Monday, December 20, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၉)

ပက်ဘလိုက အဆုတ်ရောဂါ၏ ဒစ်ကို ခံနေရသော ဆင်းရဲသားများ အကြောင်းကို ကြားရသူ စိတ်လှုပ်ရှား လာ အောင် ပြောပြသည်။ ထို့နောက် ပီလွန်က အလွန်ချိုသာသော လေသံဖြင့် အိုးနှင့်အိမ်နှင့် နေရသည့် ဘ၀ ၏ သာယာချမ်းမြေ့မှုကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြသည်။ ညကြီးမင်းကြီး အချိန်မတော်တွင် ၀ိုင်အရက်ကလည်း ကုန်ပြီ၊ ပြောစရာ စကားလည်း ကုန်ပြီ။ ထူထပ်သိပ်သည်းစွာ ကျဆင်းလျက်ရှိသော မြူနှင်းများကလည်း သွေးစုပ်ဖုတ် ကောင်ကြီးများသွားလာလှုပ်ရှားနေကြသည့်နှယ် မြေပြင်ပေါ်တွင် ရွေ့လျားလျက်ရှိကြသည်။

အလွန်စိုစွတ်ပြီး အလွန်အေးမြသော ထိုအချိန် ထိုကာလမျိုးတွင် မည်သူသည် အပြင်ထွက်၍ အိပ်ချင် ပါမည်နည်း။ မည်သူမဆို လေလုံမိုးလုံ နှင့် နူးညံ့ပျော့ပျောင်းပြီး နွေးနွေးထွေးထွေးရှိလှသော အိပ်ရာပေါ်၌ ကလေးငယ် တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်သလို အိပ်ချင်ကြလိမ့်မည် မဟုတ်ပါလော စသည်ဖြင့် နားမ၀င် ၀င်အောင် ပြောသည်။

ပီလွန်ပြောနေသည့် စကား ဤနေရာအရောက်တွင် ဂျီးဆပ်စ်မေရီယာအိပ်ပျော်သွားသည်။ ပီလွန် နှင့် ပက်ဘလို က သူ့ကို မရအရနှိုးပြီး အရက် ထပ်တိုက်သည်။ ထို့နောက် ပီလွန် က တစ်ညလုံး နွေးနွေး ထွေးထွေး နှင့် ဇိမ်ရှိရှိ အိပ်ပြီး မနက်နေထွက် ၍ အိပ်ရာနိုးလာသည့်အခါ ခံစားရသည့် အရသာကို ဆက် ပြောသည်။ ထိုကဲ့သို့ လုံလုံခြုံခြုံ အိပ်ရသော လူတစ်ယောက်အနေဖြင့် ချမ်းလွန်း၍ တုန်တုန်ခိုက်ခိုက် ဖြစ်နေစရာ လည်းမလို၊ လက်များ ခဲကုန်မည်စိုး၍ ထုရိုက်နေစရာလည်း မလိုဟု သူကပြောသည်။

နောက်ဆုံးတွင် ပီလွန်နှင့် ပက်ဘလိုတို့သည် အမဲလိုက်မုဆိုးနှစ်ယောက်က သူတို့လိုက်နေသော သားကောင် ကို ချောင်ပိတ်၍ ဖမ်းသည့်နှယ် ဂျီးဆပ်စ်မေရီယာကို ကျုံးသွင်းပြီး ဖမ်းကြသည်။ သူတို့အိမ်တွင် တစ်လ ဆယ့်ငါးဒေါ်လာ ပေး၍ နေသွားရန် ဂျီးဆပ်စ်မေရီယာကို တိုက်တွန်းကြ၏။ ဂျီးဆပ်စ် ကလည်း ၀မ်းမြောက် ၀မ်းသာ လက်ခံသည်။ သုံးယောက်စလုံး တစ်ယောက်လက် တစ်ယောက်ဆွဲ၍ ခါကြသည်။ မြက်ပင်များ နှင့် ထုပ်ထားသော ၀ိုင်ပုလင်းသည် အပြင်သို့ ထွက်လာသည်။ ပီလွန် က ၀ိုင်ကို စောစောက ထက် ပို၍ သောက်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် အခက်ခဲဆုံးသော အလုပ်တစ်ခုရှိနေသည်ကို သိနေသော ကြောင့် ပေတည်း။ ဂျီးဆပ်စ်မေရီယာ အရက်သောက်နေခိုက်တွင် ပီလွန် က အလွန်ချိုသာသော သိမ်မွေ့သော လေသံ ဖြင့် သူဖြစ်စေချင် သည့် ကိစ္စ ကို ပြောသည်။
" မင်းအနေ နဲ့ အခုလောလောဆယ် ငွေသုံးဒေါ်လာတော့ ကြိုပေးထားပေါ့ကွာ "

ဂျီးဆပ်စ်မေရီယာ သည် လက်ထဲမှ ၀ိုင်ပုလင်းကို ဖျပ်ခနဲချလိုက်ပြီး ပီလွန်၏ မျက်နှာကို မလန့်တကြားဖြင့် ကြည့်သည်။ " မပေးနိုင်ဘူးကွာ" ဟု လေသံ တင်းတင်း ဖြင့်ပြောသည်။ " ငါ အေလာဘဲလားဂရော့စ် ကို ပစ္စည်း တစ်ခု ၀ယ်ပေးဖို့ ကတိထားတယ်။ အိမ်လခ ကို အချိန်ကျမှပဲ ပေးမယ်၊ အခု မပေးဘူး "

အမှားကြီး တစ်ခုကို သူ လုပ်မိပြီဟု ပီလွန်က နားလည်လိုက်သည်။ " မင်း ပင်လယ်ကမ်းခြေက သဲသောင်ပြင် ပေါ်မှာ အိပ်နေတော့ ဘုရားသခင် က မင်းဆီကို လှေတစ်စင်း မျောလာအောင် လုပ်ပေး လိုက်တယ်၊ အဲဒါကို မင်းက စည်သွတ်ဘူး လုပ်တဲ့စက်ရုံက မိန်းမတစ်ယောက်ကို အတွင်းခံ ပိုးဘောင်းဘီ တွေ ၀ယ်ပေးဖို့ လုပ်ပေး တာလို့ ထင်နေသလား၊ မဟုတ်ဘူး ငါ့လူ၊ မင်းမြေကြီးပေါ်မှာ မအိပ်ရအောင် လုပ်ပေး တာ၊ မြေကြီးပေါ်မှာအိပ်ရင်း အအေးမိပြီး သေမသွားအောင် လုပ်ပေးတာ၊ ဘုရားသခင်က အေလာဘဲလား ရဲ့ နို့ကြီးတွေပေါ် မှာ စိတ်ဝင်စားမတဲ့လား၊ အဲဒီတော့ ငါပြောမယ်၊ လုပ်နိုင်တာ တစ်နည်း ပဲ ရှိတယ်၊ ငါတို့ကို နှစ်ဒေါ်လာပေး၊ မင်းမှာကျန်တဲ့ တစ်ဒေါ်လာ နဲ့ နွားမတစ်ကောင်ရဲ့ နို့အုံကြီးတွေကို ကိုင်ထား နိုင်ဖို့အတွက် ပစ္စည်း တစ်ခု ၀ယ်ပေးလိုက်ပေါ့၊ ဘယ်နှယ်လဲ "
ဂျီးဆပ်စ်မေရီယာ က ထိုအချိန်အထိ မပေးနိုင်ဟု ငြင်းနေဆဲ။

" ဒီမှာ ငါ မင်းကို ရှင်းအောင် ပြောပြမယ် " ဟု ပီလွန်က သူ့စကားကို ဆက်သည်။ " ငါတို့က ဒင်နီကို နှစ်ဒေါ် လာ ကြို ပေးမထားရင် ငါတို့အားလုံး လမ်းပေါ်ရောက်ကြမှာ သေချာတယ်၊ အဲဒါဆိုရင် မင်းရဲ့ အပြစ်ပဲ၊ ငါတို့ အားလုံး မြောင်းထဲ မှာ အိပ်နေတာကို မင်းကြည့်ရက် မြင်ရက်သလား သူငယ်ချင်းရယ် "

အဖက်ဖက် မှ ပစ်လွှတ်နေသည့် ကျည်ဆန်များ၏ ဒဏ်ကို မခံနိုင်သော ဂျီးဆက်စ်မေရီးယားကော်ကိုရန် သည် နောက်ဆုံး တွင် ဒူးထောက်အညံ့ခံသည်။ သူ့လက်ထဲမှ ဟောင်းနွမ်းကြေမွနေသော တစ်ဒေါ်လာတန် ငွေစက္ကူ နှစ်ရွက် သည် ပီလွန့် လက်တွင်းသို့ ကူးပြောင်းရောက်ရှိသွားလေ၏။

တင်းမာနေသော အခြေအနေသည် အခန်းထဲမှ လွင့်စဉ်ပြေးထွက်သွားသည်။ ထိုနေရာတွင် ငြိမ်းချမ်းမှုနှင့် ငြိမ်ဆိတ်မှု က နေရာယူလိုက်သည်။ ထိုအခါ ရဲဘော်ရဲဖက်စိတ်သည် ပြန်လည် တည်ရှိလာသည်။ ပီလွန် အဖို့ တော့ စိတ်အေးနားအေး ဖြစ်သွားပြီ။ ထိုအခါ ပက်ဘလို က ဂျီးဆပ်စ်မေရီယာ အား ခြုံပေးထားသည့် သူ့အိပ်ရာ ခင်း ကို ပြန်ယူပြီး သူ့ခုတင်ပေါ် ပြန်ခင်းသည်။ လူသုံးယောက်ကြားတွင် အာလာပသလ္လာပ ပြောကြ သည့် စကား ၀ိုင်းသည် ပြန်လည် ပေါ်ပေါက်လာသည်။

" ငါ တို့ ဒင်နီကို ဒီနှစ်ဒေါ်လာ သွားပေးမှ ဖြစ်မယ် "
စောစော က သောက်ထားသည့် အရှိန်ကုန်သွားသဖြင့် ချင်ခြင်းတပ်လာပြန်သည်။ သူတို့သည် ၀ိုင်ကို သောက်ကြပြန်၏။
" နေစမ်းပါဦး၊ ဘာများလုပ်မှာမို့လို့ ဒင်နီ ဆိုတဲ့ ကောင်က ဒီငွေနှစ်ဒေါ်လာကို အရေးတကြီး လိုနေ ရတာလဲကွ" ဟု ဂျီးဆပ်စပ်မေရီယာ ကမေးသည်။

ပီလွန် သည် သူ့ကိုယ်သူ ယုံကြည်စိတ် တိုးတက်လာနေပြီဖြစ်သည်။ " တို့သူငယ်ချင်း ဒင်နီက မစ္စက်မော်ရေး နဲ့ တွဲနေတယ်ကွ၊ အဲသလိုပြောတာနဲ့ ဒင်နီ ကို အရူးတစ်ယောက်လို့ သွားပြီးမထင်လိုက်နဲ့၊ မစ္စက်မော်ရေးက ဘဏ် မှာ ဒေါ်လာငွေ နှစ်ရာတောင် အပ်ထားတာ၊ အဲဒါဒင်နီက မစ္စက်မော်ရေးကို လက်ဆောင်ပေးဖို့ ချိုချဉ်ဘူး တစ်ဘူး ၀ယ်ချင်နေတယ်ကွ "
" ဒါက ဒင်နီနဲ့ဆိုင်တဲ့ ကိစ္စပါကွာ" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " တကယ်လို့ သူက မစ္စက်မော်ရေးရဲ့ သွားတွေ ကို ကိုက်စေချင်တယ် ဆိုရင် ဒါက သူ့ကိစ္စပဲပေါ့။ ငါတို့က မစ္စက်မော်ရေးရဲ့ သွားတွေအတွက် ပူစရာ လိုသလား "

စိုးရိမ်ပူပန်သော အရိပ်ငွေ့များသည် ပီလွန်၏ မျက်နှာတွင် ထင်ဟပ်လာသည်။ " ဒါပေမယ့် တစ်ခုတော့ ရှိတယ်" ဟု ပြောသည်။ " တကယ်လို့ ငါတို့ သူငယ်ချင်း ဒင်နီ ဟာ မစ္စက်မော်ရေးကို ချိုချဉ်ဘူး လက်ဆောင် ပေးရင် သူလည်း နည်းနည်းပါးပါး ယူစားမိမှာပဲ၊ ဒါဆိုရင် ငါတို့ သူငယ်ချင်းရဲ့ သွားတွေလည်း ကိုက်တော့မှာ "

ပက်ဘလိုက စိတ်မကောင်းဖြစ်ဟန်ဖြင့် ခေါင်းတယမ်းယမ်းလုပ်သည်။ " သူ မှီခိုအားထားနေတဲ့ သူ့ရဲ့ သူငယ်ချင်း တွေက ဒင်နီ ရဲ့ သွားတွေကို ကိုက်အောင်လုပ်တဲ့ အဖြစ်မျိုးကတော့ မကောင်းဘူးကွ "
" ဒါဆိုရင် ငါတို့ဘယ်လို လုပ်ကြမလဲ" ဟု ဂျီးဆပ်စ်မေရီယာက မေးသည်။ ပြောစရာစကားမရှိ၍ မေးလိုက်ခြင်း ဖြစ်၏။

တကယ်တော့ သူတို့ ဘယ်လို လုပ်ချင်နေကြသည်၊ နောက်ဆုံး ဘာလုပ်ကြမည်ကို သူ ကောင်းစွာ သိနေ သည်။ မည်သို့ပင်ဖြစ်စေ သူတို့ သုံးယောက်စလုံးသည် ဤကိစ္စနှင့် ပတ်သက်၍ တစ်ယောက် အပြောကို တစ်ယောက် က စိတ်ရှည်လက်ရှည်ဖြင့် စောင့်မျှော်နေကြသည်။ သို့သော်လည်း ဘယ်သူကမှ စ၍ မပြော။ အားလုံး ရေငုံနှုတ်ပိတ်နေကြသည်။ အခန်းထဲတွင် တိတ်ဆိတ်မှုက မင်းမူလျက်ရှိ၏။

ပီလွန်နှင့် ပက်ဘလိုတို့ကတော့ ဘယ်လို လုပ်သင့်သည်ဟူသော အကြံပြုချက်သည် သူတို့ပါးစပ်မှစ၍ မထွက် သင့်ဟုလည်းကောင်း၊ ဤအကြံပြုချက်အပေါ်တွင် စိတ်ဝင်စားနေသူများအဖြစ်ငြဖ့်သာ ရပ်တည် နေသင့်သည်ဟု လည်းကောင်း ယူဆကြသည်။ ဂျီးဆပ်စ်မေရီယာ ကလည်း ယူဆကာ နှုတ်ဆိတ်နေသည်။ သို့သော်လည်း ပီလွန် နှင့် ပက်ဘလို တို့ထံမှ စကားတစ်လုံးမှ ထွက်မလာသောအခါ ထို တာဝန်ကို သူ့အား လုပ်စေချင် သည့် ဆန္ဒရှိနေကြောင်း ရိပ်မိလာသည်။ ထိုအခါ သူကပင်စ၍ တိတ်ဆိတ်ငြိမ် သက်မှုကို ဖြိုဖျက် လိုက်သည်။

" လူကုံထ့ အမျိုးသမီးတစ်ယောက်အတွက် ဆိုရင်တော့ ၀ိုင်တစ်ဂါလန်ဟာ အကောင်းဆုံး လက်ဆောင် တစ်ခု ပဲကွ" ဟု သူကပြောသည်။
ပီလွန်နှင့် ပက်ဘလိုသည် ဂျီးဆပ်စ်မေရီယာ၏ ဦးနှောက်ကောင်းခြင်းအတွက် များစွာ အံ့အားသင့် နေကြသည်။ " အေး ဟုတ်တယ်၊ သူပြောတာ အကောင်းဆုံးပဲ၊ တို့ကလည်း သူ့သွားတွေ ကောင်းနေအောင် ၀ိုင် သောက်တာ အကောင်းဆုံးပဲလို့ ဒင်နီကို ရှင်းပြမယ်"

" ဒါပေမယ့် ဒင်နီက ငါတို့ပြောတာကို ဂရုစိုက်ချင်မှ စိုက်မယ်၊ တကယ်လို့ မင်းက ဒင်နီကို ပိုက်ဆံ ပေးလိုက် ရင် အဲဒီပိုက်ဆံ နဲ့ သူ ဘာလုပ်မယ် ဆိုတာ မင်းပြောနိုငသလား၊ သူ့အနေနဲ့ ချိုချဉ်ဘူးပဲ ၀ယ်ချင်ဝယ်မှာ၊ အဲသလို ဖြစ်သွားရင်တော့ ငါတို့ စိတ်ပူခဲ့ရတာတွေဟာ အလဟဿ ဖြစ်ကုန်မှာပဲ..

ပီလွန်နှင့် ပက်ဘလိုသည် ဤကိစ္စအတွက် ဂျီးဆပ်စ်မေရီယာကို အဓိက ဇာတ်ဆောင်အဖြစ် အသိအမှတ်ပြု ထားသည်။ သူတို့ကစ၍ မပြောချင် မလုပ်ချင်သည့် ကိစ္စမှန်သမျှကို ဂျီးဆပ်စ်မေရီယာပေါ်၌သာ ပုံထားသည်။ " တကယ်လို့ ၀ိုင်ကို ငါတို့ဘာသာငါတို့ ၀ယ်သွားပြီး ဒင်နီကို ပေးရင်ကော၊ ဒါဆိုရင် စိတ်ပူနေဖို့ မလိုတော့ဘူး " ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။
" သိပ်ဟုတ်တာပေါ့၊ အဲဒါက အဓိကအချက်ပဲ" ဟု ပီလွန်က ထအော်သည်။ " ကဲ အခု မင်းအဖြေရသွားပြီ၊ မင်း တကယ်တော် တဲ့ ကောင်ပဲကွ"

ဂျီးဆပ်စ်မေရီယာ က သူ့အားချီးမွမ်းလိုက်သည့်အတွက် ဣနြေ္ဒပျက်မသွားဘဲ သိက္ခာရှိရှိပြုံးသည်။ သူရှာပေး လိုက်သော လုပ်နည်းကို ဤအခန်းထဲရှိ သူတို့သုံးဦးထဲမှ တစ်ဦးက အနှေး နှင့် အမြန်ဆိုသလို လက်တွေ့ အကောင်အထည် ဖော်တော့မည်ကိုလည်း သူသဘောပေါက်သွားသည်။

ပက်ဘလိုက လက်ကျန် ၀ိုင်ကို သုံးဦးအတွက် မျှ၍ ထည့်ပေးသည်။ အကောင်းဆုံးသော စိတ်ကူးကို ထုတ်နိုင် ခဲ့သဖြင့် သုံးယောက်စလုံး ဘ၀င်ခိုက်ကာ ပီတိဖြစ်လျက်ရှိကြ၏။ တကယ်တော့ အများအကျိုးကို ရှေးရှုပြီး ဒါန မြောက်အောင် လုပ်ပေးလိုက်နိုင်သည့်အတွက် သူတို့အားလုံး ဂုဏ်ယူ ထိုက်သည် မဟုတ် ပါလော။
" ငါတော့ ဗိုက်ဆာတယ်ကွာ "ဟု ပက်ဘလိုက မြည်တမ်းသည်။

ပီလွန်က ထိုင်ရာမှထကာ အပြင်သို့ ထွက်သွားပြီး နေကိုမော့ကြည့်သည်။ မွန်းလွဲသွားပြီကွဟု ပြောသည်။ " ပက်ဘလိုနဲ့ ငါနဲ့ တော်ရဲလီဆိုင်ကို သွားညပီး ၀ိုင်ဝယ်မယ်။ ဂျီးဆပ်စ်မေရီယာက မွန်ထရေးမြို့ထဲသွားပြီး စား စရာတစ်ခုခုရအောင်လုပ်၊ ဆိပ်ခံတံတားပေါ်က ငါးသည်မကြီး မစ္စက်ဘရူနိုက မင်းကို ငါးတစ်ကောင် ပေးချင် ပေးလိမ့်မယ်။ ပေါင်မုန့်ကျတော့ တခြားနေရာက ရှာပေါ့ကွာ"
" ငါကတော့ မင်းတို့နဲ့ အတူတူပဲ သွားချင်တယ်ကွာ" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ ယင်းကဲ့သို့ ပြောခြင်း မှာ တခြားကြောင့်မဟုတ်။ မဖြစ်မနေလုပ်ရမည့် ကိစ္စတစ်ခုပေါ်လာတိုင်း သူ့ သူငယ်ချင်း နှစ်ယောက် ၏ ခေါင်းထဲ၌ သူ့ကို ခိုင်းရန်သာ စိတ်ကူးရနေကြပြီဟု သံသယ၀င်နေသောကြောင့်ပင်တည်း။

" မဖြစ်ဘူး ဂျီးဆပ်စ်မေရီယာ" ဟု သူ့သူငယ်ချင်း နှစ်ယောက်စလုံးက ပြောသည်။ " အခုဆို နှစ်နာရီ ထိုးသွားပြီ၊ နောက် တစ်နာရီဆိုရင် သုံးနာရီထိုးတော့မယ်။ ငါတို့က မင်းနဲ့ ဒီအိမ်မှာ ပြန်ဆုံပြီး တစ်ခုခုတော့ စားဦး မှ၊ အစား တစ်ခုခု စားရင်လည်း ၀ိုင်လေးတစ်ခွက်တစ်ဖလားတော့ လိုလိမ့်မယ် "

ဂျီးဆပ်စ်မေရီယာ သည် စိတ်မပါ့တပါဖြင့် မွန်ထရေးမြို့ဘက်သို့ ထွက်သွားသည်။ ပက်ဘလို နှင့် ပီလွန် တို့ကတော့ တောင်ကုန်းပေါ် မှ ဆင်းကာ တော်ရဲလီ ၏ ဆိုင်ဘက်သို့ ပျော်ပျော်ပါးပါး လျှောက်သွားကြ လေ၏။

ဆက်ရန်
.

No comments: