြီးပါပြီ
.

3 comments:

သိင်္ဂါကျော် said...

ဇာတ်သိမ်းပိုင်း လာဖတ်ပါတယ် အစ်မ..
မကောင်းတဲ့ လူတွေ မကောင်းကျိုး ခံရမှာပါပဲ။ ကိုရီးယားကားတွေလို ရှေ့ပိုင်း ဆိုးချင်သလောက် ဆိုးပြီး နောက်ပိုင်းကျ ခွင့်လွှတ်လိုက်ကြတာမျိုး မဟုတ်တာ ကျေနပ်စရာပါ။

rose said...

ကျေးဇူးပါ မမရွှေစင်ရေ... အပိုင်းတွေ အကုန် ဖတ်သွားတယ်။ ဆရာမ မ၀င်းမြင့်၏ စာအုပ်လေးတွေ ရနိုင်မယ်ဆို ဆက်တင်ပါဦးနော်။

မျိုးမင်းစိုး said...

အဆုံးထိ နှစ်ရက်လာဖတ်သွားပါတယ် ကျေးဇူးတင်ပါတယ်အမရေ