"အစ်ကိုကြီးကတော့ အဲဒီ နာမည်မသိတာနဲ့ သူကပုံတနည်းပဲကြည့်ပြီး နိဗာန်ပစ္စယောအက" လို့ ခေါ်ထားတယ်၊ အရီ အဲဒီအကမျိုး ကတတ်လား"
"တော်ပါ၊ အစ်ကိုကြီး ပြောတာနဲ့ကိုး"
သူ မျက်စောင်းကလေး ထိုးလိုက်သည်ကိုပင် နိဗ္ဗာန်ပစ္စယော ထိုးကလေးဟု ဆိုလိုက်ချင်ပါသည်။ ဟာ … ဘွာဘွာ ကျုပ်တို့ မောင်နှမလို့ ဆိုထားပါလား။
ယင်း အခိုက်ဝယ် အိမ်ရှေ့မှ ဦးမြတ်ချမ်း မြေးကလေးတစ်ယောက်၏အသံ။
"ဒီ အိမ်မှာ ကိုတက်ပု ရှိသလားဗျို့"
ကျွန်တော် ပြတင်းပေါက်မှ ခေါင်းပြူကာ …
"အေး … ရှိတယ်ကွ၊ ဘာလို့လဲ"
"အိမ်မှာ ခင်ဗျား ဦးကြီးဖြိုး ရောက်နေတယ်၊ ခင်ဗျာ့ တွေ့ချင်လို့တဲ့"
"အေး … လာမယ်ပြောလိုက်"
"မြန်မြန်လာတဲ့ဗျ"
ကျွန်တော် ခေါင်းပြန်လှည့်ပြီး"
"ဘာကိစ္စများ ပါလိမ့်၊ လာ … အရီ သွားကြမယ်"
"ဟင့်အင်း … အစ်ကိုကြီး၊ အရီ မအားသေးဘူး၊ အမေ့အချိန်မီပို့ဖို့ ထမင်းဟင်းချက်ရဦးမယ်"
"ဒါဖြင့် ကိုကြီး သွားမယ်နော်"
"ဟုတ်ကဲ့"
"ငါ့ညီမ စိတ်ချမ်းသာပါတော့ကွယ်"
ကျွန်တော် အရီတို့ အိမ်ပေါ်မှ ဆင်းခဲ့တာ စိတ်ထဲ ဧကန္တ တွက်ရသည်မှာ "ဟင်း … ဦးကြီးဖြိုး တော့ ငါမြို့ သွားတယ်ဆိုတာနဲ့လိုက်လာတာ၊ ငါထီပေါက်ကြောင်း ဦးမြတ်ချမ်းတို့ကို ပြော၊ သူတို့ဆီ ပိုက်ဆံ ချေးခိုင်းပြီး၊ တရုတ်ဆိုင်မှာ တိုက်ခိုင်းဦးမှာပဲ" အကြောင်းမှာ ဦးကြီးဖြိုးသည် အသောက် အစား အလွန်ဝါသနာပါသူဖြစ်၍ မြို့ရောက်လျှင် ခေါက်ဆွဲ နှင့် ဦးရေကို အင်မတန်ကြိုက်သူ ဖြစ်၏။ ခေါက်ဆွဲသုံးခွက်နှင့် ဦးရေသုံးပုလင်းကို ပြောင်အောင်ရှင်းနိုင်သူ ဖြစ်ပါသည်။
"အင်း … ကိုယ်ချမ်းသာတော့ ကိုယ့်ဆွေမျိုးသားချင်း ကြိုက်တာကလေးတွေ ပြုစုရတာပေါ့လေ၊ နို့ပြိး သူ့ကြောင့်ပဲ ဒီထီပေါက်တာပဲ မဟုတ်လား … သောက်ပစေ … စားပစေ၊ သဘောရှိ ကလောဟိ နိဗ္ဗာန ပစ္စယောပေါ့" အနှီလိုပဲ စိတ်ထဲက ရေရွက်လိုက်ပါသည်။
သို့ရာတွင် ဦးမြတ်ချမ်းတို့ ရှေ့မှာ သူနှင့်ကျွန်တော် မျက်နှာချင်းဆိုင်မိကြသော အခါ၌ကား သူ့အသံ မှာ ခက်ထန်လျက် …
"မင်း … အခု မိုးမလင်းခင် ရွာက ထွက်လာပြီတော့ ဟိုကောင်မလေးအိမ်မှာ ဘာသွားလုပ်နေတာ လဲ၊ မင်းဟာ ကဲကိုကဲတယ်"
"ဟာ … မဟုတ်ပါဘူး ဦးကြီး ကျွန်တော်ဟာ ရိုးရိုးသားသားပါ"
"မင်းတို့ မရိုးတာ မဆန်းတာ နံဘေးထားပါဦး၊ မင့်ကိုယ်မင်း တကယ်ထီပေါက်တယ်များ အောက်မေ့ နေ သလား"
ဤသည်၌ကား ကျွန်တော့်ကိုယ်မှာ ငယ်ထိပ်ကို တင်းပုတ်နှင့် ထုလိုက်သကဲ့သို့ ပုဝင်သွားသည်ဟု ထင်ရာကာ …
"ဗျာ"
"မင်းကိုယ်မင်း တကယ် ထီပေါက်တယ် ထင်နေသလား"
"နို့ … ပေါက်စဉ်တွေထဲမှာ ပါနေတာပဲ"
"ဒီပေါက်စဉ်တွေက တို့ရွာအတွက်တင် ငါနဲ့ဦးဖက်ထုပ်က ပုံနှိပ်တိုက်မှာ သွားလုပ်ထားတာဟေ့"
အောင်မယ်လးဗျ …
ဤစကားလုံး နှုတ်မှထွက်မသွားသော်လည်း စိတ်ထဲတွင် အသံမြည်၍ သွားကာ လူမှာ ပျော့ခွေ၍ လဲကျသွားသည်ဟု ထင်လိုက်မိပါသည်။
"မယားနှင့် ယောက္ခမ ပြန်ခေါ်အောင်လို့ ငါက ကြံရတာ ဒီကိစ္စဟာ ငါနဲ့ဦးဖက်ထုပ်ကလွဲလို့ ရွာမှာ ဘယ်သူမှ မသိကြသေးဘူး၊ မင်းကို ငါက ခုမနက်မှ ပြေားထားမယ်လို့ အိမ်လာတော့ ကိုယ်တော် မြတ်က မရှိဘူး၊ စောစောစီးစီးအိမ်က ထွက်သွားလေတော့ တကယ်ပေါက်တာပဲ မှတ်ပြီး တွေ့ကရာတွေ လျှောက်လုပ် နေမှာစိုးလို့ ငါလိုက်လာရတာဟေ့"

အခန်း(၁၇)
ကျွန်တော် ခွေးဖြစ်ပါပြီ၊ ခွေးမှ ခွေးလုံးလုံး ဖြစ်ပါပြီ၊ ခွေးလုံးလုံးမှ ခွေးဝဲစား ဖြစ်ပါသည်။ အရီလေး ဆီကို ပြန်၍ မျက်နှာမပြ၀ံ့တော့ပြီ။
ဘယ့်နှယ်တုန်း … သူဌေးကြီးစတိုင်နဲ့ သူ့အိမ် အကျအနသွားပြီး ငွေငါးထောင်ပေးမည်ဟု ပြော သည်။ သူ့အမေ အိပ်ရာဝင်ခါနီးစာသည့် ပေါင်မုန့် ခုနှစ်ယှက် ခုနှစ်ရက်စာကို ကျွန်တော် တစ်ထိုင်တည်းနှင့် တွယ်ခဲ့သည်။ နို့ပြီး စည်းစိမ်ရှင်ကြီး စတိုင်နှင့် မျက်စိအရသာခံချင်လို့ သူကလေးကို ဟာဝေယံအက ခေါ်တဲ့ နိဗ္ဗာန ပစ္စယောက ကခိုင်းသေးသည်။
ကဲ … သည်တော့ သည်သောက်ခွက် ပြန်ပြလို့ ကောင်းပါ ဦးမတဲ့လား အရပ်ကတို့ရယ်။
ထို့ကြောင့် ကျွန်တော်မှာ "ရှေ့မျက်နှာ နောက်ထား" ဆိုသည့် စကားနှင့် တစ်သဝေမလွဲ ဦးမြတ်ချမ်း တို့အိမ်က အထွက် ၌ သူတို့ဘက် ကျောခိုင်း၍ မျက်နှာကို သမင်လည်ပြန်လှည့်ကာ "အရီလေး များ လာရင် အဲဒီအကြောင်း ပြောပြလိုက်ပါဗျာ" ဟုပြောပြီး တစ်ဟုန်ထိုး လစ်ခဲ့ရပါတော့ ၏။
ဦးကြီးဖြိုးနှယ်ဗျာ၊ ဒီငွေနှစ်သောင်းထီပေါက်တာ မဟုတ်ဘဲ ရွှေဒင်္ဂါးတွေ ၇၅ကုဋေရတဲ့နည်းလုပ် လိုက် အကောင်းသား၊ ဒါမှ ကျွန်တော်ရော၊ မယားရော ယောက္ခမရော ၀မ်းသာလံုးဆို့ သေသွားလို့ အားလုံးအေးကြရော။
ခုတော့ မတင်မျက၊ မိန်းမ ရပြန်တာတော့ ဟုတ်ပါရဲ့ ယောက္ခမက ကြွေပူတယ်ဗျ၊ ဟိုနေ့က ကာလသားတွေ ပြန်ပေါင်းခဲဖိုးပေးရတာက ၅၀ကျပ်၊ နောက်ထပ်ညမှာ အိမ်လာတဲ့ ဧည့်သည်တွေ ဧည့်ခံတာနဲ့ ဘာနဲ့က အစိတ် တဲ့ဗျ၊ ပေါင်း ၇၅ကျပ်တဲ့။
အင်း ဒီ ၇၅ … ၇၅ … ၇၅ ကျွန်တော် ညှဉ်းဆဲတာပါပဲဗျာ။
ကျွန်တော့် သဘောကတော့ ဒီယောက္ခမကြွေး၊ အပျောက်ရှင်းဖို့ပါပဲဗျာ၊ ဒါပေမယ့် သူ့အမေသမီး က "အမေ့ ကြွေးပေးမှပေါ့" တဲ့။
ဒီတော့ ကျွန်တော် "စပါးပေါ်မှ ပေးနိုင်မယ်" ပေါ့။ လုပ်ဟဲ့ ...
လယ်ခွင် ဆင်းခဲ့ရပါပြီ။
တစ်မိုးတွင်းလုံး နွားနှင့် ရုန်းရတော့မည်။
နွေဦးပေါက်လို့ စပါးပေါ်တော့ …
တောက် … ဒီတော့လဲ ကျုပ်တို့ လယ်သမားတွေမှာ မသက်သာသေးဘူးဗျို့၊ ခုခေတ် စပါးရောင်းရ တဲ့ကိစ္စ "အက်စေ အင်ဘီ" ဆိုတာနဲ့ "ဗတလစ" နှစ်ခုကြားမှာ မိုးတွင်းတုန်းက နွားတစ်ရှဉ်းနဲ့ ဖက်ရုန်းရတာထက် စိတ်ပင်ပန်းသေးသဗျာ။
ဘာ့ကြောင့်နည်း …
ကျုပ်တို့ တောသူတောင်သားတွေ ခံစားချက်ကို ခင်ဗျားတို့ မြို့ကြီးစံ သုတေသီတို့ သိရှိရန် အရင်း တိုင်းကို ပြောပြမည်။
လယ်သမားတွေ စပါးကို အက်စေအင်ဘီနှင့် ဗတလစ က စီမံနေသည်။ လယ်သမား စပါးရောင်း ချင်လျှင် ဗလတစဆီက ရောင်းခွင့်အမိန့်စာရအောင် ယူရသည်။ ဤအမိန့်စာပါမှ အက်စေအင်ဘီ က ၀ယ်သည်။ ၎င်းအမိန့်စာဖြတ်ပိုင်းများသည် သူကြီးဆီမှာ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူကြီးသည် ၎င်းပိုင်ရှာများ၌ ဗတလစ ဗမာတောင်သူလယ်သမယးဒ အစည်းအရုံး (ဗမာ တောသား လူလည်များ အစည်းအရုံးဟုလည်း ဆိုကြသည်)၏ ဥက္ကဋ္ဌ ဖြစ်သည်။ သူကြီးအောက်၌ ကျေးရွာ ကော်မတီများ ရှိသေးသည်။
မြို့နယ်ဆိုင်ရာ ဗတလစ အဖွဲ့ချုပ်က "သူကြီးငမဲပိုင် လယ်သမားဦးရေ ဘယ်လောက်ရှိ၊ ဘယ်ရွာ က (ဤအရစ်တွင်) လယ်တစ်တုံးလုပ် ဘယ်နှစ်တင်း၊ လယ်ကူလီ ဘယ်နှစ်တင်းနှင့် စပါးတင်းရေ မည်မျှကို ဘယ်နေ့အရောက် ဘယ်ဒိုင်တွင် ချရမည်" ဟု အမိန့်ကျလာသည်။
သည်တော့ သူကြီးက စပါးရောင်းချင်သူများကို ဆင့်ခေါ်ပြီး ငဖြူ ဘယ်နှစ်တင်း၊ ငညို ဘယ်နှစ်တင်းဟု အမိန့်စာဖြတ်ပိုင်း ပေးသည်။ ကိုလယ်သမားက ၎င်းဖြတ်ပိုင်းနှင့် စပါးကို နွားနှင့် ရုံးစေကာ အက်စေအင်ဘီ စပါးဒိုင်သို့ သွားရသည်။
ဟုတ်ပြီ။
ဤကား မြန်မာပြည် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့၏ အစီအမံ။
၎င်းအစီအမံ၏ အတွင်းတွင် ကိုယ်ကျိုးရှာသူတို့ ယုတ်မာနေကြပုံကို ဖော်ပြမည်။
သူကြီး (မှတ်ချက်။ ယုတ်မာသော သူကြီးပြောတာနော် ကောင်းသော သူကြီးက အေးအေးနေစမ်း) သူသည် သူ့ရွာက ကော်မတီများနှင့် စားဖော်စားဖက်ဖြစ်၏။ သူတို့လူစုလက်ထဲတွင် အရေးတကြီး ရောင်းရသော လယ်သမားဆီက လျှော့ဈေးနှင့် ၀ယ်ထားသော စပါး မပြတ် ရှိ၏။ အထက်အဖွဲ့ ချုပ်က ဤရွာမှ စပါးရောင်းဖို့ အမိန့်ကျတိုင်း ကျတိုင်း သူတို့ စပါးတွေကို ပထမ စာရင်းသွင်း၏။ သူပိုင်ရွာက ဘယ်သူဘယ်ဝါဆိုတဲ့ နာမည်တွေနဲ့ပေါ့။
ကဲ … သည်လို ထွင်စားတာထားဦး၊ သူတို့မှာ သည်ထက်ကောင်းသာ တစ်နည်း ရှိသေး၏။
ရောင်းဖို့ အမိန့်ကျလာသောအခါ၌ ခရီးအလှမ်း ကွာသော ရွာများကို အချိန်ကပ်၍ ပြော၏။ ဤအမိန့်ကို ကြားရသော လယ်သမားသည် ဖုတ်ပူမီးတိုက်နှင့် စပါးတွေ လှည်းနှင့်တင်၍ လာ၏။ သို့သော် ရောက်သောအခါတွင် စပါးဒိုင်မှာ အ၀ယ်ပိတ်နေပြီ။ သည်တော့ သူကြီးက မာန်၏။
"ခင်ဗျားတို့တွေဟာ ဘယ်တော့မှ အချိန်မီမလာဘူး။ ကျုပ်မှာ အထက်က အမိန့်ကျတဲ့ စပါးတင်း ရေမပြည့်လို့ ခင်ဗျားတို့စောင့်ရင်း ခေါင်းမီးတောက်နေတာပဲ၊ နောက်ဆုံးမတတ်နိုင်တော့ အနီးအနားရှိတဲ့ စပါးကလေးတွေပဲ ဖြည့်ချလိုက်ရတာပေါ့၊ ကဲသွား … ပြန်ကြ နောက်တစ်ရက်မှ စောစောလာကြ"
သူကြီး ထွက်ခွာသွားသောအခါ၌ သူကြီး၏ စားဖော်များ ရောက်လာ၏။
"ခက်တာပဲ ခင်ဗျားတို့ ဒီစပါးတွေ အိမ်ပြန်ယူသွားမလား၊ နောက်တစ်ရက် စောင့်ဦးမလား၊ တော်တော် နဲ့ တော့ လာမှာ မဟုတ်ဘူး၊ ခုရောင်းခဲ့ချင်ရင်တော့ ဘယ်ဈေးနဲ့ ၀ယ်မယ့်လူတော့ ရှိလေရဲ့၊ ကျုပ်တို့ ကြည့်လုပ်ပေးမယ်၊ ဒါ ခင်ဗျားတို့သနားလို့"
အစိုးရက ၂၈၅ကျပ် ဈေး ကန့်သတ်ထားသည်ကို ထိုလူများ သနားသဖြင့် အများဆုံး ၂၅၀ကျပ် ဈေးလောက်နှင့် ကျန်ခဲ့တော့၏။
ကောင်းပါပြီ ၀ယ်ချိန်မီ ရော်ကလာသော လယ်သမား၊ ဒီငနဲကို ဘယ်လို နှံကြဦးမည်နည်း၊ ရှုဦးလော့။
အက်စေအင်တီက စပါးချိန်သည်မှာ နောက်လူနောက် အရင်လူအရင် အစီအစဉ်အတိုင်း စပါးများ ကို ပုံစေ၍ နံပါတ် ၁၊ ၂၊ ၃၊ ၄ လျှောက်ကပ်ထား၏။ စပါးပုံတွေက (ဥပမာဆိုစို့) နံပါတ် ၇၅ ရောက် နေပြီဆိုပါတော့။ သည့်နောက် ရောက်လာသော ရပ်ဝေးလယ်သမားများမှာ မျက်လုံးပြူးရလေပြီ။ သူ့စပါးပုံ ၇၆ ဖြစ်ပြိဆိုပါက နက်ဖြန် ညနေတောင်မှ ချိန်နိုင်တော့မည် မဟုတ်ချေ။ သည်တော့ အိုးနဲ့အိမ်ကို ရပ်ဝေးကြီး မှာ (ခုနှယ်သူခိုးဓားပြကလဲ ပူသနဲ့) သည်လို တစ်ရက်နှစ်ရက်ကြီး ပစ်မထားနိုင်။
အဲလို ၎င်း လယ်သမားမှာ ပွပေါက်တိုးနေတုန်း၊ လူတစ်ယောက်နှစ်ယောက်က သူ့အနားရောက် လာ၏။ ခင်ဗျာ့ စပါးစောစောချိန်ရအောင် လုပ်ပေးမယ်၊ ကျုပ်တို့ ဘယ်လောက်ပေးမလဲ၊ ဘယ်၍ ဘယ်မျှ ပေးဗျာ။
ကဲ … ပေးပါမယ်ဗျာ …
ဤသို့ လာပြောသူမှာ အက်စေအင်ဘီက စပါးချိန်သူနှင့် အပေါက်အလမ်းတည့်နေသော သူကြီး၏ လူများဖြစ်၍ သူတို့တွင် နှစ်ဆယ် အစိတ်စီ ပုံထာေးသာ နံပါတ် ၃၊ ၄၊ ၅တွေ ရှိ၏။ ၄အပုံကို ၃သို့ ပြောင်းလိုက်ပြီး ဟိုလူအား ၄နံပါတ်ကို ချစေ၏။ ရှင်းပါရဲ့လား ခင်ဗျား၊ အောက်ခြေက စားပုံ ကလေးတွေ အထက်က စားကြတာတော့ ကျွန်တော်တောသား ငတက်ပု ဘယ်သိမလဲဗျ။ အက်စေအင်ဘီက ဆန်ဝန်ထောက်နဲ့ သူကြီးနဲ့တော့ သိပ်တည့်တာပဲ။
ကဲ … ထိုငနဲသည် စပါးရောင်းရပါပြီ။ သို့သော် ရော့ပတ္တမြား ရော့နဂါးမဟုတ် အက်စေအင်ဘီက ငွေကို ချက်ချင်း မပေးသေး ၃ရက်၊ ၄ရက်၊ ၅ရက်၊ ၆ရက်၊ ၇ရက်၊ အိုး … ကြာချင်သလို ကြာမည်။
အဲသည်တော့ သည်ရက်တွေ မစောင့်နိုင်တော့တဲ့ လယ်သမားအလုပ်တစ်ဖက်နဲ့ ငွေတောင်းရ အောင် ခဏခဏ မလာနိုင်တဲ့ လယ်သမားမယားက စပါးရောင်းအပြန် ဘာတွေ ညာတွေ ၀ယ်ခဲ့ပါ မှာလိုက်တဲ့ လယ်သမား၊ ၎င်းလယ်သမားတွေဆီက ငွေထုတ်လက်မှတ်ကို လျှော့ဈေးနှင့် ၀ယ်သူ သည် အသင့်ရှိ၏။
စပါးအစိတ်ဖိုး တစ်ရာလျှင် အစိုးရ ကန့်သတ်သော ၂၈၅ိဈေးနှင့် သင့်ငွေ ၇၀ိ၊ ၄ပဲကို အနည်းငယ် ဈေးနှင့် နည်း၍ ၀ယ်သည်။
ကဲ … သည်တော့ ခုခေတ်မှာ တောသူတောင်သား လယ်သမားကျောမွဲတွေ ဘယ်လောက် ၀က်ဝက်ကွဲနေသလဲဆိုတာ စဉ်းစားကြတော့ဗျာ။ သည်အထဲ ဓားပြက လာလာရိုက်လု့ ကျောမွဲက နေပြီး ကျောကွဲ ကျောပြဲဖြစ်ကြတဲ့ လူတွေလဲ ရှိသေးသဗျ။ ၀မ်းသာစရာကြီးနော်။
အနှီသို့လျှင် ကျွန်တော်က ကျွန်တော်တို့ တောသူတောင်သူ လယ်သမားတွေ "ဖြစ်ပုံပျက်ပုံ၊ ကင်ပွန်းချုံ ငပုံနှမ၊ ကားရားခွ" ဆိုတာတွေ ပြောပြတော့ မိတ်ဆွေက ကျွန်တော်နဲ့ ရင်းနှီးနေသူမို့ "သြော် … ငတက်ပုကလေးလဲ ဒီလို နစ်နာချက်တွေ ခံစားနေရမှာပဲ"လို့ ကျွန်တော်တို့ သနား ကရုဏာစိတ် ပေါ်ကောင်း ပေါ်ကြလိမ့်မယ်။ သို့သော် ကျွန်တော့်တော့ မသနားကြနဲ့ဗျာ။ ကျွန်တော်က ဗတလစ ၀င်ထားတဲ့ တောသား လူလည်ပဲ။ ကိုယ်က မခံရတဲ့အပြင် ကိုယ့်ထက်ဝနေ ကြတဲ့ လူတွေကို ဆီးဆီး နှိပ်လိုက် သေးတယ်။
ဆက်ရန်
.
No comments:
Post a Comment