Thursday, December 16, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၃)

"၀ါး…ဟား…ဟား…ဟေး…ဟေး…ဟေး…"
    မယဉ်နွယ်သည် သမင်မငယ် သို့ ထ၍ ဆင်းပြေးသည်။ ကျွန်တော် က ရုတ်တရက် တော့ ကြောင် သွားသည်။ ထို့နောက် မှ သတိရ ၍ ခြေဖ၀ါးမှ ဖုန်မှုန့်ကို နဖူးသုတ် ၍ ဘေး၌ တွေ့သမျှ ကျောက်ခဲတွေကို ကောက်ကာ ကျုံး၍ ပစ်ပေါက်၏။ မည့်သည့် ရန်သူမှ ပေါ်မလာသောအခါ မယဉ်နွယ် နောက်သို့ ခြေကုန်သုတ် ၍ တစ်ချိုးတည်း လိုက်ခဲ့သည်။

    "မယဉ်နွယ်…မယဉ်နွယ်…"
    မယဉ်နွယ်သည် လှည့်မကြည့်။ ဆက်သာပြေးသည်။ စောစောက ကျွန်တော်တို့ ရောက်ခဲ့သည့် ဆီးပင် ကိုပင် ကျော်လျက် မယဉ်နွယ်သည်  တော်ငခြေမြေပြန့်သို့ ဆက်ပြေးသည်။
    ဆီးပင်ရင်း၌ ကျွန်တော့်နောက်လိုက်စဉ်က မယဉ်နွယ်ထားခဲ့သော ဆီးသီးထုပ် ကို ကောက်၍ မယဉ်နွယ် ကို ကျွန်တော် မှီလာသည်။
    "မယဉ်နွယ်…နင်က အရမ်းပြေးတာကိုး….ရော့ ဒီမှာ ဆီးသီးထုပ်…"
    မယဉ်နွယ်သည် ဆီးသီးထုပ် ကို  လှမ်းယူ၍ မေး၏။

    "ခုနရယ်သံကြီးက ဘာသံလဲ"
    "ငါလည်း မသိဘူး…ဦးလေးပုကြီးအသံတော့ ထင်တာပဲ၊ ကျောက်ခဲတွေနဲ့တော့ ကောက်ဆော်ခဲ့တယ်"
    "နင်သေချာရဲ့လား"
    "သေချာပါတယ်….ဦးလေးပုကြီး အားရင် ဒီတောင်ပေါ်တွေ တက်ပြီး ဥသျှစ်သီးတွေ လိုက်ခူးတယ်"
    မယဉ်နွယ် သည် သက်ပြင်းကလေး ရှိုက်လိုက်၍ ပထမဦးစွာအဖြစ် စိတ်သက်သာသော အပြုံးကို ပြုံးသည်။

    "မောလိုက်တာ သန့်ဇင်ရာ"
    "မောရင် ဆီးသီးစားပေါ့ … ရေငတ်ပြေတယ်"
    ကျွန်တော် က ကိုယ့်စကားကိုယ် မဆုံးခင်ပင် အထုပ်တွင်းမှ ဆီးသီးတစ်လုံးကိုနှိုက်၍ ပုဆိုးနှင့်သုတ်ကာ မယဉ်နွယ် ၏ ပါးစပ်ဆီသို့ ခွံ့သည်။ ဤတစ်ကြိမ်တွင်မူ မယဉ်နွယ်သည် မငြင်းတော့ဘဲ ဆီးသီး ကို စားသည်း စားရင်းလည်း မှတ်ချက်ချသည်။

    "သန့်ဇင်…နင်သိပ်ညစ်ပတ်တယ်"
    "ငါဘာညစ်ပတ်လို့လဲ"
    "စားစရာ ကို ပုဆိုးနဲ့သုတ်ရသလား"
    "ပုဆိုး ဆိုတာ ထဘီမှ မဟုတ်ဘဲ…မညစ်ပတ်ပါဘူး"
    မယဉ်နွယ် ဘာမှဆက်မငြင်း ဘဲ ဆီးသီးတစ်လုံးကို နှိုက်ယူ၍ သူ့ခါးကြားမှညှပ်ထားသော လက်ကိုင်ပ၀ါ ကလေး ဖြင့် သုတ်၍ ကျွန်တော့်အား ခွံ့သည်။

    "ဟယ်…အဲဒါတော့ ငါမစားချင်ဘူး၊ ဘုန်းနိမ့်ကုန်လိမ့်မယ်"
    "နင့်ပုဆိုးနဲ့သုတ်တာတော့ ငါစားရတယ်…နင်သိပ်ကြီးကျယ်တာပဲ"
    "အေးပါဟာ…ပေးပေး ငါစားပါ့မယ်"
    ကျွန်တော်က မယဉ်နွယ်ခွံ့သော ဆီးသီးကို ကိုက်ဝါးစားလိုက်သည်။ အလွန်ချိုသော ဆီးသီးပေတည်း။
    ကျွန်တော် တို့ကတော့ ကြည်နူးနေသည်။ ကြည်နူးသဖြင့် ပတ်ဝန်းကျင်ကို မေ့နေသည်။

    ကျွန်တော်တို့အိပ်မက်အား တချွင်ချွင်မြည်သော နွားခြူသံတို့က ဖျက်ဆီးပစ်လိုက်သည်။ ထိတ်လန့်တကြား မော်ကြည့်လိုက်သော မယဉ်နွယ်နှင့် ကျွန်တော်သည် လှည်းယာဉ်ထက်၌ နှစ်လုံးပြူး ကိုင် တပည့်ကိုယ်ရံတော် စောင့်ရှောက်အပ်သော စာဥပြောက် ပိုးပုဝါခေါင်းပေါင်းနှင့် ခန့်ညား လှပါသော ကျွန်တော် တို့ရွာ၏ ဘုရင်ဖြစ်သော၊ မယဉ်နွယ်၏ အဖေဖြစ်သော သူကြီးမင်းဦးသာဇံ ကို နှုတ်ခမ်းမွေး တကားကား နှင့် မာန်ဖီအပ်သော ကျားကြီးပမာ ရင်ဆိုင်နေရပေပြီ။

    ဦးသာဇံသည် လှည်းထက်မှ ကျားပမာ ခုန်ဆင်းလိုက်သည်။ သို့သော် လေလံသော သူ့ခန္ဓာကိုယ် ကြောင့် မြေပြင်သို့ ၀က်ပမာ ကျလာ၏။ သူကြီးမင်းသည် မြေပြင်မှ ဖုတ်ဖက်ခါထချိန်၌ အခြား လှည်း တစ်စီး ကလည်း ဆိုက်လာသည်။ ဤလှည်းထက်၌ ရိုးပြတ်အပြည့်တင်လာသည့် ရောင်တစောင်းနှင့် လှည်းမောင်းသူ သည် ကျွန်တော်တို့အား ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်တကြား ကြည့်နေသည်။ သူကြီးမင်း သည် ၀က်စွယ်နှင့်တူသော နှုတ်ခမ်းမွေးများ ထောင်အောင် ဒေါသတကြီးနှင့် ကျွန်တော် တို့ရှေ့၌ လာရပ်သည်။

    "ခွေးရိုးမသားလေး…နင်က ငါ့သမီးကို ဘာလာလုပ်တာလဲ"
    "ဦးကြီးသမီး ကျွန်တော်ဘာမှမလုပ်ပါဘူး…၊ မယုံ မယဉ်နွယ်မေးကြည့်ပါ၊ မယဉ်နွယ် နင့် ငါဘာလုပ် လို့လဲ"
    မယဉ်နွယ်ဆီမှ ဖြေသံမကြားရ၊ သူကြီးမင်းကသာ သူ့သမီးဘက်လှည့်သည်။
    "နင်…ဒီမျိုးမစစ်လေး နဲ့ ဘာလာလုပ်တာလဲ"
    "ဆီးသီး လာကောက်တာ"
   
    သူကြီးမင်း၏ မျက်လုံးများသည် မယဉ်နွယ်၏ရင်မှ အင်ဖက် နှင့် ထုပ်ထားသော ဆီးသီးကိုမြင်၏။
    သူကြီးမင်း သည် ဆီးသီးထုပ်ကိုဆွဲယူကာ မြေပြင်သို့ ပေါက်ချလွှင့်ပစ်လိုက်သည်။  ဤမျှနှင့်  မကျေနပ်၊ အပြစ်မဲ့သော အသက်မဲ့သော ဆီးသီးများကို ခြေထောက်နှင့် လိုက်နင်းသည်။
    "ခွေးကမွေးတဲ့သမီး…သွားလှည်းပေါ်တက်၊ ဟေ့ကောင်အောင်ဘု…ရွာပြန်မောင်း၊ ရွာ ဆိုတာ… ဆရာတော် ကျောင်း ရောက်အောင်မောင်း"

    သူကြီးသည် ဒေါသတကြီးနှင့် ကျွန်တော့်အား ရင်ဆိုင်သည်။
    "ခွေးသူခိုး သေချင်းဆိုးလေး…နင့်ဖင်ပုပ်တော့်မယ်၊ နင့်ဆရာတော် ငါလျှောက်မယ်…သိလား"
    ကျွန်တော် သည် သူကြီးအား တောင်းပန်သည်။

    "ဦးကြီးရာ ဆရာတော်ကို မလျှောက်ပါနဲ့၊ ဦးကြီးသူမီး ကျွန်တော်ဘာမှ မလုပ်ပါဘူး…"
    "ငါ့သမီး နင်ဘာလုပ်လုပ် မလုပ်လုပ် နင့်ကိုတော့ ဆရာတော် လုပ်စေရမယ် နားလည်လား…"
    သူကြီးမင်းသည် အားရပါးရကြိမ်းပြီး နွားချေးပုံတစ်ခု နင်းမိလေသည်ကိုပင် အမှတ်မပြုနိုင်ဘဲ လှည်းယာဉ်ပေါ်သို့ တက်၍ ထွက်ခွာသွားလေသည်။

    ကျွန်တော်သည် ထွက်သွားသော လှည်းယာဉ်ထက်မှ မယဉ်နွယ်အား မျက်စိတဆုံး ၀မ်းနည်းစွာ လှမ်းကြည့် သည်။ ထို့နောက် ကြေကွဲလေးပင်စွာနှင့် သူကြီးလွှင့် ပစ်သော ဆီးသီးများကို လိုက်၍ ကောက်သည်။
    ဆီးသီးများ ကောက်ပြီးသောအခါ ယခုတိုင် ကျွန်တော့်အား ကြောင်ကြည့် နေသော ကောက်ရိုးလှည်း ထက် မှ ရောင်တစောင်း နှင့်လူဆီ လျှောက်ခဲ့သည်။
    ကျွန်တော် သည် ထိုသူ့နံဘေးသို့ ခုန်တက် ၀င်ထိုင်၏။

ဆက်ရန်
.

1 comment:

မဗေဒါ (၈၈) said...

သူကြီး မြေပေါ်သို့ ဝက်ပမာ ကျလာသည် ကို
သိပ်သဘောတွေ့ပြီး တယောက်တည်း ရယ်နေမိလေသည်... ။

ဇာတ်လမ်းကကောင်းနေပြီ.. အပိုင်း ၄ ကို ဖတ်ဖို့ သွားတော့မယ်..

ပန်းဗေဒါ