Thursday, December 16, 2010

ပဆစ်အိမ် အပိုင်း (၉)

စိတ်ကောက်လျက် ရှိသည်။ သို့ဖြင့် ငိုသံမစဲအောင် ရှိနေသည်။
နို့က ပြတ်ခဲ့ပြီဖြစ်သော်လည်း ဥမ္မာသည် နို့ဘူးကိုကား စို့တုန်းစို့ဆဲ ရှိသည်။ အစဦးက အကျင့် မလုပ် ခဲ့ သော်လည်း ကလေးနီးလှ၍ နို့ဘူးကို အစားထိုး သောက်သုံးစေခဲ့ရသည်။
မေမေ၏ အခြေအနေမှာ သည်အိမ်တွင် ဆက်နေရလျှင် သက်ဇိုးရှည်စရာ မမြင်။ လေ အရှူရ ကျပ်သည်။ ပြီး … လေက အောက်သိုး စိုထိုင်းနေတတ်သည်။

တစ်ခါတစ်ရံတွင် မေမေသည် သုံးထပ်လှေကာုးကို ပြေးဆင်းပြီးအနီးရှိ ပန်းခြံသိ့ သွားကာ လေရှူရ သည်။ ထိုအခါတွင် မှ သက်သောင့်သက်သာ ရှိရာတော့သည်။
ဇင် သား ကို မွေးဖွားပြီး တစ်လကြာသောအခါ မေမေမြို့သို့ ပြန်ပြေးလေတော့သည်။
ဇင် သည် ကလေးနှစ်ယောက်နှင့် ဂျင်ဂျီလည်ရပြန်တော့သည်။

မောင်ကတော့ ခပ်ပေါ့ပေါ့ပင် ပြောသည်။
"ဇင်တစ်ယောက်တည်း မနိုင်ရင် အိမ်ဖော်ငှားပေါ" တဲ့။
ဒီတော့ ဇင်က  ခပ်ရိုင်းရိုင်းပင် ပြန်ပြောမိသည်။
"ဘယ်မလဲ အိမ်ဖော်ငှားဖို့ ရှင့် x x ဆံ"
ယခုအချိန်တွင် ကလေးနှစ်ယောက်တာဝန်၊ ကြီးမားသော အိမ်လခ၊ မောင့်အရက်ဖိုးနှင့် တစ်လ တစ်လ လခ ထုတ်ချိန်တွင် ဇင်မှာ ခေါင်းဖြူမတတ် ကြံရဖန်ရသည်။
တစ်ခါတစ်ရံ မေမေ့ထံမှပင် ဆွဲသုံးရသည်။
ထားပါ။

အိမ်ဖော် မငှားနိုင်ဘူးပဲ ထားပါ။ အကယ်၍ မောင့်အကူအညီသာရမည်ဆိုလျှင် ဇင် မမှုပါဘူး။
အ၀တ်လျှော်ဖို့အတွက် တော်ရုံတန်ရုံ အိမ်မှုကိစ္စတွေ လုပ်ဖို့အတွက်တော့ တစ်ပတ်မှာ သုံးခါ လောက် ရောက်လာသည့် အမျိုးသမီးတစ်ယောက် ရှိသည်။ သူ့ကို အ၀တ်အရေအတွက်နှင့် အပ်ကာ ငွေချေရသည်။ ရှပ်အင်္ကျီ က အစ လက်သုတ်ပုဝါအထိ တစ်ထည် တစ်မတ်။ အ၀တ် ဟောင်း ကလေးတွေပေးကာ၊ ထမင်း ချော့ကျွေး ကာ အိုးတိုက်ခိုင်းရသည်။ ကြမ်းတိုက်ခိုင်းရသည်။
ပြဿနာ က ညပိုင်းကိစ္စ ဖြစ်သည်။

ဥမ္မာ၏ နို့ဘူးပြဿနာ ဖြစ်သည်။
ဇင်သည် ညညများတွင် အိပ်စက်ရသည်ပင် မထင်မိချေ။ ညအခါ အိပ်ရေးပျက်သဖြင့် နေ့ခင်း ဘက်တွင် အစားထိုးအိပ်မည် ကြံသော်လည်း ဗာဟီရကိစ္စနှင့် အိပ်ဖြစ်သည် မရှိ။
တစ်ခါတစ်ရံ ညလုံးပေါက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်စမ်းပါဘိဟု ဆုတောင်းမိသည်မှာပင် အကြိမ်ကြိမ်။
သည်အချိန်မျိုး မှာ မောင်ကတော့ ဈာန်ကလေးဝင်ကာ တခေါခေါနှင့်ပေါ့။

မတတ်သာ၍ နှိုးသည့်အခါမျိုးတွင်လည်း တအင်းအင်း တအဲအဲ ညည်းညူပြီး ဆက်အိပ်နေတာမျိုး၊ အလုပ် ပင်ပန်း လာလို့  မထပါရေစေနှင့်ဆိုတာ မျိုးတွေနှင့်ချည်းပင်။
သည်အကြား မောင်က ဇင့်ကို အလိုရှိပြီဆိုသော အချိန်မျိုးတွင် ဇင်မှာ တုံးထိုးထားသလို အိပ်ပျော်နေခိုက် ဖြစ်ချင် ဖြစ်နေမည်။ ကလေးနိုးနေချိန်မျိုး၊ နို့ဘူး ဖျော်နေချိန်မျိုး ဖြစ်မည်။
ထိုအခါ မောင် စိတ်ပျက်လက်ပျက် ဖြစ်သည်။ မကျေမနပ် ဖြစ်သည်။

တစ်ခါတစ်ရံ ဇင့ိကု စိတ်ကောက်၍ပဲလား၊ ကလေးတွေကို မကျေနပ်၍များလား မသိ။ မောင်ပို၍ သောက် လာသည်။ ပို၍ မူးလာသည်။ တစ်ခါတစ်ရံ ဇင်ကိုယ်တိုင် မောင်တစ်ကိုယ်ရေ ကျေနပ်မှု ရှာသည်ကို သိလျက် က ငြိမ်နေခဲ့ရသည်မျိုးလည်း ရှိသည်။
ဇင်၏ ကိုယ်အလေးချိန် လျော့ပါးလာသည်။ မျက်တွင်းတွေ ချိုင့်ခွက်ကာ ညိုလာသည်။

ဆရာဝန်ကို ပြကြည့်တော့ ကိစ္စမရှိပါဘူးဆိုကာ အားဆေးပေးသည်။ စင်စစ် ဇင်တွင် လိုနေသည် က အင်အား ထက် အနားယူဖို့ ဖြစ်သည်။ အိပ်ရေးဝဖို့ ဖြစ်သည်။
တစ်နေ့ မှာတော့ ဇင့် ပေါက်ကွဲတော့သည်။

သားက နိုးနေသည်။ ရှူရှူရွှဲနေသည်။ သမီးက နိုးလာပြန်ဖို့ ဖြစ်သည်။ နို့ဘူးလိုပြီ။
ဇင် သည် ခေါင်းမထောင်နိုင်လောက်အောင် အိပ်ချင်မူးတူး ဖြစ်နေသည်။ သည်အကြားက အိပ်ရာမှ ထ ရသည်။ မောင့်ကို ကြည့်တော့ မောင်သည် တခေါခေါ ဟောက်နေသည်။
ဇင် မီးဖိုခန်း သို့ လာသည်။

ကွဲစေစတ်သော အရာမှန်သမျှကို ပစ်ခွဲသည်။ ပန်းကန်တွေ၊ ဖန်ခွက်ကွဲတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတော့သည်။
မောင် အိပ်ရာမှ ထလာသည်။ အစပိုင်းကတော့ ဒေါသနှင့်ပင်။ သို့သော် အကွဲတွေကြားမှ ခြေပစ် လက်ပစ် ထိုင်ကာ ရှိုက်ကြီးတငင် ငိုနေသော ဇင်ကို မြင်သွားသည်။
"ဘာဖြစ်တာလဲ၊ ဘာတွေဖြစ်နေတာလဲ"
ဒေါသသံ က ပါလာသေးသည်။

"မတရားဘူး၊ နည်းနည်းလေးမှ မတရားဘူး၊ ဒီမှာ ကိုမျိုးမင်းနိုင်၊ ရှင့်ကို ကျွန်မယူထားတာ ကျွန်ခံဖို့ မဟုတ်ဘူး၊ ကလေးတွေဆိုတာကလဲ ကျွန်မတစ်ယောက်တည်း မွေးထားထာ မဟုတ်ဘူး၊ ရှင့်အပြင် တခြား လူ နဲ့  မွေးထားတာလဲ မဟုတ်ဘူး။ နှစ်ယောက်လုံးမှာ တာဝန်ရှိနေကြတာပဲ မဟုတ်လား။ အခုတော့ … ရှင့်ဟာက နေနိုင်လိုက်တာ ပထွေးကျနေတာပဲ"
ဇင် ၏ အသံက ဆို့နင့်သွားသည်။

မောင်သည် ဇင့်အပါးသို့ လာထိုင်သည်။ ဖန်ခွက်ကွဲရှမိကာ သွေးများ စီးကျနေသည့် ဇင့်လက်ကို ကိုင်သည်။ ရေဆေးပေးသည်။ ဆေးထည့်ပေးသည်။ အ၀တ်စည်းပေးသည်။
"ဆော့ရီးပဲဇင်၊ တကယ်ပဲ ကိုယ် စိတ်မကောင်းပါဘူးကွာ"
အဲသည့် ညက သား၏ သေးစိုကို မောင်ကိုယ်တိုင် လဲပေးသည်။ သမီး နို့ဘူး ဖျော်ပေးသည်။
ဇင် သည် ငိုရင်းရှိုက်ရင်းနှင့် ဧည့်ခန်းကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားခဲ့ရသည်။

သည်လိုဖြင့် ရန်ဖြစ်လိုက်ကြ၊ ချော့လိုက်ကြ၊ ကတောက်ကဆတ် ဖြစ်လိုက်ကြ၊ ပြန်တည့်လိုက်ကြ နှင့်။ ဇင်သည် ဘ၀ကို ရယူခြင်းမျိုးဖြင့် မဟုတ်ပဲ ပေးဆပ်ရခြင်းမျိုးဖြင့် ကျင်လည် လှုပ်ရှားလာခဲ့ရ သည်။
သည်အတွင်း မောင်သည် စစ်တွေသို့ အလုပ်တာဝန်ဖြင့် ပြောင်းရသည်။
"မောင်နဲ့အတူ လိုက်ခဲ့ပါလား ဇင်" မောင်က ခေါ်ပါသေးသည်။

ဇင် ငြင်းခဲ့သည်။ အကြောင်းများစွာ ရှိသည်ပင်။
သူစိမ်းတစ်ရံဆံ နယ်မြေသို့ ရောက်လျှင် ပို၍ အဆင်မပြေစရာများ တွေ့လာရမည်ကို စိုးသည်။ မောင့်အကျင့်အတိုင်း ဇင့်ကို ကလေးတွေနှင့် ပစ်ထားပြီး သွားချင်ရာ သွားနေပါက မခက်ပါလား။ ပြီး … ဇင် သည် ဇာတိမြို့နှင့် ရန်ကုန်တွင်သာ ကျင်လည်ဖူးသည်။ နေရာအနှံ့ မရောက်ဖူးခဲ့။
ဝေးဝေးလံလံ နယ်မြေတွေကို ကြောက်သည်။

"ဒါတော့ ဇင် သူရဲဘောကြောင်တာပဲ"
မောင်က မကျေမနပ် ဆိုခဲ့သေးသည်။
"ရှိပါစေတော့ မောင်ရယ်၊ ဇင် သူရဲဘောကြောင်တယ်ပဲ ထားပါတော့"
မောင်စစ်တွေသို့ သွားလျှင် ဇင်သည် မေမေ့ထံ ပြန်နေဖို့ စိတ်ကူးပြီးသား ဖြစ်သည်။
ယင်းသို့ နေခြင်းအားဖြင့် စရိတ်စက သက်သာမည်။ ငွေကို ချွေတာပြီး စုဆောင်းနိုင်လိမ့်မည်ဟု အထင်ရှိခဲ့သည်။

အဓိကကတော့ မောင်နှင့်ခွဲနေခြင်းအားဖြင့် ဇင်သည် "တတိယမြောက် ဇင်သည်" ကို ရှောင်ကွင်း နိုင် လိမ့်မည်ဟု ထင်သည်။ ယခုတိုင် ဧည့်သည် "သန့်" ဆဲပင် ဖြစ်သည်။
သို့ဖြင့် … မောင်က စစ်တွေသို့ ထွက်သွားသည်။ ဇင်က မေမေ့ထံ ပြန်လေသည်။

မေမေ့အိမ်မှာ ပြန်နေရတော့ ဇင့်တွင် အချိန်ပိုတွေ များစွာ ရသည်။ မေမေက ကလေးများနှင့် ပတ်သက်၍ ကူညီ နိုင်သည်။ ဇင် နားနားနေနေ နေခွင့်ရသည်။
ဇင်၏ စိတ်သည် ပြန်လည် နုပျိုလာသည်။ ဇာတိမြေ၌ ပျော်ပါးကစားပုံများ၊ ကျောင်းနေခဲ့ပုံများကို စားမြုံ့ ပြန်ခွင့်ရသည်။ အားလျှင် သူငယ်ချင်းများ၏ အိမ်သို့ လျှောက်လည်သည်။
သည်လို နှင့် ဇင်၏ ကျန်းမာရေးအခြေအနေ ကောင်းလာသည်။

မောင့်ဆီကိုတော့ တစ်ပတ်တစ်ခါ စာမှန်မှန်ရေးသည်။ မောင့်ထံမှလည်း တစ်ပတ်တစ်ခါ စာရောက် လာမြဲ။ စာတွေထဲမှာတော့ အလွမ်းသယ်လှချည့်ပေါ့။ ဇင်တို့သည် သမီးရည်းစား ဘ၀သို့ ဖြစ်နေခဲ့ သည်။
ဇင့်အလုပ်က မောင့်ထံမှ စာကို မျှော်ကာ မောင်ပို့ပေးသည်။ လခကို ထုတ်ယူနေရုံပဲ ရှိသည်။ မောင့်တာဝန် တွေ ကင်းခဲ့ပြီဆိုတော့ ကလေးတွေကို ပိုပြီး ဂရုစိုက်နိုင်သည်။ ကလေးများလည်း ကျန်းမာဝဖြိုးလာသည်။

သြော် … မောင် အဘယ့်ကြောင့် သည့်ထက် စောစောက နယ်မပြောင်းရပါလိမ့်။
သည်သို့သော အပန်းဖြေနည်းကို ဇင် အဘယ်ကြောင့် စောစောက မသိခဲ့ရပါလိမ့်။
ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်သော "မေအေး" နှင့် ပြန်တွေ့ရသည့် အဖြစ်ကိုမူ ဇင် မမေ့နိုင် အောင် ရှိရသည်။
တစ်နေ့တွင် မေအေး၏ အိမ်သို့ ဇင် သွားလည်သည်။

မေအေးနှင့် ဇင်မှာ ငါးတန်းမှသည် ဆယ်တန်းအထိ ကျောင်းအတူနေဘက် ဖြစ်သည်။ ခုနှစ်တန်း စာမေးပွဲနှင့် ဆယ်တန်းမှာ ကျကြည်လည်း အတူတူ။ နှစ်နှစ်မြောက်မှာ ဇင်က အောင်ခဲ့ပေမယ့် မေအေး ကတော့ စာမေးပွဲ ကျခဲ့သည်။ နောက်တစ်ကျတော့ မေအေး၏ မင်္ဂလာပွဲသတင်းကို ဇင် ကြားရသည်။
သူငယ်ချင်းချင်း တွေ့ကြတော့ ၀မ်းသာရွှင်လန်းစွာ ထွေးပွေ့မိကြသည်။

"ဇင်ရယ် … ပိန်လိုက်တာကွယ်"
မေအေး၌ နှိမ်လိုက်သော ဆန္ဒမျိုးမရှိသည်ကို ဇင်သိသည် သူမကိုယ်တိုင်ကမူ ၀ဖြိုးနေသည်။
"အေးလေ ကလေး ဘယ်နှစ်ယောက်လဲဟင်"
"အေးက ကလေးမရခဲ့ဘူး ဇင်ရဲ့"
"သြော် …"
ဒါကြောင့် ပင် ဖြစ်မှာပါဟု ဇင်တွေးသည်။

"အေးတို့က မလိုချင် ကြသေးဘူးလေ။ အခုထိ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်ပဲ နေချင် သေးတယ်ကွယ်။ အသက်တွေကလဲ ဘာမှကြီးသေးတာ မဟုတ်ဘူးမို့လား၊ အသက်သုံးဆယ် လောက်ကျမှ ယူမယ် စိတ်ကူးတယ်"

"ဒီ … ဒီလို ရွှေ့ထားလို့လဲ ဖြစ်တာပဲလား"
"ဘာလို့မဖြစ်ရမှာလဲ၊ အမေလေးဟဲ မရွှေဇင်၊ အေးထင်နေတာက ဇင်ကတက္ကသိုလ်ကိုလဲ ရောက်ခဲ့ တယ်၊ ရန်ကုန်မှာလဲ နေတယ်ဆိုတော့ အတော်ဗဟုသုတ ပြည့်စုံနေတယ် အောက်မေ့တာ"
အမှန်ပင် ဇင်သည် သည်ကိစ္စတွေမှာ မေအေးကို ဆရာ တင်ရတော့သည်။ မိမိချွတ်ယွင်း ညံ့ဖျင်းချက်တို့ကို တွေ့လာ ရတော့သည်။

"ပြီးတော့ … ကြည့်စမ်းပါဦး ဇင်၊ မင်းဝတ်စားထားတဲ့ အ၀တ်အစားတွေ၊ နိုင်တီးဝမ်တီးက ပုံစံမျိုး တွေပါလား"
မှန်သည်။ ဇင်သည် တက္ကသိုလ် ရောက်စနှစ်တွေတုန်းက ထွန်းကားသည့် ခင်ယုမေ ဖက်ရှင်မျိုးကို ၀တ်ဆဲ၊ အင်္ကျီမှာ လည်ထောင်တပ်ထားဆဲ။
ဤသည်က အကြောင်းတော့ ရှိသည်။ ဇင့်မှာ မြို့လယ်ကောင်တွင် နေလင့်ကစား မလေ့လာနိုင် အားတာတွေ၊ ကလေးအမေဖြစ်လာပြီမို့ မလိုအပ်တော့ဘူး ထင်မိတာတွေ ရှိသည်။ ပြီး … ဇင်သည် ချွေတာ သည့် အနေနှင့် အ၀တ်အထည်ကို ရှိယင်းစွဲမှတစ်ပါး ချုပ်မ၀တ်နိုင်ခဲ့တာတွေလည်း ပါသည်။

"မင်းကို ကြည့်ရတာ အဘွားကြီးအိုကလေး ရုပ်ကို ပေါက်နေတာပဲ ဇင်ရယ်။ ဒီအတိုင်း ကိုယ့်ကိုယ်ကို ပစ်ထားရင်း မင်းယောက်ျားက စိတ်ကုန်သွားလိမ့်မနော်"
မေအေးရယ် ရယ်သွမ်းသွေးခဲ့သောအခါ ဇင့်ရင်မှာ အောင်လာမိသည် အမှန်။

"အေး ပြောမယ်ဆိုလဲ ပြောစရာပဲကွယ်။ ဇင်က ဘရာစီယာကိုတောင် ကလေးနို့လန်တိုကလို့ ကောင်းတာနဲ့  ၀တ်ခဲ့တာပါ။ ခေတ်နဲ့ကိုယ်နဲ့ ကင်းကွာခဲ့တာ ကြာပြီ။
မေအေးထံမှ ပြန်လာသောအခါ ဇင်သည် စိတ်ဓာတ်ကျဆင်ခြင်းကို ဖုံးကွယ်ထား၍ မရနိုင်အောင် ရှိရတော့သည်။
လောကက ဆန်းကြယ်တာလား၊ အခြေအေနက ကျဉ်းကျပ်တာလား၊ မောင်က ဆိုးတာလား၊ ဇင် ကိုယ်၌က ညံ့တာလား မသိတော့ပါ။

စင်စစ် ဇင်သည် ငယ်ရွယ်ပါသေးသည်။ အလှဆိုသ်ညကလည်း ထင်သလောက် ယုတ်လျော့မှု မရှိ သေး။ ဇင်၏ ဘ၀ကို မောင့်ထံ၌ ထာဝရမြှုပ်နှံရတော့မလား။ ကလေးတွေနှင့်ပင် အချိန်ကို ကုန်ဆုံး ပစ်လိုက် ရတော့မလား၊ ဘ၀ဆိုသ်ညမှာ လင့်ကိစ္စ၊ ကလေးကိစ္စကိုသာ ဆိုလိုသလား။ ဇင်သည် လွတ်လပ်သော လူသားအဖြစ် ကိုယ့်ဘ၀၏ ရယူပိုင်ခွင့်တွေကို မရနိုင်တော့ဘူးလား။
ဇင် စဉ်းစားစ ပြုလာသည်။

မောင် အလုပ်ကိစ္စနှင့် ရန်ကုန်သို့ ခေတ္တ ပြန်ရောက်လာသောအခါ ကလေးတွေနှင့်အတူ တိုက်ခန်း သို့ ပြန်လာ နေသည်။
ဇင်သည် မအေးပေးသည် အကြံအတိုင်း ရာသီခွင့် ဇယား (Menstrual Cycle) အရ နေကြည့် သောအခါ မောင် အံ့အားသင့်နေသည်။ ရာသီခွင့်ဇယားမှ ရှောင်ရန်ဆောင်ရန်ရက်များ ဖြစ်ပေ သည်။ စိတ်ချ ရသောရက် ကို တွက်၍ ရပေသည်။

"ဇင်က ပညာတွေ ဘာတွေ တတ်လို့ပါလား" ဆိုခဲ့သေးသည်။
နောက်တစ်လတွင် မောင့်ထံမှ စာရောက်လာသည်။ စာထဲမှာ မောင်က …
"ဇင် မောင့်ဆီကို လိုက်လာစေချင်တယ်။ အနားယူတဲ့ သဘောလည်း ပါတယ်။ အသစ်အဆန်းတွေ မြင်စေချင် တဲ့ ဆန္ဒလည်း ရှိတယ်"
ဇင် သည် မောင့်ထံလိုက်ဖို့ ဆုံးဖြတသည်။

ကလေးတွေကိုတော့ လေယာဉ်စီးရမှာ ငယ်လွန်းသေးသည် ထင်၍ မခေါ်တော့။ အမှန်မှာ ဇင်ကိုယ်တိုင်ပင် လေယာဉ်စီးရမည်ကို ကြောက်နေသည်။ လေယာဉ်ခရီးနှင့် စိမ်းနေသည်။
မောင့်ထံ လိုက်သွားတော့မည် ဆိုသောအခါ ဇင်သည် အ၀တ်များကို ကြို၍ ချုပ်သည်။ ခေတ်မီ သော အဆင်ဆန်းများကို စက်တွင် အပ်သည်။ မောင်သည် ဇင့်ကို လှလှပပမြင်ရစေချင်သည်။
ထိုအတွက် ငွေကုန်ကြေးကျများခဲ့သည်။ ငွေမလောက်၍ မေမေ့စုငွေထုပ်ကလေးကို ဖြည့်ခဲ့ရ သည်။

ဘာပဲပြောပြော ယခင်နှင့်စာလျှင် ပိုမိုတက်ကြွသည့် ဇင် ဖြစ်လာသည်။
စစ်တွေမှာ ဇွန် ခုနှစ်ရက်နေသည်။
မောင်ကတော့ သည်ထက်ကြာကြာ နေစေ့ချင်သည်။ ဇင်က ကလေးတွေကို အောက်မေ့သည်။ ကလေး တွေက အဘွားနှင့် နေသားကျနေပြီဆိုလင့်ကစား အမေကိုတော့ သတိရကြပေမည်။ ပြီး … မေမေ့ အဖို့ တာဝန်ကြီးနေမှာကိုလည်း ကြောက်သည်။

စစ်တွေမှာ နေရသော ခုနှစ်ရက်မှာ ဇင်တို့အဖို့ သမီးရည်စားဘ၀နှင့် နေခဲ့ကြစဉ်ကလို ဖြစ်သည်။
သ်စတောတို့သည် ပိုမို စိမ်းမြသည်။
ပင်လယ်ရေပြင်သည် ပိုမို ပြာလွင်သည်။

နေရောင်သည် ပိုမို တောက်ရွှန်းသည်။
ပန်းတို့ ပိုမို ဖူးပွင်ကြသည်။
ငှက်ကလေး များ၏ တေးသံမှာ ပိုမို ချိုမြသည်။
… စသည် … စသည်ဖြင့် ထင်မှတ်ဖွယ် ဖြစ်ပါသည်။

ဘ၀ကို မေ့ထားနိုင်သော၊ သောကကို လျစ်လျရှုထားနိုင်သော အိမ်လွမ်းစိတ်ကို ဖယ်ထားနိုင်သော အခါ တွင်  မောင်နှင့်ဇင်တို့၏ နှလုံးသားများသည် သန့်စင်လန်းဆတ်လာသည်။ ချစ်ဆိပ်ရည်ဖြင့် ပြည့်လျှမ်း ရွှန်းမှည့် လာသည်။
ထိုအခါ လောကသည် သာယာခြင်းအပြည့်နှင့်သာတည်း၊ တွေ့မြင်ရသော သူတို့ကလည်း ညားခါစ လင်မယား ဟု အထင်ရောက်ကြသည်။ လွန်းကြင်ငှက်ကလေးများဟု နောက်မှ တီးတိုးးဆိုကြ သည်။ ထိုစကား သည် မောင်နှင့် ဇင့်အနီးမှာ ပျားရည်ထက် ချိုမြသည်။

"ဇင်ရယ် … ဇင့်ကို မောင် လောကမှာ ရှိရှိသမျှအရာအားလုံးထက် ချစ်မြတ်နိုးပါတယ်"
"ဇင်ကလဲ ဒီအတိုင်းပါပဲ မောင်"
စစ်တွေမှာ နေစဉ် အတွင်း ဇင့်စိတ်တွင် အနည်းအပါးဆိုသလို အနှောင့်အယှက်ဖြစ်ရသော အရာ ရှိသည်။ ၎င်း မှာ မောင်ထမင်းလစ ပေးစားနေသော အိမ်နှင့် ပတ်သက်၍ ဖြစ်သည်။

ဆက်ရန်
.

2 comments:

ကိုဇော် said...

ဒါလည်း ဘဝပါပဲလေ..

ဧပရယ်လ်ပူး@ပူးတေ said...

ဇာတ်လမ်းစပြီးထင်တယ်... မိန်းမနဲ့ ဝေးနေတဲ့ ယောက်ျားတွေရဲ့အကျင့်အတိုင်း ဖောက်ပြန်တော့မလား မသိဘူး... စိတ်ဝင်စားဖို့ကောင်းလာပြီနော်...