လန်ဒန် ရောက်စကတော့ စာတွေ မကြာမကြာ လာသည်။ လွမ်းကြောင်း၊ ဆွေးကြောင်း၊ သတိရကြောင်း၊ နောက်တော့ မျက်လုံးပြာပြာ၊ ပေါင်ဖြူဖြူမလေးတွေ အကြားမှာ နစ်မျောသွား လေသလား မပြောတတ်။ စာ အဆက်အသွယ် ပြတ်သွားသည်။
သူ ပြန်ရောက်လာတော့ "ဗော့စ်ဝက်ဂင်(ဂေါ့ဖ်) " ပါသည့်အကြောင့် ပညာတတ် သူဌေးသမီး တစ်ယောက် နှင့် လက်ထပ်လိုက်သည့်အကြောင်း၊ ရွှေဘုံသာလမ်းမှာ ဆေးခန်းဖွင့်သည့် အကြောင်း ကြားလိုက်ရသည်။ ဟာဟ … ဘယ်သူက ဝေးလံခေါင်သည့်နေရာ သွားမလဲ၊ ဗွက်ထူတဲ့ ကျေးလက်ဆင်းမလဲ။ ချွေးစော်နံတဲ့ အလုပ်ရုံ ထဲ ၀င်မလဲ။ ပြီးတော့ ဇင့် ကို ဘယ်လို လုပ် ကယ်တင်ဖို့ စိတ်ကူးတော့မလဲ။
မီးခိုးရောင် သိုးကလေးတစ်ကောင်သာ ဖြစ်တော့သည်။
ဒုတိယလူက ရှေ့နေ။ ကိုကောင်းမြင့်။
တစ်ခုတော့ ပြောရမည်။ ဇင်တို့တွေ့လိုက်ရလျှင် သိပ်အညံ့ထဲကတော့ မရှိလှ။ ထိပ်ထိပ်ကြဲ မဟုတ်တောင် အလတ်တန်းစား လောက်နှင့်တော့ ချိတ်မိတတ်ရဲ့။
ကိုကောင်းမြင့် မှာ ဇင်နှင့် တမြို့တည်းသားချင်း ဖြစ်သည်။ ဇင်နှင့် အသက်တူပေမယ့် စာတော် ၍ နှစ်ချင်းပေါက် အောင်ကာ ဇင့်ထက် တက္ကသိုလ်သို့ နှစ်နှစ်စော ရောက်ခဲ့သည်။
မြို့မှာ ရှိစဉ်ကတော့ မခင်ခဲ့ပါ။ ကျောင်းမှာလည်း မြင်ဖူး တွေ့ဖူးရုံလောက်ပင်။
စနေနေ့မြို့သို့ အပြန်မှာ သူပြန်သည့်အပတ်နှင့် ကြုံလျှင် ဘတ်စ်ကားပေါ်မှာ၊ မီးရထားပေါ်မှာ ဆုံတတ်မြဲ။ တနင်္လာနေ့ စောစော ရန်ကုန်သို့ ပြန်လာကြပြီဆိုတော့လည်း တမင်မချိန်းပါဘဲ လျက် ကြုံတတ်မြဲပင်။
သည်လိုကနေ မျက်မှန်းတန်းမိကာ မေးထူးခေါ်ပြော ရှိလာသည်။ ပျင်းရိဖွယ်ကောင်းသော လမ်းခရီးမှာ စကား ပြောဖော်ရလာသည်။
သူနှင့် ပတ်သက်လာလျှင်တော့ ဇင့်ကို သနားရမှာထက် သူ့ကို ပို၍ သနားစရာ ကောင်းနေ သည်။ သူ့ဇနီး သည် မီးဖွားရင်း မီးတွင်းထဲ မှာ ဆုံးပါးခဲ့သည်။ ကလေးက နှစ်နှစ်အထိ အသက်ရှင်ပြီးမှ ဆုံးသည်။
စင်စစ် သူ့ဇနီး ဆိုသည်ကလည်း ဇင်တို့၏ ကျောင်းနေဘက် သူငယ်ချင်းပင်။
သူ့ကို စာနာမှုကြောင့် ချစ်မယောင် ဖြစ်ခဲ့သည် ထင်သည်။
မေမေ ကလည်း တစ်ဘက်တစ်ဒေါင့်က ပါသည်။
အမှန် ပြောရလျှင်တော့ မေမေသည် ဇင် ရန်ကုန်မှာ အလုပ်လုပ်နေသည်ကို မကြိုက်။
ယောက်ျားတွေ နှင့် တန်းတူရည်တူ ကုန်းရုန်း လှုပ်ရှားနေရသည့်အဖြစ်ကို မနှစ်သက်။ မြို့မှာပင် နေကာ ရသမျှ နှင့် ရောင့်ရဲပြီး သားသမီးတွေနှင့်အတူ နေစေချင်သည်။
သို့ပေမယ့် ဇင်က မျက်စိနားပွင့်နေပြီ။ တိုးတက်မှု ရှာချင်သည်။
ရည်မှန်းချက် ကြီးသည်။ လောဘကြီးလာပြီ ဆိုလျှင်လည်း ဆိုနိုင်သည်။
တိုက်မတည်၊ ကားမစီးရလျှင် နေပါစေ။ လှလှ ၀တ်ချင်သည်။ ကောင်းကောင်း စားချင်သည်။
ကလေးတွေ ရဲ့ နောင်ရေးကလဲ ရှိသေးတယ် မဟုတ်လား မေမေရဲ့။ သည်ကလေးတွေ ကြီးပြင်းအောင်၊ ပညာတတ်အောင် လူတစ်လုံးဖြစ်လာအောင် ဇင် ရုန်းရဦးမည်။ ကန်ရဦးမည်။
ဇင် ငယ်ရွယ်ပါသေးသည်။ အင်အား ရှိပါသေးသည်။
မေမေကတော့ သူ့ဆန္ဒနှင့်သူ "တစ်ပင်လဲမူ တစ်ပင်ထူးဆိုသလိုပဲ၊ သမီး အိမ်ထောင်ပြုခဲ့ရင် လဲ ဘယ်သူမှ အပြစ် ဆိုမှာ မဟုတ်ပါဘူး" ဆိုသည်။ "မေမေကတော့ မောင်ကောင်းမြင့်ကို သဘောကျချင်ချင်ပဲ"
သည်အချိန်မှာ ကိုကောင်းမြင့် ကိုယ်တိုင်ကလည်း ချစ်ရေးဆိုလာခဲ့ပြီ ဖြစ်သည်။
ကိုကောင်းမြင့် ကို ဇင် နှစ်ခြိုက်မိသည်မှာ သူသည် ရှေ့နေဆိုသော်လည်း စကားတည်ကြည် ကာ ဘ၀ အပေါ် အလေးအနက်ရှိ၍ ဖြစ်သည်။ ဂုဏ်သတင်းကျော်စေကာကာ ထွန်းတောက် မည့် အလားအလာ ရှိသည်။ နောက်တစ်ခုက ဇင်သည် သူ့လုပ်ငန်းကို ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။
ဇင်တို့ ရန်ကုန်မှာ အတော် တွဲလိုက်သေးသည်။
သူက ထူးထူးခြားခြား ဇင့်ကို အများခေါ်သလို ဇင်ဟု မခေါ်။ "သက်" ဟု ခေါ်သည်။ နောက်တော့ "အသက်" တဲ့။
အများက "ထီးလိုမင်းလို" ဆိုသည်မျိုးမို့ ယူဖြစ်ကြလိမ့်မည် ကြီးကျယ်သည်ဟူ၍လည်း ပြောလျှင်တော့ ရမည်ပင်။
ဇင်တို့ ရှေ့ရေး နောက်ရေးတွေ ပြောကြတော့ ……
"ကိုယတို့ လက်ထပ်ပြီးရင်လဲ ဒီအတိုင်းပဲ နေကြရအောင်"
"ဘယ်လို ဒီအတိုင်းလဲ"
"ဒီအတိုင်း လွတ်လွတ်လပ်လပ်လေ။ အသက် ရဲ့ ကလေးတွေကို သူ့အမေကြီးနဲ့ပဲ နေပေစေ ပေါ့။ အမေ့ အိမ်ကို ပြန်ဆောက်ပေးပြီး ကလေးတွေအတွက် စရိတ်ထောက်ကြတာပေါ့။ ကိုယ်တို့ကတော့ ရန်ကုန်မှာပဲ အခန်းတစ်ခန်း ၀ယ်ပြီး နေကြရင် ကောင်းမယ်ထင်တယ်"
သူ့စကားကို ကြားရသောအခါ ဇင် အံ့အားသင့်သွားသည်။
ဇင် ဖြစ်စေချင်သော အရာတို့နှင့် အားလုံး ဆန့်ကျင်နေတော့သည်။ ဇင်ကတော့ အမေနှင့် ကလေးတွေကို အမြဲ ပြုံးရယ် နှုတ်ဆက်တတ်သော ကိုကောင်းမြင့်သည် အမေ၊ ကလေးများ နှင့် ဇင်တို့ အတူတကွ သော "မိသားစု" အိမ်ထောင်ရေးကို တည်ဆောက်လိမ့်မည်ဟု အထင်ရှိခဲ့သည် အမှန်။
သည်အချိန်က ဇင်တို့ စားသောက်ဆိုင်တစ်ဆိုင်ထဲမှာ ရှိကြသည်။ စားပွဲတွင် ထိုင်ပြီး စားသောက်နေကြဆဲ ဖြစ်သည်။ သည်အခိုက် သူ့ထံမှ သည်စကားကို ကြားရခြင်း ဖြစ်သည်။
ဇင်သည် ဇွန်းခက်ရင်းကို အသံမြည်အောင် ပစ်ချလိုက်သည်။ ထိုင်ရာမှ ထရပ်ပစ်လိုက်သည်။ တစ်ဆိုင်လုံး ဇင် တို့ ဘက်သို့ စောင်းငဲ့ကြည့်ကြသည်။
ဇင်သည် အသားတဆတ်ဆတ် တုန်နေသည်။ ကိုကောင်းမြင့်ကို စူးစူးဝါးဝါး ကြည့်သည်။
"ရှင်ဟာ ဖွဲပဲ၊ အလကားလူပဲ၊ တစ်ကိုယ်ကောင်း ဆံတဲ့ ယောက်ျားဖွဲတွေထဲက ဖွဲတစ်မှုန့်ပဲ"
သည့်နောက် ဇင် လက်ပွေ့အိတ်ကို ကောက်ယူကာ ဆိုင်ထဲမှ ထွက်ခဲ့သည်။
ကိုကောင်းမြင့် သည် နောက်က လှမ်းခေါ်သေးသည်။
သို့သော် ကပ်စေးနဲလှသော သူ့ဓလေ့စရိုက်အတိုင်း အစားအစာတွေ အလကား ထားပစ်ခဲ့ရ မည်ကို စိုးရိမ်ပြီး ထ၍မူ မလိုက်ခဲ့တော့ချေ။ သည်ကစ၍ သူနှင် ဇင်တို့ မတွေ့ဖြစ်တော့။
အဖြူရောင်ဆောင်သော သိုးမည်းတစ်ကောင်ပင် ဖြစ်တော့သည်။
ကျန်တာတွေကိုတော့ "ကျမ်းလေးအံ့စိုး၍ ဆိုသလို ထားလိုက်။
ယခုတော့လည်း ဇင်သည် "ရှင်ကြီးဝမ်းထဲလဲ ၀င်ဖူးပြီး ရှင်ငယ့် ၀မ်းထဲလဲ ၀င်ဖူးပြီ။ မစင်စော်လဲ နံဖူးပြီး" ဆိုသလိုပါပဲ။
အတွေ့အကြုံတွေ များလာပြီ။ ရင့်ကျက်လာပြီ ဆိုရမည်။ ယောက်ျားကျမ်း ကြေပြီးရယ်လို တော့ မပြောဝံ့ သေးပါဘူး။
လူပြက်တွေ ပြက်ကြသလို "ပြောလဲ ပြောချင်ပါရဲ့၊ ပြောလဲ မပြောချင်ပါဘူး" ဆိုသည်မျိုး။ "ကြောက်လဲ ကြောက်ပါရဲ့၊ ကြောက်လဲ မကြောက်ပါဘူး" ဆိုပါတော့။
ဇင်သည် သည်လိုနှင့်ပင် မဟာရန်ကုန်၏ သမီးပျိုအဖြစ်နှင့် အပြောကျယ်လှသော စီးပွားရေး လောကထဲ၌ ကျက်စားနေခဲ့သည်မှာ ကြာပြီ။
စာရင်းကိုင်သင်တန်း အပြီးမှာ ဇင်သည် မိမိ ကံကြမ္မာကို ရုံးမှာထက် ပြင်ပမှာ ထွက်၍ ရှာရ သည်က ပိုကောင်း မည်ဟု ဆုံးဖြတ်လိုက်သည်။
ဇင့်ကို ဒါကြောင့် လောဘကြီးလာပြီဟု ဆိုရခြင်း ဖြစ်သည်။
ဇင်သည် ရောင့်ရဲစိတ် နည်းပါးလာသည်။ ကြီးကျယ်လိုသော အာရုံစိတ်ဇော ပြင်းပြလာသည်။
သည်မှာ ဦးမျိုးဆွေ နှင့် အဆက်အသွယ် ဖြစ်သည်။ ဦးမျိုးဆွေမှာ ဇင်တို့၏ သင်တန်းဆရာ လည်း ဖြစ်သည်။ စာရင်းအင်း လောက၏ ဘုရားဟုလည်း အသိအမှတ် ပြုထားကြသည်။
"၀ါဏိဇ္ဇ"ကို တည်ထောင် ဖြစ်သည်။
ဦးမျိုးဆွေမှာ ဦးတင်မောင်သန့်နှင့် တစ်မြို့တည်းသား ငယ်သူချင်းများ ဖြစ်ကြသည်။ "ပဒေသရာဇာ"တွင် စာရင်းအင်းနှင့် ပတ်သက်၍ အကူအညီ လိုအပ်လာပြီဆိုသောအခါ ဦးတင်မောင်သန့်က ဦးမျိုးဆွေနှင့် ဆက်သွယ် လာသည်။ သည်ကမှ ဇင်နှင့် ကြုံဆုံရခြင်း ဖြစ် သည်။
သည်လို နှင့် ရက်တို့ ကုန်ဆုံးလာသည်။ လတို့ ကျွမ်းမြေ့သွားကြသည်။ နှစ်တို့ ပြောင်းရွှေ့ လာသည်။ ဇင်၏ ဘ၀ တွင် ဆယ်စုနှစ်တစုသည် အရိပ်ပမာ ဖြတ်သန်းသွားသည်။
နှစ်ဆယ်ရာစုသည် နှောင်းပိုင်းသို့ ရွှေ့လျားလာလေပြီ။
ဇင်သည်လည်း အသက် သုံးဆယ် ရှိလာပြီ။
အခြေအနေ အရပ်ရပ်တို့ ပြောင်းလဲလာခဲ့ပြီ။
ယခုအခါ ဗီယက်နမ် အကြောင်းသည် စကားဝိုင်းတွင် ထည့်သွင်း ပြောကြားစရာအကြောင်း မဟုတ်တော့ပါ။ "ကပ်စီးယပ်ကလေး" ခေါ် "မိုဟာမက်အလီသည်" သည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး လူသားဟု မ၀င့်ကြွားနိုင်တော့ပါ။
"ဂျိမ်းစ်ဘွန်း" ရုပ်ရှင်ကားတွေနေရာမှာ "လက်တစ်ဘက်ပြတ် ဓားသမား" လို ဟောင်ကောင် ထုတ် ရုပ်ရှင်ကားတွေ အစားထိုးဝင်ရောက်လာသည်။
စာဖတ်သူတို့သည် ရှေးက နှစ်ခြိုက်ခဲ့သည် စာအုပ်များကို ငြင်းပယ်စပြုလာသည်။ ယုဝတီ ခင်စိန်လှိုင်၊ ကလျာ-၀ိဇ္ဇာသိပ္ပံနှင့် သိုင်းဝတ္ထုများ၊ ရုပ်ပြဇာတ်လမ်းများကို အဖတ်များကြသည်။
ဂီတတွင် စတီရီယိုတေးသည် နေရာ ယူလာသည်။ စိုးပိုင်၊ သိန်းတန်(မြန်မာပြည်)၊ သန်းနိုင်၊ စိန်လွင်တို့၏ သီချင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသည်။ နွဲ့ယဉ်ဝင်း၊ ပုလဲနှင့် တင်မိုးခိုင် တို့ကို နားထောင်ကြသည်။
ဖက်ရှင်လောကတွင်လည်း အပြောင်းအလဲ ဖြစ်ခဲ့ပြီ။
"အလပ်စတိတ်" ကြီးစိုးသည့်ခေတ် ဖြစ်နေပြီ။
သည်ကာလတွင် ဇင်သည် "ဦးတင်မောင်သန့်"နှင့် ကြုံဆုံခဲ့ရခြင်း ဖြစ်ပါသည်။
၁၉၇၇နှစ်ကုန်ပိုင်းတွင် "၀ါဏိဇ္ဇ" အဖွဲ့သည် "ပဒေသရာဇာ" သို့ ၀င်ဖြစ်ခဲ့ကြသည်။ အဖွဲ့တွင် ဇင်သည် ခေါင်းဆောင်အဖြစ် ပါဝင်လာသည်။ "ပဒေသရာဇာ"တွင် ဇင်တို့ ထင်မှတ်သည်ထက် ပိုမိုခက်ခဲသော အရာများကို တွေ့လာရသည်။ ဦးတင်မောင်သန့်သည် စာရင်းဇယားနှင့် ပတ်သက်ပါက အတော်ပင် ပစ်စလက်ခတ်နိုင်ကြောင်း တွေ့ခဲ့ရသည်။ ဇင်တို့ လိုအပ်သော စာရွက်စာတမ်းများကို မရနိုင်ခဲ့။ တောင်းဆို လာတိုင်း ခေါင်းခါသည်ချည်း။
"ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်ပြီး အလုပ်တွေကို လည်ပတ်ခဲ့တာပါလိမ့်နော် …"
ဇင် ညည်းမိသည်အထိ ဖြစ်သည်။
"ဒီလိုပဲ လည်ပတ်ခဲ့တာပါပဲ မသက်ဇင်၊ ဒီလိုပဲ ဆိုတာက ကျွန်တော်တို့ဟာ နောက်ကို လှည့်မကြည့်ဘဲ မီးရထားလို ဆက်လက် ခုတ်မောင်း သွားခဲ့တာပါ" ဦးတင်မောင်သန့် ပြောပုံ က ခတ်ပေါ့ပေါ့ပင်။ "အဲ … အခွန်တော်ဌာနက ခေါ်ပြီဆိုတော့မှ နောက်ကို လှည့်ကြည့်မိတော့ တာပါပဲ"
"နောက်လှည့်ကြည့်တော့လည်း ဘာမှပါမလာဘူး ဆိုပါတော့"
"အမှန်ပါပဲ မသက်ဇင်၊ အမြီးငုတ်တိုကလေးတောင် မတွေ့ခဲ့ပါဘူး"
ဇင်တို့ လူသိုက် ၀င်ရောက်လာခြင်းသည် "ပဒေသရာဇာ" အတွက် စိတ်အနှောင့်အယှက် ဖြစ်ဖွယ် မဟုတ်ပါ။ ညစ်ညူးဖွယ် မဟုတ်ပါ။ ပျော်ရွှင်ဖွယ် ဖြစ်ပါသည်။ ကြည်နူးဖွယ် ဖြစ်ပါ သည်။
ဇင်သည် အဖွဲ့ကို ဦးဆောင်မှု ပေးနိုင်သည့်အတွက် ဦးတင်မောင်သန့်၏ အထင်ကြီး လေးစားမှုကို ခံယူရသည်။
ဇင့် အနေနှင့် ပြောရလျှင်တော့ … ဦးတင်မောင်သန့်၏ အနုပညာဗီဇနှင့် ချမ်းသာကြွယ်ဝမှုကို အထင်ကြီး လေးစား ရသည်အမှန်ပင်။
ဇင်တို့ စစ်ဆေးကြည့်သောအခါ "ပဒေသရာဇာ" သည် ငွေကြေးသက်သက်အတွက်ချည်း စာပေလုပ်ငန်းကို လုပ်ကိုင် မနေကြောင်း တွေ့ရသည်။ အနုပညာအရ အောင်မြင်ပြီး ငွေကြေး အရ အရှုံးပေါ်သော စာအုပ် စာတမ်း ထုတ်ဝေခဲ့ကြောင်း တွေ့ရသည်။
ဆက်ရန်
.

2 comments:
အင်း...ဂလိုပါပဲလေ။
ကိုကောင်းမြင့် ပြောတာကို သဘောမတူနိုင်ရင်တောင် ဒီလောက်ကြီးတော့ စိတ်ဆိုးပြစရာ လိုဘူးလားလို့။
အတူနေရင် ပထွေးနဲ့ လင်ပါသားသမီးဆိုတာ ပြဿနာ ဖြစ်မလာဘူး ပြောနိုင်မလား။ ပထွေးကောင်းရင်တောင် လင်ပါသားသမီးက လူပျိုအပျိုဖြစ်လာချိန်မှာ အကောင်းမမြင်ရင် ဘယ်လိုလုပ်မလဲ။ ယောက်ျားမယူဘဲ ဒီတိုင်း မနေနိုင်ဘူး ယူမယ်ဆိုရင်တော့ ကလေးတွေနဲ့ ခွဲနေတာက ပိုကောင်းချင် ကောင်းမယ်။
Post a Comment