Sunday, December 19, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၆)

စားပွဲဝိုင်းလေး များ ထက် ကျွန်တော် တို့ သယ်ဆောင်လာသော ဆွမ်းဟင်းခွက်များ အဆင်သင့်ရှိနေသည်။ ကိုရင်လောစံ အမှူးပြုသော ကိုရင်များက ဟင်းကောင်းခွက်တို့ကို ရွေးချယ်၍ ဆရာတော်နှင့် ဦးဇင်းတို့ဝိုင်း ပို့ရသည်။ ၀တ်သား၊ ကြက်၊ ဘဲ၊ အမဲ စသော ဟင်းကောင်း ဟင်းလျာတို့သည် ဆရာတော်နှင့် ဦးဇင်း စားပွဲ ရောက်သည်။ ငါး၊ ပုစွန်။ ဖားကင်၊ ကြွက်ကြော်၊ ပုတတ်သား၊ ဘဲဥ၊ ချည်ရည်တို့သည် ကိုရင်တို့စားပွဲ၌ ကျန်ရစ် ၏။

ပဲကြီးနှင့်ဆူးပုပ်ကြီးဟင်း၊ ဆူးပုပ်ကလေးဟင်းချို၊ ကင်းမုံသီးဟင်း၊ ခရမ်းသီးအိုးကပ် ဤသည်တို့က ကိုရင်စားပွဲ နှင့် ဆရာတော်စားပွဲဆီ တစ်ဝက်စီ ရောက်သွားသည်။ မည်သို့ရောက်ရောက် အပြီးသတ် ကျလျှင် ဆူးပုပ်၊ ပဲကြီး၊ ခရမ်းသီးအမှူးပြူသော ဤဟင်းတို့သည် ကျွန်တော်တို့ ဘုန်းကြီး ကျောင်းသား စားပွဲ သို့ ရောက်လာမည်မှာ ဆွမ်းစားအပြီး ကြေးစည်တီးလျှင် ရန်လုံအမှူးပြုသော ခွေးတို့ အူ မည် သေချာသည့် နည်းတူ ကျွန်တော်တို့ အတွက် သေချာနေသည်။

ကျွန်တော်တို့ ခံ ခဲ့သော ဆွမ်းဟင်းခွက်များတွင် ဟင်းတို့အပြင် အချိုပွဲအတွက် အစားများလည်း ပါ၏။ ဤ အချိုပွဲ များတွင် ရာသီအလိုက်ပေါ်သော သစ်သီးသစ်ကောင်းများ၊ နနွင်းမကာင်း၊ ဟလဘ၀ါ၊ ထိုးမုန့် ကဲ့သို့ မုန့်ကောင်း များ၊ ထန်းလျက် ပေါက်ပေါက်ဆုပ် ကဲ့သို့ အချိန်မရွေး ရနိုင် သော ချိုချဉ်ခဲဖွယ်များ၊ ရခိုင် ငှက်ပျောသီး၊ မာလာကာ သီးမှည့်၊ ဆီးချိုဆီးချဉ် စသော အပေါစား သစ်သီး များ တို့လည်း ပါ၏။
နံသာပု ငှက်ပျောသီး၊ သရက်ပြင်၊ ငှက်ပျောခြောက်၊ နနွင်းမကင်း၊ ဟာလ၀ါထိုးမုန့် စသည်တို့သည်က ဆရာတော် တို့ ၀ိုင်း သို့ သမ၀ါယမစနစ် နှင့် ညီမျှစွာ ရောက်သွားသည်။

အခွံမည်း နေသော ရခိုင်ငှက်ပျောသီး၊ အစေ့မာသော မာလကာသီး၊ ဆီးချဉ်သီးတို့မှာ ကျွန်တော်တို့ ဘုန်းကြီး ကျောင်းသား အချိုပွဲဝေပုံကျအတွက် သစ္စာရှိစွာ ရောက်လာမည်မှာ လည်းအလွန်သေချာသည်။
ဤသို့လျှင် အစားအသောက် ကို တရား မျှတစွာ ကိုရင်တို့က ခွဲဝေပြီးသောအခါ ၌ ဆရာတော် သည် ကြွလာ ၍ ၀ိုင်းရှိ အကောင်းဆုံးသော ဟင်းလျာချိုချဉ် တို့ကို ရွေးနှုတ်ပြီး ပြောင်လက်အောင် တိုက် ထားသော ကြေး လင်ပန်း ထက် ထည့်ကာ ဘုရားဆွမ်းတော်ပွဲကို ကိုယ်တိုင်ပြင်သည်။

ကျွန်တော် တို့ ကျောင်းသားများက ဤဆွမ်းတော်ပွဲကိုယူ၍ မြောက်ဘက်အဆောင် ရှိ ဆင်းတုတော် ကို ကပ်ကြ ရသည်။
‘အရဟတ္တာရိ န၀ဂုဏေဟိ အစရှိသော….။
ဤသို့ အစချီ၍ ဟစ်သူပဟစ်သည်။ တစ်ယောက်ဖင် တစ်ယောက်ဆိတ်၍၊ တစ်ယောက်ကုပ်ပိုး တစ်ယောက် အုပ် နေသူ ကျောင်းသားများလည်းရှိ၏။ ဤဆွမ်းကပ်ပွဲကို ကိုရင် တစ်ဦး ကြီးကြပ် ရသည်။ ယနေ့ ဆွမ်းကပ်ပွဲ ၌ ကိုရင်ကျပ်ခိုးစွဲ အကြီးအမှူးပြူ၏။

ဆွမ်းကပ်ပြီးသော ဘုရားဆွမ်းတော်တင် လင်ပန်း ကို အပြေးလုယက်ကြသည်။ သို့သော် ဤလင်ပန်း ကို မည်သူ့ စွန့်ရမည် မှာ ယနေ့ ကိုရင်ကျပ်ခိုးစွဲ ဆုံးဖြတ်ရမည်။ အချိန်းအချက် ရှိသည့်အတိုင်း ကိုရင်ကျပ်ခိုးစွဲ သည် လင်ပန်း ကို ကျွန်တော့် အားပေးသည်။ ကျန်ကျောင်းသား များက ကြေးစည်နှင့် သားရေစည် ဆီသို့ ပြေး၍ လုကြ ပြန်သည်။
ကြေးစည် မှာ အ၀ိုင်း ဖြစ်၍ ငရုပ်ကျည်ပွေ့ တုတ်တို နှင့် ထုရသည်။ တစ်လံခန့်ရှည်သော စည်ကြီးကိုမူ ထိပ် ၌ ဖုထုံးပါသော သင်္ကန်းစုတ်နှင့် လွှဲ၍ လွှဲ၍ထုရသည်။

ကြေးစည်ထုသမားက နောင်….နောင်…..နောင်… ဟု သုံးချက်ထုသည်။ စည်တီးသမားက သင်္ကန်းဖုထုံးကိုလွှဲကာ စည်းချက်အလိုက် ဒိုင်း ကနဲထုသည်။ ထိုအခါ နောင်…ဒိုင်း ဟူသော  အသံတို့သည် တစ်ရွာလုံးကြားကြသည်။ ဤအသံများကို ပြုရခြင်းကို ကျွန်တော်တို့ ကျောင်းသားများ အလွန်ပျော်သည်။ ထို့ကြောင့် ကြေးစည်ထုကျည်ပွေ့နှင့် စည်တီးသင်္ကန်း စကိုလုကြရသည်။

ယနေ့တွင်မူ ကျွန်တော်သည် ဘုရားဆွမ်းတော်တင် လင်ပန်းရခဲ့၍ နောင်…ဒိုင်း ထုရန်အမှု မထားတော့ဘဲ မီးဖိုချောင် ဆီ ဆင်းခဲ့သည်။ ရန်လုံနှင့်အောင်နက် အမှူးပြုသော ခွေးတို့သွားရေ တမြားမြား ကြည့်နေခိုက် ကျွန်တော် သည် ဆွမ်းတော်ပွဲမှ ကြက်သား၊ ၀က်သားဟင်း တို့ကို ထမင်းနှင့်နယ်၍ မြိန်ရေရှက်ရေ စားသည်။ ဟလ၀ါ နှင့် နနွင်းမကင်း တို့ကိုလည်း အသင့်ယူ လာသော အင်ဖက်နှင့်ထုပ်၍ အိတ်ထဲ ထည့်သည်။

ဘုရားဆွမ်းတော်တင် စားလျှင် ဥာဏ်ထိုင်းဆွံ့အတတ်သည်ဟု စာမတတ်သူတို့က ယုံကြည်သည်။ သဂြိင်္ုလ်တတ်သော ကျွန်တော်တို့ကမူ ဗုဒ္ဓဘုရားရှင်ထက် မြင့်မြတ်သူသည် ဤလောက၌မရှိ၊ ထို့ကြောင့် ဘုရားဆွမ်းတော်တင်စာစား၍ ဘုန်းမနိမ့်သည့်အပြင် ဘုန်းပိုကြီးမည်ဟု ယထာဘူတကျစွာ ယုံကြည် ၏။

ဆရာတော်သည် ဘုရားဆွမ်းတော်ပွဲမကျမီ ဆွမ်းဘုန်းပေးရိုး ထုံးစံမရှိသဖြင့် ဆွမ်းတော်ပွဲကျ ချိန်နှင့် ဘုန်းကြီး ဆွမ်းစားချိန် သည် အချိန်အတန်ကွာလှမ်းသည်။ ထို့ကြောင့် ကိုရင်ကျပ်ခိုးစွဲ ကျွန်တော့်အား လာတွေ့ သည်။
ဟေ့ကောင်သန့်ဇင် …. ငါမှာလိုက်တာကော….။
ကျွန်တော်သည် ခါးကြားမှ ဗန့်ပွေးဖက် ဆေးလိပ်သုံးလိပ် ကို ထုတ်ယူသည်။
ကိုရင် နှစ်လိပ် ယူပေါ့ဗျာ၊ ကျန်တစ်လိပ်ကတော့ ကျုပ်ဖို့။

အမှန် ကို ရိုးသားစွာဝန်ခံရလျှင် ထိုအချိန်ကစ၍ ကျွန်တော်သည် ဆေးလိပ် ကို နှာခေါင်း မှ အငွေ့ ထွက်ရုံ သောက်တတ် သည်မက အဆုတ်ရောက်အောင် ရှိုက်၍ရှိုက်၍ သောက်တတ်နေပြီ။ ဤတွင်လော မကသေး၊ ကွမ်းရာဆေးကြီး ကိုလည်း ပါးစောင်နှင့်သွားကြားညှပ်ကာ ငုံတတ်ခဲ့ ပြီး။
ကိုရင်ကျပ်ခိုးစွဲ အေးပါ…..အေးပါကွာ။ ဟုဆိုရင်း ဖြူဖတ်ဖြူရော် ရှိအပ်သည့် ဗွန့်ပွေးဖက်နှစ်လိပ် ကို လှမ်းယူ သည်။ ထို့နောက် လေသံတိုးတိုးဖြင့် ကျွန်တော့်အား လျှို့ဝှက်သတင်းပေးသည်။
မင်း မနက်က မယဉ်နွယ် နဲ့ စကားပြောတာ လောစံရော၊ သာခွေးရော၊ ငါရော မြင်တယ်၊ အဲဒါ သားခွေးက သူ့ နှမ နဲ့ စကားပြောရမလားဆိုပြီး မင်းကိုဓားကြိမ်းကြိမ်း နေတယ်။

သားခွေးကို ကျုပ်မမှုပါဘူးဗျာ….။
အေးလေ….. ငါကသတိပေးတာပါ…။ မင်း မမှုတာတော့ ငါအသိသားပေါ့။
ကိုရင်ကျပ်ခိုးစွဲ သည် ဤမျှလာပြော၍ ဆွမ်းစားရန် အပေါ်ထပ်သို့ တက်သွားသည်။
ဘုရား ဆွမ်းတော်တင်ပွဲ ကို အ၀ အုပ်ခဲ့၍ ၀မ်းပြည့်နေပြီးဖြစ်သဖြင့် ကျောင်းမြောက်ဘက် သရက်တော ဆီ သို့ ထွက်ခဲ့၏။
ဤ သရက်တော အရိပ် ၌ ဘယ်ခေတ်က ဆောက်လာခဲ့သည်မသိ၊ ပြိုချင်တိုင်းပြို၍ ပျက်ချင်တိုင်း ပျက် နေသော ကျောင်းအိုကြီး တစ်ခု ရှိသည်။

ဤ ခမ်းနားစုတ်ပြတ် လှစွာသော ရိပ်သာကြီးအား ကျွန်တော်၏ ချစ်လှစွာသော ဦးလေးပု(၀ါ) အရူးကြီး ကိုပု စံရာ နန်းမဟာကြီးတည်း။
လှေကားထစ် သုံးထစ်ပြုတ်နေသော ဆွေးမြည့်သည့်လှေကားမှ ကျွန်တော်တက်ခဲ့သည်။

အရောင်အသွေး မပေါ်ဘဲ ခြကိုက်ရာ ကနုတ်ပန်းဆင်အပ်သော သေတ္တာတစ်ခုဘေး ၌ ဦးလေးပုသည် သူ အနှစ်သက်ဆုံး သော အာဟာရတို့အား မှီဝဲသုံးဆောင်နေ၏။
ဦးလေးပု၏ လက်တွင်း၌ မမှည့်တမှည့် ဥသျှစ်သီးတစ်လုံးရှိသည်။ ကျွန်တော့်ကိုမြင်သော် ဦးလေးပု သည် ၀မ်းသာ အားရ ဆီးကြို၏။ ဆီးကြိုပြုံးသော ဦးလေးပု ၏ သွားများသည် ဖြူဝင်းလက်နေသည်။ ဦးလေးပုကို ရူးသည် ဟု တစ်ရွာလုံးက ခေါ်သော်လည်း ဦးလေးပုသည် တမာရိုးဖြင့် သူ့သွားများကို ထမင်းအိုး တစ်တည် ခန့် တိုက်သည်။

ဦးလေးပု ၏ ရှည်လျားသော ကတုံးဆံတောက် တန်ဆာဆင်သည့် နောက်စေ့၌ သွေးညိုညိုတို့ ခြောက်ကပ် နေသည်။ နဖူးထောင့်၌လည်း သွေးခြောက်ဥသော ဒဏ်ရာတစ်ခုရှိသည်။ ကျွန်တော်သည် စိုးရိမ်ပူပန် စွာဖြင့် မေးသည်။

ဦးလေးပု ဆွမ်းစားချိန်မလာလို့ ကျွန်တော်ပူလို့ လိုက်လာတာ၊ အို….ဦးလေးပုမှာ …. ဒဏ်ရာ တွေနဲ့ ဘယ် က ရ လာတာလဲ…..။
ဦးလေးပု သည် ကျွန်တော့်အား မျက်စောင်းထိုးကြည့်သည်။

နင်…. ကျောက်ခဲနဲ့ဆော်သွားလို့ ရခဲ့တဲ့ ဒဏ်ရာတွေပေါ့။ ငါကနင်တို့ကို အကောင်းနှုတ်ဆက်တာ။
ဤ အခါ မှ ကျွန်တော်သဘောပေါက်သည်။ မနေ့က မယဉ်နွယ်နှင့် ကျွန်တော်ကြားခဲ့သောအသံ မှာ ဦးလေးပု ၏ အသံသာတည်း။
ဒါဖြင့် မနေ့ က မယဉ်နွယ် နဲ့ ကျွန်တော် ကို လှန့်တာ ဦးလေးပုအသံပေါ့။

ဦးလေးပုသည် အစေးထူ အပူပြင်းသော ဥသျှစ်စေ့များကို စိတ်ရှည်လက်ရှည် ဖယ်ရှား နေရာ မှ ကျွန်တော့် အား မော့ကြည့်သည်။
မနေ့ က အချိန်မရောက်မီမှဲ့တဲ့ ဥသျှစ်သီးနှစ်လုံး ငါရထားတယ်၊ နင်နဲ့ နင့်သောက်ကောင်မလေး တွေ့တော့ ငါက ဥသျှစ်သီးပေးမလို့ နှုတ်ဆက်တာ၊ နင်က ငါ့ကိုခဲနဲ့ထုသွားတယ်…။
ဦးလေးပုသည် ဘာမျှဆက်မပြောဘဲ မုတ်ဆိတ်မွေးများ ခြံရံအပ်သော သူ့ပါးစပ်တွင်းသို့ ဥသျှစ်အဆံမှည့် များကို တစ်ဆန်ပြီး တစ်ဆန် သွင်းနေသည်။

ဦးလေးပုက အလန့်တကြား လုပ်တာကို၊ ကျွန်တော်မကြောက်ပေမယ့် မယဉ်နွယ်က ကြောက်တတ်တယ်ဗျ။
ဦးလေးပု သည် ဖျတ်ခနဲမော့ကြည့်၍ မေး၏။
မင်းကောင်မလေးက ဥသျှစ်သီးစားဖူးသလား….။
ဘယ်သိမလဲဗျ။

ဦးလေးပုသည် သူ့သေတ္တာတွင်းမှ ဥသျှစ်သီးနှစ်လုံးကို ပစ်ပေးလိုက်သည်။
ငါ့လူ တစ်လုံးမင်းစား၊ တစ်လုံးကို မင်းကောင်မလေးကိုပေးလိုက်၊ မင်းကို ငါပြောတဲ့ပုံ မှတ်မိလား…….။
ကျူပ် မှတ်မိပါတယ်ဗျ။

သို့သော် ဦးလေးပု မကျေနပ်၊ သူပြောချင်တာသာ စွတ်ပြောနေ၏။
ဟိုး….ရှေးရှေးတုန်းက ဘယ်တိုင်းပြည်လဲတော့ မသိဘူး၊ အဲဒီတိုင်းပြည်မှာ ချီးအလှပြိုင်ပွဲ ကျင်းပတယ်၊ အဲဒီတော့ သူဌေးသားက ချီးလှအောင်ဆိုပြီး ၀တ်သားတို့ ဘဲသားတို့ဆိုတဲံ့ အပုပ်စာတွေချည်းပဲ စားသွားတယ်၊ ဇာတ်လိုက်မင်းသားကလေးကတော့ ဆင်းရဲသားကိုး၊ သူကဘာမျှ မစားနိုင်ဘူး၊ အဲဒီတော့ ……သူတတ်နိုင်တဲ့ ဥသျှစ်သီးတွေပဲ စားသွားတာပေါ့၊ မင်းယုံသလား၊ လယ်ကွင်းထဲမှာ မဏ္ဍပ်ထိုးပြီး ရှင်ဘုရင် ကိုယ်တိုင် ဆိုင်းတော်တွေနဲ့ ဗေထိဗေထိ လုပ်နေတယ်၊ အဲဒီတော့ သူဌေးသား အားရပါးရ ချီးပါပြတာပေါ့၊ သောက်ကျိုးနည်းကွာ ပုပ်လိုက်တဲ့ချီး၊ အရောင်ကလည်း မည်းနေတယ်၊ င့ါလခွီး ဘဲတို့ ၀က် တို့ ဆိုတာ အပုပ်တွေပဲကွ အဲ……။

ဦးလေးပုသည် သူ့ဥသျှစ်သီးကို တစ်ကော်နှိုက်စား၏။ နောက်မှသူ့ပုံကို ဆက်ပြန်၏။
အဲ….. ငါတို့မင်းသားကလေးကတော့ နောက်ဆုံးမှ ပြိုင်သတဲ့ကွ၊ ဒါပေမယ့် သူယိုလိုက်တဲ့ချီး က ဘုရင်မင်းတရားကြီး ရဲ့ သရဖူက ရွှေထက်တောင် ၀င်းပြီးမှည့်နေတာတဲ့၊ မင်းသားလေး ပြိုင်ပွဲ နိုင်တာ ပေါ့ကွာ၊ ဒီတော့ ဥသျှစ်သီးစားလကွာ၊ မင်းကောင်မလေးကိုလည်း တစ်ခုပေးလိုက်၊ ငါပြောတဲ့ပုံကိုလည်း သူ့ ပြောလိုက်ဦး။
ကျွန်တော်သည် ဦးလေးပုပေးသော ဥသျှစ်သီးနှစ်လုံးကို ကိုင်လျက်၊ ဘာပြန်ပြောရမှန်းမသိ၊ ထိုနောက်မှ သတိရ ၍ မေးရသည်။

ဦးလေးပု ကျုပ်ကို ဗိုလ်စာသင်ပေးမလား။
ဦးလေးပုသည် မျက်မှောင်ကြုတ်၍ ကျွန်တော့်အား ကြည့်သည်။ ထိုနောက် ခန့်ညားတည် ကြည် စွာမေးသည်။
မင်းတကယ်သင်ချင်လို့လား….။
တကယ်သင်ချင်တာပေါ့ဗျာ။

ဦးလေးပုသည် အခြားသော ခြစားထားသည့် သေတ္တာကြီးဆီ ပြေးသွားသည်။ ထိုနောက် ဟောင်းနွမ်း နေသော အင်္ဂလိမ်သတင်းစာနှစ်စောင် ထုတ်ယူလာခဲ့သည်။ ထိုနောက် ကျွန်တော့်အား သေသေ ချာချာ တရားဟောတော့၏။

မင်းတို့က အင်္ဂလိပ်လို့သာခေါ်နေတာ၊ အမှန်က ဗျစ်တစ်ရှပ် လို့ခေါ်တယ်၊ ဗျစ်တစ်ရှပ် အင်ပါယာက နေမ၀င်းဘူး၊ နေမ၀င်တယ်ဆိုတာ မင်းနားလည်လား၊ အေးလေ….မင်းနားလည်မှာ မဟုတ်ပါဘူး၊ မှတ်ထားကွ၊ ကမ္ဘာကြီးဆိုတာ လုံးလုံးကြီး၊ နေဆိုတာလည်း ဘယ်ကစ၀င်ပြီး ဘယ်ကထွက်မှန်းမသိဘူး၊ ဘဲဥ အစရှာအတွေ့သလိုပေါ့ကွာ၊ မင်းခွေးမသား ဂျပန်တွေက ချီးအိုးသေးအိုးနဲ့ ထမင်းထည့်စားတဲ့ အကောင် တွေ၊ ဒီအကောင်တွေ ဗျစ်တစ်ရှပ် အင်ပါယာကြီးကို ဘယ်တော့မှ မနိုင်ဘူး။

ဦးလေးပု သည် ရုတ်ခြည်း သတိရလာဟန် လေသံတိုးသွားသည်။
ဟေ့ကောင်လေး…… မင်းငါအခုပြောတာတွေ လျှောက်တော့မပြောနဲ့၊ ဂျပန်ကင်ပေတိုင်က ငါ့လက်သည်း ခွာပြီးပြီ၊ ဒီတော့ မင်းမှတ်ထားဖို့က ဗျစ်တစ်ရှပ် အင်ပါယာဆိုတာက အကြီးကြီး နားလည်လား။
ကျွန်တော် သည် ဦးလေးပုအား အကယ်ပင် နားမလည်စွာ ကြည့်သည်။ ဦးလေးပုပြော၍ ဗြိတိသျှဆိုတာ အင်္ဂလိပ် ဟု နားလည်သည်။ အင်ပါယာဆိုတာက ဘာနည်း။

ဗြိတိသျှဆိုတာက ကုလားဖြူပဲ၊ ကျုပ်နားလည်ပြီ။
အင်ကြင်း…. အဲလေ …အင်းဘာ။
အဲဒါကြီးက ဘာလဲ။
အင်ပါယာဆိုတာ……

ဆက်ရန်
.

3 comments:

ahphyulay said...

ဟားဟား..
ကိုရင်ကြပ်ခိုးစွဲ ဆီက ဆွမ်းတော်တင်တဲ့ 
လင်ပန်းကြီးကို ရိုက်လု အဲ လိုက်လု ချင်လာတယ်
ဖတ်ပြီးတော့ ။
ငယ်က ရင်းနှီးခဲ့ ဘူးတဲ့  ကျွန်းတိုင်အလုံးကြီးတွေ
နဲ့  ဘုန်းကြီးကျောင်းကိုပြန်သတိရမိပါတယ်။

bba01 said...

Hi,
My name is Bogdan from Romania! I want to make friends!
Can we be friends?? LinkExchange??
My blog address is: www.bogdanstelistul.blogspot.com
Thank you!!!!

monminnthar07 said...

ကောင်းတယ်ဗျာ။ဖတ်ပြီးတော့ ရွာကိုတောင်သတိယတယ်။
ဘုန်းကြီးကျောင်းသားဘ၀ကဒီလိုပါဘဲ။