Friday, December 3, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၁၅)

(၁၂)

မခင်ရွှေ ရေပြာအိုင်ရွာမှ ပြောင်းရွှေ ထွက်ခွာသွားသောအခါ မခင်ရွှေ၏ စိတ်စေတနာကို ချစ်ခင် ကြည်ညိုကြပြီး မခင်ရွှေနှင့် မောင်စိန်းမောင်ကို လက်ဆက်စေလိုကြသော ရွာသူရွာသားတွေနှင့် ကြင်ကြင် ၏ ဆွေမျိုးများ၊ မောင်စိန်းမောင်၏ ဆွေမျိုးများ နှစ်ဦးပေါင်း တစ်ဖက်တို့သည်ပိုပြီး အစေး မကိုက်ဘဲ ဖြစ်လာ ကြသည်။
ကြင်ကြင်တို့ စနက်ကြောင့် မခင်ရွှေ မနေ၀ံ့တော့ဘဲ ပြောင်းရွှေ့ရန် ကြံစည်ကြိုးစား ထွက်သွားခြင်း ဖြစ်သည်ဟု ခိုင်မာသော ထင်မြင်ချက်သည် မခင်ရွှေကို ချစ်သော ရွာသူရွာသားတွေစိတ်မှာ ခိုင်မြဲ နေကြ သည်။

ကြင်ကြင်တို့ဘက်ကလည်း မခင်ရွှေကြောင့်သာ မောင်စိန်းမောင်က ကြင်ကြင်ကို လက်ထပ်ရန် စိတ်မ၀င် စား ဘဲ ဖြစ်ရသည်ဟု ခိုင်မာစွာတွေးသည်။ ဤအတွေးတွေ ထင်မြင်ချက်တွေ ပိုပြီးခိုင်မာ စေသည့် အချက်ကား မခင်ရွှေ ထွက်ခွာသွားပြီး သုံးနှစ်တိုင်အောင်သော အချိန်ကာလတို့ ကြာလာ သည့်တိုင်အောင် မောင်စိန်းမောင်သည် နှစ်ဖက်သော ဆွေမျိုးတွေကို ကျေနပ်မှုလည်း ဖြစ်အောင်၊ နှုတ်ကတိ စကားမျိုးလည်း မလွန်အောင် အစွမ်းအစလွတ်သော စကားမျိုးကို လိမ္မာပါးနပ်စွာ အကြောင်းပြ ပြောကာ ကြင်ကြင်နှင့် လက်ထပ်ရန်ကိစ္စကို ဆိုင်းငံ့ထားခဲ့ခြင်းပင်ဖြစ်သည်။
ဤ သုံးနှစ်သော အချိန်ကာလအတွင်းမှာ မောင်စိန်းမောင်သည် သူ့အသက်တမျှ မြတ်နိုးတန်ဖိုး ထားချစ်သည့် မခင်ရွှေက စတင်ပျိုးထောင်ခဲ့သော ရွာဆေးကုခန်းကို ပြည့်စုံသည်ထက် ပြည့်စုံအောင် ကြိုးစား ဖြည့်စွမ်းသည်။

မခင်ရွှေ ကျေးဇူးကြောင့် ခြောက်သွေ့သော ကန္တာရအဖြစ်မှ ပြန်လည် စိမ်းလန်းစိုပြည်လာသော စမ်းမြိုင်ခြံကြီးမှ ထွက်သမျှ ငွေကြေးသည် ပေးကမ်းထောက်ပံ့ ကျွေးမွေးထားစရာ မရှိသော မောင်စိန်းမောင်အဖို့ သူချစ်သော မခင်ရွှေ၏ စိတ်စေတနာကို နည်းယူကာ ရေပြာအိုင်ရွာ ဖွံ့ဖြိုးရေး အတွက် သုံးသည်။

မခင်ရွှေကို လွမ်းဆွတ်သည့်စိတ်မှ သက်သာရာရအောင် ခြံအလုပ်ကို ကြိုးစားသော မောင်စိန်းမောင်အဖို့ မြို့ကို ခြံထွက်ပစ္စည်းများတင်ပို့နိုင်ရန် တစ်ပတ်ရစ် ဒေါ့ဂျစ်တစ်စင်းကိုလည်း ကိုယ်ပိုင်ဝယ်ယူနိုင်ခဲ့ပြီ။ ရွာနှင့်မြို့ကို ကူးသန်းသည့်လမ်းကိုလည်း သူ့မော်တော်ကားသာ မဟုတ် နွားလှည်းတွေ သွားလာရာမှာ သက်သာမှုရအောင် လမ်းကို မပြတ်ပြုပြင်ပေးသည်။
ထို့ကြောင့် တစ်ခါတစ်ရံ မြို့မှလူတွေပင် ရေပြာအိုင်ရွာကို အရောက်အပေါက် ရှိလာကြသည်။ ရွာ တွင်း လမ်းတွေကိုလည်း မောင်စိန်းမောင်သည် မည်သူ့ထံကမျှ အလှူခံခြင်းမပြု၊ သူ့ငွေဖြင့်သာ ပြုပြင်ရာ မောင်စိန်းမောင်၏ စေတနာကို အသိအမှတ်ပြုသော ရွာသူရွာသားတွေက ၀ိုင်းဝန်းကူညီ လုပ်ကိုင်ခြင်း ကြောင့် ရွာသည် သာယာလှပနေသည်။

" ကျွန်တော် ဒီလို ကိုယ့်ရွာကိုကိုယ် ချစ်မြတ်နိုးလာအောင် ကိုယ့်ခြံကို မဆုံးရှုံးအောင် ဆောင်ရွက် နိုင်တာဟာ ကျောင်းဆရာမ မခင်ရွှေရဲ့ ကျေးဇူးပါ"
ဟူသော စကားကို မောင်စိန်းမောင်သည် စကား အလျဉ်းသင့်သည့်အခါတိုင်း မခင်ရွှေကို မြတ်နိုးစွာ တမ်းတမ်းတတ ပြောတတ်သည်။

ယောက်ျားပီသ၍ သန့်ပြန့်မွန်ရည်သော ရုပ်ရည်၊ ခေတ်ပညာကို အထိုက်အလျောက်သင်ကြားလာ ခဲ့သည့် အရည်အချင်း၊ ငွေသီးနေသည့် ခြံကြီးပိုင်ရှင်၊ ရွာအကျိုးကို ပစ္စည်းစိုက် အားစိုက် ဆောင် ရွက်သည့် မွန်မြတ်သော စေတနာ၊ တစ်ရွာလုံးက လေးစားချစ်ခင်ခြင်းခံရသူ၊ ကိုယ်ပိုင်မော်တော်ကားကို ကိုယ်တိုင်မောင်းကာ မြို့ကို မကြာခဏသွားနေရခြင်းဖြင့် ဗဟုသုတ အကြားအမြင် ပြည့်စုံခြင်း စသည့် အချက်အလက်တွေဖြင့် စုံမက်မြတ်နိုးဖွယ် ကောင်းနေသော မောင်စိန်းမောင်ကို ကြင်ကြင်၏ စွဲစွဲလမ်းလမ်း ချစ်ခြင်း၊ ရယူပိုင်ဆိုင်လိုခြင်း စသည့် စိတ်သည် နေမြင့်လေ အရူးရင့်လေဆိုသလို ဖြစ်နေသည်။

စိတ်ထဲူမှာ မချင့်မရဲ ကြိတ်မနိုင်ခဲမရ ဖြစ်နေသော ကြင်ကြင်သည် သူ့ကိုယ်သူ အလှပဆုံး ခြယ်မှုန်း ပြင်ဆင်ကာ မောင်စိန်းမောင် စိတ်ညွှတ်လာအောင် ကြိုးစားသည်။ စားကောင်းသောက်ဖွယ်ကို စီမံ ချက်ပြုတ် ကာ မောင်စိန်းမောင်ကို ဖိတ်ကြား ကျွေးမွေးသည်။ သို့သော် မောင်စိန်းမောင်ကား မြင်သူတိုင်း ချစ်ချင်စဖွယ် လှပချောမောသော ကြင်ကြင်ကို စိတ်မ၀င်စား၊ မြတ်နိုးဖွယ်ကောင်းသော အရည် အချင်း ပြည့်ဝသည့် ကျောင်းဆရာမလေး မခင်ရွှေကိုသာ တမ်းတ ရည်ရော်ကာ ဖြေမဆည်နိုင်အောင် အလွမ်းပွားနေတော့သည်။

နေမြင့်လေ အရူးရင့်လေဖြစ်ရသော ကြင်ကြင်သည် ဤရေပြာအိုင်ရွာမှာ မောင်စိန်းမောင်၏ ကြိုးစား ဆောင်ရွက်ချက်ကြောင့် အလယ်တန်းကျောင်း ဖြစ်ရတော့မည်။ ကျောင်းအုပ်ဆရာမအဖြစ် မခင်ရွှေပင် ပြန်လည်ရောက်လာတော့မည်ဟု ကြားရသောအခါ နားထဲကို ကျိုက်ကျိုက်ဆူနေသော သံရည်ပူတွေ လောင်းချလိုက်သလို ခံစားရသည်။

" ဒင်းအကြံပဲဖြစ်မယ်၊ ဒင်း ဆောင်ရွက်ချက်ပဲဖြစ်မယ်။ ဒီရွာကို ပို့စရာ ဆရာမ ရှားသမို့လား။ ဒီဆရာမကိုမှ ပြန်ပို့တာ ကိုစိန်းမောင် ကြိုးစားချက် ဖြစ်မှာပဲ"
ကလေးတွေ ပညာရေးကြောင့် အလယ်တန်းကျောင်းဖြစ်အောင် မောင်စိန်းမောင်က ဆောင်ရွက် သည်မှာ မှန်ပါသည်။ ထိုသို့ ဆောင်ရွက်စဉ်က တစ်ရွာလုံး သိကြသည်။ မောင်စိန်းမောင်၏ ဆောင် ရွက်ချက်ကို အားလုံးက သဘောတူကြသည်။ ကြင်ကြင်သည် သူ့ခင်ပွန်းလောင်း၏ ဆောင်ရွက် ချက်ကို ဂုဏ်ယူ ခဲ့ပါ သေးသည်။

သို့သော် မခင်ရွှေနှင့် ရေပြာအိုင်သည် မကုန်နိုင်အောင် ရေစက်ဆုံသည့် ရှေးကုသိုလ်ဟုန်ကြောင့် ထင်သည်။ ပညာရေးဌာနက မူလတန်းစာမေးပွဲမှာ အောင်ချက်ကောင်းအောင် စေတနာထားခဲ့သော ဆရာမ မခင်ရွှေကို ယုံစားခြင်းဖြင့် အလယ်တန်း အောင်ချက်ကောင်းစေဟူ သောရည်ရွယ်ချက်ငြဖ့် မခင်ရွှေ ကိုပင် ပြန်ပို့လိုက်ခြင်းဖြစ်သည်။
ကြင်ကြင်၏ ရင်တွင်းမှာ နေမင်းဆယ်ဆူ ပူသည့်နှယ် ခံစားနေရသည်နှင့်အမျှ မောင်စိန်းမောင်စိတ်ထဲမှာမူ သီတဂူစန္ဒာလို အေးမြချမ်းမြေ့လှပါသည်။

မခင်ရွှေ ပြန်ရောက်လာမည် ဆိုသောအခါ တပည့်ဟောင်းတွေရော၊ မခင်ရွှေ၏ စေတနာကို ကြည်ညိုခဲ့ကြသော ရွာသူရွာသားတွေရော ၀မ်းသာကြသည်။ ဤအထဲမှာ ဘွားရွှေအိမ်တို့ သားအမိက သူများထက်ပိုကဲနေသည်။

" ဆရာမ ရောက်လာရင်လေ၊ သူထွက်သွားစဉ်ကထက် တိုးတက်သာယာနေတဲ့ ရွာရော၊ ဆေးခန်း ရော၊ လမ်းတွေကိုရော မြင်ရင် ဘယ်လောက်များ ၀မ်းသာလိုက်မလဲနော် ဘွားဘွား၊ ဒါတွေအားလုံးကို ကျွန်တော် ဆောင်ရွက် မိတာဟာလည်း ဆရာမ ကျေးဇူးကြောင့်ပါပဲ "
ဟူသော စကားကို မောင်စိန်းမောင်သည် အချိန်ရတိုင်း ဘွားရွှေအိမ်တို့ သားအမိကိုသွားကာ မမောနိုင်မပန်းနိုင် ပြောနေသည်။

သို့နှင့်ပင် မခင်ရွှေ ရောက်လာသည်။ ယခင်ကလိုပင် ဘွားရွှေအိမ်တို့ သားအမိထံမှာပင် နေမြဲတိုင်း နေခဲ့သည်။ ယခင်ကလိုပင် ရွာကလေးတွေ ပညာရေး၊ ရပ်ရွာအေးချမ်းသာယာ ဖွံ့ဖြိုးရေး စသည်တို့ကို ယခင်ထားခဲ့သည့် စေတနာအတိုင်း ဆောင်ရွက်မြဲတိုင်း ဆောင်ရွက်နေသည်။ သို့သော် မခင်ရွှေသည် မောင်စိန်းမောင်ကိုမူ ပြောဆိုဆက်ဆံရာမှာ ယခင်ကထက် တည်ငြိမ်ရင့် ကျက်သော မျက်နှာထား၊ လေသံဖြင့် ပြောဆိုဆက်ဆံသည်။

မောင်စိန်းမောင်ကို လုံးဝ မပြောဘဲနေ၍လည်း မဖြစ်၊ မောင်စိန်းမောင်သည် ရွာ၏ ရှေ့ဆောင်ရှေ့ ရွက် လူဘကီးများအနက် တစ်ယောက် အပါအ၀င် ဖြစ်နေသည်။ ရွာလူကြီးတွေကလည်း -
" ဟိုစဉ်ကတည်းက မောင်စိန်းမောင်နဲ့ ဆရာမက ရေပြာအိုင်ရွာ ဖွံ့ဖြိုးရေးကို တက်ညီလက်ညီ ဆောင်ရွက် ခဲ့ကြတာပဲ၊ အခု ဆရာမ ပြန်ရောက်လာတာ သိပ်အဆင်သင့်ပါတယ်။ ပြောရေးဆိုရေး ကိစ္စ။ ဆောင်ရွက် စရာ ကိစ္စတွေကို ဆရာမနဲ့ မောင်စိန်းမောင်ပဲ ညှိနှိုင်းတိုင်ပင်ပြီး ပြောဆို ဆောင်ရွက်ကြပါ။ ကျုပ်တို့ကတော့ ဆရာမ နဲ့ မောင်စိန်းမောင် စေတနာကို သိပြီးဖြစ်လို့ ဘာမဆို အားလုံးသဘောတူပြီးသားလို့ပဲ ယုံပါ"

ဟူသော စကားကို တညီတည်းပြောကာ မောင်စိန်းမောင်နှင့် မခင်ရွှေကိုပင် အာဏာကုန်လွှဲထား လိုက်ကြသဖြင့် မောင်စိန်းမောင်နှင့် မခင်ရွှေမှာ ခေါ်နေပြောနေ ဆက်သွယ်နေရတော့သည်။ သို့သော် ယခုအကြိမ် ပြန်ဆုံတွေ့ရာတွင် မခင်ရွှေကလည်း မောင်စိန်းမောင် မေတ္တာကို ဖွင့်ဟနိုင် ရန် အခြေအနေမဖြစ်အောင် အထူး သတိထားသလို မောင်စိန်းမောင်ကလည်း အကြောင်းကြောင်း တွေကို ငဲ့ပြီး မခင်ရွှေကို အထူးသတိထားထိန်းချုပ်သည်။

မခင်ရွှေသည် အလယ်တန်း ကျောင်းအုပ်ဆရာမကြီးဖြစ်နေပြီ၊ သူ့လက်အောက်တွင် ဆရာ၊ ဆရာမ ခြောက်ယောက် ရှိနေသည်။ သူအုပ်ချုပ်နေရသော ကျောင်းသူ ကျောင်းသားတွေသည် ယခင်ကလို ငယ်ရွယ်သူလေးတွေ မဟုတ်တော့၊ ရွာနီးချုပ်စပ်ကပါ လာရောက် ပညာသင်ကြားနေ ကြသည့် ဆယ်ကျော်သက်အရွယ်၊ အပျံသင်စ အရွယ်တွေ ပါဝင်နေသည်။ ထို့ကြောင့် ကျောင်းအုပ်ဆရာမကြီးက စင်းလုံးချော ဖြစ်အောင် နေထိုင်မှသာလျှင် လက်အောက်ကို အုပ်ချုပ်၍ ရမည်ဟူသော အချက်ကို နှစ်ယောက် လုံး စဉ်းစားမိကြသည့်အတွက် မခင်ရွှေဟူသော အချက်ကို နှစ်ယောက်လုံး စဉ်းစားမိကြသည့် အတွက် မခင်ရွှေကလည်း ပိုပြီး တည်ငြိမ် ရင့်ကျက်သည်။

မောင်စိန်းမောင်ကလည်း အသက်တမျှ ချစ်သူဂုဏ်သိက္ခာနာမည်မညိုးစေရန် အထူးသတိထား ချုပ်တည်းရှာသည်။
သို့သော် ကြင်ကြင်ကား၊ အကျိတ်အခဲကြီးသည်ထက် ဘကီးလာသည်။ အကျိတ်အခဲ ကြီးလာ သော်လည်း မခင်ရွှေကို နိုင်နင်းစရာ အချက်ဟူ၍ ဆံချည်မျှင်မျှပင် အပြစ်ရှာမတွေ့သောအခါ ချုပ် တည်းရလေ၊ အညိုးကြီးလေ ဖြစ်နေတော့သည်။

မေစမ်းမြိုင်လေး၏ အဖြစ်ဆိုးနှင့် ဘသာပေါ်၏ နောက်ကြောင်းရာဇ၀င်၊ ရေပြာအိုင်ရွာ မည်သို့ နာမည်တွင်လာပုံ စသည်တို့ကို မခင်ရွှေက ပြောပြသောအခါ ရေပြာအိုင် တစ်ရွာလုံး ၀မ်းသာကြ သည်။ မေစမ်းမြိုင် လေးပြောခဲ့သည့် နေရာသည် မခင်ရွှေ ထင်သည့်အတိုင်းပင်။ မောင်စိန်းမောင်က ခြံစည်းရိုးကို ၀ိုက်လိုက်သည့်အတွက် ခြံအပြင်ဘက်ရောက်သွားသည့် ချိုင့်ကြီးပင်ဖြစ်သည်။
ထို့ကြောင့် ထိုနေရာမှ တစ်ရွာလုံးကောင်းမှု စေတီတစ်ဆူသည် ရန်ပင် စုဝေးဆုံးဖြတ်လိုက်ကြပြီး ဖြစ်သည်။

ကြင်ကြင် အကျိတ်အခဲ ကြီးနေသည့် ကိစ္စကလွဲလျှင် အေးချမ်းသာယာနေသော ရေပြာအိုင်ရွာသည် စိတ်မချမ်း သာစရာ အဖြစ်ကြီးဖြစ်ရန် အရိပ်အယောင်ထင်လာပြီကို မည်သူမျှ ကြိုတင်မတွေးမိဘဲ ဖြစ်နေသည်။ ကြင်ကြင်ကသာ မကျေနိုင်အောင် အကျိတ်အခဲ ကြီးနေသော်လည်း ရေပြာအိုင်ရွာကို ဒုတိယ အကြိမ် မခင်ရွှေရောက်လာပြီး မေစမ်းမြိုင်လေး၏ ဆွေမျိုးတွေကမူ မခင်ရွှေကို အမျက်သိုစိတ် မရှိကြတော့ ဘဲ သူတို့ သုံးပွင့်ဆိုင် ဇာတ်လမ်းကို လျစ်လျူရှူနေလိုက်ကြတော့သည်။
-------------------
ဆက်ရန်
.

No comments: