Thursday, December 23, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁ဝ)

ကျွန်တော်၏ ထူးထူးဆန်းဆန်း စကားကြောင့် အံ့သြဟန် ကိုမြင့်ဦးသည် စူးစိုက်ကြည့်သည်။
ယောက်ျားထဲ တွင် ကျွန်တော့်ဆရာကလွဲလျှင် ကိုမြင့်ဦးကို ကျွန်တော်သဘောကျဆုံး ဖြစ်၏။ ကိုမြင့်ဦး၏ ရင်ခွင်ကြီး သည် ကျယ်၍ လက်မောင်းကြီးများမှာ ကြွက်သားအ ပြိုင်းပြိုင်းနှင့် ခံ့ညားသည်။ ဤကြွက်သား တို့ကို သူရသည်မှာ စောစောက သံပြားဝိုင်းကြီး များကို မ၍ဟုသိရသည်။

''ဆိုပါဦးဟ…ငါ့တို့အသင်းက မင်းက ဘာများလိုချင်လို့လဲ''
''ခင်ဗျား တို့ အသင်း မှာ စာအုပ်တွေ အများကြီးရှိတယ်လို့ ဆရာကပြောတယ်၊ ကျုပ်သူပုန် အကြောင်း စာအုပ် ဖတ်ချင်လို့ဗျ…၊ ဟို…..အိုင်ယာလန် သူပုန်အကြောင်းတွေ ဆိုတာပေါ့''
ကိုမြင့်ဦး ၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သဘောကျစွာ တဟားဟားရယ်သည်။

''ဟ လုပ်လှချီလားငါ့လူရ….၊ သူပုန်အကြောင်းဖတ်ပြီး မင်းဘာလုပ်မလို့လဲ''
''ကျုပ် သူပုန် သိပ်ထချင်တယ် ဗျာ၊ သူပုန်ထရတာ ပျော်စရာကြီးပဲ''
ကိုမြင့်ဦး သည် ကျွန်တော့်ပခုံးအား ကျေနပ်စွာ ပတ်သည်။

''အေး..အေး …ကောင်းတယ်၊ မင်းသူပုပန်ထချင်ရင် ငါနောက်မှအေးအေး ဆေးဆေးပြော ပြဦးမယ်၊ မင်းလိုချင် တဲ့ စာအုပ်ကတော့ စာကြည့်တိုကမှူးမရှိလို့၊ ညီလေးပဲ သော့ကိုင်တယ်၊သူလည်း အခုမရှိဘူး''
''သူက ဘယ်သွားလို့လဲ''
အိမ် မှာ အလုပ်များနေတယ်''
''ဘာတွေ အလုပ်များသလဲ''
''မင်းသွားကြည့် ပေါ့ …သိလိမ့်မယ်၊ မင်းလိုချင်တဲ့စာအုပ်လည်း သူ့ဆီတောင်းယူပေါ့''

ကိုညီလေး၏ နာမည်ရင်းမှာ ကိုသိန်းညွှန့် ဖြစ်၍ အာရှလူငယ်အသင်း၏ အတွင်းရေးမှူးဆို သည်။ သူ့ အစ်ကို များ က ညီလေး…ညီလေးဟုခေါ်နေရာမှ အားလုံးက ညီလေးဟု ခေါ်နေကြသည်။ ကိုညီလေး၏ အစ်ကို တစ်ဦး မှာ ကိုရှု့မောင် ဖြစ်၍ ကျွန်တော် တစ်ခါတွေ့ ဖူးသည်။ တစ်ကြိမ် က သူသည် မော်တော်ကား အနက် ကလေး ဖြင့် ဖခင်ဖြစ်သူ ဘဘကြီး ဦးဘိုးခ ထံ တစ်ခေါက်ပြန်လာဖူးသည်။ သူ့အရပ်ကြီး သည် ရှည်ရှည်ကြီး ဖြစ်၍ သူ့ခါး မှ ဓားကြီး သည်လည်း ရှည်ရှည် နှင့် ခန့်ခန့်ကြီးပင်ဖြစ်၏။ စစ်ဝတ်စုံ စိမ်းစိမ်းသည် သူ ၏ ၀ါဝင်းသော အသား မှာ အလွန်လိုက်သည်။ ကတုံးနှင့် ဖြစ်သဖြင့် ဖြောင့်တန်းခိုင်မာသော မေးရိုးကြီး ပေါ်လွင် ၍ သူ့ မျက်နှာသည် အလွန်တည်ကြည်သည်။

သူ ရောက်လာစဉ်က ဘဘဦးဘိုခအိမ်ပေါ်၌ လာရောက်စကားပြောနေသော ဂျပန်စစ်ဗိုလ်သုံးဦးရှိ၏။ သူ ၀င်လာသော အခါ ဂျပန်စစ်ဗိုလ် သုံးဦးက ထ၍ အလေးပြုရသည်။ ထိုစဉ်က ကျွန်တော် အလွန် ကျေနပ် သွားမိသည်။ ဂျပန် ကို မာစတာ ခေါ်၍ လူတိုင်း က အလေးပြုရသည်။ ယခု ဗိုလ်နေ၀င်းကိုကား ဤ ဂျပန် ကောင် တွေ အလေးပြုရသည် မဟုတ်ပါလော။ ထို့ကြောင့် အလွန်ကျေနပ်မိခြင်း ဖြစ်သည်။

ကျွန်တော်သည် ကိုမြင့်ဦးအား နှုတ်ဆက်လျက် ဘဘကြီး ဦးဘိုးခတှို့ အိမ်ဘက်သို့ ထွက်ခဲ့သည်။ ဘဘ ဦးဘိုးခ သည် အိမ်ရှေ့ က ခုံတန်းရှည် တစ်ခုပေါ် ၌ တင်ပျဉ်ခွေ ၍ ထုံးစံအတိုင်း အေးအေးဆေးဆေး ထိုင်နေသည်။
ကိုညီလေးရော…ဘ….။
အပေါ်မှာကွဲ့၊ မင်းလူအလုပ်များနေတယ်၊ သွားကြည့်ပါဦး။

ကျွန်တော်သည် အိမ်ပေါ်ထပ်သို့ တက်လာခဲ့သည်။ အိမ်ပေါ်မှာ ထူးထူးခြားခြား မွမ်းမံပြင်ဆင်ထားသည်။ ကုတင်အသစ် ကိုလည်း တွေ့သည်။ မွေ့ရာအသစ်ကိုလည်း တွေ့သည်။ ကျွန်တော် အံ့သြ သွား၏။
ကိုညီလေး သည် သူ့သူငယ်ချင်းတစ်သိုက်နှင့် အလုပ်ရှုပ်နေသည်။ ကျွန်တော့်ကိုမြင်သော် လှမ်း နှုတ်ဆက် သည်။
ဟ…ကောင် သန့်ဇင် အတော်ပဲ၊ မင်းဘာလက်ဖွဲ့မလဲ။

ကျွန်တော် ကြောင်သွား၏။
ကျုပ်က ဘယ်သူ့လက်ဖွဲ့ရမှာလဲဗျ….။
ငါ….မင်္ဂလာဆောင် မလို့ကွ၊ မင်းမသိသေးဘူးလား။
မင်္ဂလာဆောင် မလို့ ….ဘယ်သူနဲ့လဲ။
မင်းမမ မြကြည် နဲ့လေ….။

ကျွန်တော်ပို၍ အံ့သြသွားမိသည်။ ထို့နောက်မှ ၀မ်းလည်းသာသွားသည်။ ရွာပြန်ရောက်လျှင် ဆရာတို့၊ အဘ တို့အား ဤသတင်းထူး ဦးဦး ဖျားဖျား ပေးရမည်။
ထိုအခိုက် တွင် ကိုညီလေးက မမျှော်လင့်သော မေးခွန်းကို မေးသည်။
‘ဒါနဲ့ မင်းဆရာတို့ကော ဘယ်တော့လောက် လက်ထပ်မလဲ‘
ရော…. ခက်ချေပြီ၊ မမြကြည်ကလည်း ဒီမေးခွန်းမေးခဲ့သည်။

‘ကျွန်တော်မသိဘူးဗျ၊ ဘာဖြစ်လို့ အဲဒီလို ခဏခဏ မေးကြရတာလဲ‘
‘မင်းကို ဘယ်သူ က အဲဒီလိုမေးလို့လဲ‘
‘မမမြကြည်ကလည်း မေးတတာပဲ‘
ကိုညီလေးသည် နေရာမှ ထ၍ လေးနက်သောအသံဖြင့် ကျွန်တော့်အား မှာကြားသည်။

‘မင်းဆရာ ကို ပြောလိုက်ကွာ …။ မြို့ပေါ်မှာ ဂျပန်တွေ သိမ်များတယ်၊ မသန်းရှင်ကိုလည်း မုဆိုးမသမီးဆိုပြီး ဂျပန်က ရန်ရှာပြီး သိမ်းပိုက်ချင်ပုံရတယ်၊ တို့ကတော့ တတ်နိုင်သမျှ စောင့်ရှောက်နေတာပဲ၊ ဒါပေမယ်…. မင်းဆရာက ပိုစောင့်ရှောက်နိုင်တယ်‘
ကျွန်တော့်စိတ်မှာ အတော်ပင်ပန်းသွားသည်။ ဆရာက သူ့ကိုယ်သူ သခင်ဟုခေါ်သည်။ တို့ဗမာဟူသည် သခင်ဟု ဆရာက ပြောဖူးသည်။ လက်တွေ့အားဖြင့် ကျွန်တော်တို့က သခင်လော…ဂျပန်ကသခင်လော။ ကျွန်တော်သည် မကျေနပ်စွာဖြင့် ကိုညီလေးအား ပြန်မေးမိသည်။

‘ကိုညီလေးရာ… ဒီဂျပန်ကောင်တွေ ထင်တိုင်းလုပ်နေတာကို ဗိုလ်တေဇတို့၊ ဗိုလ်နေ၀င်း တို့က ဒီတိုင်း ကြည့်နေ ကြတော့မလား၊ ဦးလေးဦးရှု့မောင် ကို ဂျပန်အရိုအသေ ပေးတာကို ကျွန်တော်တွေ့ဖူးတယ်၊ ဦးလေးဦးရှု့မောင် တို့က ဒီဂျပန်တွေကို ဆုံးမ မပေးနိုင်တော့ ဘူးလား…။
ကိုညီလေး သည် ပါးစပ်ဟောင်းသားနှင့် ကျွန်တော့်အား ကြည့်နေတော့သည်။ ခဏကြာမှ အစ်ကိုရင်း သဖွယ် ကျွန်တော့် အား ပွေ့ဖက်သတိပေးရင်း ဆိုသည်။

‘သန့်ဇင် ….နင်ကလေးရှိသေးတယ်၊ ဒါတွေကို နင်နားမလည်သေးဘူး၊ ဒီတော့ နင်တစ်ခုတည်းမှတ်ထား၊ အစ်ကိုရှုမောင် ရော…၊ ဗိုလ်တေဇ ရော ဒို့ဗမာတွေ အားလုံးကို သိပ်ချစ်တယ်၊ တို့တတွေ ကောင်းအောင် တစ်နေ့ သူတို့ လုပ်ပေးလိမ့်မယ်၊ မင်းဘာတွေမှ တော့ တွေ့ကရာတွေ လျှောက်ပြော မနေနဲ့ . . . ကြားလား‘

ကျွန်တော်သည် ကိုညီလေးတို့အိမ်မှ ပြန်လာသောအခါ လမ်း၌ တွေ့သော ဂျပန်မှန်သမျှကို သတ်ချင် နေသည်။ သင်းတို့ နေနှင့်ဦး၊ ခြသံ တွေ့ခါမှ တစ်ယောက်မကျန် ဓားနှင့်ခုတ်သတ်မည်။
ဂါတ်တဲဝင်း နှင့် မျက်နှင်ချင်းဆိုင် လမ်းတစ်ဖက်၌ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိ သည်။ ထို လက်ဖက်ရည်ဆိုင် ၌  တိုင်တောက်ခုံရှိသည်။ တိုင်တောက်သည်ဆိုသည်မှာ ချောသော ပျဉ်ခုံထက်၌ တိုင်ကလေး တွေထောင်ထားသည်။

ကျွဲကော်ပြား နှစ်ပြားအသုံးပြု ၍ တိုင်ကလေးတွေကိုလဲအောင် တောက်ရသည်။ တိုင်အနက်နှင့် အဖြူ ရှိသည်။ ရန်သူ တိုင် ကို ကုန်အောင်ကိုယ်က အရင်ထိုးနိုင်သော် ကိုယ်ကနိုင်သည်။ တိုင်တောက်ခုံရှိသော ဤဆိုင်ဝယ် ပေါင်းတလည်မြို့တွင် ရှိသမျှ ကာလသားများ စုဝေးသည်။
ဤဆိုင် ၌ ကျွန်တော်သည် ညွှန့်မောင်ကြီးအား သွားရှာသည်။ ညွှန့်မောင်ကြီး သည် ကလေးမဟုတ်၊ ပေါချာချာ သတ္တ၀ါကြီးတည်း။ ကျွန်တော့်ကိုမြင်သော် ညွှန့်မောင်ကြီး သည် ၀မ်းသာအားရ ဆီးကြိုသည်။

‘ဟဲ့ကောင် ဖိုးသန့်ဇင်၊ မင်းငါ့ကို ခေါက်ဆွဲပြုတ်တိုက်မလား၊ ငါ တိုင်တောက် လို့ ရှိတဲ့ ပိုက်ဆံ ကုန်ပြီ‘
ကျွန်တော် သည် ညွှန့်မောင်ကြီးအား သနားသွားသည်။

ညွှန့်မောင်ကြီးသည် ပါးဖောင်း၍ နှုတ်ခမ်းစူသည်။ ပါးဖောင်းသော သတ္တ၀ါများသည် မိုက်လုံးကြီးသည်ဟု ဆရာတော် ပြောသည်ကို ကြားဖူးသည်။ ညွှန့်မောင်ကြီး မိုက်လုံးကြီး မကြီးတော့ ဆရာတော်မသိ၊ ဒီကောင်ကြီး သည် အလွန်သဘောကောင်းသည်။ ရွယ်တူများနှင့် မပေါင်းဘဲ၊ ကလေးတွေနဲ့ ပေါင်း၍ ကလေး မဟုတ် လူကြီးမဟုတ် ပေါတိ ပေါချာကြီး ဖြစ်သည်။

ညွှန့်မောင်ကြီးတို့လည်း အထည်ကုန်ကူးသည်။ ယခင်က သူ့ကို ကူညီ၍ အထည်ကောက် ပေးဖူးသည်။ ညွှန့်မောင်ကြီး သည် ခေါက်ဆွဲပြုတ်အလွန်ကြိုက်သည်။ အထည်လှိုင်လှိုင် ကောက်ရ၍ သူ့အစ်မ မုန့်ဖိုး ပေးသော အခါ ၌ လည်းကောင်း၊ တိုင်တောက်၍ နိုင်သောအခါ များ၌လည်းကောင်း ညွှန့်မောင်ကြီးသည် ကျွန်တော့် အား ခေါက်ဆွဲပြုတ်ကျွေးမြဲဖြစ်သည်။
‘လာပါဗျာ... ကျုပ် မမရှင်ဆီက ငွေတစ်ကျပ်... ရထားတယ်၊ ခေါက်ဆွဲပြုတ် သွားသောက်ရအောင်‘

ပေါင်းတလည် ဂါတ်တဲဝင်း  လက်ဝဲဘက်ဘေး၌ တရုတ်ခေါက်ဆွဲဆိုင်ရှိသည်။ ၀က်သား ခေါက်ဆွဲပြုတ် တစ်လုံး ကို ဆင့်ငါးဆယ်ပေးရသည်။ ကျွန်တော်နှင့် ညွှန့်မောင်ကြီးသည် ခေါက်ဆွဲပြုတ် တစ်ယောက် တစ်လုံး ဆင့်ငါးဆယ် ဖိုး စီ စားသောက် လိုက်သည်။ ထို့နောက် အလကပ္ပဆန်စက် သို့ သွား၍ ဘထွေးလေး ကို ရှာသည်။ ဘထွေးလေးဆန်က ကြိတ်ဆဲ၊ ဘထွေးလေးကိုကား မတွေ့။ သို့သော ဘထွေးလေးကို ဘယ်မှာရှာရမည်ကို ကျွန်တော်နှင့် ညွှန့်မောင်ကြီး သိသည်။ ကျွန်တော်တို့နှစ်ယောက်သည် ဂါတ်တဲ ၀င်း မြောက်ဘက် မနီးမဝေး ရှိ ကစော်ဆိုင် သို့ ဘထွေးလေး သွားရှာသည်။ မတွေ့။
ညွှန့်မောင်ကြီး နှင့် ကျွန်တော်သည် မြို့အနောက်ဘက်သို့ ထွက်ခဲ့၏။

နွားပွဲအတွင်း၌ ဘထွေးလေးကို ရှာသည်။ ဘထွေးလေး အရိပ်အရောင်ကို မတွေ့။ ဘထွေးလေးအစား သူ့စာဥပြောက် နွားလေးကို ကြော့ကြော့မော့မော့ပြေးစေ၍ ဟန်ရေးပြ နေသော ကိုဘိုးဒန် ကို တွေ့ရသည်။ ကျွန်တော် တို့ ရပ်ကြည့်နေခိုက် နွားပွဲစားတို့ ကိုဘိုးဒန်အား ၀ိုင်းနေသည်။

ဤနေရာ၌ နွားပွဲအကြောင်း အနည်းငယ် ရှင်းပြလိုသည်။ နွားပွဲဆိုသည် နွားအရောင်း အ၀ယ်လုပ်သော ဈေးတစ်ခုဖြစ်သည်။ နွားဝယ်သူတို့လည်းလာကြ၏ နွားရောင်း သူတို့လည်း လာကြ၏။ ၀ယ်လိုသူရော၊ ရောင်းလိုသူပါ သာမန်လယ်သမားများ ဖြစ်ကြသည်။ ၀ယ်လိုသူက ဈေးအနည်းဆုံးနှင့် နွားအကောင်းဆုံး ရလို၏။ ရောင်းလိုသူက ဈေးအများဆုံးနှင့် နွားပျက်ကိုပင် နွားကောင်းအဖြစ် ရောင်းလိုသည်။

သို့သော် ...နွားအကြောင်းဆိုသည်မှာ မိန်းမတစ်ယောက်အကြောင်းသိရန်ထက် ပိုခက် ဘိခြင်း။
လယ်သမားသည် နွားနှင့်အတူ ဖက်ရုန်းရသူဖြစ်သည်။ နွားနှင့်ဖက်ရုန်းရသည်က တကဏ္ဍ၊ နွားအကြောင်း နားလည် သည်က တစ်ကဏ္ဍ။ မည်သို့ မဆိုင်။ နွားဝယ်မှားလျှင် မယားယူ မှားသည်ထက် ဆိုးသည်။ ထိုအခါ နွားအကြောင်း အချိုရည်သောက်ထားသေား နွားပွဲစား တို့ဝင်လာ၏။

နွားပွဲစားသည် စာတတ်ရသည်။ နွား၏ ခွာအကြောင်း၊ မျိုးအကြောင်း၊ သွားအကြောင်း၊ အမွေး အကြောင်း၊ ဗွေ အကြောင်း အကုန် သိရသည်။ ကုန်ကုန်ဆိုလျှင် နွားချေးပါက နွား၌ ဘာရောဂါရှိသည်အထိ သိရသည်။ သိသည် ဆိုရာ ၌လည်း သာမန်သိရုံမက စာတိုပေစလည်း ရွတ်ပြနိုင်ရမည်။ နွားပွဲစား သည် အခြားသော ပွဲစား များနည်းတူ နှစ်ဖက်လွှများဖြစ်သည်။ တစ်ခါတရံ နွားရောင်းသူဘက်က ၀ယ်လိုသူ ကျအောင် ပြောပေးည်။ တစ်ခါတရံ နွားရောင်းသူဘက်က ၀ယ်လိုသူကျအောင် ပြောပေး ရသည်။ တစ်နည်းဆိုသော် နွားပွဲစား သည် အခရာဖြစ်သည်။

ကိုဘိုးဒန်၏ စာဥပြောက်နွားလေးကို ၀ိုင်းနေကတည်းက အရွယ်မတိုင်မီ လပို့ထောင်သော ဤနွားလေးကို လူကြိုက်များနေသည်မှာ ထင်ရှား၏။ လူကြိုက်များသော် ဈေးကောင်း ကောင်းရမည်။
ဤနွားကလေး ကို ကျွန်တော်အလွန်ကြိုက်သည်။ ဤနွားလေး သူများလက်ရောက်မည်ကို ကျွန်တော် မရှုစိမ့်၊ မရှုစိမ့်သော်လည်း  ကျွန်တော် မ၀ယ်နိုင်သည့်အတူတူ သူများယူမည် ကို မျက်ဝါးထင်ထင် မကြည့်ချင် ၍ နွားပွဲမှ ကျွန်တော်တို့ ထွက်ခဲ့သည်။

ဘထွေးလေးကို ရှာရန် နောက်ဆုံးတစ်နေရာ ရှိသည်။ ပေါင်းတလည်မြို့ အနောက်ဖျား ခါလာကြီးတို့၏ အမဲဈေးသည် အိမ်တန်းများကြား၌  ဖဲဝိုင်းထောင်စားသော အိမ်ကြီး တစ်အိမ်ရှိသည်။ ဤအိမ်ဆီသို့ ကျွန်တော် နှင့် ညွှန့်မောင်ကြီးတို့ ထွက်လာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ဖဲဝိုင်း၌ ဘထွေးလေးကို တွေ့ရသည်။ ဘထွေးလေးကို သာမက ကျောက်ဖြုန်းရွှေနီကိုပါ တွေ့ရသည်။
ရွှေနီကို ကျောက်ဖြုန်းဘွဲ့တပ်ရသည်မှာ မျက်နာ၌ ကျောက်ပေါက်မများရှိသည်။ ပုလိပ်လူထွက်၍ အလွန် လည်၏။ သူကြီးဦးသံဇံ၏ လက်စွဲတော်ဖြစ်သကဲ့ တိုက်ပိုင်ကြီး ကိုဆံနီ၏ လက်သုံးတော်ကြီးလည်းဖြစ်သည်။

ကျွန်တော်တို့ ရောက်ရှိချိန်၌ ဖဲဝိုင်းသည် ဆူဆူညံညံ ဖြစ်နေ၏။ ရွှေနီသည် မတ်တပ်ရပ်လျက် ဖဲထုပ်ကို ကြမ်းပြင်ပေါ် ပေါက်ချသည်။ ဤသို့ ဖဲသမားများ သောသော ညံညံဖြစ်နေခိုက် ဖဲဒိုင်ကို ငှက်ရိုးနှင့် ပုလိပ်ကိုသန်းမောင်တို့ ၀င်လာသည်။ ဘထွေးလေး သည် လူအုပ်ကြားမှ တိုးထွက်ခဲ့ရာ ကျွန်တော်တို့နှင့် ရင်ဆိုင်တွေ့သည်။
‘ဘထွေးလေး ဘာဖြစ်တာလဲ‘
‘‘ရွှေနီ ဖဲရှုံးလို့ ကွ၊ လာကွာ မြန်မြန်လာ တော်တော်ကြာ ရန်ပွဲဖြစ်လို့ တို့ပါ အမှုပတ်နေလိမ့်မယ် ‘‘

ဘာထွေးသည် ပြောကျနေသော သူ့သျှောင်ထုံးကိုထုံးရင်း ဒရောသောပါး ထွက်ခဲ့၍ ကျွန်တော်တို့ပါ ရောင်ယောင်လိုက်ခဲ့ရသည်။
ကျွန်တော့်ဘထွေးလေးသည် ခါတိုက်၊ ကြက်တိုက် မဟုတ်တာ အကုန်လုပ်သော်လည်း ပုလိပ်ကြောက် တတ်သည်။ ကျွန်တော့် အဘ တစ်ကျွန်းကျ ကတည်းက ရုံးတက်ရမည်ဆို လျှင် သာ၍ ကြောက်သည်။
‘‘ဘထွေး ခင်ဗျားနိုင်လား... ‘‘

‘‘အရင်းတိုင်းပါပဲကွာ။ ဖဲထတုန်းရှိသေးတယ်။ ရွှေနီသောင်းကျန်းလို့ ... ‘
‘‘ရွှေနီက ဘာလို့ သောင်းကျန်းတာလဲ‘‘
‘‘ရွှေနီက တစ်ထောင်ကျော် ရှုံးသွားတယ်၊ အဲဒါ သူကိုယ်တိုင် ဒိုင်လုပ်မယ် ပြောတယ်၊ သူ့အိတ်ထဲမှာလည်း ပိုက်ဆံတစ်ပြား မှ မရှိဘူး၊ ဖဲသမားအချင်းချင်း ဒါလောက်တော့ ပါးတာပေါ့ကွာ၊ ဘယ်ခံကြမလဲ‘‘
စကား တပြောပြောနှင့် ကျွန်တော်တို့ မြို့လယ်သို့ ရောက်ခဲ့၏။ ထိုအခါကျမှ ဘထွေးသည် ကျွန်တော့်အား အမိန့် ပေးသည်။

‘‘ငါ့ဆန်တွေကျလုပြီ၊ စက်ကဆန်ယူပြီး မင်းလှည်းနဲ့ ဒီပြန်ခဲ့ကွာ၊ ငါဘုံဆိုင်က
စောင့်နေမယ် ‘‘
‘‘ဘထွေး ခင်ဗျား သောက်ရမ်းတော့ မသောက်နဲ့ဗျာ၊ အရီးက ကျုပ်ကို အသေအချာမှာ လိုက်တယ်‘‘
‘‘အေးပါကွာ နည်းနည်းပါးပါး၊ သွားမှာသွားစမ်း‘‘

ကျွန်တော်သည် ညွှန့်မောင်ကြီးနှင့်ခွဲ၍ အလကပ္ပဆန်စက်သို့ ထွက်ခဲ့သည်။ ဆန်အကုန်မကျသေး၍ အလကပ္ပဆန်စက်သို့ ထွက်ခဲ့သည်။ ဆန်အကုန်မကျသေး၍ တစ်နာရီခန့် စောင့်ရသည်။ ဆန်ရသော်... ကျွန်တော်သည် လှည်းကို မြို့တွင်းပြန်မောင်းခဲ့၍  မသန်းရှင်တို့ အိမ်သို့ဝင်သည်။
မသန်းရှင်က ကျွန်တော့်အား စာတစ်စောင်ပေးသည်။

ဆက်ရန်
.

1 comment:

မေဓာဝီ said...

သန့်ဇင်ကတော့ ဗိုလ်နေ၀င်းက တိုင်းပြည်ကောင်းအောင် လုပ်ပေးလိမ့်မယ်လို့ အဟုတ်ကို ထင်နေရှာမှာပဲနော်။ ဒီဝတ္ထုသာ ဒီဘက်ခေတ်ထိ ဆက်ရေးရင် ဘယ်လိုနေမယ်မသိဘူး။