တခြား ဆရာ၊ ဆရာမတွေက သူ့စကားကို သဘောတူညီညွတ်စွာ ခေါင်းညိတ်သြည်။ သည်ဆရာမ က တော်သည်။ အသင်အပြကောင်းသည်။ သို့သော် ကျွန်မ ကို ချစ်ခင်ကြည်ညိုသူတစ်ဦးတော့မဟုတ်။ ကျွန်မ က သူ့အပေါ် တင်းကျပ်လွန်းစွာ အုပ်ချုပ်သည်ဟု သူက ယူဆထားသည်။ ယခုသူက ကျွန်မကြားလိုသည့် စကားမျိုး ကို ပြောနေပြီ။ ကျွန်မအတွက် အားဖြည့်ပေးမည့် စကားမျိုးကို ပြောနေပြီ။ ကျွန်မ လိုအပ်သည် မှာလည်း ဒါပဲဖြစ်သည်။ သူ့စကားကြားရတော့ ကျွန်မမှာ ၀မ်းမြောက်ခြင်း မက ၀မ်းမြောက်သွားသည်။
"ဒါဆိုလည်း ပြီးတာပဲလေ။ ဒီအစီအစဉ်ကို ရှင်တို့မကြိုက်ဘူးဆိုရင် ကျွန်မတို့ လက်မခံရုံပေါ့။ ဒါပေမဲ့ ရှင်တို့ကို ကျွန်မတစ်ခုတော့ ပြောထားမယ်။ ဒီအစီအစဉ်ကို ကျွန်မတို့ လက်မခံဘဲ ပယ်ချလိုက်ရင် ဒီအစီအစဉ် ထက် ကောင်းတဲ့ သင်ကြားနည်းစနစ် တစ်ခုရှိနေတယ်ဆိုတာ သက်သေပြရလိမ့်မယ်"
ကယ်လီဖိုးနီးယား စာစစ်နည်းကို ကျင့်သုံးခဲ့စဉ်က ကျွန်မသည် တစ်ကောင်းတည်းပွဲအဖြစ် နွှဲခဲ့ရသည်။ ယခု 'ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်ရေး' အစီအစဉ်ကျတော့ ကျွန်မကျောင်းမှ ဆရာ၊ ဆရာမများကပါ လက်မခံ ချင်ကြ။ သည်တော့ သည်ကိစ္စတွင် တစ်သွေးတည်း တစ်သံတည်း ဖြစ်သွားသည်။
ဆာရာသည် သူ့တပည့်တွေကို ထမင်းစားခန်းသို့ ခေါ်သွားသည်။ ပြီးတော့ တပည့်တွေ နေ့လယ်စာ စားဖို့ တန်းစီနေတုန်း စာလုံးပေါင်းတွေ ပြန်လည် ရွတ်ဆိုလေ့ကျင့်နေသည်။ ဆာရာသည်လို လေ့ကျင့် ပေးခဲ့သည် မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ ခုတော့ တခြားဆရာ၊ ဆရာမတွေလည်း သူ့လမ်းစဉ် လိုက်နေကြသည် ကို ကျွန်မတွေ့ရ၏။ တပည့်တွေ နေ့လယ်စာ စားရန် တန်းစီနေခိုက်၊ နံနက်ခင်း စုဝေးပွဲ သို့ သွားရန် စုဝေးနေခိုက်၊ ကုန်ကုန်ပြောရလျှင် အားလပ်သည့် မိနစ်တိုင်း မိနစ်တိုင်းတွင် သူတို့ တပည့်များကို လေ့ကျင့်ပေးသည်။ သင်ကြားပေးသည်။
ဂဏန်းသင်္ချာ ဖြစ်ဖြစ်၊ ပထ၀ီဘာသာဖြစ်ဖြစ်၊ ကျက်မှတ်ထားရမည့် အချက်အလက်တွေဖြစ်ဖြစ်…။
ကျွန်မတို့၏ သင်ကြားမှု နည်းစနစ်ကို ကလေးတွေ စိတ်ဝင်စားလာသည်။ စိတ်ပါ လက်ပါ ဖြစ်လာ ကြသည်။ သူတို့ကလေးတွေက စာတော်ချင်ကြသည်။ ထူးချွတ်ချင်ကြသည်။ ကျွန်မတို့က သူတို့၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးကြသည်။
ကျွန်မတို့ကျောင်းတွင် တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အပတ်စဉ် အပတ်တိုင်း ဂဏန်းသင်္ချာ စွမ်းရည်ပြိုင်ပွဲတွေ ကျင်းပသည်။ ငွေသားအနည်းငယ်ဖြင့် ဆုတွေ သတ်မှတ်ပေးသည်။ အကောင်းဆုံး၊ အတော်ဆုံး ကျောင်းသား၏ လက်ရာကို သင်ပုန်းပေါ်တွင် ကပ်ပေးသည်။ သည်တော့ စာသင်သား အားလုံး က သူတို့၏ စာသင်ဖော် စာသင်ဖက်တွေ ဘာလုပ်ထားသည်။
ဘယ်လို ဖြေထားသည်ကို ကြည့်ချင်ကြသည်။ လေ့လာချင်ကြသည်။ စာမေးပွဲ အဖြေလျွှာတွေ၊ စာစီစာကုံး တွေ၊ အိမ်စာတွေ၊ ပုံဆွဲလက်ရာတွေ အကောင်းဆုံး၊ အပြောင်မြောက်ဆုံး ကြိုးစားအားထုတ်မှုကို သူတို့ ဂုဏ်ယူဝင့်ကြွား တတ်လာအောင် လုပ်ပေးသည်။ သူတို့ကိုယ် သူတို့သာမဟုတ် တစ်ဦး၏ စွမ်းရည်ကို တခြား သူတွေ ကပါ ဂုဏ်ယူဝံ့ကြွားတတ်အောင်၊ အားကျလာတတ်အောင် လေ့ကျင့်ပေးသည်။
ကျွန်မတို့ကျောင်းထဲတွင် ဘယ်တော့မျှ မပြောရဟု ပညတ်ထားသည့် စကားတစ်ခွန်းရှိသည်။ ၄င်းစကား များ 'မတတ်ဘူး'ဟူသည့် စကားဖြစ်၏။ 'ကျွန်မ အခက်အခဲတွေ့နေတယ်' သို့မဟုတ် 'ကျွန်တော့် ကို ရှင်းပြပေးပါဦး'ဆိုသည့် စကားမျိုးကို ပြောနိုင်သည်ဟု စာသင်သားများကို ကျွန်မမှာကြားထား၏။ သို့သော်'ကျွန်မ မတတ်ဘူး'၊ ကျွန်တော် မလုပ်နိုင်ဘူး'ဟု လက်လျှော့စကားမျိုးကို လေသံမျှ မဟရဟု တားမြစ် ထားသည်။
မကြာခင် အတွင်းမှာပင် အဆိုပါ အပြုသဘောောဆင်စိတ်ဓာတ်သည် စာသင်သားများဆီသို့ အလိုလို ကူးစက်ပျံ့နှံ့သွားသည်။ ထိုကျောင်းသို့ ကျွန်မရောက်လာပြီး နှစ်နှစ်ကြာသောအခါ ဘလိန်းကျောင်း မှ မည်သည့် ကလေးမျှ ကျောင်းဆင်းချိန်တွင် လွယ်အိတ်မပါဘဲ၊ သို့မဟုတ် အိမ်စာတွေ သယ်မသွားဘဲ အိမ်ပြန် သည်ကို မတွေ့ရတော့။
ထိုသို့ ပြုလုပ်ချင်လာအောင် သူတို့မှာ စေတနာတစ်ရပ်ရှိနေပါသည်။ ကျောင်းသူ၊ ကျောင်းသား ကလေးများ မဟုတ်ဘဲ ဆရာ၊ ဆရာမများမှာ ၄င်းစေတနာရှိနေပါသည်။ ၄င်းစေတနာကား ကျွန်မ ၀မ်းသာ ကျေနပ်ရေး ပင်ဖြစ်၏ ကျွန်မ၀မ်းသာကျေနပ်သည်ကိုကြည့်ပြီး သူတို့ ကြည်နူးကြပါသည်။ ပီတိ ဖြာကြ ပါသည်။
"မင်းတို့အတွက် ဆရာမကြီး အရမ်းအရမ်းကို ဂုဏ်ယူတာပဲဟေ့" ဟူသောစကားကို ပြောစေချင်သည်။ ထိုသို့ပြောပြီး သူတို့ကလေးတွေကို ရင်ဝယ်ပွေ့ဖက် ထွေးပိုက်ထားခြင်းခံရသည့် ကြည်နူးမှုကို သူတို့ ခံယူချင်ကြသည်။ ကျွန်မတို့အားလုံးအတွက် သူတို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောရမည်ဟု ကျွန်မက သူတို့ကို ပြောခိုင်းစေချင်ကြသည်။ ထိုသို့ တစ်စည်းတစ်လုံးတည်း စိတ်ဓာတ်၊ တစ်သားတည်း စိတ်ဓာတ် သည် ကျွန်မတို့ အားလုံးအတွက် ဘယ်လောက် အဓိပ္ပာယ်ရှိသည်။ ဘယ်လောက် ထိရောက် သည် ဆိုသည် ကို တိုင်းတာလို့ မရနိုင်ပါချေ။

အလိုလားအတပ်မက်ဆုံးဆုများ
အကြောင်းကြောင်းသော အကြောင်းများကြောင့် ၁၉၈၂-၈၃ စာသင်နှစ်သည် ဘလိန်းကျောင်းအတွက် တောင်ကျရေ ဝေဖြိုးသောနှစ်ဖြစ်ခဲ့၏။ ကျွန်မတို့၏ ကလေးတွေ စွမ်းဆောင်ရည် တဖြည်းဖြည်း မြင့်မား လာပြီ ဖြစ်ကြောင်း ကျွန်မတို့ တွေ့မြင်နေရပြီ။ အောင်ချက်တွေကောင်းလာသည်။ ၄င်းအောင်ချက်များမှာ ယုံကြည် စိတ်ချ လောက်သည့် အောင်ချက်တွေ ခုမှဖြစ်လာသည်။
ထိုနည်းတူစွာ ကျွန်မတို့၏ ကလေးတွေသည် ယခင်နှင့်မတူ မကြုံဖူးအောင် ကျောင်းတက်မှန် လာကြသည်။ ကျောင်းတက်ရက်များသည် ပျမ်းမျှ ၉၀ရာခိုင်နှုန်းရှိသည်။ ဆရာ၊ ဆရာမများ၏ ကျောင်းတက် နှုန်း မှာ သည့်ထက်ပိုသေးသည်။
ထိုနှစ် နွေဦးစာမေးပွဲများအပြီး ကယ်လီဖိုးနီးယား စာစစ်ဌာနမှ အောင်မှတ်များပြန်ရောက် လာချိန်တွင် ကျွန်မတို့ မြို့တွင်းရှိ ကျောင်းများအားလုံးအတွက် 'ပညာရေးဆိုင်ရာ စွမ်းဆောင်မှု ထူးချွတ်ဆု'ပေွးဲ့ ပြုလုပ်ကြသည်။ ထိုသို့ ပြိုင်ပွဲမျိုးကို ကျွန်မဘယ်တုန်းကမျှ မကြိုက်ခဲ့။ အားမပေးခဲ့။ ဘာကြောင့်ဆို စာမေးပွဲ အောင်ချက် များကို ကျွန်မသိပ်အယုံအကြည်မရှိလှ။ ၄င်းအောင်ချက်များကို ဖြောင့်မတ်မှန်ကန်စွာ ရခဲ့ကြသည့် တိုင် ကျွန်မမှာ သံသယစိတ်ကြီး တွဲခိုနေသည်။ သံသယစိတ်ကြီး တွဲခိုနေသည်မှာလည်း ကျောင်း အတော် များများက ကလိမ်ကကျစ် နည်းများဖြင့် အောင်ချက်အောင် လုပ်နေကြသောကြောင့်ပင်။
သို့သော် အခမ်းအနားကြီး ပြင်ဆင်ထားပုံက လှပနေသည်။ ခံ့ညားနေသည်။ ဖယောင်းတိုင်တွေ၊ ပန်းတွေ ဖြင့် ဝေဆာနေသည်။ သည်အခမ်းအနားကြီးသည် ကျွန်မအတွက် ဘယ်လောက် အဓိပ္ပာယ် ရှိကြောင်း သိမြင် သဘောပေါက်လာသည်။
အခမ်းအနား ကျင်းပချိန် တစ်လျှောက်လုံး ရင်တွေ တဒိန်းဒိန်းခုန်နေသည်။ ကျွန်မတို့ ကျောင်းအုပ်ကြီး တွေ အလိုးလားအတပ်မက်ဆု့း ဆုတွေထဲမှာ သည်ဆုကို ဘယ်သူများရလေမည်လဲ။ ပညာရေးဆိုင်ရာ စွမ်းဆောင်မှု အမြင့်မားဆုံး ကျောင်းကို ရွေးချယ်သည့်ဆု။ နောက်ဆုံးတော့ ရင်တဒိန်းဒိန်းဖြင့် စောင့်နေ ရသည့် သမယကို ရောက်လာသည်။ ဆုရကျောင်း၏ အမည်ကို ကြေညာသည့်အချိန်။ ဘလိန်းဟူသော နာမည် ကို ကြားလိုက်ရသောအခါ ကျွန်မ၏ နှလုံးသားသည် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ဖြိုးမောက် သွားပါသည်။ ငါတို့အောင်မြင်ပြီး ငါတို့ လုပ်ပြလိုက်နိုင်ပြီ။
၁၉၈၃ ခုနှစ်တွင် အဆိုပါဆုကို ရလိုက်ခြင်းသည် ကျွန်မတို့အတွက် လိုအပ်နေသည့် တွန်းအားကို ရလိုက်ခြင်း ပင် ဖြစ်၏။ ကျွန်မတိုကအား ကြိမ်တို့ပေးလိုက်ခြင်းပင်ဖြစ်၏။
ဘလိန်း ကျောင်းတွက် ကျွန်မတို့ စတင်ကျင့်သုံးခဲ့သည့် စနစ်သည် မှန်ကန်ကောင်းမွန်ကြောင်း အဆိုပါ ဆုက အတည်ပြု ထောက်ခံပေးလိုက်ပြီ။ သည်တော့ သည်စနစ်ကို လွတ်လပ်စွာ ဆက်လက် ကျင့်သုံးဖို့ အခွင့်အရေး ရသွားပြီ။
အဆိုပါလမ်းစဉ်အတိုင်း ကျွန်မတို့ ဆက်လျှောက်ခဲ့၏။ သို့ဖြစ်သည့်အတွက် ကျွန်မတို့ကျောင်းတွင် အစဉ်အလာ တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အချိန်များများ မယူလိုက်ရပါ။ ၄င်းအစဉ်အလာမှာ အောင်မြင်မှု အစဉ်အလာ၊ အောင်မြင်မှုကို မျှော်မှန်းခြင်းနှင့် ဂုဏ်ယူဝင့်ကြွားခြင်းပင်ဖြစ်၏။ ထိုသို့ ဖြစ်လာရေး အတွက် အခက်ဆုံးအပိုင်းမှာ စတင်ဖြစ်ဖို့ပင်။ စတင်ဖြစ်ပြီဆိုသည်နှင့် သူ့ဘာသာသူ တွန်းအား ပေးပြီး ဆက်လိမ့်သွားတော့၏။ အခြားကျောင်းများသို့ အတန်းတက် ပြောင်းရွှေ့သွားရသည့် စာသင်သားများက ဘလိန်း၏ ဂုဏ်သတင်းကို မွှေးပျံ့အောင် ဖြန့်ပေးကြသည်။ သူတို့က ထိုကျောင်းတွေတွင် စာတော်သည်။ သူတို့၏ အမူအကျင့်နှင့် ခံယူချက် သဘောထားများက သူများနှင့်မတူ တစ်မူထူးခြားနေသည်။
သူတို့အကြောင်းတွေ ကို အပေါ်ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများထံမှ စတင် သတင်းကြား ရသည်။ ဘယ်ကျောင်းမှ ပြောင်းသလဲဟု မမေးဘဲ ကျွန်မ၏ တပည့်များကို တစ်မိအတွင်း ရွေးထုတ် လို့ ရသည် ဟု သူတို့ကပြောသည်။ ကျောင်းအုပ်ဆရာကြီးတစ်ဦးက ဆိုလျှင်-
"သူတို့လမ်းလျှောက်ပုံက ထူးခြားတယ်။ သူတို့ပြောဆိုဆက်ဆံပုံက ထူးခြားတယ်။ နောက်ပြီး ပိုသေချာတာက သူတို့ ကြိုးစားအားထုတ်ပုံက ထူးခြားတယ်"ဟုပြော၏။
ဟုတ်သည်။ သူတို့တမူထူးခြားနေကြပါသည်။ ဘလိန်းကျောင်းမှ ကျွန်မတို့ကလေးတွေသည် သူတို့၏ အိမ်စာများ ကို ပြီးအောင် လုပ်လာခဲ့ဖို့ ဆရာ၊ ဆရာမတွေက မျှော်လင့်ထားကြောင်း သိနေကြသည်။ မိုးရွာရွာ၊ လေထန်ထန်၊ နှင်းကျကျ သူတို့အနေဖြင့် နေ့စဉ်နေ့တိုင်း ကျောင်းတက်ကြဖို့ ဆရာ၊ ဆရာမ တွေက မျှော်လင့်ထားကြောင်း သိနေကြသည်။ သူတို့သည် သူတို့၏ ဆရာ၊ ဆရာမများကို ကြည်ညို လေးစား ကြောင်း ပြသရမည်။ သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားကြောင်း ပြသရမည်။ နောက်ဆုံး မိမိကိုယ် မိမိ ယုံကြည် လေးစားကြောင်း ပြသရမည်ဆိုသည်ကို သိနေကြသည်။ အဆိုပါ သဘောထား ခံယူချက်များသည် သူတို့ရင်မှာ စွဲနေပြီ။ သူတို့ ကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီ။
ကျွန်မတို့ တန်ဖိုးထားလေးစားသည့် တန်ဖိုးများ ခေါင်းထဲစွဲနေအောင် အားဖြည့်ပေးသည့်အနေဖြင့် ဘလိန်း ကျောင်းသား များ၏ ကတိသစ္စတစ်ခုကို ကျွန်မက ရေးသားပေးခဲ့၏။ အဆိုပါ ကတိသစ္စာစကားကို နံရပ်ကပ် ပိုစတာ စာရွက်ကြီးပေါ်တွင် ရိုက်နှိပ်ပြီး တစ်ကျောင်းလုံး၏ နံရံများတွင် ကပ်ထားစေသည်။ နေ့စဉ် နံနက်တိုင်း ကျောင်းအဆောက်အအုံတွင်းသို့ မ၀င်မီ စာသင်သားတွေ တန်းစီပြီး ဘလိန်း၏ ကတိသစ္စာ စကားကို သံပြိုင် ရွတ်ဆိုစသည် ကျောင်းသူကျောင်းသားပေါင်း ၆၀၀ ၏ အသံများသည် နိမ့်လိုက် မြင့်လိုက်ဖြင့် တစ်ညီတည်း တစ်သံတည်း ပတ်ဝန်းကျင်ရှိ လမ်းများပေါ်အထိ ပဲ့တင် ရိုက်ဟည်း နေစေပါသည်။
ကျွန်ုပ်သည် မိမိကိုယ်မိမိ
ဂုဏ်ယူဝင့်ကြွားနိုင်စေရန်လည်းကောင်း၊
အခြားသူများက မိမိအတွက်
ဂုဏ်ယူဝင့်ကြွားနိုင်စေရန်လည်း
ကြံဆောင်လုပ်ကိုင်ပါမည်။
ကျွန်ုပ်သည် ပညာဆည်းပူးရန်
ကျောင်းသို့လာခြင်းဖြစ်သည်။ ထို့ကြောင့်
ကျွန်ုပ်ပညာကို သင်ယူဆည်းပူးပါမည်။
ကျွန်ုပ်သည် ပညာကို သင်ယူဆည်းပူးပါမည်။
ကျွန်ုပ်သည် ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော
နေ့တစ်နေ့ကို ဖြစ်ပေါ်စေပါမည်။
ကျွန်မက အခါအခွင့်သင့်တိုင်း အဆိုပါ ကတိသစ္စာစကား၏ အဓိပ္ပာယ်ကို ကလေးများအား ရှင်းပြ သတိပေး လေ့ရှိသည်။
"ဆရာမကြီး ဟာ မင်းတို့နဲ့ အမြဲတမ်း အတူရှိနေနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ မင်းတို့ရဲ့ မေမေ ဟာလည်း မင်းတို့နဲ့အတူ မဟုတ်ဘူး။ အဲဒီလိုပဲ မင်းတို့ရဲ့မေမေဟာလည်း မင်းတို့နဲ့အတူ အမြဲတမ်း ရှိနေနိုင်မှာ မဟုတ်ဘူး။ မင်းတို့ဟာ မင်းတို့ရဲ့ ဘ၀တွေ ကို အကျိုးသက်ရောက်စေမယ့် ဆုံးဖြတ်ချက် တွေကို နေ့စဉ်နဲ့အမျှ ဆုံးဖြတ်နေရလိမ့်မယ်။ အဲဒီလို ဆုံးဖြတ်ရာမှာလည်း မင်းတို့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ဆုံးဖြတ်ရလိမ့်မယ်။ မင်းတို့ တစ်ခုခုကို ရွေးချယ်ဖို့ ဆုံးဖြတ်ရတော့မယ်ဆိုတဲ့အခါမှာ ဒီစကားလုံး တွေကို ပြန်ပြီး သတိရကြပါ။ ဒီစကားလုံးတွေက မင်းတို့ကို ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ချနိုင်အောင် ကူညီအားပေးလိမ့်မယ်"
မြို့နယ်အတွင်းရှိ ကျောင်းများစုပေါင်းပြီး အဟောအပြော စွမ်းရည်ပြိုင်ပွဲတစ်ခုကို နှစ်စဉ်ကျင်းပလေ့ရှိ၏။ အတော့်ကို အကြိတ်အနယ်ရှိသည့် ပြိုင်ပွဲလည်းဖြစ်၏။ ကျောင်းများက သူတို့ရွေးထားသည့် ပြိုင်ပွဲဝင်များ၏ ဟောပြောချက် များကို တိပ်ခွေဖြင့် သွင်းပြီး ပို့ပေးရသည်။ အကဲဖြတ် ဒိုင်လူကြီးများက နောက်ဆုံး ဆန်ခါတင် ၁၀ဦးကို ရွေးထုတ်သည်။ ထို၁၀ဦးကိုသာ နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ် သည်။
ကျွန်မဘလိန်းသို့ စရောက်သည့်နေ့ကစပြီး ကျောင်းမှ ကလေးတွေကို သည်ပြိုင်ပွဲ ၀င်နိုင်ဖို့ လေ့ကျင့် ပျိုးထောင် ပေးခဲ့သည်။ သီးသန့် လေ့ကျင့်ပေးခြင်းမဟုတ်။ ကလေးအားလုံးကို လေ့ကျင့် ပေးခဲ့ခြင်းဖြစ်သည်။ ကျွန်မတို့ကျောင်းမှ ကလေးများသည် တစ်နှစ်လျှင် တစ်ဦးကျ နောက်ဆုံး ဆန်ခါတင် ၁၀ဦး စာရင်းဝင်သည်မှာ ငါးနှစ်ဆက်တိုက်ဖြစ်၏ ၁၉၈၄ ခုနှစ်တွင် ဖယ်လီစီယာလူးဝစ်ဆိုသည့် သူငယ်မ ကလေး သည် နောက်ဆုံးဆန်ခါတင်စာရင်းဝင်သွားသည်။
ကျွန်မက ကလေးအားလုံးကို စုဝေးပွဲသို့ ဆင့်ခေါ်လိုက်၏။
"ကလေးတို့ ဒီပြိုင်ပွဲမှာ တို့ကျောင်းကို ကိုယ်စားပြုဖို့ ဖယ်လီစီယာကို စေလွှတ်မယ်။ တကယ်လို့ ဖယ်လီစီယာ အနိုင်ရခဲ့ရင် 'ဒီပွဲမှာ ဖယ်လီစီယာနိုင်တယ်ဟေ့'လို့ ဘယ်သူမှ မပြောရဘူးနော်။ မင်းတို့ ပြောရ မှာက ဘလိန်းကျောင်းက အနိုင်ရတယ်လို့ ပြောရမယ်ဟုတ်ပြီလား။ အဲဒီစကားရဲ့ အဓိပ္ပာယ်က တို့များ… မင်းတို့ရော၊ ဆရာမကြီးရောပါဝင်တဲ့ တို့အားလုံး အနိုင်ရတယ်လို့ဆိုလိုတာဖြစ်တယ်"
ထို့နောက် ဖယ်လီစီယာကို ခေါ်ပြီး သူ့အတန်းဖော်များရှေ့တွင် လေ့ကျင့်စကားပြောစေ၏။ သူဟောပြော ပြီးသွားသောအခါ ကလေးတွေက သြဘာလက်ခုပ်များကို ခြိမ့်ခြိမ့်သဲသဲ တီးခတ် အားပေး ကြသည်။ တကယ့်ပြိုင်ပွဲတွင် ကြွရောက်နားထောင့်သည့် ပရိသတ်၏ ချီးကျူးအားပေးမှုမှာလည်း ထိုအတိုင်း တစ်ထပ်တည်း ဖြစ်သွားသည်။
ဖယ်လီစီယာက သူ့မျိုးရိုး နှင့် သူ့ကျောင်းအပေါ်ထားရှိသည့် ဂုဏ်ယူဝင့်ကြွားမှုအကြောင်း ဟောပြော သည်။ သူက အောင်မြင်ထင်ရှားသော အမေရိကန်နိုင်ငံသားခံ အာဖရိကန် လူမျိုးများအကြောင်း၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်လေးစားစိတ် အကြောင်း၊ အောင်မြင်ထင်ရှားသော လူတစ်ဦး ဘ၀ကို ခံယူရခြင်း အကြောင်း တို့ကို ဟောပြောတင်ပြသည်။ သူက ပြိုင်ပွဲခန်းမကြီးတစ်ခုလုံး အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွား အောင် စွမ်းဆောင်လိက်နိုင်၏ ထို့အတူ အကဲဖြတ်ဒိုင်လူကြီးအားလုံး၏ မဲများကိုလည်း အရယူလိုက်နိုင်၏။
ထိုနေ့ညနေက ကျွန်မကျောင်းသို့ရောက်အောင် အမြန်ဆုံးပြန်သည်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်။ ဆန္ဒရှိ သလောက် မြန်မြန်ပြန်မရောက်။ သို့ဖြင့် ကျောင်းသို့ရောက်ရောက်ခြင်း စာသင်ခန်းတိုင်းတွင် တပ်ဆင်ထားသည့် အသံချဲ့စက်မှ တစ်ဆင့်ကြုံးအော်လိုက်၏။
"ကလေးတို့၊ ကလေးတို့ အနိုင်ရပြီဟေ့။ တို့အနိုင်ရပြီကွ"
တစ်ခဏချင်း အတွင်းမှာပင် တစ်ကျောင်းလုံး ကျွက်ကျွက်ညံသွားတော့၏။ အော်ဟစ်ကြ၏။ ကြွေးကြော်ကြ၏။ ပျော်ရွှင်စွာ၊ ၀မ်းမြောက်စွာ၊ ဂုဏ်ယူဝင့်ကြွားစွာ၊ ဖယ်လီစီယာနှင့် တွေ့ဆုံဖို့ ခန်းမကြီးထဲသို့ ပြေးလာ ကြသည်။ ကလေးတွေကော၊ ဆရာတွေကော၊ ဆရာမတွေကော၊ လူတိုင်းလူတိုင်းက ဖယ်လီစီယာ ကို ပွေ့ကြသည်။ ဖက်ကြသည်။ ချီးမြှောက်ကြသည်။
တကယ်တော့ ဖယ်လီစီယာသည် နွမ်းပါးသူကလေး ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သူကလေး။ မာန်မာန ကင်းစင် သူကလေး။ သို့သော် သည်နေ့အဖို့တော့ သူ့ကိုဝိုင်းပြီး ပွေ့ဖက်ချီမကြသည့် အတွက် အနေရ အထိုင်ရ ခက်နေစရာ မလိုတော့ပါ စိတ်ကသိကအောက် ဖြစ်နေစရာမလိုတော့ပါ။ သည်အောင်ပွဲမှ ကျွန်မတို့ အားလုံး ၏ အောင်ပွဲမဟုတ်ပါလား။ ကျွန်မတို့ ဘလိန်းမိသားစု၏ အောင်ပွဲမဟုတ်ပါလား။
မူးယစ်ဆေး
သို့သော်…
ပြိုင်ပွဲများတွင် ကျွန်မတို့ အောင်ပွဲဆင်နေသည့်တိုင် ကျောင်းအလိုက် အောင်ချက်တွေ ကောင်းလာသည့် တိုင် ကျောင်းတက်ရက် ရာခိုင်နှုန်းတွေ တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာသည့်တိုင်…
ကျွန်မတို့၏ အောင်မြင်မှုများကို ချေဖျက်ပစ်ဖို့ ခြိမ်းခြောက်နေသည့် အရိပ်မည်းကြီးတစ်ခုသည် ကျောင်းတံခါး များ၏ အပြင်ဘက်တွင် ဖြန့်ကြက်အုပ်မိုးနေပါပြီ။
၎င်းအရိပ်မည်းကြီးကား ကုတ်ကင်း မူးယစ်ဆေးဖြစ်၏ စထရော်ဘယ်ရီမင်းရှင်း တစ်ဝိုက်တွင် အမယ်စုံ လှသော မူးယစ်ဆေးများကို မြင်တွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သို့သော် ယခုလို ဆိုးဆိုး ရွားရွားကြီးမဟုတ်ခဲ့။ ကျွန်မစကားစမြည်ပြောရန် ကျောင်းဝင်းထဲသို့ ထွက်သွားတိုင်း၊ နံနက် စောစော အမှိုက်ကောက် ဖို့ ထွက်သွားတိုင်း မူးယစ်ဆေးထည့်သည့် ပုလင်းကလေးတွေကို တွေ့နေရသည်။ တွေ့ရ သည့် ပုလင်းအရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ ပို၍ပို၍များလာသည်။
ကျောင်းသို့ ရောက်လာသည့် ကျောင်းသားမိဘတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာသည်။ သူတို့သည် ကျွန်မတို့ကို လာကူကြခြင်းမဟုတ်။ ငွေအသပြာလာတောင်းကြခြင်းဖြစ်၏။ အချို့မှာ ကျောင်းသား မိဘများပင်မဟုတ်။ ကျွန်မမသိသည့် လူတွေ ကျွန်မရုံးခန်းထဲသို့ ၀င်လာကြသည်။ ပြီးတော့ ဘတ်စကားခ မရှိ၍ တစ်ဒေါ်လာ တောင်းသူကတောင်း။ သူတို့သည် တစ်ပုလင်းလျှင် ငါးဒေါ်လာတန်သည့် ကုတ်ကင်း ကို ၀ယ်ဖို့ ငွေရှာနေကြခြင်းဖြစ်သည်။ နောက်တော့ သူတို့ပြောသည့် ယုံတမ်းပုံပြင်များကို ကျွန်မ နားထောင်သည်။ ပြီးတော့ ပြတ်ပြတ်ပြောလွှတ်သည်။
"တစ်ပြားမှ မပေးဘူး"
ထိုသို့ ပြောအလွှတ်ခံရသည့်သူတွေထဲတွင် ကျောင်းသို့ ပုံမှန်ဝင်ထွက်နေသည့် မိဘများလည်း ပါဝင် သည်။ သူတို့သည် ကျွန်မတို့၏ စီမံကိန်းများတွင် ကနဦးပိုင်းကတည်းက ပါဝင်ကူညီခဲ့သူများဖ်ြစသည်။ သူတို့ကို ကျွန်မထိုသို့ ပြောလွှတ်ရသည်ကို ရင်နာလှပါသည်။ သူတို့အထဲမှ တချို့သည် 'ကျလင် ကိုင်သူများ 'ဖြစ်ကုန်သည်ကို တွေ့ရ၏။ ကျလင်ကိုင်သူဆိုသည်မှာ ကုတ်ကင်းစွဲသူများကို သူတို့ခေါ်သည့် နာမည် ဖြစ်၏။
နီးနားဝန်းကျင်တွင် မတွေ့မမြင်ရတာ တစ်ခုတော့ရှိသည်။ ထိုတစ်ခုမှာ ကုတ်ကင်းကို ကလေးတွေ သုံးမနေခြင်းဖြစ်၏။ ဘာကြောင့် သူတို့ကလေးတွေ ကုတ်ကင်းမသုံးကြသလဲ။ အဖြေကရှင်းသည်။ လွယ်သည်။ ကြောက်စရာလန့်စရာကောင်းသော အဆိုပါ ကုတ်ကင်းဆိုတာကြီးက သူတို့၏ အစ်ကို အစ်မ များအား ချုပ်ကိုင်နေသည်ကို သူတို့ မြင်တွေ့နေရသည်။ သည်ကုတ်ကင်းဆိုတာကြီးက သူတို့၏ အဖေအမေ များအား လွှမ်းမိုးပြီး ဆေးသုံးစွဲသူများ ဘ၀သို့ တွန်းပို့နေသည်ကို သူတို့မြင်တွေ့နေရသည်။
"အဲဒီမူးယစ်ဆေးဟာ သိပ်ပြီး ဆိုးရွားတယ်"
မနက်ပိုင်း ကျောင်းသားများ စုဝေးချိန်များတွင် ကျွန်မက ထပ်တလဲလဲ ပြောပြသည်။
"ကုတ်ကင်းက လူတစ်ယောက် စွဲလမ်းသွားအောင် လုပ်တယ်။ အဲဒီလို စွဲလမ်းတဲ့ လူတစ်ယောက်ဟာ ကုတ်ကင်းကို နောက်ထပ်ရဖို့အတွက် ဘာကိုမဆို လုပ်ကြတော့တယ်။ မင်းတို့ရဲ့ မိသားစုထဲက တချို့ဟာ အဲဒီမူးယစ်ဆေးကို သုံးစွဲနေတယ် ဆိုတာ ဆရာမကြီးသိတယ်။ ဒါကို စတင်သုံးစွဲစဉ်က ဒီဆေးဟာ လူကို ပျက်စီး စေတယ်ဆိုတာ သူတို့မသိကြဘူးလေ။ ဒါကြောင့် ဒီမူးယစ်ဆေးကို မင်းတို့ရှောင်ရမယ်။ ဝေးဝေးက ရှောင်ကြ ရမယ်။
"ဒီအတောအတွင်းမှာ မင်းတို့ချစ်တဲ့ လူတွေရဲ့ ဆေးသမားအကျင့်စရိုက်တွေဟာ မင်းတို့နဲ့မဆိုင်ဘူး။ တခြားလူတွေ ရဲ့ အမူအကျင့်တွေကို မင်းတို့ဘာမှ ထိန်းချုပ်လို့မရဘူး။ ဒီကိစ္စတွေဟာ ဘယ်လောက် ဒုက္ခ ပေးတယ် ဆိုတာ ဆရာမကြီးသိတယ်။ ဒါပေမယ့်သူတို့ အဲဒီလို ဖြစ်နေတဲ့အတွက် မင်းတို့ သိမ်ငယ်စိတ်၊ အောက်ကျ နောက်ကျ နိုင်တဲ့ စိတ်ဓာတ်မျိုး အဝင်မခံကြနဲ့ ဆရာမကြီးပြောတာ မင်းတို့ ကြားကြရဲ့လား သူတို့ အဲဒီလိုဖြစ်နေတာဟာ မင်းတို့နဲ့ ဘာမှမပတ်သက်ဘူး မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး..."
ဆက်ရန်
.
2 comments:
ကျေးဇူးတင်ပါတယ်။
ဖတ်လို့ အလွန်ကောင်းသလို အားကျစရာလည်း အလွန်ကောင်းတယ်။
ရှာမှ ရှား ဆိုတဲ့ ဆရာမကြီးမျိုးပါပဲ။
ဒီအထိပဲ ဖတ်နိုင်သေးတယ် အစ်မရေ။
နောက်မှ လာဆက်ဖတ်ပါ့မယ်။
Post a Comment