Saturday, December 11, 2010

ပဆစ်အိမ် အပိုင်း (၄)

စားသောက်ဆိုင်တန်းမှာ ဖြစ်သည်။
ဇင်သည် မုန့်တီစားရန် ဆိုင်တန်းသို့ ၀င်သည်။
ဆိုင်မှာ သူက အလျင်ရောက်နှင့်နေသည်။ မမျှော်လင်ဘဲ ပက်ပင်းတိုးရသည်။
ဒုတိယအကြိမ် ဗြုန်းစားကြီး မျက်နှာချင်းဆိုင်မိသည်။

'သြ.....'
'သြ....'
ပထမ ထွက်လာသော စကားလုံးမှာ သည်မျှသာ။
ဇင်က စ၍မေးရသည်။
'မှတ်မိလား ဟင်'
သူက ခေါင်းညိတ်ပြသည်။
'ဘာလို့ ထီးလာမယူတာလဲ'
'ဘယ်လို ယူရမှန်းမသိတာ'
'မာလာဆောင်လို့ ပြောခဲ့သားပဲ'

'နာမည် မမေးလိုက်မိဘူးလေ၊ အခန်းနံပါတ် မမေးလိုက်မိဘူးလေ'
'ထီးယူသွားတဲ့ မိန်းကလေး ထွက်ပေးပါဗျို့လို့ လိုက်အော်ရင် လာပေးမှာပေါ့'
'ဒီအထိ သတ္တိမရှိပါဘူး၊ နို့ပြီး....အစကတည်းက စေတနာ သုံးတန် ဖြတ်ထားပြီးသားပါ'
ဈေးသည်ဘက်သို့ လှည့်ကာ 'မုန့်တီတစ်ပွဲ ထပ်ပေးပါဦး၊ မုန့်စားရအောင် လာတာမဟုတ်လား'
'ဇင်က ကျွေးပါရစေ'

'ဇင်တဲ့လား'
'မသက်ဇင်ပါ၊ မာလာကပါ၊ အခန်းနံပါတ်....ကပါ'
'အားလုံးမှတ်မိသွားပါပြီ၊ သည်ကနာမည်က မျိုးမင်းနိုင်'
'သိပ်မှတ်ရလွယ်တဲ့ နာမည်ပဲ၊ မေ့သွားမှာ မဟုတ်တော့ပါဘူး'
'ဘယ်လိုကြောင့်'
'ဆရာပါမောက္ခဦးမျိုးမင်းကို မှတ်ထားရင် ပြီးတာပဲ'

ရယ်မိကြသည်။
'ညနေကျရင် ထီးလာယူနော်'

မိုးတောင်ကုန်နေပြီ
ဒါဖြင့် မယူတော့ဘူးပေါ့
ဟင့်အင်း ယူမှာပေါ့
ရယ်မိကြပြန်သည်။
ညနေ ဧည့်ချိန်ကျတော့ အဆောင်သို့ သူရောက်လာသည်။

ဧည့်ခန်းမှာ ဆုံကြသည်။
'ပထမနှစ် ထင်တယ်'
'ဘယ်လိုလုပ်သိသလဲဟင်'
အရင်က မမြင်ဖူးဘူးလေ
ကျောင်းကို ရောက်လာသမျှ မိန်းကလေးတွေကို အကုန်လိုက်ကြည့်ပြီး မှတ်ထားတာပဲလား
အကုန်တော့မဟုတ်ပါဘူး၊ ချောချောလှလှကလေးတွေဆိုရင်တော့ မှတ်ထားတာပေါ့

ဇင်က မလှလို့ မှတ်မထားတာပေါ့ ဟုတ်လား
မဟုတ်ပါဘူး၊ ဇင်ကလှပါတယ်၊ သည်က မျက်စိရှန်းနေခဲ့တာပါ
အပြောကလေးကတော့ မဆိုးလှပါကလားနော်
ဇင်ရယ်သွမ်းသွေးမိခဲ့သည်။

သည်လိုဖြင့် ဇင်နှင့်မောင်တို့  ဆုံကြသည်။
သည်လိုဖြင့် ဇင်နှင့်မောင်တို့ တွေ့ကြသည်။
ဇင့်ဘ၀ထဲသို့ မောင် စတင် ၀င်ရောက်လာခြင်းပင် ဖြစ်တော့သည်။

ဇင်သည် တက္ကသိုလ် ဒုတိယနှစ်များကို တက်ရောက်ခဲ့သည်။
သည်အတွင်း ၀င်းဦး သည် နှုတ်ခမ်းမွေးစစ၊ စပို့ရုပ်အင်္ကျီ၊ ဖင်ကျပ်ဘောင်းဘီဝတ်ကာ ဂစ်တာကိုင်ပြီး မေဘရဏီလို ရွှေပန်းချီတောင်လက်မှိုင်ချရမကိုး….မမမိုး…..' ကဲ့သို့ ရော့ခ်အင်ရိုးဆန်ဆန် သီချင်းများကို သီဆိုကာ ရုပ်ရှင်နယ်ပယ်သို့ လျှမ်းလျှမ်းတောက် ထိုးဖောက် ၀င်ရောက်လာသည်။
ရုပ်ရှင်လောကတွင် အပြောင်းအလဲဖြစ်သည်။

ဂီတလောကတွင် အပြောင်းအလဲ ဖြစ်သည်။
ဖက်ရှင်လောကတွင် အပြောင်းအလဲဖြစ်သည်။
ယောကျာ်းကလေးတွေ၏ အ၀တ်အဆင် ပြောင်းလဲလာသည်။ နှုတ်ခမ်းမွှေးစစ၊ စပို့ရုပ်၊ ဖင်ကျပ်ဘောင်းဘီ၊ ဂစ်တာကိုင်သော အလေ့သည် သည်မှစသည် ထင်၏။
ခေတ်မှီသော မိန်းကလေးအသိုက်အ၀န်း၌ 'ဘရာ' နှင့် 'ဘလောက်' ကိုတွေ့ရစပြုလာသည်။ သို့သော် ဇင်တို့ကတော့ ခါးတိုဘော်လီအကျီင်္ကိုပင် မရဲတရဲ ၀တ်ဆင်ဆဲ။
တက္ကသိုလ်၌ ဒုတိယနှစ်ဖြစ်သလို မောင်နှင့်လည်း ဒုတိယနှစ်ပင် ဖြစ်ပါသည်။

ဇင်သည်'ချစ်ရမည့်သူနှင့် လက်ထပ်ရမည့်သူ' အတူတူသာ ဖြစ်ရမည်ဟူသော အယူအဆရှိသူ ဖြစ်သည်။
ထို့ကြောင့် မောင့်ကို ချစ်တော့မည်ဆိုသောအခါ လက်ထပ်နိုင်မည့်သူ ဟုတ်မဟုတ် ကိုပါ လေ့လာခဲ့သည်။
တစ်သက် တွင် တစ်ခါတော့ လက်ထပ်ရမည်၊ တစ်ခါတော့အိမ်ထောင်ပြုရမည်။

အိမ်ထောင်ရေး သံမဏိစည်ကမ်းတွေ ကြို၍ချမထားသော ကြိုတင်စေ့စပ်ကြောင်းလှမ်း ခြင်း၊ သူငယ်ချင်း  အချင်းချင်း ကတိထားရှိခြင်း စသော ရှုပ်ရှုပ်ထွေးထွေးကိစ္စတွေ ကင်းရှင်းသော ဖေဖေနှင့်မေမေတို့၏ အိမ်ထောင်ရေး သဘောထား မှာ ယေဘုယျပြောလျှင် တော့လွတ်လပ်သည်ဟု ဆိုရမည်။
'သမီးမှာ ရည်စားသနံ ရှိရင်ပြောပေါ့'
ဇင် ဆယ့်ရှစ်နှစ်ပြည့် သည့်နေ့မှာ မေမေကပြောခဲ့သည်။

ဇင်ကခေါင်းခါပြခဲ့သည်။
မေမေ့သဘောထးမှာ အိမ်ထောင်ရေးတွင် ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်ဖြစ်ကိုယ်စံ သဘောပင်။ သည်သဘော အတိုင်း ဖေဖေမေမေတို့လည်း အိမ်ထောင်ရေးကို တည်ဆောက်ခဲ့ပုံရသည်။
တစ်နေ့သော အခါ မောင်က ဇင့်ကို ချစ်ရေးဆိုလာသည်။
ကြိုတင် မျှော်လင့်ခဲ့သည်မို့ ဇင့်အဖို့ အဆန်းတစ်ကြယ်ဖြစ်မနေခဲ့တော့။

မောင့်ကို လေ့လာပြီး ဖြစ်နေသည်။
မောင်နှင့် ပတ်သက်၍ ရုပ်ရည်မှာ အထူးပြောစရာ မရှိပါ။ အသားညိုညို၊ နှာတံပေါ်ပေါ်၊ မျက်လုံးမျက်ဖန် ကောင်းကောင်းနှင့် ယောကျာ်းတစ်ယောက်တွင် ရှိသင့်ရှိအပ်သော အရပ်အမောင်းနှင့် ထွားကျိုင်းမှုရှိသည်။
ပညာအနေနှင့်လည်း တတိယနှစ်။
မောင်သည် မြေလတ်သား။

မောင့်မိဘများက ပွဲရုံပိုင်ရှင်ဟု သိရသည်။ မောင်သည်ငွေကို ထိုက်သင့်သလို သုံးစွဲနိုင်သည်။ သူဌေးသား ပုံစံမျိုး မဟုတ်သည့်တိုင် ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့ထဲက မဟုတ်သည်ကို သိသာနိုင်သည်။
ဇင် မှ လွဲလျှင် ရည်စားဟူ၍ မရှိခဲ့ပါဆိုသော မောင့်စကားကို ယုံကြည်ခဲ့သည်။
မောင့်ကို ချစ်ရမည့်သူအဖြစ်နှင့်ရော လက်ထပ်ရမည့်သူ အဖြစ်နှင့်ပါ စိတ်နှလုံးတုံးတုံးချ လက်ခံနိုင်ရန် ဇင် အရှည်အကြာ မစဉ်းစားခဲ့။
မောင်ကျွေးသော အစာကို စားသည်။ မောင်ပေးသော လက်ဆောင်ကို ယူသည်။

ချစ်သူတို့ နားနေရာ အင်းလျားကန်သာ၏ ဆည်းဆာများသည် ပိုမိုထောက်ပကြသည်။ မြသီလာ ၀န်းကျင်မှ တောအရေးသည် ပိုမိုရွှန်းစို စိမ်းမြသည်။ ကျေးငှက်သံတို့သည် ပိုမိုချို မြနေကြသည်။
များစွာ သော စုံတွဲတို့အကြားတွင် ဇင်နှင့်မောင်လည်း ပါဝင်လာသည်။ တက္ကသီလာ မြကျွန်းသာ၏ မထူးဆန်း တော့ပြီဖြစ်သော ချစ်ပုံပြင်များတွင် စာတစ်မျက်နှာ တိုးလာသည်။
သို့ပေမယ့် ပထမဆုံးအကြိမ် ရုပ်ရှင်ကြည်စဉ်က ဇင်သည် မောင့်လက်များ မိမိပခုံးကို ထွေးဖက် လာမည့် အရေး မှ ရှောင်ပြေးခဲ့သည်။ တိတ်တခိုးအနမ်းကို ကာကွယ်ရန် ခေါင်းကိုငဲ့စောင်းထးမိသည်။
အမှန် ပြောရလျှင် သတိထားရလွန်းသည်နှင့် ရုပ်ရှင်ကိုပင် ဖြောင့်ဖြောင့်မကြည့်ခဲ့ရ။

စင်စစ် ၁၉၆၀ ၀န်းကျင်က သမီးရည်းစား တွေ့ဆုံမှုဆိုသည်မှာ အများအားဖြင့် ရှေ့ရေး နောင်ရေး ဆွေးနွေးရန် နှင့် အချစ်စစ် အချစ်မှန်ကို သာဓကပြရန်သာ ဖြစ်သည်။
မေမေ ရန်ကုန် သို့ လာသောအခါ မိမိမှာ ချစ်သူရှိနေပြီဖြစ်ကြောင်း ဖွင့်ပြောလိုက်သည်။
ကျောင်းပိတ်ရက် တစ်ရက်တွင် မောင့်ကို မြို့ခေါ်လာခဲ့သည်။ ဖေဖေမေမေတို့နှင့် တွေ့ပေးသည်။
ဖေဖေမေမေ တို့တွင် အထူးထွေပြောစရာမရှိပါ။ 'ရှမ်းကြိုက်နွားချော' ပင်။

မောင့်ကို မြို့မှာ တန်ခိုးကြီးဘုရားများသို့ လိုက်ပို့ပေးသည်။ စည်ကားသော အရမ်များသို့ လိုက်ပို့ပေးသည်။ သည်အခါ ဇင့်မှာတကယ်တမ်း ရည်းစားသနံရှိလာပြီဆိုခြင်းကို ၀န်ခံလာရသည်။
သည့်နောက်ပိုင်းတွင် မောင်နှင့်တွေ့ဆုံမှု စိပ်လာသည်။ နှစ်ဦးလုံးမှာပင် စိတ်ဆန္ဒများ ပြင်းပြ ထက်သန် လာသည့် အဖြစ်ကို တွေ့ရသည်။
မွေးနေ့တွင် ဇင့်အတွက် ရင်ထိုးကလေးကို မောင်ကိုယ်တိုင် ဇင်၏ရင်ဘယ်ဘက် ရင်အုံပေါ်မှာ ထိုးပေးစဉ် က မောင်၏လက်များတုန်နေသည်။ ထိုနေရာမှာ ဇင်၏အသည်း နှလုံးနှင့်အနီးကပ်ဆုံးနေရာ ဖြစ်သည်။

နောက်တော့ အပယိက အထိအတွေ့ ကလေးများကို ဇင်လိုက်လျောခွင့်ပြုခဲ့သည်။ ငြင်သာဖွဖွ အနမ်း ကလေးများကို ဇင်ကိုယ်တိုင် သာယာလာမိသည်။
ဇင်၏ ဒုတိယနှစ်ဝတ်အရောက်မှာ ဖေဖေဆုံးသည်။
ဇင်မြို့သို့ပြန်သောအခါ မောင်လိုက်ပါလာကာ ခုနှစ်ရက်လည်သည် အထိနေသည်။
ဇင်သည် ဖေဖေ့အကြောင်း၊ မေမေ့အကြောင်း၊ အိမ်အကြောင်းကို ယခုမှ ဇစ်ဇစ်မြစ်မြစ် သိခဲ့ရသည်။

ဖေဖေသည် နှစ်ပေါင်းမြောက်မြားစွာကတည်းက အရက်ကိုစွဲစွဲမြဲမြဲ သောက်ခဲ့သည်။ သို့သော်အခြား အရက်သမား တွေလို ဆူဆူပူပူမဟုတ်၊ ရမ်းရမ်းကားကားမဟုတ်။ အရက်သောက်ထားစဉ်တွင် ဖေဖေသည် ပို၍ငြိမ်သည်။ ထို့ကြောင့် ဖေဖေအရက်သောက် ခြင်းသည် ဇင်တို့အတွက် အကြောင်း မဟုတ်ခဲ့။ ပြဿနာ မဟုတ်ခဲ့။
သို့သော် ဖေဖေသေဆုံးရခြင်းမှာ အရက်စွဲစွဲမြဲမြဲ သောက်သောကြောင့် အသည်းမာပြီး သေရသည့်အဖြစ်က အကြောင်း ဖြစ်လာသည်။

ယခုတော့ မေမေသည် အသက်ငါးဆယ်ရှိလာပြီ ဖြစ်ပြီး လင်သေပြီဆိုသောအခါ လက်ရှိနေသော အိမ်နှင့် လက်ရှိဝတ်သောအ၀တ်အစားများသာ ရှိသည်။ ငွေပိုငွေလျှံဟူ၍ များများစားစားမကျန်ခဲ့။ ဖေဖေသည် အာမခံဌာနတွင် အလုပ်လုပ်သော်လည်း သူ၏အသက်ကို  အာမခံမထားရှိခဲ့။ နောင်ရေး အတွက် ဘာ အာမခံ မျှ လုပ်မထားခဲ့။
မေမေသည် စိတ်ဓာတ်ကျကာ ငို၍ချည်းနေသည်။ အစာစားရန် အ၀တ်လဲရန် ငြင်းဆန်နေသည်။

ဇင်က 'ဘာမှမပူပါနဲ့မေမေရယ်၊ အားလုံးအဆင်ပြေသွားမှာပါ' ဆိုသောအခါ မေမေသည် ဇင့်ကို နားမလည်နိုင်သလို၊ မယုံကြည်နိုင်သလို ကြည့်သည်။ ပြီးထပ်၍ ငိုပြန်သည်။ ဇင်ကိုယ်တိုင်လည်း မေမေ့ကို အားသာ ပေးနေရသည် ကိုယ့်သတ္တိကို ကိုယ်မယုံနိုင်ခဲ့။
'မေမေရယ်၊ ကျေးဇူးပြုပြီး မငိုပါနဲ့လား၊ အစစအရာရာ အဆင်ပြောသွားမှာပါ။ သမီးကတိပေးပါတယ် မေမေ။'
သည်အခါ မှပင် မေမေသည် သူ့မှာ အားကိုးအားထားရာ သမီးတစ်ယောက် ရှိသေးသည်ကို သတိရ ပုံပေါ်သည်။ အငိုတိတ်ခဲ့သည်။
ဇင် ဘာလုပ်မယ် စိတ်ကူးသလဲ ဟင်

မောင်က မေးလာသည်။
ဇင်အလုပ်တစ်ခုခု ထွက်လုပ်ရမှာပေါ့ မောင်။
ဇင်သည် ပထမဆုံး အကြိမ်အဖြစ် မိမိဘ၀ကို တွေးကာဝမ်းနည်းမိသည်။ တက္ကသိုလ် စာသင်ရက်များ နိဂုံးချုပ်ရတော့မှာလား။ မောင်နှင့် ခွဲရတော့မှာလား။ ဇင်သည် ၀မ်းနည်းလာကာ မောင့်ရင်ခွင်ကျယ်မှာ မျက်နှာအပ် ၍ ငိုသည်။ မောင့်ရှပ်အကျီင်္ စိုသည်အထိဖြစ်သည်။
မောင် က ဇင့်ကိုနှစ်သိမ့်မှုပေးသည်။

ဇင်ဘာအလုပ်မှ လုပ်စရာမလိုပါဘူး၊ ဇင်တို့သားအမိကို မောင်ပစ်မထားပါဘူး။
ထိုစဉ်က မျက်ရည်တွေအကြားမှ မြင်ရသော မောင့်အပြုံးသည် ဇင်အဖို့ အရွှန်းလက်ဆုံး ဖြစ်မည်ထင်သည်။
ဇင်မှာတွေး၍ ရလာသော အရာများရှိသည်။

ဖေဖေသည် စင်စစ် သူတစ်ကိုယ်တည်းအတွက်သာ ဂရုထားခဲ့သည်။ သူအသက်ရှင်နေစဉ် အတွင်းနေထိုင် စားသောက်သွားနိုင် ဖို့သာအာရုံစိုက်ခဲ့သည်။ မေမေနှင့် ဇင်၏ နောင်ရေးကို လျစ်လျူရှုခဲ့သည်။ ဥပက္ခာ ပြုခဲ့သည်။
ဇင်လက်ထပ်မည့် ယောက်ျားတစ်ယောက်သည် ဖေဖေ့လိုတစ်ကိုယ်ကောင်းဆံသော ယောက်ျား တစ်ယောက် မဖြစ်ပါစေနှင့် ဟုလည်းဆုတောင်းမိသည်။
ဒုတိယ နှစ်ဝတ် စာသင်ရက်များကို ဇင်စိတ်မ၀င်စားနိုင်တော့ပါ။ တက္ကသိုလ် ကျောင်းသူဘ၀၌ မပျော်ပိုက် နိုင်တော့ပါ။

ဆက်ရန်
.

3 comments:

Anonymous said...

ိအဖေသေတာ ဇနီးနဲ့သမီးအတွက် ဘာမှ ငွေကြေးဥစ္စာ ချန်မထားနိုင်ခဲ့လို့ဆိုပြီး အဖေကို တစ်ကိုယ်ကောင်းဆန်တယ်၊ သူ အသက်ရှင်တုန်း နေထိုင်စားသောက်သွားနိုင်ဖို့ကိုပဲ ဂရုစိုက်တယ်လို့ သမီးက မြင်တာတော့ မတရားဘူးထင်တယ်။ ကျွန်မလဲ သားသမီးပါပဲ။ မိဘ မဟုတ်ပါဘူး။
သမီးကို တက္ကသိုလ်ရောက်အောင် ထားပေးတယ်၊ မိသားစုကို သမ္မာအာဇီဝ ရှာကျွေးတယ် ဆိုကတည်းက တာဝန်ကျေတယ် ပြောရမှာပါ။ အိမ်ထောင်ရေးကိုလဲ ဘာမှမချုပ်ချယ်ခဲ့ဘူး။ ဒီလောက်ဆို ကျေနပ်ရောပေါ့။ သူလဲ ၅၀ လောက်နဲ့ သေမယ်လို့ ထင်မထားလို့ ဖြစ်မှာပေါ့။

သေတဲ့သူက သေတာတောင် ကိုယ် ငွေကုန်ခံ ကုသမပေးလိုက်နိုင်တာ၊ ပြန်ရှာမကျွေးလိုက်ရတာတွေကို မတွေးဘဲ ဘာမှ မထားခဲ့ရကောင်းလားလို့ အပြစ်မြင်တာတော့ လွန်တာပေါ့နော်။

ကိုဇော် said...

အခုမှ ပြန်စဖတ်ရပြန်ပြီဗျို့..
ဇာတ်လမ်းတွေကလည်း ပြန်ပြန်နွေးရပြန်တယ် ဟူး...

စော်ကြည်ဘဲ said...

အရမ်းကို Heart ထိရပါတယ်