၂
လောဘရမ္မက်၏ ဖြားယောင်းသွေးဆောင်မှုကြောင့် ပီလွန်သည် ဒင်နီ၏ ဧည့်ဝတ်ကျေပွန်မှုကို မခံယူ နိုင်ဘဲ ဖြစ်ရခြင်း
ရှေ့နေသည် သူတို့ကို ဒုတိယအိမ်ခြံတံခါးဝ၌ ထားခဲ့ပြီး သူ၏ ဖို့ဒ်ကားပေါ်သို့ ပြန်တက်ကာ တောင်ကုန်း ဆင်ခြေလျှော လမ်းအတိုင်း မောင်း၍ မွန်ထရေးမြို့တွင်း သို့ ၀င်သွားလေသည်။
ဒင်နီနှင့် ပီလွန်တို့သည် သစ်သားဝင်းတိုင်းများ ကာရံထားသည့် ၀င်းထရံရှေ့၌ရပ်ကာ ကိုယ်ပိုင် ဖြစ်လာသော အိမ်ကို တစိမ့်စိမ့်ကြည့်၍ ပီတိဖြစ်လျက်ရှိသည်။ ထုံးဖြူများ သုတ်ထားသဖြင့် ကွက်တိ ကွက်ကျား ဖြစ်နေသော အိမ်သည် ခပ်နိမ့်နိမ့်၊ ခန်းဆီးများ မရှိသော ပြတင်းပေါက်များသည် ဟာလာ ဟင်းလင်း။
သို့သော်လည်း အိမ်ရှေ့ ဆင်ဝင်တွင် ပန်းရောင်ကတ်စတီလီ နှင်းဆီပွင့်ကြီးတစ်ပွင့်ရှိသည်။ အဘိုး စိုက်ထား ခဲ့သော ရေမွှေးပန်းများ သည် အိမ်ရှေ့ခြံဝင်းထဲရှိ ပေါင်းပင် မြက်ပင်များကြားတွင် အုံလိုက်ကျင်းလိုက် ရှင်သန် လျက် ရှိကြလေသည်။
" အိမ်နှစ်လုံးမှာ ဒီအိမ်ဟာ အကောင်းဆုံးပဲကွ " ဟု ပီလွန်က မှတ်ချက်ချသည်။ " ပြီးတော့ ဒီအိမ်က ဟိုအိမ် ထက်လည်း ပိုကြီးတယ် "
ဒင်နီ၏ လက်ထဲတွင် သော့တစ်ချောင်း ကိုင်ထားသည်။ သူသည် ခနော်နီနနော်နဲ့ ဖြစ်နေသော အိမ်ရှေ့ ဆင်ဝင် ကြမ်းပြင်ပေါ်သို့တက်ကာ ခြေဖျားထောက်၍ လျှောက်သွားပြီး အိမ်ရှေ့တံခါးကိုဖွင့်သည်။ အိမ်ရှေ့ခန်း သည် သူ့ အဘိုးရှိစဉ်က အခင်းအကျင်းအတိုင်း ခြေရာလက်ရာ မပျက်သေး။ နံရံပေါ်တွင် ၁၉၀၆ ခုနှစ် ပြက္ခဒိန်ဟောင်း တစ်ခုနှင့် ပိုးသားအလံ တစ်ခု။ သံဖြင့်ရိုက်ပြီး ချိတ်ဆွဲထားသည့် အနီရောင် စက္ကူ နှင့် ဆီပန်းတစ်ခိုင်၊ လေမီးဖို တစ်လုံး၊ ကျိုးပျက်နေသော လှုပ်ကုလားထိုင်များ။
ပီလွန်သည် အိမ်အတွင်းသို့ လျှောက်ကြည့်သည်။ " သုံးခန်းတောင်ရှိတယ်ကွ" ဟု အသက်ပင် ကောင်းစွာ မရှူနိုင်ဘဲ ပြောသည်။ " အိပ်ရာခုတင်တစ်လုံးနဲ့ လေလုံမီးဖိုတစ်ခုလည်း ရှိတယ်။ ငါတို့နေရရင်တော့ ပျော် မှာပဲ ဒင်နီ"
ဒင်နီသည် အိမ်ထဲတွင် သတိထား၍ လျှောက်သွားနေသည်။ သူ့အဘိုးနှင့် နေခဲ့စဉ်က တွေ့ခဲ့ရသည့် ခါးသီး နေ သောအတွေ့အကြုံများကို သတိရနေမိ၏။ သူ့ရှေ့မှ လျှောက်သွားနေသော ပီလွန်သည် မီးဖိုခန်းထဲသို့ ၀င်သွား သည်။ ရေဘုံဘိုင် ခေါင်းကိုဖွင့်လိုက်၏။ " ရေမလာပါလားဟေ့၊ ဟေ့ ဒင်နီ၊ ရေ ရအောင် ကုမ္ပဏီ မင်းသွား ပြောမှ ဖြစ်မယ် "
သူတို့သည် ထိုနေရာ၌ရပ်ကာ တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြုံးကြသည်။ ဒင်နိ၏ မျက်နှာတွင် ပစ္စည်း အတွက်ကြောင့်ကြစိတ် အရိပ်လက္ခဏာ ထင်ဟပ်နေသည်ကို ပီလွန် က သတိထားမိသည်။ ရှေ့လျှောက်ပြီး အပူအပင်ကင်းမဲ့သော ဘ၀သည် တည်ရှိတော့မည်မထင်။ အခုဆိုလျှင် သူ့တွင် ကျိုးနိုင် ပျက်နိုင် သည့် ပြတင်း ပေါက်များရိနေပြီဖြစ်ရာ ယခင်ကလို သူတစ်ပါး၏ ပြတင်းပေါက်မှန်များကို လွတ်လွတ် လပ်လပ်လိုက်၍ ချိုးနိုင် ဖျက်နိုင်တော့မည်မဟုတ်။ ပီလွန်၏ စကားများသည် မှန်၏။ သူသည် သူ့ သူငယ်ချင်း များကြားတွင် ပျော်ပျော် ပါးပါး ကြီးပြင်းခဲ့ရသူ ဖြစ်သဖြင့် ဘ၀၏ ဒဏ်ကို ကြံကြံ ခံနိုင် လာခဲ့သူ ဖြစ်သည်။
" ပီလွန်ရာ ဒီအိမ်ကို မင်းကပိုင်ပြီး ငါက မင်းဆီကပ်နေရတဲ့ အဖြစ်မျိုးဆိုရင် သိပ်ကောင်းမှာပဲ" ဟု ဒင်နီ က ပြောသည်။
ဒင်နီသည် ရေရရှိရေးကိစ္စအတွက် မွန်ထရေးမြို့ထဲသို့ ထွက်သွားသည်။ ဒင်နီမရှိခိုက်တွင် ပီလွန်သည် မြက်ပင် ချုံပင်များ ထူထပ်စွာ ပေါက်ရောက်နေသည့် အိမ်နောက်ဖေး ခြံဝင်းထဲသို့ဆင်း၍ ကြည့်သည်။ အိုမင်း လှပြီဖြစ် သော သီးပင်များသည် မည်းနက်ကာ အရိုးပြိုင်းပြိုင်း ထနေကြလေပြီ။
ပြုစုစောင့်ရှောက်မှု မရှိသဖြင့် အပင် အားလုံးလိုလိုပင် ကျိုးပဲ့ပျက်စီးနေကြပြီဖြစ်၏။ ရွက်ထည်တဲ နှင့် တူသော ကြက်ခြံများသည် ပေါင်းပင်များကြားတွင် လဲလျောင်းလျက်ရှိကြသည်။ မြက်ပင် ချုံပင်များ ကြားတွင် အညစ်အကြေးအထပ်ထပ် တက်လျက်ရှိနေသည့် စည်ပတ်သံပြားတစ်ပုံ၊ ပြာပုံတစ်ပုံနှင့် ပေါက်ပြဲ စုတ်ပြတ် နေသည့် မွှေ့ရာဟောင်းကြီး တစ်ခုကိုလည်း တွေ့ရသည်။
ပီလွန်သည် ခြံဝင်းမှကျော်၍ အခြားတစ်ဖက်ရှိ မစ္စက်မော်ရေး၏ ကြက်ခြံကို လှမ်းကြည့်သည်။ သူသည် တခဏ မျှ နိုင်၍ စဉ်းစားနေပြီး ကြက်မများ ၀င်လာနိုင်အောင် ခြံစည်းရိုးတွင် အပေါက်ကလေးများ လျှောက် ဖောက်သည်။ " အခုလို မြက်ပင်ရှည်ကြီးတွေကြားမှာ ၀ပ်ကျင်းလုပ်ရတာ ကြက်မတွေက သဘော ကျမှာပဲ"ဟု သူတွေးသည်။ ကြက်ဖများ ၀င်လာပြီး ကြက်မများကို မနှောက်ယှက်စေရန်နှင့် ၀ပ်ကျင်းများ အနား သို့ ကြက်ဖများ မကပ်နိုင်၇န် ထောင်ချောက်တစ်ခုကို ဘယ်လို လုပ်ရမည်ကိုလည်း သူစိတ်ကူးသည်။ " ငါတို့ ဒီအိမ်မှာ ပျော်ပျော်ပါးပါး နေသွားမယ်"ဟု ထပ်တွေးပြန်သည်။
ဒင်နီ သည် မွန်ထရေးမြို့မှ ဒေါသတကြီးဖြင့် ပြန်လာသည်။ "ကုမ္ပဏီက စရန်ငွေ တောင်းနေ တယ်ကွ" ဟုပြော သည်။
" စရန်ငွေ"
" အေး သူတို့က ရေမပေးခင် စရန်ငွေ သုံးဒေါ်လာ လိုချင်နေတယ် လ
" သုံးဒေါ်လာ ဆိုတာ ၀ိုင် သုံးဂါလံဖိုးပါလား"ဟု ပီလွန်က ရေရွတ်သည်။
" ဒါဆိုရင် တော့ မဖြစ်ဘူး၊ ငါတို့ ဟိုဘက်အိမ်က မစ္စက်မော်ရေးဆီမှာ ရေတစ်ပုံးချေးကြတာပေါ့"
" ဒါပေမယ့် ငါတို့လက်ထဲမှာ ၀ိုင်ဝယ်ဖို့ သုံးဒေါ်လာမှ မရှိတာ "
" အဲဒါ ငါသိပါတယ် "ဟု ပီလွန်က ပြောသည်။ " တို့အနေနဲ့ မစ္စက်မော်ရေးဆီက ၀ိုင် နည်းနည်းပါးပါး ချေးရင် လည်း ရချင်ရမှာပေါ့ကွ"
မွန်းလွဲပိုင်းသည် ကုန်သွားသည်။ " မနက်ဖြန်ဆိုရင် ငါတို့အထိုင်ကျသွားမှာပါ"ဟု ဒင်နီက ဆိုသည်။ " မနက်ဖြန်ကျရင် ငါတို့မြက်တွေ ချုံတွေရှင်းမယ်။ ဒီမှာပီလွန် မင်းက မြက်ပင်ပေါင်းပင်တွေကို ခုတ်ပြီး အမှိုက်တွေကို သွားပစ်ပေါ့"
" ပေါင်းပင်တွေ ဟုတ်လား "ပီလွန်က အလန့်တကြား ရေရွတ်သည်။ " ဟိုမြက်ပင်တွေကိုတော့ မခုတ်ပါနဲ့ ဦးကွာ" သူက တစ်ဆက်တည်းပင် မစ္စက်မော်ရေး၏ ကြက်များနှင့်ပတ်သက်၍ သူစိတ်ကူးစီစဉ်ထားပုံကို ရှင်းပြ သည်။
ဒင်နီက ချက်ချင်းပင် သဘောတူသည်။ " သူငယ်ချင်းရာ မင်းအခုလို ငါနဲ့လာနေတာ ငါ ၀မ်းသာပါတယ်ကွာ" ဟု ပြောသည်။ " ကဲ ... အခု ငါ ထင်းခွေနေတုန်း မင်းက ညစာအတွက် တစ်ခုခုရအောင် အကြံအဖန် လုပ်ဦး မှ ဖြစ်မယ်..
သူ့ ဘရန်ဒီကို သတိရလာသော ပီလွန်ကမူ သူ့အား ယခုလို ခိုင်းခြင်းသည် မတရားဟုထင်သည်။ " တဖြည်းဖြည်း နဲ့ သူ့အကြွေးတွေ ငါ့ပေါ်မှာ တင်လာပြီ" ဟုတွေးသည်။ " ငါ့လွတ်လပ်မှု ဆုံးရှုံးရတော့မယ်၊ ဒီ ဂျူးကောင်ရဲ့ အိမ်ကြောင့် ငါ ကျွန်တစ်ယောက် ဖြစ်ရတော့မှာပါကလား" သူ့စိတ်ထဲက ယင်းကဲ့သို့ တွေးနေ သော်လည်း သူသည် ညစာ အတွက် စားစရာ တစ်ခုခုရှာရန် အပြင်သို့ ထွက်လာခဲ့လေသည်။
အိမ်နှင့်နှစ်လမ်းကျော် ထင်းရှူးတောအစပ်သို့ ရောက်သောအခါ လမ်းပေါ်၌ အစာယက်နေသော ပလိုင်းမောက် ကြက်မျိုး ကြက်ဖတစ်ကောင်ကို လှမ်းမြင်သည်။ ကြက်ဖမှာ မြီးကောင်ပေါက် အရွယ်ဖြစ်၍ အသံ ပင် မမှန်သေး။ ခြေထောက်၊ လည်ပင်းနှင့် ရင်ဘတ်စသော နေရာများတွင် အမွှေးပင်မပေါက်သေး။ မစ္စက်မော်ရေး ၏ ကြက်မ များအတွက် စိုးရိမ်သောက ရောက်နေဟန်တူသော ပီလွန်သည် ဤကြက်ဖ ပေါက်စ အပေါ် စိတ်ဝင်စားသွား သည်။ သူသည် မှောင်ရိပ်ကျနေသော ထင်းရှူးတော ဘက်သို့ အသံ မထွက်အောင် အသာကလေး လျှောက်သွား သည်။ ကြက်ဖသည် သူ့ရှေ့မှ ထွက်ပြေး သွားသည်။
" ဒီာကက်ကလေးဟာ အမွေးလဲ မရှိဘူး၊ သနားစရာပါလား။ မနက်စောစော မရုဏ်တက်ချိန်ဆိုရင် တိုက်နေ တဲ့ လေကလည်းအေး၊ နှင်းတွေကလည်း ကျနဲ့ ဒီအကောင် ဘယ်လောက် အေးရှာလိုက်မလဲ၊ ဘုရားသခင် ကလည်း သူ့လို သတ္တ၀ါ ပေါက်စကလေးတွေကျတော့ အမြဲတမ်း သနားကြင်နာမှု မပြဘူးပေါ့" မင်းကတော့ ဘာမှ မသိနားမလည်ရှာတော့ ဆက်တွေးသည်။ " အင်းလေ၊ မင်းကတော့ ဘာမှ မသိနားမလည်ရှာတော့ ဒီနေရာ မှာ လာပြီးကစားနေတာပေါ့ ကြက်ကလေးရယ်၊ ဒီလိုသာ နေလို့ကတော့ တစ်နေ့ နေ့ တစ်ချိန်ချိန် မှာ မင်းကားကြိတ်ခံရတော့မယ်။ တကယ်လို့ ကားက အသေကြိတ်လိုက်မယ် ဆိုရင် တော့ မင်းအတွက် အကောင်းဆုံး ဖြစ်သွားမှာပေါ့ကွယ်။အသေမကြိတ်ဘဲ ခြေထောက်ကျိုးရုံ၊ အတောင်ကျိုးရုံ လောက် ကြိတ်သွားမယ် ဆိုရင်တော့ မင်းဘ၀တစ်လျှောက်လုံး ဒုက္ခဆင်းရဲနဲ့ ရာသက်ပန် တွဲရတော့မှာ၊ ဘ၀ဟာ မင်း အတွက် ခက်ခဲကြမ်းတမ်းပြီး ပင်ပန်းတော့မှာ သေချာတယ်"
သူသည် အလွန်သတိကြီးစွာဖြင့် ကြက်ပေါက်စနား ကပ်မိအောင် ခပ်ဖြည်းဖြည်း လှုပ်ရှားသည်။ ကြက်ပေါက် စကလည်း ပီလွန် လှုပ်ရှားလိုက်တိုင်း နောက်သို့ဆုတ်၍ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်လည်း သူ ပြေးဖို့ ရွေးချယ်ထားသည့် လမ်းကြောင်းပေါ်တွင် ပီလွန်က အမြဲတစေ ရောက်ရောက်နေသဖြင့် မလှုပ် သာအောင် ဖြစ် လျက်ရှိ၏။ နောက်ဆုံးတွင် ကြက်ပေါက်စသည် ထင်းရှူးတောထဲသို့ ၀င်ပြေးသည်။ ထိုအခါ ပီလွန် သည် ကြက် ပေါက်စပြေးရာနောက်သို့ အေးအေးဆေးဆေး ၀င်လိုက်သွားလေသည်။
ချုံဖုတ်ထဲမှ နာကျင်သောဝေဒနာ ခံစားရသည့် အော်သံ မကြားရ။ ဆင်းရဲဒုက္ခဖြင့် နပန်းလုံး၍ နေသွားရလိမ့် မည်ဟု ပီလွန်က ကြိုတင်နိမိတ်ဖက်ထားခဲ့သော ကြက်ပေါက်စသည် ငြိမ်းချမ်းစွာပင် သေဆုံး သွားခဲ့ သည်။အနည်းဆုံး အသံတစ်ချက်ကလေးမျှ ထွက်မလာဘဲ တိတ်တိတ် ဆိတ်ဆိတ်ပင် အသက် ထွက်သွား သည်။
နောက်ဆယ်မိနစ်မျှ အကြာတွင် ပီလွန်သည် တောအုပ်ထဲမှ ထွက်လာပြီး ဒင်နီ၏ အိမ်ဖက်သို့ပြန်သည်။ ကြက် ပေါက်စကိုမူ တစ်ပိုင်းစီ တစ်စစီဖျတ်ကာ သူအင်္ကျီအိတ်ကပ်များအတွင်း၌ ခွဲဝေ၍ ထည့်ထားပြီး ဖြစ်၏။ ဤနေရာတွင် အမြဲတစေ ပီလွန် အသေးအနက်ပြု၍ လိုက်နာကျင့်သုံးသည့် သံမဏိ စည်းကမ်း တစ်ခု ရှိသည်။ ယင်း စည်းကမ်းချက်မှာ အခြားမဟ်ုတ်။ ကြက်တစ်ကောင် ခိုးသည့်အခါ မည်သည့် အခြေအနေ မျိုး နှင့် ကြုံရ သည်ဖြစ်စေ ကြက်၏ ခေါင်း၊ ခြေထောက်နှင့် အမွှေးများကို အိမ်သို့ ယူမလာရ။ အဘယ်ကြောင့် ဟူမူ ယင်းပစ္စည်းများမရှိလျှင် ကြက်တစ်ကောင်ကို မည်သူကမျှ မည်သူမည်ဝါ၏ ကြက် ပါ ဟု ခွဲခြား၍ ပြောနိုင်လိမ့်မည်မဟုတ် ဟူသော စည်းကမ်းချက်ပေတည်း။
ထိုညတွင် သူတို့၏ လေလုံမီးဖိုသည် တထိန်ထိန် တညီးညီးတောက်လောင်လျက်ရှိသည်။ မီးဖိုခေါင်းတိုင် အတွင်းမှ မီးတောက်မီးလျှံအသံများကို အဆက်မပြတ် ကြားနေရသည်။ အစာဝနေသော ဒင်နီနှင့် ပီလွန် တို့သည် နွေးနွေးထွေးထွေးနှင့် ပျော်ရွှင်မြူးထူးလျက်ရှိကြသည်။ လှုပ်ကုလားထိုင်များတွင် ထိုင်ကာ ရှေ့တိုးနောက်ငင်လှုပ်၍ စည်းစိမ်ခံစားနေကြသည်။ ညစာစားကြစဉ် က သူတို့သည် မှောင်မည်းနေသော အခန်းတွင်း ၌ လေလုံမီးဖိုမှ မီးရောင်သာရှိတော့၏။ ဤအခြေအနေကို ပို၍ ပြည့်စုံသွားအောင် ဖန်တီး ပေးသည့် အလား အိမ်ခေါင်မိုးထက်သို့ မိုးစက်မိုးပေါက်များ တဖြောက်ဖြောက် ကျလာသည်။ မိုးယိုနေသော အပေါက် များ ရှိသော်လည်း ယင်းအပေါက်များမှာ မည်သူမျှ မထိုင်လိုသည့် နေရာများ၏ အပေါ်၌သာ ရှိလေ သည်။
" အခု နေရထိုင်ရတာ တယ်ပြီး ကောင်းသကွာ" ဟု ပီလွန်က ပြောသည်။ " အလွန်အေးပြီး အမိုးအကာ မရှိ တဲ့ နေရာတွေမှာ ငါတို့အိပ်ခဲ့ရတဲ့ ညတွေကို မင်း ပြန်စဉ်းစားကြည့်စမ်း၊ အမှန်က လူဆိုတာ ဒီလိုနေရမှာကွ"
" အေး ဟုတ်တယ်၊ ဆန်းတော့ အဆန်းသားကွ" ဟု ဒင်နီက ပြန်ပြောသည်။ လ ငါ့မှာလည်း အိမ်မရှိဘဲ နေခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး၊ အခုကျတော့လည်း အိမ်နှစ်လုံးတောင် ပိုင်နေတယ်။ အိမ်နှစ်လုံးထဲမှာ ငါမနေ နိုင်ဘူး"
ပီလွန်က အလဟဿဖြစ်ခြင်းကို မုန်းသည်။ " ဟောဒီအချက်တစ်ချက်ကတော့ ငါ့စိတ်ကို တော်တော် အနှောင့် အယှက် ပေးနေတယ်၊ ဟိုအိမ်တစ်လုံးကို မင်းဘာပြုလို့ မငှားသလဲ " ဟုမေးသည်။
ဒင်နီ၏ ခြေထောက်များသည် ကြမ်းပြင်ပေါ်သို့ ကျလာသည်။ " ဟေ့ ပီလွန်၊ ငါ အဲဒီအချက်ကို ဘာကြောင့် များ မစဉ်းစားမိတာပါလိမ့်" ထိုစိတ်ကူးများကို သူပို၍ သဘောကျလာသည်။ " ဒါပေမယ့် အဲဒီအိမ်ကို ဘယ်သူ က ငှားမလဲ ပီလွန်"
" ငါ မှားမယ်လေကွာ" ပီလွန်ကပြောသည်။ " အိမ်လခကို တစ်လဆယ်ဒေါ်လာပေးမယ်"
" ဆယ့်ငါးဒေါ်လာ ပေးကွာ" ဟု ဒင်နီက ဆိုသည်။ " အိမ်က ကောင်းတယ်ကွ။ ဆယ့်ငါးဒေါ်လာတော့ ကောင်းကောင်း တန်ပါတယ်ကွာ"
ပီလွန် က ညည်းညူညူဖြင့် သဘောတူသည်။
တကယ်တော့ သူ့အနေဖြင့် ဆယ့်ငါးဒေါ်လာထက် ပို၍တောင်းပါ ကလည်း သဘောတူမည်သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ့်အိမ် ကိုယ့်ယာနှင့်နေသော လူတစ်ယောက်၏ အဆင့်အတန်းမြင့်မားမှုကို သူမြင်တွေ့နေရသောကြောင့်ပေတည်း။ ပီလွန်သည် ထိုကဲ့သို့သော အဆင့်အတန်းမြင့်မားမှုကို ရယူ လိုသော ဆန္ဒပြင်းပြလျက်ရှိလေသည်။
" ဒါဆိုရင် ဒီကိစ္စကို ငါတို့နှစ်ယောက် သဘောတူကြပြီ" ဟုဒင်နီက ပြောသည်။ " မင်းက ငါ့အိမ်ကို ငှားမယ်၊ ငါကလည်း သဘောကောင်းတဲ့ အိမ်ရှင်တစ်ယောက် ဖြစ်အောင်နေမယ်၊ငါ မင်းကို ဒုက္ခမပေးဘူး"
ငွေကြေးနှင့် ပတ်သက်၍ ပီလွန်သည် သူ့ဘ၀တစ်လျှောက်လုံးတွင် စစ်တပ်ထဲ၌ နေခဲ့ရသည့် နှစ်များမှလွဲ၍ ကျန်အချိန် များတွင် ဘယ်သောအခါကမှ လက်ထဲတွင် ဆယ့်ငါးဒေါ်လာပြည့်အောင် ပိုင်ဆိုင်ခြင်းမရှိခဲ့ပေ။ သို့ဖြစ်ရာ သူ့အနေဖြင့် အိမ်လခအတွက် စဉ်းစားစရာ ရှိနေ၏။ သို့သော်လည်း အိမ်လခပေးဖို့ အချိန်မကျမီ ဤ တစ်လ အတွင်း ဘာတွေဖြစ်လာနိုငသည်ကို မည်သူက ကြိုတင်၍ ဟောနိုင်ပါမည်နည်း။ ထို့ကြောင့်လည်း သူသည် အိမ်လခအတွက် ပူပန်ခြင်းမဖြစ်တော့ဘဲ နောင်ခါလာ နောင်ခါဈေးဟု သဘောထား လိုက်လေသည်။
သူတို့သည် လှုပ်ကုလားထိုင် ကိုယ်စီဖြင့် မီးဖိုဘေး၌ ထိုင်ကာ ဇိမ်ယူလျက်ရှိကြသည်။ ဒင်နီသည် အပြင်သို့ အတန်ကြာ မျှ ထွက်သွားပြီး ပန်းသီးတချို့ကို ကိုင်ကာ ပြန်ရောက်လာသည်။ " မိုးကြောင့် ပျက်စီး ကုန်မှာ စိုးရတယ်ကွ" ဟုပြောသည်။
ပီလွန်သည် ထိုင်ရာမှထကာ ဖယောင်းတိုင်ကို ထွန်းသည်။ သူသည် အိပ်ခန်းထဲကို ၀င်သွားပြီး အတန်ကြာမှ ပြန်ထွက် လာသည်။ သူ့လက်ထဲတွင် အ၀တ်လျှော် ဇလုံကြီးတစ်လုံး၊ ကိုင်းခွက်ကြီးတစ်လုံးး၊ အနီရောင် ပန်းအိုး နှစ်လုံးနှင့် ငှက်ကုလားအုတ်မွှေးများဖြင့် ပြုလုပ်ထားသော ပန်းစည်းတစ်စည်းပါလာသည်။ " အိမ်ထဲ မှာ ကျိုးနိုင်၊ ပဲ့နိုင်၊ ကွဲနိုင်၊ ရှနိုင်မယ့် ပစ္စည်းတွေ များများ စားစားရှိတာ မကောင်းဘူးကွ" ဟု ပြောသည်။ " အဲသလို မဖြစ် အောင် ကြိုတင်ပြီး လုပ်ထားတာ အကောင်းဆုံးပဲ" သူသည် နံရံတွင် ချိတ်ထားသည့်စက္ကူ နှင်းဆီပန်း များကိုပါ ဖြုတ်ယူလိုက်သည်။ " ဆီညော်ရာတော်ရဲလီးအတွက် အပိုမေတ္တာ လက်ဆောင် တစ်ခုပေါ့ကွာ ဟု ရှင်းပြကာ အပြင်သို့ ထွက်သွားသည်။
ထို့နောက်ပိုင်းတွင် သူတို့နှစ်ယောက်သည် အပြင်းအထန် ငြင်းကြခုံကြသည်။ သို့သော်လည်း နှစ်ယောက် စလုံး မည်သူကနိုင်၍ မည်သူကရှုံးသည်ကို ဂရုမစိုက်။ တကယ်တော့လည်း နှစ်ယောက်စလုံးသည် ယနေ့ ကြုံခဲ့ရသည့် စိတ်လှုပ်ရှားစရာ အတွေ့အကြုံများကြောင့် အလွန်ပင်ပန်းနေကြပြီဖြစ်၏။ ၀ိုင်အရက်ကလည်း သူတို့ကို အိပ်ချင်မူးတူးဖြစ်လာအောင် ဖန်တီးပေးလျက်ရှိသည်။ နှစ်ယောက်သား ကြမ်းပြင်ပေါ် လဲလျောင်း ကာ အိပ်မောကျသွားကြလေ၏။
နှစ်ယောက်သား ကြမ်းပြင်ပေါ် လဲလျောင်းကာ အိပ်မောကျသွားကြလေ၏။ အတန်ကြာသောအခါ မီးဖိုမီး သေ သွားသည်။ ဖယောင်းတိုင်သည် တဖြည်းဖြည်း တိုလာသည်။ ဖယောင်းရည်ထဲမှာ ချည့်နဲ့စွာ တောက်လောင် လျက်ရှိသော ပြာလဲ့လဲ့ မီးတောက်သည် တဖျပ်ဖျပ်ခါလျက်ရှိ၏။ နောက်ဆုံးတွင် တစ်အိမ်လုံး မှောင်မည်းပြီး တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်းလျက်ရှိ လေသည်။
----------------------
ဆက်ရန်
.

3 comments:
"ဒီအိမ်ကို မင်းကပိုင်ပြီး ငါက မင်းဆီကပ်နေရတဲ့ အဖြစ်မျိုးဆိုရင် သိပ်ကောင်းမှာပဲ" ဆိုတဲ့ idea မျိုးကို အရမ်းသဘောကျတာပဲ ။
ကျေးဇူးပါ။
Dear lulay,
it is good only as an idea. when you really have to "kut nay" at someone's house, only then you will know how it makes you feel. I know very well as I am living at my brother's at the moment.
It is good to read about being poor and poor people in the books, but practically being poor in real life is totally another story.
နေတတ်ရင် ဖိုက်စတားနော်။ ထပ်ရွေးစရာ မရှိတော့ရင်
Post a Comment