Tuesday, December 21, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၈)

အခန်း (၄)
မုန်းသူဟောင်းနှင့် ချစ်သူသစ်

ဤသို့လျှင် မမျှော်လင့်သောနည်းဖြင့် ကိုးဆောင်တွဲဘုန်းကြီးကျောင်းမှ ထွက်ခဲ့ရသည်။ ကိုးဆောင်တွဲ ကျောင်း မှ မမျှော်လင့်သောနည်းဖြင့် ထွက်ခဲ့ရသကဲ့သို့ လောကဓာတ်  ကျောင်းသို့ မမျှော်လင့် သော နည်း ဖြင့် တက်ခဲ့ရပြန်သည်။

ကျွန်တော် သတိလစ်မေ့မြော သည့်တိုင် အရိုက်ခံရသောအခါ နှစ်ပေါင်းများစွာ ခေါင်းငုံ့သည်းခံ ချိုးနှိမ် ထားအပ် သည့် အဘ ၏ ဒေါမာန်တိုပပြန်ပေါ်လာသည်။ ကျွန်တော် အိပ်ရာထက်မှ မထနိုင်သော ရက်များ အတွင်း ပါးကြောများ တင်းလျက် ခက်မာသော မျက်နှာဖြင့် အဘသည် သူ့ငှက်ကြီးတောင် ဓားကြီးကို ဆကာ ဆကာ ကြည့်နေသည်ဆို၏။ အစ်မသည် အဘလူသတ်လိမ့်ဦးတော့မည်ဟု တွေးတော ထိတ်လန့် နေခဲ့သည်။ အဘ တစ်ဦးတည်းသော သဘောအရဆိုလျှင် အစ်မထင်သည့်အတိုင်း လူသတ်ချင်သတ် မိ ပေလိမ့်မည်။ ချောင်၌ပိတ်မိနေသော ကျားသည် မိမိအား ညှင်းဆဲ ပုတ်ခတ် သည်ကို သည်းခံနိုင်ကောင်း ခံနိုင်မည် ဖြစ်လင့် ကစား ရင်သွေးသားကိုထိလျှင် မိရာကို အသေခဲမည်မှာ ဓမ္မတာတည်း။

အဘ စိတ်ထိခိုက်မည် ဆိုလျှင်လည်း စိတ်ထိခိုက်လောက်သည်။ သတိပြန်လည်လာပြီး နောက် အရွယ် နှင့် မလိုက်အောင် ပြင်းထန်စွာ ခံခဲ့ရသောကြိမ်ဒဏ်ကြောင့် ကျွန်တော် အပြင်းဖျားခဲ့သည်။
''ငါ့သား သေရင် တစ်ရွာလုံး ခုတ်သတ်မယ်''
အဖျားသွေး နှင့် သတိလစ်ရာ မှ ရံဖန်ရံခါ လန့်နိုးလာခိုက် အဘ ၏ ကြောက်မက်ဖွယ် အော်ဟစ် ကြိမ်းဝါးသံ ကို ကျွန်တော်ကြားရသည်။

တစ်နေ့၌ အဖျားကျ ၍ ကျွန်တော်အနည်းငယ် လန်းဆန်းနေ။ အဘသည် ကျွန်တော့်အနီးထိုင်လျက် ဤ တစ်နွေကုန် ၍ မိုးကျသော်  ကျွန်တော့အား လောကဓတ် ကျောင်းထားမည်ဟု အားပေး ချော့မော့ နေသည်။
ဤသည်အခိုက် အောက်ဘက်မှ အမေ၏ တားမြစ်တောင်းပန်သံ ကြားရသည်။
''ဟဲ့....သမီး.. မတက်နဲ့ကွယ်၊ အစ်မစကား နားထောင်စမ်းပါ၊ ပြန်ပါငယ်လေးရယ်..ပြန်ပါ။

သို့ရာတွင် အိမ်လှေကားမှ တကျွေ့ကျွေ့မြည်သံဖြင့် တစ်စုံတစ်ယောက် တက်လာကြောင်း ကျွန်တော် သိသည်။
အဘ သည် ရုတ်တရက် ထိုင်ရာမှ ထလိုက်သည်။ ထစဉ် ငှက်ကြီးတောင်ဓါးကိုလည်း ဆွဲယူပြီးဖြစ်နေသည်။
ဤမျှ ခက်ထန်သော ယောက်ျားကြီးအား လှေကားထိပ်၌ ရပ်ရင်းရင်ဆိုင်နေသူမှာ နုနယ်ငယ်ရွယ်သူ မိန်းကလေး တစ်ဦးသာတည်း......။
''မယဉ်နွယ်.... မယဉ်နွယ်....။

သို့သော် ကျွန်တော်၏ခေါ်သံကို အဘ၏ ကျားဟိန်းသံက  လွှမ်းပစ်လိုက်သည်။
''ခွေးတိရစ္ဆာန်မလေး.... နင်ဘာလာဂြိုဟ်မွှေပြန်တာလဲ''

''အဘ....အဘ'' ကျွန်တော်က လှမ်းခေါ်သည်။ အဘသည် ကျွန်တော့်ခေါ်သံကိုကြားဟန် မတူ။ မယဉ်နွယ် ကို သာ ဆက်ကြိမ်းသည်။
''နင့်အဖေ က ငါ့အရာလုတယ်၊ နင်က ငါ့သား ကို သေအောင် ဂြိုဟ်မွှေတယ်ပေါ့....  ဟုတ်လား၊ ငါ့အိမ်ပေါ် ကို အမျိုးယုတ် တွေ မတက်ရဘူး၊ ဆင်း.....အခုဆင်း''
မယဉ်နွယ်သည် အဘဓားကိုတစ်လှည့်၊ အဘမျက်နှာကို တစ်လှည့်ကြည့်သည်။ ထိုနောက် အပြစ်ကင်း၍ အေးချမ်းလှသော အပြုံးဖြင့် အဘကိုစကားဆိုရန် မော့ကြည့်သည်။

''အဘရိုက်ရင်  ကျွန်မခံပါ့မယ်၊ ဒါပေမယ့် သန့်ဇင်ကို ကျွန်မစကားပြောပါရစေ''
ကျွန်တော်သည် အိပ်ရာမှ လူးလဲထ၏။ အဘယ်ဆီကအားတို့ ကျွန်တော့်ကိုယ်တွင်းသို့ ၀င်လာမှန်းမသိ။ အဘ နှင့် မယဉ်နွယ်ကြားသို့ မည်သို့မည်ပုံ ရောက်သွားမှန်းမသိ။
မယဉ်နွယ် ရှေ့မှ ကာဆီးရင်း အဘကို ကျွန်တော် တောင်းပန်ရန် ကြိုးစားသည်။ သို့သော်... အားနည်းလွန်း သဖြင့် ကျွန်တော် ခွေကျသွား၏။
မယဉ်နွယ်သည် ကျွန်တော့်အား လှမ်း၍ပွေ့လိုက်ပြီး၊ အဘကိုအသနားခံစွာ မော့ကြည့်သည်။

အဘ ၏ တင်းမာသောမျက်နှာသည် လျော့ကျသွား၏။ လက်မှဓားကိုလည်း လွှတ်ချလိုက် သည်။ ထို့နောက် ကျွန်တော့်ကို ပွေ့ချီလျက်  အိပ်ရာပေါ်ပြန်ချပေးပြီး  အိမ်ပေါ်မှ ဆင်းသွားသည်။
ထိုအခါ မယဉ်နွယ်သည် သက်ပြင်းလေးချ၍ ကျွန်တော့်အားလက်မောင်းတို့ကို ဆုပ်လျက် အပြုံး နှင့် အမဲ့ ရောသော မျက်နှာလေး နှင့် စကားဆိုသည်။
''သန့်ဇင်… နင်သိပ်နာနေသလား''

ကျွန်တော် က မနာဘူးဟု ဖြေချင်သည်။ သို့သော် ဤသို့ဖြေလျှင် ကျွန်တော် ညာရာကျပေ လိမ့်မည်။ ထို့ကြောင့် ဘာမှပြန်မဖြေဘဲ ငြိမ်နေရသည်။ ငြိမ်နေစဉ်လည်း ဘာကြောင့်မသိ။ ကျွန်တော့်မျက်လုံးတို့၌ မျက်ရည် များသည် အလိုလိုပြည့်လာသည်။ ထို့နောက်မှ အားတင်း၍ မယုတ်မလွန် ဖြေရသည်။
''နာတော့ နာတာပေါ့ မယဉ်နွယ်၊ ဒါပေမယ့် …သိပ်တော့မနာလှပါဘူး''

မယဉ်နွယ်သည် သူ့မျက်နှာကို အပြုံးမပျက်စေဘဲ ဆက်၍ပြောသည်။ အပြုံးသာ မပျက်သော်လည်း မျက်ရည် တို့က ကျနေသည်။ ဤမျက်ရည်ဝိုင်းသော အပြုံးကိုကြည့်ရင်း ကျွန်တော်သည် မယဉ်နွယ်ကို ငေးငိုင် ကြည့်မိသည်။ မယဉ်နွယ်၏ အပြုံးသည် ကျွန်တော့် မိခင်အပြုံးနှင့် တူလှလေစွတကား။
''သန့်ဇင် ….နင်ငါ့ကို စိတ်မနာဘူးလား…..''

ကျွန်တော်သည် နားမလည်စွာ မယဉ်နွယ်အား မော့ကြည့်၏။
''နင့်ကို ငါဘာလို့စိတ်နာရမှာလဲ မယဉ်နွယ်….''
''နင် ငါ့ကို ဘာလို့စိတ်မနာဘူးလား၊ ဟိုတခါ င့ါကြောင့်မို့ နင်အရိုက်ခံရပြီ၊ အခုတော့ ကိုရင်သာခွေး ကြောင့် နင် ခံရပြန်ပြီ၊ နင့်အဘပြောတာ မှန်တယ်၊ ငါဟာ နင့်အတွက် ဂြိုဟ်ကောင်မလေးပါဟာ''
''မယဉ်နွယ် ဘာတွေလျှောက်ပြောနေတာလဲ၊ နင် ဂြိုဟ်ကောင်မလေး မဟုတ်ပါဘူး၊ ဖြစ်ခြင်းဖြစ် ငါကသာ နင့်အတွက် ဂြိုဟ်ကောင်ဖြစ်မယ်''

''သန့်ဇင်ရာ …. နင်ဒီလိုမပြောနဲ့၊ အေးလေ…. တို့နှစ်ယောက်စလုံး ဘယ်သူမှ ဂြိုဟ်ကောင်မဟုတ်ပါဘူး၊ နင့်အဖေကြီးနဲ့ ငါ့အဖေကြီးတွေသာ ဂြိုဟ် တွေပါဟာ….''
''မယဉ်နွယ်….အဲသလိုမပြောရဘူး၊ တော်တော်ကြာ နင်ရော ငါရော ပိတုဂါရကံ ထိုက်နေဦးမယ်''
မယဉ်နွယ် သည် ငိုင်သွားသည်။ ထို့နောက် တွေးတွေးခေါ်ခေါ်ဖြင့် မေးသည်။

''နင့်အဖေနဲ့ ငါ့အဖေဟာ ဘာကြောင့် ဒါလောက်မုန်းကြတာလဲ''
ကျွန်တော်သည် ဘာဖြေရမုန်းမသိ။ သို့သော် ….တစ်ခုခုဖြေရန် ကြိုးစားသည်။ ကျွန်တော်ဖြေရန်မလို။ အဖြေ သည် သူ့အလိုလို ပေါ်လာ၏။ အကြောင်းမှာ….
အောက်ထပ်မှ ဆူညံဆူညံအသံများ ပေါ်လာသည်။
မယဉ်နွယ် သည် ကျွန်တော်ဘေးမှ အပြေးကလေးထ၍ ငုံ့ကြည့်သည်။ ထိုနောက် ကျွန်တော်အနီးသို့ ပြန်ပြေး ၍ ထိတ်လန့်တကြားဆိုသည်။

''သန့်ဇင် …ငါအဘလိုက်လာပြီ၊ ရော့….ရော့ …အဲဒါလေးယူထားလိုက်၊ နင်တို့လော ဓာတ်ကျောင်းတက်''
ပြောပြော ဆိုဆိုလျှင် မယဉ်နွယ်စာ် ပြေးဆင်း ပျောက်သွားသည်။ ကျွန်တော်လက်တွင်း၌မူ ရွှေသမှည့်သီး ဆွဲကြိုးလေး ကျန်နေခဲ့သည်။ ကျွန်တော်သည် ဆွဲကြိုး ကို ခေါင်းအုံးစွပ် အောက်ထည့်လိုက်ပြီး အိမ်ရှေ့ တံခါးပြင် သို့ လေးဖက်ထောက်ထွက်၍ လှမ်းငုံ့ကြည့်သည်။

ခြံဝ၌ သူကြီးဦးသာဇံသည် ဆယ်အိမ်ခေါင်း ဦးချစ်တီးနှင့် အတူရပ်နေသည်။ ချစ်တီးက သူကြီး၏ နှစ်လုံးပြူးကြီး ကို ပခုံးထက်ထမ်းထားသည်။ ဤသူနှစ်ဦးကို ရင်ဆိုင်နေသူမှာ ၀ါးလုံးပြတ် တစ်ချောင်း ကို ကိုင်ထားသော ကျွန်တော့်အဘ ဖြစ်သည်။ ဤကမ္ဘာ့ရန်သူကြီး နှစ်ဦးကြားသို့ မယဉ်နွယ်သည် ခပ်ကုပ်ကုပ်လေး ၀င်သွားသည်။
ဦးသာဇံ ၏ ဒေါသ သည် အဘထံမှ မယဉ်နွယ်ထံသို့ ပြောင်းသွား၏။

''သောက်ကန်းမလေး ….င့ါသောက်ရှက်ခွဲတဲ့ သောက်ကန်းမလေး''
ဦးသာဇံသည် မယဉ်နွယ်၏ ကုပ်ပိုးဆီ လက်လွှဲ၍ ရိုက်လိုက်၏။

သို့သော် ….သူကြီး၏လက်သည် မယဉ်နွယ်ဆီ မရောက်။ တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သည်။ သူကြီးလက်ကို ဖမ်းချုပ်ပြီး ရှေ့သို့ပေါ်လာသူမှာ ကိုအုန်းဖေဖြစ်သည်။
အဘရော သူကြီးပါ အလွန်အရပ်မြင့်သည်။ သို့သော ဆရာကိုအုန်းဖေသည် သူကြီးနှင့် အဘက်ထက် တစ်မိုက်ခန့် ပို၍ ရှည်သည်။ ကျွန်တော်ဆရာကိုအုန်းဖေကို မကြာခဏ တွေ့ သည်။ တွေ့လေတိုင်း ဆရာ ကိုအုန်းဖေ ပြုံးသည် ကို တစ်ခါမှ မမြင်စဖူး။

ဆရာကိုအုန်းဖေ၏ နားထင်မှ မေးရိုးအထိ အရိုးသည် တည့်တည့်ကြီး ကျဆင်းနေ၏။ ပါးနှင့်မေးနှင့် ကြွက်သား များပေါ်ထင်နေ၍ အမြဲအံကြိတ်နေသည် ထင်ရ၏။ နဖူးကကျယ်သည်။ မျက်ခုံးကပါး၏။ မှေးသော မျက်လုံး များသည် အစဉ်အရောင်တောက်ပ စူးရှနေသည်။
ဤအရပ်အမောင်း ဤရုပ်ဤရည်တို့ဖြင့် ဆရာကိုအုန်းဖေသည် ၀ါးလုံးပြတ်ကိုကိုင်ကာ အဘနှင့် နှစ်လုံးပြူး ကို ကိုယ်ရံတော် ပါသော သူကြီးကြား မားမားကြီးရပ်သည်။ ပထမဦးစွာ ဆရာကိုအုန်းဖေသည် ဆယ်အိမ်ခေါင်း ကို ချစ်တီးအား အမိန့်ပေးသည်။

''ဟေ့ကောင် ချစ်တီး၊ မင်းသေနတ်ကြီး ငါ့လက်ထဲပေးစမ်း…..''
စပါးကြီးမြွေအညှို့ခံရသော လူတစ်ဦးကဲ့သို့ ကြောင်ကြောင် ငိုင်ငိုင်ဖြင့် ကိုချစ်တီးသည် နှစ်လုံးပြူးကို ဆရာ ကိုအုန်းဖေ လက်သို့ ထည့်လိုက်သည်။ ဆရာကိုအုန်းဖေသည် နှစ်လုံးပြူးကိုယူ၍ မောင်းတင်ကာ ကျွန်တော် ၏ ခြံဝင်းထောင့် မန်ကျည်းပင်ပေါ်သို့ နှစ်တောင့်ဆင့်၍ ပစ်လိုက်၏။ မန်ကျည်းရွမ်းပြင်းများ တဖွဲဖွဲ ကြွေကျ လာသည်။ ထိုအခါကျမှ ဆရာကိုအုန်းဖေသည် နှလုံးပြူးကို ကိုချစ်တီးအား ပြန်ပေးသည်။

''နှစ်လုံးပြူးဆိုတာ မန်ကျည်းသီးမှည့်ချွေဖို့ပဲ  ကောင်းတယ်၊ အဲဒီတော့ သူကြီး...ခင်ဗျားပြန်ဗျာ၊ ဦးလေးကလည်း ခင်ဗျားတုတ်ကြီး လွှင့်ပစ်ဗျာ၊ ခင်ဗျားတို့ လူကြီးလုပ်နေပြီး မွေးကင်းစ ကလေးတွေ လောက်တောင် အသုံးမကျဘူး.....။
ထို့နောက် ဆရာကိုအုန်းဖေသည် မယဉ်နွယ်ဘက်လှည့်၍ အမိန့်ပေးသည်။
''မယဉ်နွယ် ငါ့အိမ်မှာ သွားစောင့်နေ၊ နင့်အဖေအိမ်မပြန်နဲ့ ကြားရဲ့လား၊ ကဲ...သူကြီး ကလည်းပြန်လေဗျာ''

မယဉ်နွယ်သည် ရှေ့က သွက်သွက်လေး ထွက်သွားသည်။ သူကြီးသည်လည်းကောင်း၊ ကျည်မရှိသော နှလုံးပြူးအားထမ်းလျက် ကိုချစ်တီးသည်လည်းကောင်း၊ အောင်မြင်စွာ    ဆုတ်ခွာသွားကြသည်။ ထိုအခါမှ အဘသည်လည်း ၀ါးလုံးပြတ်ကို လွှင့်ပစ်လိုက်သည်။ ဆရာက အဘအား တည်ငြိမ်စွာ ဆိုသည်။

''ကဲ...ဦးလေး၊ ကလေးကို ကျန်းမာအောင်ပြုစု၊ နေကောင်းရင် ကျွန်တော့်ကျောင်းလွှတ်၊ ကျွန်တော် တာဝန်ခံပြီး ကလေးကို စာသင်ပေးမယ်၊ နားလည်လား။
ဆရာကိုအုန်းဖေ သည် အဘထံမှ အဖြေမစောင့်ဘဲ မားမား၊ မားမားနှင့် ထွက်ခွာသွားသည်။
ဤသို့ဖြင့် ကျွန်တော် နေကောင်းသောအခါ လောကဓာတ်ကျောင်းသားကြီး ဖြစ်နေသည်။

လောကဓာတ်ကျောင်းသား အရင်က ဖြစ်ချင်လွန်းလှသော်လည်း တကယ်ဖြစ်လာသော် မသက်သာ၊ ဆရာကိုအုန်းဖေ၏ လောကဓာတ်ကျောင်းမှာ တစ်တန်းမှာ ခုနှစ်တန်းအထိ သင်သည်။ ကျွန်တော် ဒေါင်းဖတ်စာနှင့် ဗုဒ္ဓဘာသာ သင်ခန်းစာများကို ကောင်းစွာ လိုက်နိုင်သော်လည်း၊ ဂဏန်းသင်္ချာနှင့်၊  ပထ၀ီ ကို လုံးဝနားမလည်။ ထို့ကြောင့်ဆရာ ကိုအုန်းဖေက ကျွန်တော့်ကို လေးတန်း၌ထားသည်။ မယဉ်နွယ် ကမူ ခြောက်တန်း၌ တက်နေသည်။

'နောဧကနော'ကို ကျက်ခဲ့ဖူးသော ကျွန်တော်သည် တစ်တစ်လီတစ်မှစ၍ ပြန်ကျက်သည်။ အကြီးဆုံးသော ကုန်းပိုင်းကို တိုက်ဟုခေါ်သည်။ ရေပတ်လည် ၀ိုင်းလျက်ရှိသော ကုန်းမြေကို ကျွန်းဟုခေါ်သည်။
....စသော ပထ၀ီဝင်ကိုလည်း သင်ရသည်။ သင်သည်ဆိုသည်မှာ ကျောင်း၌မဟုတ်၊ အိမ်၌ဖြစ်သည်။ ဤစကား ကို ကျွန်တော်ရှင်းရပါမည်။

ကျွန်တော်၏ အသက်အရွယ်၊ အသိဥာဏ်၊ ပါဋ္ဌိမြန်မာစာပေ နိုင်နင်းမှု၊ ဤအချက် များကြောင့်သာ ဆရာကိုအုန်းဖေသည် စတုထ္ထတန်း၌ ထားသော်လည်း သင်္ချာနှင့် ပထ၀ီ တို့တွင် ကျွန်တော်သည် သူငယ်တန်းအဆင့်၌ ရှိသည်။ ဂဏန်းသင်္ချာ၌ စတုထ္ထတန်းသား များသည် ကျွန်တော်မတွေ့ဖူးသော အပိုင်းဂဏန်းများနှင့် ကျပ်-ပဲ-၀ိုင်ကိုတော့ နားမလည်။ အပိုင်းဂဏန်း မဆိုထားနှင့် အမြှောက်အစားကို ကျွန်တော် သဘောမပေါက်သေး။

လေးတန်း ပထ၀ီဝင်တွင် အိန္ဒိယပြည်အကြောင်း သင်နေသည်။ ကျွန်တော့်အတွက်မှာ မြန်မာပြည်မြေပုံနှင့် ကမ္ဘာလုံးဆိုတာကြီးကို ဤလောကဓာတ်ကျောင်းရောက်မှ မြင်ဖူးသည်။ ကျွန်တော်ထက် တစ်ဆင့်နိမ့်သော သုံးတန်းကျောင်းသားများက လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ အီကွေတာ၊ ဒက္ခိဏ ယဉ်စွန်းတန်း၊ ဥတ္တရယဉ် စွန်းတန်း အစရှိသည်တို့ကို ရေရေလည်လည် ပြောနေကြချိန်၌ ကျွန်တော်က မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ သြစတြေးလျားတိုက် စသည်တို့ကို  လျှာတယားယား တသည်းတယားယား ဖြင့် ကျက်နေရတုန်း ပင် ဖြစ်တော့သည်။
ဆရာကိုအုန်းဖေ သည် လူပျိုကြီးဖြစ်သည်။ ဆရာသည် သူ့အစ်ကို ကိုအုန်းမောင်နှင့် မခင်သိန်းတို့အိမ်တွင် နေသည်။ မခင်သိန်းသည် ကိုအုန်းမောင်မယားဖြစ်၍ ဆရာ့မရီးဖြစ်သည်။ ကိုအုန်းမောင်၏ အလုပ်မှာ မြို့တက် အထည်ကုန်ကူခြင်း ဖြစ်သည်။

ကျွန်တော်သည် ဤအိမ်၌ လာနေရသည်။ ကျောင်းမတက်ခင် ဆရာ့အခန်းကို တံမြက်လှည်းခြင်း၊ မခင်သိန်းနှင့် မီးဖိုချောင် ကူလုပ်ခြင်းစသော ၀တ္တရားများကို ဆောင်ရွက်ရသည်။
ဆရာကိုအုန်းဖေသည် အလယ်တန်းကျောင်းအုပ် ဖြစ်သော်လည်း ဒို့ဗမာ အစည်းအရုံးဝင် ဖြစ်သောကြောင့် အားလပ်သည်မရှိ၊ ည၌အိမ်၌ အိပ်ခဲသည်။
ကျွန်တော့်ကို ဦးလေးကိုအုန်းမောင်က ညအခါများတွင် သင်္ချာနှင့် ပထ၀ီကို သင်ပေးသည်။
ဦးလေး ကိုအုန်းမောင် သင်ပေးသည်ကို နားမလည်သောအခါ မယဉ်နွယ်ကို မေးရသည်။

ဤအခါကာလများသည် ကျွန်တော့်အတွက် ပျော်ဖွယ်ကောင်းသော အချိန်ကာလများ ဖြစ်၏။ မယဉ်နွယ်ကို ကျွန်တော် နေ့တိုင်းတွေ့နိုင်၏ တောင်ခြေမှ ဆီးပင်ကြီး၌  ဆီးသီးတို့ မတုံးမချင်း ဆီးတော်သီးများကို မယဉ်နွယ်အား နေ့တိုင်းမှန်မှန်ပေးနိုင် သည်။

ဆရာကိုအုန်းဖေ၏ စာကြည့်စားပွဲ၌ ထူးထူးဆန်းဆန်း စာအုပ်များကို ကျွန်တော့တွေ့ခဲ့ရ သည်။ ကျွန်တော် ပထမဆုံး စိတ်ဝင်စားသော စာအုပ် (နောင်အခါ ဂျာနယ်ဟု သိရသည်) မှာနဂါးခေါင်း အနီးရှိသော စာအုပ်တစ်အုပ် ဖြစ်သည်။ ထိုစာအုပ်အမည်မှာ "နဂါးနီ ဂျာ နယ်" ဟုခေါ်သည်။
နဂါးနီဆိုသောစကားကို နားလည်သော်လည်း ဂျာနယ်ဆိုသော စကားကို နားမလည်။ သို့ရာတွင် နဂါးနီဂျာနယ်ကို လျှောက်ဖတ်မိ၏။ ကျွန်တော်စဖတ်မိသော စာမျက်နှာ၌ လှပသော မိန်းမကြီးတစ်ဦးအား ကုလားကြီးလေ ပထန်ကြီးလော မသိသော လူကြီးတစ် ကောင်က ကြာပွတ်ကြီး တစ်ချောင်းဖြင့် ရိုက်နေသော ပန်းချီပါသည်။ ထိုပန်းချီနှင့်အတူ ခေါင်းစဉ်စာလုံးများ ပါ၏။
"ဟော်နန်းပျော် သူလျှိုမိဖုရား"ဟူ သတည်း။

တူရကီပြည့်ရှင် မိဖုရား လုပ်ငန်း ဂျာမဏီပြည်၏ သူလျှိုလုပ်နေသူ မိန်းမအကြောင်း ရေးထားသည်ဖြစ်၍ အလွန်ဖတ်ကောင်းသည်။ ဖတ်ကောင်းသည်ဆိုသည်မှာ ကြောက်စရာ အလွန်ကောင်းသည်။ သနားစရာ လည်း အလွန်ကောင်းသည်။
ထိုအခါမှစ၍ ဆရာ့စားပွဲမှ စာအုပ်များကို ဖတ်တတ်သောအကျင့် ကျွန်တော်ရသည်။

ဤစာအုပ်များ ကျွန်တော်ဖတ်ကြောင်းသိသော် ဦးလေးကိုအုန်းမောင်သည်လည်းကောင်း၊ ဆရာကိုအုန်းဖေ သည် လည်းကောင်း ချီးမွမ်းအားပေးကြသည်။ အားပေးရုံတွင်မက ကျွန်တော်မသိသည်များကို ရှင်းလင်း ပြကြ သေး၏။
ဆရာကိုအုန်းဖေအိမ်ရောက်၍ တစ်လကြာသောအခါ ပထ၀ီဝင်ကို ကျွန်တော်မသိသော် လည်း အလွန် စိတ်ဝင်စား ဖွယ်ကောင်းသော စာအုပ် ကို အစအဆုံး ဖတ်ပြီးပြီ....။ စာအုပ်နာ မည်မှာ "ကယ်ကောလင်း" ခေါ်သည်။

ဘိုစာအုပ် ၏ မျက်နှာဖုံးမှာ အ၀ါရောင်ဖြစ်သည်။ မျက်နှာဖုံးပေါ်၌ စစ်ဗိုလ်ကက်ဦးထုပ် ဆောင်းလျက် ပေါင်၌ကား ၍ ခြေသလုံးရှူးသော ဘောင်းဘီကို ၀တ်ထားသည့် လူတစ် ယောက်က ရပ်နေသည်။ သူ့ရင်ဘတ် ဆီသို့ သေနတ်လေးငါးလက်က ချိန်ထားသည်။
ဤစာအုပ် ပါသမျှ ကျွန်တော် အကုန်နားမလည်။ သို့သော်ကျွန်တော် သေသေချာချာ နားလည်သည်မှာ တစ်ခု ရှိသည်။

မိုက်ကယ်ကောလင်း သည် အိုင်ယာလန်ပြည်မသားဟု ကျွန်တော်သိသည်။ (အိုင်ယာလန် မှာ ဘယ်မှာ ရှိသည် ကို ကျွန်တော်မသိသေး) အိုင်ယာလန်ပြည်ကို အင်္ဂလိပ်မျက်နှာဖြူ တို့ကျွန်တော်လုပ်ထားသည်။ မိုက်ကယ်ကောလင်း သည် ထိုအင်္ဂလိပ်တို့ကို ခံတိုက်ခဲ့ သည်။
မိုက်ကယ်ကောလင်း အကြောင်း ကျွန်တော်မေးသောအခါ ဆရာကိုအုန်းဖေသည် ပြုံးပြုံး ကြီး ဖြေလိုက် သည်။

"မိုက်ကယ်ကောလင်း ဆိုတာက မင်းအခုကြားဖူးတဲ့ သခင်အောင်ဆန်းဆိုတဲ့ ဗိုလ်တေဇ လိုပေါ့။ သူတို့နှစ်ယောက်လုံးက ကုလားဖြူကို ခံချခဲ့တယ်၊ မျိုးချစ်ကြီးတွေကွ မှတ်ထား"
ထိုအခါ မှ ကျွန်တော်ခေါင်း၌ ဥာဏ်သည် ၀င်းခနဲလက်လာ၏။ မိုက်ကယ်ကောလင်းသည် အင်္ဂလိပ်ကို ခံတိုက် ခဲ့သည်။ ကျွန်တော့်အဘသည် လည်းအင်္ဂလိပ်ကို ခံတိုက်ခဲ့သည်။ သြော်..... မျိုးချစ်ကြီး များဆိုသည် မှာ အင်္ဂလိပ်ကြီးများကို ခံတိုက်ခဲ့သူများပါတကား။

ဆက်ရန်
.

No comments: