Saturday, December 11, 2010

သဒိုး အပိုင်း (၁၂)

သဒိုး

ဒိုးကလေးက မူးလို့ဖြစ်ဖြစ် သွေးဆိုးလို့ဖြစ်ဖြစ် သားမယားကို ရိုက်ဟယ်နှက်ဟယ် ဆဲဟယ် ဆိုဟယ် မရှိ ပေမယ့် ပန်းညိုကတော့ လင်ကိုလူမိုက်လုပ်ပေါင်း နေရသလိုဖြစ်နေခဲ့တယ်။ ဘာပြောလိုက်မလဲ၊ ဘာလုပ် လိုက်မလဲ၊ ဘာကြံလိုက်မလဲပေါ့လေ။ ပန်းညိုက ပြောပြန်တော့လည်း ငြိမ်သွားတတ်ပြန်ပါရဲ့။ သည်စိတ်ကြမ်း တွေကြောင့် လူလည်းကြမ်းလာလိုက်တာ တစ်နေ့တခြား ရုပ်ကြီးဆိုးလှပြီ။ သျှောင်ဆိုရင် ဆံပင်တွေ ကျွတ်လွန်းလို့ ထင်ပါရဲ့။ ချည်စတွေ ပြေထွက်နေတဲ့ စောင်စုတ်နဲ့တောင် တူတော့တယ်။ မျက်နှာ က ဆိုတာ ဘယ်တုန်းကမှ မရွှင်ပျဘူး။ တစ်ခါတလေ လူစိတ်ပျောက်နေသလို ထိုင်မိထိုင်ရာ ငေးမိငေးရာ နဲ့ မထတော့ဘူး။ ရေရယ်မိုးရယ် မချိုးတော့ လူကလည်း သွေးနံအမဲနံ့တွေ ထောင်းထောင်းထ လို့။ ပန်းညိုကတော့ ဒိုးကလေးသည်လို ဖြစ်ရတာ သူ့ပယောဂ မကင်းဘူးရယ်လို့ ကရုဏာ နဲ့ သည်းခံရှာပါရဲ့။]

ဒိုးကလေးက သည်ဘက်လတွေထဲမှာ လူကြမ်းတောကြီးနဲ့ ပေါင်းမတော့ ပိုဆိုးကရော။ လူကြမ်း တောကြီး ဆိုတာက ကုက္ကိုကုန်းရွာသား၊ ဇာတ်တစ်ဇာတ်နဲ့ ပါသွားတဲ့လူ။ ဇာတ်ထဲ လူကြမ်းလုပ်ရာက ဘာဖြစ်တယ် မသိဘူး။ ရွာပြန်ကပ်တာ လေး, ငါး, ခြောက်လရှိပြီ။ အရပ်ဆိုင်မှာ တွေ့ကြရာက တောကြီးနဲ့ လုံးမိ သွားကြ တာပါ။ တောကြီးက အချိန်တန်ရင် အရက်ဆိုင်က စောင့်ရုံပဲ။ ပိုက်ဆံပါစရာ လည်းမလိုဘူး။ ဒိုကလေး ရွာမှာ ရှိလို့ ဆုံချင်လည်း ဆုံပေါ့၊ မဆုံတော့ လည်း စာရင်းမှတ်သောက်။ ဒိုးကလေးက အချိန်တန်ရင်ရှင်း ပေးတယ်။ ရွာကတော့ လူကြမ်းနဲ့ လက်ကြမ်း ခုမှပေါင်းမိတော့တယ်လို့ ပြောကြတယ်။ လူကြမ်းက တောကြီး၊ လက်ကြမ်းက ဒိုးကလေး။ သူတစ်ပါးအသက် ရက်ရက်စက်စက် သတ်တဲ့ လက်ပိုင်ရှင်လို့ ပြောတာပါ။

တစ်မနက်။ ဒိုးကလေး လူကြမ်းတောကြီးကို သွားခေါ်တယ်။ အရက်အတူသောက်ကြတယ်။ မူးကြပြီဆိုတော့ ဒိုးကလေး က သူကြားထားတဲ့ သတင်းပြောပြတယ်။ တောကြီးက ဇာတ်ထဲ တုန်းက လူကြမ်းမျက်နှာပေးနဲ့ ဒိုးကလေး ကို ကြည့်နေတယ်။ ဒိုးကလေး ဘာဖြစ်ချင်သလဲ ဖြစ်တယ် ဆိုတဲ့ပုံနဲ့ နားထောင်နေတာပါ။ တောကြီး က ဇာတ်ထဲမှာ လူကြမ်းသရုပ်ဆောင် လုပ်လာလို့သာ၊ အပြင်မှာ တကယ့်လူဆိုးဆူကြမ်းကြီးမှ မဟုတ် တာပဲ။ အရက်စွဲလာလို့ အရက် သောက်တာပဲ ရှိတာပါ။ ဒါပေမယ့် တောကြီးမှာ အရက်ကို မခွာ နိုင်တော့ ဒိုးကလေးကို မခွာနိုင်ဘူး။ ဒိုးကလေးကို မခွာနိုင်တော့ ဒိုးကလေးစကားကိုလည်း မပယ်ရှားဝံ့ဘူး။ ဒိုးကလေး လည်း ကျွဲပေါ် နွားပေါ်သာ ရဲတာ လူလူချင်း လှန့်ဖို့များကတော့ မစွမ်းပြန်ဘူး။

"သည်စကား နှစ်ယောက်တည်းသိပစီ...... ငါပြောမယ် တောကြီး .... တို့ရွာတွေဘက်ကို ရေစာ မိုးစာ စားကျက် ရှာတဲ့ နအုပ် ကျလာဖို့ရှိတယ်...... တို့ရွာတွေတော့ မဖြတ်လောက်  ဘူးပေါ့ကွာ..... ရွာ့အနေက် ဒေါ်လှလေး အခင်းဘက်ကနေ တောင်ရွာခြေကို ဖြတ်ကြမှာ..... တောင်ရွာခြေကမှ ကျီးအာချောက်ဖက် အဲသည် ကမှ ရွာတွေကို အပြင်ကပန်းပြီး မြစ်ရိုး ရွာတွေဘက် သွားကြမှာတဲ့ မြစ်ရိုးရွာတွေဘက်က မြက်စို ကွင်း တွေဆီပေါ့ကွာ....."

"အဲသာ ကျုပ်က ဘာလုပ်ရမှာတုန်း မြက်စိုလိုက် ရိတ်ရမှာလား..... ကိုရင်ဒိုးစကား ကျုပ်နားမရှင်း ပါဘူး......."
"မင့်အမေလင် မြက်စိုလိုက်ရိတ်ရမှာလား....... ဒါနဲ့ များဇာတ်ထဲ လူကြမ်းလုပ်ခဲ့သယ် ပြောသေး........ မင်းအချိုး နဲ့ ဇာတ်ခုံပေါ် တက်ခဲ့ရမယ်တောင် မထင်ဘူး ကားဆွဲနဲ့ ပြန်လာခဲ့ ပုံပါကွာ....."
"လူကြမ်း အစစ်ပါဗျာ ကဲပြောပါဦး ကိုရင်ဒိုးစကား......"

"သည်လိုကွ......." ဒိုးကလေးအကြံ တစ်သက်လုံး မကြံစည်ခဲ့ဖူးတဲ့  အကြံပါ။ သူတို့ရွာတွေက အခြောက် ရွာတွေ။ မိုးခေါင် ရေရှားရွာတွေ။ သောက်ရေတွင်း နှစ်တွင်းလောက်နဲ့ပြီးရတဲ့ ရွာတွေ။ စိုက်ထာပျိုးတာ ကလည်း မိုးနဲ့နှင်းနဲ့ အဆင်ပြေမှဖြစ်တယ်။ ဘယ်ဘက်ကမှ ရေရယ်လို့ ဆင်းလာစရာ မရှိဘူး။ မြစ်ရိုးရွာ တွေကျတော့ ရေမြောင်းတွေနဲ့ စက်တွေနဲ့ ရေတင်နိုင်ကြတယ်။ မြစ်ရေဓာတ်နဲ့ သစ်ခင်းစိမ်းစိမ်းတွေ ပေါတယ်။ မြက်စိုကွင်းတွေ ပေါတယ်။ အဲသလိုရွာတွေကို "အစွတ်ရွာ"တွေ ခေါ်ကြတာပါ။ "အခြောက်" ရွာတွေက မစွတ်ရွာတွေဘက်ကို နွားစာရှားပါးတဲ့အခါ အုပ်လိုက် မောင်းလာတတ်ကြတယ်။ သည်ရက်ထဲ နအုပ် ကျတော့မယ်ဆိုတိာု ဒိုးကလေးက ကြားနှင့်ပြီ။

နွားအကောင် လေးငါးခြောက်ဆယ်အုပ်ကို လူဆယ်ယောက်လောက်က စားအိုး စားခွက်နဲ့ လာကျောင်း ကြတာ ဆိုတော့ နွားတစ်ကောင် ချိုချိုချောင်ချောင် ဖမ်းထားချင်လို့ မဖြစ်နိုင် ဘူး။ သည်တော့ လမ်းက ဆီးပြီး နွားတစ်ကောင် နှစ်ကောင်ရနိုင်တဲ့ နည်းရှိတဲ့အကြောင်း ပြောပြတယ်။ ဒါကို ဒိုးကလေးက ရှင်း ပြတော့ တောကြီး လန့်သွားတယ်။ ဘယ့်နှယ့် နွားအုပ်ထဲက နွားတစ်ကောင်ကို ထန်းလျက်ဖိုက ထန်းလျက်ခဲ တစ်ခဲ လို တောင်းယူလို့ ရနိုင်ပါ့မလား။ ပြီးတော့ ဟိုကလူလေးငါး ဆယ်ယောက်ပါတာ။ လက်နက် ရယ် ဘာရယ် မပါဘူးလည်း မပြောနိုင်ဘူး။ ဒါကို ဒိုးကလေးက လွယ်လွယ်ကလေး ပြောနေတော့ လူကြမ်း တော်ကြီးက ကန့်ကွက်တယ်။

"မဟုတ်သာ ကိုရင်ဒိုးရာ..... ဟိုက တစ်အုပ် တစ်မကြီး..... ကျုပ်တို့နှစ်ယောက်က နွားတစ်ကောင် လုထားချင်လို့ ဘယ်နိုင်ပါ့မလဲ.... မလုပ်စမ်းပါနဲ့ဗျာ..... တစ်ခြားရွာကနွား ညဘက်သွားခိုးသာမျိုးက ဖြစ်နိုင် သေးတယ်"
ဒိုးကလေး က ထွီခနဲ တံတွေးတစ်ချက် ထွေးတယ်။ ညံ့လိုက်တဲ့ကောင်။ လူဆယ်ယောက် ဓားဆယ်လက်နဲ့ နွားအုပ်မ,  လာတဲ့လူတွေကို နွားတစ်ကောင်ကို ဓားပြတိုက်ယူလို့ ဘယ်ရ နိုင်ပါ့မလဲ။ နှစ်လောင်းပြိုင် တောင် သတ်သွားကြလိမ့်မယ်။ ဒိုးကလေးနည်းက အဲသလိုမဟုတ်ဘူး။ ခုတလော သူ့ကိုယ်သူ သတိထား မိတဲ့ အချက်တစ်ချက်ကို အသုံးချချင်တာ။ ဒိုးကလေးကို နွားတွေကြောက်တာကို အသုံးချချင်တာ။ ဟိုတစ်ရက် က ဖြစ်ပြီးပြီ။ ညနေခင်း နွားသိမ်းပြီး ပြန်လာ တဲ့နွားကျောင်းသားတွေနဲ့ ရွာစည်းရိုးဝ ဆုံကြတော့ ဒိုးကလေးကို မြင်တာနဲ့ နွားတစ်အုပ် ရှူးရှူး ရှားရှား ဖြစ်ကုန်ကြတယ်။ ရွာဆူးစည်းရိုးကို နောက်ပြန် တိုးကြတယ်။ ဒိုးကလေးရပ်နေလို့ ရှေ့ဆက်မတိုးကြဘဲ နအုပ်ကြီး ဖရိုဖရဲ ဖြစ်သွားလိုက်ပုံများ။ အရင် က သူ့ကိုကြောက်ကြရပါ့မလား ဆိုတာကို မကြိုက်ခဲ့ဘူး။

ခွာရှပ်ရပါ့မလား၊ နှာမှုတ်ရပါ့မလားရယ်လို့ ဒေါသတွေဖြစ်ရတယ်။ အော်ရပါ့မလား၊ ကလန်ရပါ့မလားဆိုပြီး မခံချင် ဖြစ်လိုက်ရတာလေ။ အခုတော့ နွားတွေသူ့ကို ကြောက်တာကိုပဲ အသုံးချရမယ်လို့ တွေးထားပြီးပြီ။

"ငါက နွားတွေဝင်လုရမယ် မပြောပေါင်ကွာ..... နအုပ်ကြီး မောင်းလာတာနဲ့ ငါက နအုပ်ရှေကကနေ လူလုံးပြမယ်.... နွားတွေက ငါ့ဆို သိပ်ကြောက်ကြသာကွ........ မယုံမရှိနဲ့၊ နွားတွေငါ့မြင်လို့ လန့်ပြေစရင် နွားသမား တွေ တစ်ကောင်ချင်လို့စုဖို့ မဖြစ်နိုင်တော့ဘူး... အဲသည်မှာမင်းဘက် ပြးလာတဲ့ နွား တစ်ကောင်စ နှစ်ကောင်စကို မင်းကလျှိုဘက်အပြင်းမောင်း သွားရုံပဲ"
"ကုက္ကိုကုန်း က နွားတွေကတော့ ကိုရင်ဒိုးကို ကြောက်ကြမှာပေါ့ဗျ..... တစ်ခြားရွာက နွားတွေက ဘယ်နှယ် လုပ်ကြောက်ကြမှာတုန်း.......... မဟုတ်သာ.... ကျုပ်သိသလောက်တော့ နွားသမား တွေက နအုပ်ကို အလွတ် မောင်းကြသာမှုတ်ဘူး ...... ဆယ်ကောင်တွဲ ငါးကောင်တွဲ ကြိုးနဲ့ တွဲလာ ကြသာရယ်....... ဘယ်နှယ် လုပ်ပြီး ကျုပ်ဘက်အတွဲလိုက်ကြီး ပြေးလာမှာတုန်း"
"ခက်ပါ့ကွာ...... အလုပ်မလုပ်ရသေးဘူး...... ညည်းသာက အရင်ပါလားတောကြီးရာ....... ဘယ်နွားဖြစ်ဖြစ် ငါ့ကို ကြောက်သယ် ဆိုသာ မင်းမြင်စိရမယ်........ မင်းတစ်နေရာမှာ ပုန်းနေ လန့်ပြေးလာတဲ့နွား လျှိုဘက် ကိုရောက်အောင်ချောက်ထုတ်....... အဲသာမင်းတာဝန်ပဲ"

"ကိုင်းလုပ်ဗျာ"
ဒိုးကလေး တွက်ထားတဲ့အတိုင်းပဲ မွန်းတိမ်းနှစ်ချက်တီးလောက်မှာ နွားအုပ်ကြီး မောင်းလာတာကို သစ်ပင်ပေါ် တက်ကြည့်တဲ့ တော်ကြီးက မြင်ရပြီ။ ဝေးပေမယ့် ဖုန်တွေတလုံးလုံးကို မြင်ရတာဆို တော့နွားအုပ်ကလွဲလို့ တစ်ခြားမဖြစ်နိုင်ဘူး။ တောကြီးက သစ်ပင်ပေါ်ကဆင်းလာပြီး ဒိုးကလေး ကို ပြောပြတယ်။ ဒိုးကလေးက သူစုံစမ်းထားတဲ့ နွားလမ်းကြောင်းဘက် ရောက်အောင် ခပ်သုတ် သုတ်လျှောက်တယ်။ တော်ကြီးက နောက်က။ ရွာပြင်ဆိုတော့ သူတို့နှစ်ယောက် ဘယ်သူမှ သတိမထားမိကြဘူး။

"ဒေါ်လှလေး အခင်းဘက်ကနေ ကျီးအာချောက်ဘက် မောင်းကြမှာကွ........ ခရီးက လှမ်းသေး သယ် မြန်မြန် လာပါကွ.... နအုပ်က ကျော်သွားမှာ စိုးသာ....... ဟိုဘက်ရွာခြေ ကပ်သွားရင် လွဲ ကုန်တော့မယ်....."

ဒိုးလေး သူကိုယ်တိုင်လည်း ဇောနဲ့ ပြေးလေရဲ့။ ငုတ်စူးစူး၊ ခယောင်းစူးစူးရှေ့က သုတ်ခြေတင် နေတဲ့ ဒိုးကလေး ကို တောကြီးက လိုက်မမီဘူး။ တောကြီးက သည်အလုပ်မျိုးလည်း မလုပ်ချင် ပါဘူး။ အလကား နေရင်း ပြဿနာ တွေရှိလာနိုင်တယ်။. တုန်တပြက် ဓားတပြက် ဖြစ်လာနိုင်တယ်။ တစ်ဖက် နွားအုပ် ဆိုတာလည်း မရိုးမသားလုပ်လာကြတာမဟုတ်ဘူး။ နွားစာရှားပါးချိန် သည်လိုပဲ မြက်စိုကွင်းတွေဘက် လွှတ်ကျောင်း ကြလေ့ရှိတာကိုး။ သူတို့က မရိုးမသားလုပ်လာလို့ ကိုယ်ကလုယူ ရတယ်ဆိုရင်ထားတော့။ အခုက ပြောင်လုပ်ရမယ် ကိစ္စဖြစ်နေပြီ။ ပြီးတော့ ဒိုးကလေးက ပြောသလောက်လွယ်ပါ့မလား။ နွားတွေက သူ့ကို ကြောက်ကြတယ် ဆိုတာကကော ဟုတ်ပ့ါမလား။ နဆိုးနကပ် (နွားဆိုး နွားကပ်) အနည်းအကျဉ်းက လွဲလို့ လူနဲ့နွားဆိုတာ တော်မှာ မိဘနဲ့ သားသမီးလိုရှိကြတာချည်းပဲ။ တော်ကြီးက ဒိုးကလေးနောက်က တရွတ်ဆွဲ လိုက်ရင်း တွေးနေမိတာပါ။ ဒါပေသိ ဒိုးကလေးကို မလွန်ဆန်ဝံ့ဘူး။ အာမခံဝံ့ဘူး။

"လာပါဟ..........နှေးလိုက်သဲ့ကောင်ကွာ.... နှစ်ကေင်ရ တစ်ကောင်စီပါကွ..... ငါမတရား မလုပ်ပါဘူး....."
"ခင်ဗျားနွားက ရဦးမှကိုးဗျ.....ခင်ဗျားပြောသလောက်တော့ လွယ်အံမထင်ပါဘူး"
"ပါးစပ်ပုတ်ကြီးနဲ့ကွာ မင်္ဂလာရှိသာပြောပါကွ........ မင်းဟာက"
"အကုသိုလ် အလုပ်များ မင်္ဂလာလိုသေးလို့လားဗျာ.. ကိုးရင်ဒိုးနှယ်"

ဒိုးကလေးကတော့ မိုက်တွင်းကို နက်သထက် နက်အောင်တူးနေသလိုပါပဲ။ ခြေလှမ်းကို သွက်လိုက်တာမှ။ နှစ်ယောက်သား လာလိုက်ကြတာ နွားအုပ်လမ်းကြောပေါ် ကြိုရောက် ကြပြီ။ မောရတဲ့ကြားထဲ တော်ကြီးက သစ်ပင်ပေါ်တက်ကြည့် ရသေးတာပါ။ ဟုတ်ပါ့။ နအုပ်ကြီးလာနေ တာအဝေးကြီးမှာ မြင်နေရပြီ။ သေချာပြီဆိုတော့မှ ဒိုးကလေးက သူ့လွယ်အိတ်စုတ်ထဲက ငှက်ပျောဖူးပုလင်းနှစ်လုံး ထုတ်တယ်။ အရက် နှစ်လုံး။ တစ်လုံးသူသောက်တယ်။ တစ်လုံးကို တောကြီးပေးတယ်။ သည်တော့မှ တော်ကြီးက သူ့ဆရာကို အထင်ကြီး တော့တာပါ။

"အလုပ်လုပ်သာတော့ စနစ်ကျပါ့ဗျာ....."
"ခွေးကောင်...... အရက်တွေ့တော့တစ်မျိုး"
အဲသည်နေ့က ညနေငါးနားရီလောက်မှ နအုပ်ကြီးဖြတ်တယ်။ နအုပ်ကြီးရဲ့ ရှေ့မှာ ဓားထမ်းလူသုံး ယောက်။ ဘေးမှာ တစ်ဖက်တစ်ယောက်စီ။ နောက်မှာနှစ်ယောက်။ အားလုံးခုနစ်ယောက်။ နွားတွေက ကြိုးနဲ့ တွဲတာတွေလည်း ပါတယ်။ အလွတ်တွေလည်း ပါတယ်။ တော်ကြီး က လျှိုဘက်မောင်းလို့ရမယ့် နေရာရောက် လို့ ဒိုးကလေးနဲ့ တစ်နေရာစီပါ။ ဒိုးကလေးက နအုပ်ကြီး နီးလာတော့ သစ်ပင်ကွယ် အသာကပ် နေလေရဲ့။ နွားခြေသံတွေ၊ နွားငေါက်သံတွေ။ ခလောက်သံ တွေ၊ ခြုံတိုးသံတွေ။

လူခုနစ်ယောက်ရံထား တဲ့နအုပ်ကြီးက ရှေ့မှာ လူတစ်ယောက်ပေါ်လာပြီး ကြောက်စရာကောင်းတဲ့ အသံကြီးနဲ့ အော်လိမ့်မယ် ထင်မထားကြတော့ အုပ်မပျက် တဝေါဝေါ တိုးဖြတ်နေကြတာပါ။ ဒိုးကလေးက နအုပ်ကြီးရှေ့ ထွက်ရပ်လိုက်ပြီး အသံနက်ကြီးနဲ့လည်း အော်လိုက်ရော ရှေ့က လူသုံးယောက် အပါအ၀င် နွားသမားတွေ ကြောင်သွားကြတယ်။ သျှောင် ပွဘုတ်သိုက်နဲ့ မျက်နှာကြမ်းကြမ်း လူတစ်ယောက် သည်နေရာမှာ ဘွားခနဲ ပေါ်လာလိမ့်မယ် မထင်တော့ လန့်လည်းလန့် သွားကြတယ်။ နွားသမားတွေက ဒိုးကလေးကို ကြည့်နေကြပြီး ဒိုးကလေးက နွားတွေကို အကဲခတ်နေတာပါ။ နွားတွေက ကျားတစ်ကောင် ချက်ချင်းကြီး ရောက်လာသလို ဒရွတ်ဆွဲ ကုန်ကြတယ်။ ကျားနဲကတွေရတဲ့ သမင်ဒရယ်တွေလို တွန့်ဆုတ် သွား ကြတာများ အချင်းချင်း တိုးမိထပ်မိရာက နွားအော်သံတွေ ပွက်ပွက်ရိုက်ပြီး ဖုန်းတွေ လုံးထကုန် တော့တာပါပဲ။

နွားတွေ မပြေးစေနဲ့ဟေ့..... နောက်ကနွားတွေကို ဂရုစိုက်... ပြေးမယ့်နွား ရိုက်သွင်း.... နွားပြေး ရင် မလွယ်ဘူး....... ငတိုးနဲ့ ငဖေဘေးနှစ်ဖက် သွားကူကြစမ်း
နွားသမား ခေါင်းဆောင်က အခြေအနေကို ချက်ချင်းထိန်းလိုက်တယ်။ တကယ်တော့ အထိန်း ကောင်းလို့ရယ် မဟုတ်ပါဘူး။ နွားတွေကိုယ်က ရှေ့ကို မတိုးဝံ့ကြဘဲ နောက်ကိုပဲယို့ပြီး ဆုတ်နေကြ တာပါ။ နောက်ကနွားတွေက ပေရပ်နေကြတော့ ဆုတ်လာတဲ့ နွားတွေနဲ့ တိုက်ပြီး  လဲကြ ပြိုကြ၊ အကောင်ချင်းထပ်ကြ၊ ဘူးဘဲအော်ကြ။ တချို့ နွားတွေက အကောင်ချင်း တွဲထားတော့ တောင်ရုန်း မြောက်ရုန်း နဲ့ ၀ရုန်းသုန်းကား ဖြစ်နေကြတယ်။ ဒိုးကလေးက နွားတွေ ကစဥ့်ကလျား ပြောမယ်ထင်တယ်၊ မပြေးတော့ နွားတွေကြောက်လောက်တဲ့ အသံနဲ့ ထပ်အောင် ပြန်ရော။ သည်တစ်ခါမှာတော့ နွားသမား ခေါင်းဆောင်က ပြေးလာပြီး ဒိုးကလေးကို ဆောင့်ကန် လိုက်တယ်။ ဒိုးကလေး ပစ်လဲသွားတော့မှ ရင်ပတ်ပေါ် ဓားထောက်ပြီး ကြိမ်းတယ်။

"ဘာလုပ်တာလဲ အရူး.... နွးတွေ လန့်ကုန်ပြီ.... ခင်ဗျား ဘယ်ရွာက တုန်း"
"ကုက္ကိုကုန်းက ဒိုးကလေးဆိုသာ ငါပဲ......"
"ဒိုးကလေးမကလို့ ဂုံညင်းဒိုးဖြစ်ဖြစ် နှစ်ပိုင်းပိုင်းပစ်ခဲ့မယ်......ဘာမှတ်နေတုန်း"
ဒိုးကလေးကို အရူးထင်လို့နဲ့ တူပါတယ်။ ဓားကိုပြန်ရုတ်တယ်။ နအုပ်ကို ဆက်မောင်းဖို့ ပြင်တော့ ဒိုးကလေးကလည်း မြေပေါ်လဲနေရာက လူးလဲထတယ်။ သည်မှာတင် နအုပ်ထဲက နသိုး တစ်ကောင်က ဒိုးကလေးကို ၀င်ခွေ့တော့တာပဲ။ နွားခွေ့တာနဲ့ ဒိုးကလေးလည်း မြေပေါ် ထပ်လဲသွားပြန်တယ်။ တော်သေးရဲ့။ နွားသမားတွေက သူ့ကိုနွားပြန်ထိန်းလိုက်နိုင်လို့။ ဒါပေမယ့် ဒိုးကလေးနံဘေး အောင့်သွား လို့တာ အော်တောင် မအော်နိုင်ဘူး။ နအုပ်သူ့ကို ကျော်သွားတာ ငေးရင်း ကျန်ရစ်ခဲ့တယ်။

လူကြမ်းတောကြီးကတော့ သူ့ဘက် ရောက်လာလိမ့်မယ်ဆိုတဲ့ နွားတစ်ကောင် နှစ်ကောင်ကို မျှော်လိုက်တာ။ ကောင်ကင်မှာ ကြယ်တွေတောင် ထွက်ကရော နမြီးတောင် မမြင်ရဘူး။ ဒါနဲ့ ဒိုးကလေးရှိတဲ့ လှည်း လမ်းကြောင်း လိုက်သွားတော့ ဒိုးကလေးကို မြေပေါ် ပက်လက်လဲနေတာ တွေ့ရတာပဲ။ ဒိုးကလေးကို ထူပြီး ရွာအရောက်ပြန်ခဲ့ရတယ်။ တော်ကြီးကတော့ အလုပ်မဖြစ်လိုက် တာကိုပဲ ၀မ်းသာနေတာပါ။ အရက်ဆိုင်ရောက်တော့ နဘေးအောင့်နေတဲ့ ကြားက ဒိုးကလေးက တောက် ခေါက်တယ်။

"တောက်.... တစ်ချက်လွဲသွားသကွာ...... နာချက်ကတော့ ....... ငါကနွားတွေကစဥ့်ကလျား ပြေးထွက်ကုန်ကြမယ် မှတ်သာ .... ကြောက်ပြီး ယို့သွားကြပမယ့် နထိန်းကောင်းတော့ နတပ်မ ပျက်ပေါင်ကွာ"
"ကျုပ်ကလည်း တစောင့်စောင့်နဲ့........ ပြေးလာလို့ကတော့ လျှိုထဲ ဆွဲချပြီမှတ်........."
"ခွေးကောင်....... တယ်အပြောကောင်း..... ကိုင်း......... သောက်ဟဲ့...... မျိုဟဲ့"
အရက်ဆိုင်က ပြန်ကြတော့ ရွာလမ်းက မှောင်မည်းလို့။ လူ့အကုသိုလ် အမှောင်တွေဆိုတော့ ညအမှောင် ထဲမှာ လမ်းမမှားဘူး။ ဖြောင့်လို့။

အခုတလော ဒိုးကလေးကို သားထိုးဖို့ခေါ်ကြတာ ကျဲသွားတယ်။ သဒိုးလုပ်သူက အိမ်မှာ ဓားတစ်ထုပ်နဲ့ စောင့်နေတာမျိုး မရှိတော့၊ အလုပ်အပ်ချင်သူက ရွားရိုးကိုးပေါက် ရှာနေရတာကို စိတ်ပျက်လာကြတယ်။ အရက်ဆိုင်လိုက်သွားတော့လည်း ဒိုးကလေးက မူးနေတာ စိုက်ထိုး နေပြီကိုး။ ခေါင်းမထူနိုင်တော့ဘူး။ တော်ရုံ မလိုက်နိုင်တော့ဘူး။ ကုက္ကိုကုန်းအထိ လာပြီး သဒိုး ရှာရတာကို သိပ်မလုပ်ချင်ကြတော့ဘူး။ ဒိုးကလေးတွေဖို့က မသေချာတော့ဘူးကိုး။

ဒိုးကလေးကတော့ ၀ါသနာကို စွန့်တာမဟုတ်ဘူး။ လိုက်မြဲပါပဲ။ လိုက်ဖြစ်လို့ကတော့ သူ့အလုပ်သူ သပ်သပ်ယပ်ယပ် လုပ်နိုင်ပါရဲ့။ ဆိုးတာက လူကဂနာမငြိမ်တော့တာ။ ဟိုးတုန်းက များ မနက်မိုးလင်းရင် ဓားတွေ သွေးပြီး လှည်းခေါ်လူခေါ်စောင့်နေတာများတာကိုး။ ဒိုးကလေး, ဒိုးကလေးနဲ့ လျှမ်းလျှမ်းတောက် ပေါ့။ ခုတော့ အရက်ကလူကို စီးမိသွားပြီ။ အင်္ကျိတောင် မကပ်တော့ပါဘူး။ သျှောင်ပွကြီးနဲ့ တင်းတိပ် သမင်ကွက်တွေနဲ့၊ ချွေးနံ့ သွေးခြောက်နံ့တွေ အရူးကြီးလို လျှောက်သွားနေတာများပြီ။ အိမ်ထောင့် တာဝန် လည်း ပူစရာမရှိဘူး။ မိဘလက်ထက် ကမြေကလေး ယားကလေး ကျန်တာကိုပန်းညိုက ဖိဖိစိးစီး လုပ်နိုင်လေတော့ အဆင်ပြေနေတာ ပေါ့။ ဒိုးကလေးကတော့ မိဘလက်ထက်တုန်းက အိမ်က ပိုက်ဆံ နှိုက်ပြီး မြိုင်လှလက်ဖက် ရည်ဆိုင် သွားထိုင်တာနဲ့ အခုအိမ်က ပိုက်ဆံနှိုက်ပြီး အရက်ဆိုင်သွားထိုင် တာပဲ ကွာတယ်။ လူကြမ်းတောကြီးက လက်စွဲတော်။

"ကိုရင် ဒိုးကလူသာရူးသာ....... ဘုန်းမရူးဘူးဗျ.... ဒါကြောင့် ကျုပ်က ဆရာတင်သာ......"
"မင်းအမေ့လင် လူရူးရမလားကွ...... လူမရူးလို့ ဘုန်းမရူးသာပေါ့.... နေပါဦး..... မင်းကဇာတ်ထဲ ပြန် လိုက်တော့မလို့ဆို"
"ဟုတ်သယ်.... သည်အတိုင်းနေလို့ ဘယ်ဖြစ်မှာတုန်းဗျာ.... ကိုရင်ဒိုး က မိုက်မယ်ဆို မိုက်ဖြစ် သယ်ကျုပ်က ကိုရင်ဒိုး တု မိုက် လို့ ဘယ်ဖြစ်မှာတုန်း....... ရှေ့ရေးကရှိသေးတာ"
"လုပ်ပြန်ပြီ...... မိုက်မယ်ဆို မိုက်ဖြစ်သယ်ဆိုသာ ဘာစကားတုန်း....... မင်းကဘယ်တော့ သွားမှတုန်းကွ"

"မြိုင်လှ က နဒုန်းပွဲပြီးမှပါဗျာ...... နဒုန်းပွဲကြည့်ချင်သေးသဗျ"
"နဒုန်းပွဲ....... ဘယ်တေ့လဲဟ......... ငါဖြင့် ကြားမိပေါင်ကွာ"
"လပြည့်ကျော်ရက်တွေထဲ ပြောသာပဲ......."

ဒိုးကလေး မျက်လုံးတွေ မှေးစင်းသွားတယ်။ နဒုန်းပွဲ။ နွားလှည်းဒုန်းမောင်း ပြိုင်ကြတာကို သည်နယ်မှာ နဒုန်းပွဲခေါ်ကြတယ်။ လှည်ကြမ်းပြိုင်ကြတာကို သည်နယ်မှာ နဒုန်းပွဲခေါ်ကြတယ်။ လှည်းကြမ်းပြိုင်ပွဲ ရှိသလို လှည်းယဉ်ပြိုင်ပွဲလည်း ရှိတယ်။ မြိုင်လှအပါအ၀င် ရွာဆယ်ရွာ စလုံးက တစ်ရွာလှည်းလေး, ငါးစီးအနည်းဆုံး ပြိုင်ကြတာဆိုတော့ အင်မတန်စည်ကားတဲ့ပွဲပေါ့။ မလုပ်တာ လေး ငါးနှစ်ရှိပါပြီ။ သည်နှစ်မှ စလုပ်တာဆိုတော့ စည်ဦးမှာပဲလို့ တွေတယ်။ နဒုန်းပွဲဆိုပေသိ နပွဲဈေးလို့လည်း ပြောနုင်ပါရဲ့။ အရွာရွာက နွားတွေ မြိုင်လှနဒုန်းပွဲရက် လာစုကြတာပဲ။ ရောင်းချင် သူကလည်း ဆွဲလာတာပဲ။ အလဲအထပ် လုပ်ချင်သူကလည်း ဆွဲလာတာပဲ။ နအိုထုတ်ချင်တော့ လည်းဖြစ်တယ်။ နပျိုဝယ်ချင်တော့လည်း ဖြစ်တယ်။ နပိုက် (နွားပိုက်) ကလေးတွေတောင် ရနိုင်သေး။ ထမ်းပိုင်းတင်တွေလည်း ရွေးရုံပါ။ နဒုန်းပွဲက နွားပြပွဲကြီး ဆိုပါတော့။

ဆက်ရန်
.

No comments: